Sunday, June 17, 2007

သဘာဝလိုဏ်ဂူဘုရားများ... အပိုင်း (၂)

မြင်းမထိလိုဏ်ဂူကတော့ ပင်းတယကနေ ကလောကို အပြန်မှာ ကားသမားကို ” အကို ကလော ပင်းတယ တ၀ိုက်မှာ လိုဏ်ဂူ ဘုရားရှိသေးလား ” လို့မေးတော့ မြင်းမထိ လိုဏ်ဂူရှိသေးတယ်ဆိုတာနဲ့ပဲ ကားသမား အကိုကြီးကို နောက်ထပ် မြင်းမထိ ဂူကို လိုက်ပို့ပေးဖို့ ပြောရပါတယ်။ မြင်းမထိ လိုဏ်ဂူက ကလောကနေ လွိုင်ကော်ဘက် ကိုသွားတဲ့ လမ်းဘက်မှာပါ။ အဲဒီ့ဘက်မှာက တောင်တွေ ရှုခင်းတွေ ပိုများလို့ ရုပ်ရှင် ရိုက်မယ်ဆိုရင် မြင်းမထိဂူဘက် ခဏခဏ လာရိုက်တတ်တယ်လို့ ကားသမားက ရှင်းပြ ပါတယ်။

မြင်းမထိဂူရောက်တော့ ဘုရားဂေါပကအဖွဲ့က ဘိုးဘိုး တယောက် ရောက်လာပြီး မီးခြစ်ရယ် ဖယောင်းတိုင်ရယ် ၁ ယောက် ၁ ချောင်းစီ ပေးပြီး သူ ဂူဘုရားထဲကို လိုက်ပြမယ်ဆိုပြီး ခေါ်သွားပါတယ်။ မြင်းမထိလိုဏ်ဂူက ပဇောက်ပုံလို့ ပြောရမယ် ထင်ပါတယ်။ တဖက်က ၀င်လိုက်ရင် နောက်တဖက်ကနေ ပြန်ထွက်လာရ တာပါ။ လိုဏ်ဂူ ၃ ခုထဲမှာ မြင်းမထိ ဂူက သက်တမ်းအားဖြင့် ပိုပြီး ရှေးကြတာဖြစ်လို့ အထဲက ကျောက်စက် ပန်းဆွဲ တွေဟာ လူက ထုဆစ် လုပ်ထားသလို့ ထင်ရလောက်အောင်ကို ပီပြင်ပါတယ်.. ပင်းတယ လိုဏ်ဂူမှာရော မြင်းမထိ ဂူမှာပါ ကျောက်စည် ကျောက်မောင်းတွေက ကျောက်သားနံရံမှာ ဖြစ်တည်နေတာဆိုတော့ ပထမ တခေါက် သွားတုန်းက ပင်းတယမှာရှိတဲ့ ကျောက်စည် ကျောက်မောင်းတွေကို ပေးပြီး တီးခိုင်းပါသေးတယ်။ အခုတခေါက်သွားတော့ မတီးခိုင်းတော့ပါဘူး။ မြင်းမထိ ဂူက ကျောက်စည်၊ ကျောက်မောင်းက အရွယ် သေးတော့ ဘုရားသမိုင်း လိုက်ရှင်းပြပေးတဲ့ ဘိုးဘိုးက သူကိုယ်တိုင် တီးပြပြီး ကျွန်မကိုလည်း တီးခိုင်း ပါတယ်။ ကျောက်သားကို တီးရပေမယ့် တကယ်အပြင်မှာ စည်တီးရင် ကြားရသလိုမျိုး အသံ ဆင်တူပါတယ်။ ကျောက်စည် ဖြစ်တည်တဲ့ ကျောက်သားနံရံကို တီးမိရင် စည်သံကြားရပြီး ကျောက်မောင်း ဖြစ်တဲ့နေရာကို တီးမိရင် မောင်းသံ ကြားရပါတယ်။ ယှဉ်တီးကြည့်ရင် အသံက ကွဲပြားတယ်ဆိုတာ သိသာလှပါတယ်။ ဒါဟာလည်း ဘုရားသမိုင်းကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတဲ့သူကြောင့်ပါ။

ကိုယ့်ဘာသာကိုယ်ဝင်ကြည့်ရင်တော့ ဒီလို သဘာဝရဲ့ ထူးခြား ဆန်းကြယ်မှုတွေကို မြင်တွေ့နိုင်ဖို့ ခဲယဉ်းလှ ပါတယ်။ မြင်းမထိ လိုဏ်ဂူက ဂူထဲကို ရေ၀င်ပါတယ်။ ရေတက်ရက် ရေကျရက်ပေါ် မူတည်ပြီး ဂူထဲကို လူတွေ ၀င်ပြီး ဘုရားဖူး ရတာပါ။ ရေတက်ရင်လည်း ၀င်လို့တော့ ရပါတယ်။ ကျွန်မတို့ ရောက်တုန်းကတော့ ရေကျနေ ပါတယ်။ ဒါပေမယ့် မီးပျက်နေလို့ ဓာတ်ပုံလည်း ရိုက်လို့ မရပါဘူး။ သွားရတဲ့ လမ်းနေရာ တချို့က ကျဉ်းတော့ ချော်မလဲအောင် တယောက်နဲ့ တယောက် လက်ကိုင်ပြီး အမှီပြုသွားရပါတယ်။ မြင်းမထိ လိုဏ်ဂူထဲမှာတော့ ရှေးဟောင်း စေတီ ၁ ဆူရှိပါတယ်.. စေတီရဲ့ ထူးခြားချက်မှာ ထီးတော် ၃ ဆင့်တည်နေတာပါပဲ။ မင်း ၃ ဆက်က အဆင့်ဆင့် တည်ထားခဲ့တာဖြစ်လို့ ထီးတော် ၃ ဆင့်ဖြစ်နေရတယ်လို့ လိုက်ပြပေးတဲ့ ဘိုးဘိုးကြီးက စိတ်ရှည် လက်ရှည် ရှင်းပြပေးပါတယ်။ ရှေးဟောင်း စေတီအပြင် တခြား စိတ်ဝင်စားစရာ ကောင်းတဲ့ နတ်သမီး ကျောက်ပြင် ဆင်မိသားစု အစရှိတဲ့ ကျောက်စက် ပန်းဆွဲတွေရယ် နတ်ဆေး (သို့မဟုတ်) ဘုရားဆေးလို့ ခေါ်တဲ့ ဆေးကုပေးတဲ့ ဘုရားဆင်းတုတော် တွေရယ်ကို တွေ့ရမှာဖြစ်ပါတယ်။

ကလောတ၀ိုက်ကိုများ ရောက်ခဲ့မိမယ် ဆိုရင်တော့ မြင်းမထိ လိုဏ်ဂူတော်မှာ ဖြစ်တည်နေတဲ့ သဘာဝ ကျောက်စက် ပန်းစွဲတွေဟာ အင်မတန်ကို အံ့သြဆန်းကြယ်စရာ ကောင်းလှသလို မြင်တွေ့ခဲလှတဲ့ သဘာဝ ဖြစ်ရပ်တွေကို ကြည့်ရှုခံစားရင်း အရောက်သွားဖို့ တိုက်တွန်းလိုက်ပါရစေ...

မှတ်ချက်။ ကျွန်မရေးတဲ့စာထဲက အကြောင်းအရာတွေက ကျွန်မသိသလောက် မှတ်မိသလောက်ကို ရေးလိုက်ရတာ ဖြစ်လို့ အမှား ပါခဲ့ရင် ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါရစေ...

(မြင်းမထိ လိုဏ်ဂူမှာတုန်းက လိုဏ်ဂူထဲရော လိုဏ်ဂူအ၀င်၊အထွက် ကိုရော ဓာတ်ပုံ မရိုက်ခဲ့မိပါဘူး။ ဒါကြောင့် လိုဏ်ဂူဘေးမှာ တည်ထား ကိုးကွယ်တဲ့ ဘုရားစေတီတော်ရယ် ဆင်းတုတော် ပုံတွေကိုပဲ ပေးပို့လိုက်ပါတယ်)

(၃) မြင်းမထိ သဘာဝလိုဏ်ဂူဘုရား (ဓာတ်ပုံများ)

(၃-၁) လိုဏ်ဂူဘေးမှာ တည်ထားတဲ့ ဆင်းတုရုပ်ပွားတော်ပုံပါ။

(၃-၂) လိုဏ်ဂူဘေးမှာ တည်ထားတဲ့ စေတီပုံပါ။

ရန်ကုန်သူ

Note: မ ရန်ကုန်သူ ပေးပို့လာသော ``သဘာဝလိုဏ်ဂူဘုရားများ... အပိုင်း (၂)´´ Mail မှ ပုံနှင့် စာများ ဖြစ်ပါသည်။

(မ ရန်ကုန်သူကတော့ နယ်ခံတွေတောင် လိုက်မမီအောင် ဖြစ်နေပါပြီ။ အခုလို ပေးပို့တဲ့ အတွက် တောင်ကြီးချယ်ရီမှ ကျေးဇူးအထူး တင်ပါသည်။)

5 comments: