Saturday, June 30, 2007
ယခု နှင့် မနေ့များ . . .
မူလတန်းကျောင်းသားဘ၀ကို သတိရနေမိတယ်။ မိုးကလည်းအရင်ကတည်းက ဒီလိုပဲ။ တစ်နေ့လုံးနေသာနေရင်တောင်မှ ညနေကျောင်းခေါင်းလောင်းထိုးလိုက်တာနဲ့ မိုးတွေကရွာကျလာတာ။
ကျောင်းဆင်းခါနီးလေ မိုးကအုံ့လေပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေအားလုံးကတော့ ပျော်နေကြပါတယ်။ ကျောင်းဆင်းလို့မိုးရွာရင် မိုးရေထဲမှာ ဆော့ကစားရင်းနဲ့ အိမ်ပြန်ရတာ အရမ်းပျော်ဖို့
ကောင်းတာပေါ့။ တစ်ချို့ခပ်ကဲကဲ သူငယ်ချင်းတွေဆိုရင် “ မိုးကြီးကြီးရွာပါစေ . . . ” လို့ဆိုပြီးတော့ကို အော်နေကြတာ။ မှတ်မှတ်ရရပါပဲ။ အဲဒီတုန်းက ကျွန်တော်က တတိယတန်းလေ။
ကျောင်းဆင်းရင် ကျူရှင်ကိုတန်းသွားရတာ။ ကျူရှင်က ကန်ရှေ့ရပ်ကွက်မှာ။ အဲဒီမှာက မိုးရွာရင်လမ်းတွေကရေလျှံတာ အမြဲပဲ။ ဒါမျိုးနေ့တွေဆိုရင် ကျွန်တော်တို့က အရမ်းပျော်တာ။
စာလည်းမသင်ရတော့ဘူး၊ ရေတွေထဲမှာလည်း ပြေးလိုက်လွှားလိုက်နဲ့ဆိုတော့ . . . . . . . ။ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပါပြီလေ . . . . . . .။
အခုတော့ သူငယ်ချင်းတွေလည်းတစ်ယောက်တစ်နေရာဆီ၊ ကမ္ဘာအနှံ့မှာပေါ့။ အသီးတစ်ရာအညှာတစ်ခုဆိုသလိုပါပဲ။ တစ်ချို့က ဆရာဝန်၊ တစ်ချို့က အင်ဂျင်နီယာ။ ပန်းချီဆရာ၊ ကွန်ပျူတာပညာရှင်၊
တေးရေးဆရာ၊ အဆိုတော်၊ ဆရာမ၊ စစ်ဗိုလ် နဲ့ အခြားအများအပြား စသည်ဖြင့် . . .
သူငယ်ချင်းတွေ အခြေအနေကတော့ single/married ၊ သက်ရှိ/ကွယ်လွန် . . . . . . .
မြို့လေးကလည်း ပြောင်းတော့ပြောင်းလဲနေတယ်။
ကျောင်းသားတွေ ကျူရှင်အများအပြားတက်လာရတယ်။ လူငယ်တွေ ဟစ်ဟော့ဂီတကို သဘောကျလာပြီ။ လမ်းတွေလည်းရေမလျှံတော့တာကြာလှပေါ့။ ချယ်ရီပင်တွေလည်းသိပ်မတွေ့ရတော့ဘူး။ အင်ဖက်တွေနေရာမှာ ပလတ်စတစ်အိတ်တွေ။
ဒီနှစ်ထဲမှာပဲ အင်တာနက်ယဉ်ကျေးမှု တော်တော်လေးထွန်းကားလာတယ်။ တိုက်တာတွေကလည်း တိုးတက်လို့။ ပုံပြင်ထဲကဆင်သေကောင်ပေါ်မှာတော့ ကျီးငှက်ကလေးတွေ များပြားလာသလိုပဲ. . . ။
မြို့လေးကတော့ ပြောင်းလဲနေပါတယ်. . . . . . . ။
ဘာပဲဖြစ်ဖြစ်လေ သေချာတာတစ်ခုကတော့ အခုထိ မြို့လေးက နေလို့ကောင်းနေဆဲ . . . . . . . . ။
Friday, June 29, 2007
Burger House
Burger House ကို အရှေ့  မြို့  ပတ်လမ်း နှင့် သပြေလမ်းထောင် ၊့ သစ်တော ရပ်ကွက် တွင် ဖွင့်လှစ်ထားသည်။ ၁၉၉၅ ဖေဖော်ဝါရီ ၁၄ valentine day နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ unplugged show ဖျော်ဖြေ မှု များလည်း ရှိသည်။ Monday to Friday ရှိသည်။ Saturday, Sunday တွေမှာ လည်း အထူး unplugged show များရှိသည်။ အစား အသောက် တွေအနေနှင့်လည်း ဥရောပ၊ ထိုင်း ၊ တရုတ် အစား အစာများ ရသည်။ Beer နှစ်သက်သူများ အတွက်လည်း Tiger စည် Beer ကို စီစဉ်ထားသည်။ Coffee သမား များ အတွက် လည်း အမျိုးစုံလင်သည်။ ဆိုင်၏ နှစ်ပတ်လည် အထိမ်းအမှတ် နေ့ ဖြစ်သော valentine day နေ့တွင် 20% discount ဖြင့် ရောင်းချပေးသည်။ ဆိုင် အဆင်အပြင် သပ်သပ်ရပ်ရပ်ဖြင့် ထိုင်လို့ ကောင်းသည်။ အေးအေးဆေးဆေး ရှိသည်။ ကိုရဲမြန်မာအောင် ကိုလည်း ဒီတစ်ခေါက် ကောင်မလေး လာလည် ခဲ့ရင် Burger House မှာ အတူတူ ထိုင်ဖြစ်အောင် ထိုင်လိုက်ပါလို့ တိုက်တွန်းပါရစေ။
ကျွန်တော်တို့ သိလို့တဲ့ အကြောင်းအရာတွေကို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးတဲ့ Burger House ပိုင်ရှင် ကိုအောင် + မမီး ကိုလည်း အထူး ကျေးဇူးတင်ရှိပါသည်။
အင်းလေးမှာ တနေ့တာ..
အင်းလေးမှာ ကျွန်မတို့ရောက်ခဲ့တဲ့နေရာတွေကတော့ အင်းလေးဖောင်တော်ဦး ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ငါးဖယ်ချောင်ဘုန်းကြီးကျောင်း အပြင် အင်းထဲက ရိုးရာလုပ်ငန်းတွေကိုလည်း ဗဟုသုတအဖြစ် ကြည့်ခွင့်ရခဲ့ပါတယ်။ အင်းထဲမှာတင် တောက်လျှောက်က စက်လှေနဲ့ သွားရတာမို့ စက်လှေသွားတုန်း ရေကို လှမ်းပြီး ဆော့နေရတာ ကြည်နူးဖို့ ကောင်းသလို ပျော်ဖို့လည်းကောင်းပါတယ်။ အရင်ဆုံး စပြီးသွားတဲ့နေရာကတော့ အင်းလေး ဖောင်တော်ဦးဘုရားကိုပါ။ အင်းလေး ဖောင်တော်ဦး ဘုရားက တန်ခိုး ကြီးဘုရားဆိုတော့ ဘုရားဖူး လာကြတဲ့သူတွေကလည်း တဖွဲ့ပြီး တဖွဲ့ရောက်လာကြတာ လူပြတ်တယ်ဆိုတာ မရှိလှပါဘူး။
ကျွန်မတို့အင်းလေး ဖောင်တော်ဦးမှာ ရွှေသင်္ကန်းကပ်လှူ ပူဇော်ပြီးတော့ ဘုရားကျောင်းအောက်မှာ ရှိတဲ့ ရှမ်းရိုးရာ အထည်ဆိုင်၊ လက်ဆောင်ပစ္စည်းတွေ ခင်းကျင်းရောင်းနေတဲ့ဈေးတန်းကို ၀င်ကြည့်ပြီးမှ စက်လှေမောင်းတဲ့သူက အလိုတော်ပြည့်ဘုရားကို လိုက်ပို့ပေးပါတယ်။ အလိုတော်ပြည့်ဘုရားမှာတော့ လူသိပ်မရှိပါဘူး။ တချို့ကလည်း အလိုတော်ပေါက်ဘုရားလို့ခေါ်ကြတယ်။ တကယ် ယုံယုံကြည်ကြည်နဲ့ လိုရာဆုတောင်းရင် တောင်းတဲ့ဆုပြည့်တယ်လို့ ဆိုပါတယ်။ အလိုတော်ပြည့်ဘုရားက မုခ်ဦး ၄ ဘက် မှာရှိတဲ့ ဘုရား ၁ ဆူချင်းစီက တခုနဲ့တခု မတူပါဘူး။
အလိုတော်ပြည့်ဘုရားပြီးတော့ ကျွန်မတို့လည်း ကြောင်ခုန်ကျောင်းလို့ နာမည်ကြီးတဲ့ ငါးဖယ်ချောင်ဘုန်းကြီးကျောင်းကို ရောက်ခဲ့ပါတယ်။ အင်းထဲကို လာတဲ့သူတိုင်းက ကြောင်ခုန်ကျောင်းကို လိုက်ပို့ပေးပါဆိုပြီး စက်လှေသမားတွေကို ပြောတတ်သလို စက်လှေမောင်းတဲ့သူတွေက ခရီးသည် မပြောရင်လည်း သူတို့ဘာသာ ခရီးစဉ်ကို စီစဉ်ပြီး လိုက်ပြပေးပါတယ်။ ဘုန်းကြီးကျောင်းက ကြောင်လေးတွေလည်း အင်းထဲမှာတော့ စတားပါပဲ။
ဘုန်းကြီးကျောင်းကအပြန်မှာတော့ အင်းလေး ရိုးရာ ယက္ကန်းလုပ်ငန်းဖြစ်တဲ့ ပိုးထည်နဲ့ ချည်ထည် ယက်လုပ်တဲ့နေရာကို ၀င်လည်ဖြစ်ပါတယ်။ ပိုးထည်၊ ချည်ထည်တွေကို အမျိုးသား၊ အမျိုးသမီးဝတ် လုံချည်၊ အင်္ကျီ၊ ပုဝါ အစရှိသဖြင့် အမျိုးမျိုး ယက်လုပ်ပြီး ရောင်းတာပါ။ နိုင်ငံခြားသားတွေအတွက်တော့ အဆင်သင့်ဝတ်လို့ရအောင် ချုပ်ပြီးသားလည်း ရောင်းပါတယ်။ နောက်ပြီး ကြာရိုးက ထွက်တဲ့ ကြာမျှင်ချည်နဲ့ ပုဝါယက်လုပ်ထားတာကို လည်း ထူးထူးဆန်းဆန်း မြင်ခဲ့ရပါတယ်။ ပထမ ကြာရိုးကနေ တဆင့် ကြာချည်ဖြစ်အောင် အရင်လုပ်ပါတယ်။ ပြီးမှ ယက်ကန်းပေါ်တင်ပြီး လိုသလို ယက်ရတာဆိုတော့ လုပ်ရတာ အဆင့်များသလို ပုဝါဖြစ်လာတော့လည်း တန်ဖိုးကြီးပါတယ်။ ကျွန်မကတော့ ပိုးလုံချည်လေး ၁ ထည် လောက်လိုချင်ပေမယ့် မ၀ယ်နိုင်လို့ မ၀ယ်ခဲ့ရပါဘူး။ မျှော်သာမျှော်ခဲ့ပြီး မ၀ယ်ခဲ့ရလို့ စိတ်မကောင်းစွာနဲ့ပဲ ယက္ကန်းရုံ ကနေ နောက်တနေရာ ထပ်ကူးရပြန်ပါတယ်။
ယက္ကန်းရုံက အပြန် စက်လှေမောင်းသူက ငွေထည်ပစ္စည်းအရောင်းဆိုင်ရှေ့လည်း ရောက်ရော စက်လှေကို စက်သတ်လိုက်ပါတယ်။ ဒါနဲ့ ကျွန်မ စဉ်းစားမိတာက စောစောတုန်းက ပိုးထည်ဆိုင်တုန်းကလည်း မ၀ယ်နိုင်လို့ မ၀ယ်ပဲ ကြည့်ယုံပဲ ကြည့်ပြီး ပြန်လာခဲ့ရပြီးပြီ။ အခုတခါ မ၀ယ်ဘူးဆိုရင် ဆိုင်ထဲဝင် ကြည့်လို့ ကောင်းပါ့မလားလို့ တွေးပြီး ကိုယ့်ဘာသာကိုယ် အားနာလာတာနဲ့ စက်လှေသမားကို မ၀ယ်ဘူးဆိုရင် ဆိုင်ထဲဝင်လို့ကောင်းပါ့မလားလို့ မေးမိပါတယ်။ စက်လှေမောင်းတဲ့သူက အင်းထဲမှာရှိတဲ့ ယက်ကန်းရုံ၊ ရိုးရာပစ္စည်းအရောင်းဆိုင်တွေကို ၀ယ်မှ ကြည့်ရတာ မဟုတ်ပဲ မ၀ယ်ရင်လည်း ဗဟုသုတအဖြစ် ကြည့်လို့ရတဲ့ အကြောင်း၊ အေးအေးဆေးဆေး ကြည့်ဖို့မှာပြီး ကျွန်မတို့ကို မငြီးမငြူစောင့်ပြီး လိုက်ပြပေးတာကြောင့် မြင်ဖူး၊ ရောက်ဖူးခဲ့ရတာပါ။ ငွေထည်ပစ္စည်းဆိုင်ကတော့ ဆွဲကြိုး၊ လက်ကောက် ဒီဇိုင်းမျိုးစုံ ပုံဖော်ထားတဲ့ အလှအပ ပစ္စည်းက အစ ရေခွက်၊ဖလား အစ ရှိတဲ့ တခြားအသုံးအဆောင် ပစ္စည်းမျိုးစုံ အရောင်းပြခန်းလေးတခုပါပဲ။ ကျွန်မတို့လည်း မှန်ဗီဒိုထဲမှာရှိတဲ့ ပစ္စည်းလက်ရာလေး တွေကိုပဲ ငေးမော့ပြီးတော့ ဆိုင်ရှင်ကို မျက်နှာပူပူနဲ့ နှုတ်ဆက်ပြီး ပြန်ထွက်လာရပါတယ်။
အင်းထဲမှာ လည်ပတ်ပြီးတော့ အချိန်က ညနေပိုင်းရောက်လာတာနဲ့ ညောင်ရွှေကို ပြန်ခဲ့ရပါတယ်။ တစ်နေ့ကလည်း ခဏလေးနဲ့ ကုန်မြန်တယ်လို့တောင် စိတ်က ထင်လိုက်မိပါသေးတယ်။ ပိုးထည် လုပ်ငန်း နဲ့ ငွေထည်ပစ္စည်းရောင်းတဲ့ဆိုင်ကိုတော့ ဓာတ်ပုံမရိုက်ခဲ့ရပါဘူး။ ဒါကြောင့် ဘုရားပုံတွေရယ် ကြောင်ခုန်ကျောင်းလို့ခေါ်တဲ့ ငါးဖယ်ချောင်ဘုန်းကြီးကျောင်းက ကြောင်လေးတွေ ခုန်နေတာကို ဓာတ်ပုံတွေနဲ့အတူ တောင်ကြီး (သို့မဟုတ်) ချယ်ရီမြေကနေ ဝေမျှပေးလိုက်ပါရစေ။
ပုံ(၁) အင်းလေးဖောင်တော်ဦးမရောက်ခင် စက်လှေပေါ်ကရိုက်ထားတဲ့မြင်ကွင်းပါ။
ပုံ(၂) တန်ခိုးကြီးတဲ့ အင်းလေးဖောင်တော်ဦးမှာ တည်ထားကိုးကွယ်တဲ့ ဗုဒ္ဓရုပ်ပွားတော် ၅ ဆူပါ။
ပုံ(၃) အလိုတော်ပြည့်ဘုရား ရဲ့ မုခ် ၃ ဘက်မှာ တည်ထားတဲ့ ဘုရား ပုံတော်တွေပါ။ ကျန်တဲ့မုခ်ဦးတဖက်က ဘုရားပုံတော်ကို ဓာတ်ပုံမရိုက်ခဲ့မိပါဘူး။
ပုံ(၄) အင်းလေး ငါးဖယ်ချောင်ဘုန်းကြီးကျောင်းပါ။ စက်လှေပေါ်က မဆင်းခင်ရိုက်ထားတာပါ။
ပုံ(၅) ကြောင်လေးတွေက အ၀ိုင်းကွင်းထဲကို ခုန်ဝင်တဲ့ပုံပါ။ ဘုန်းကြီးကျောင်းမှာ ကြောင်တွေမှ အများကြီးပါပဲ။ ခုန်ပြီးရင်ပဲဖြစ်ဖြစ် မခုန်ခင်ပဲဖြစ်ဖြစ် သူတို့ကို အစာကျွေးပြီး ခုန်ခိုင်းရပါတယ်။ ဘုန်းဘုန်းက အစာထည့်ထားတဲ့ ဗူးကို ကိုင်ပြီး လှုပ်တဲ့ အသံကြားရင် ဘုန်းဘုန်းနားကို ပြေးလာကြပါတယ်။ တခါတလေ သူတို့လည်း ခဏခဏခိုင်းနေတာဆိုတော့ ငြီးငွေ့တယ်နဲ့တူတယ် မခုန်ချင်ဘူးပေါ့ အဲဒီ့အခါကျရင် ဘုန်းဘုန်းက သူတို့ ဗိုက်ကနေ ဆွဲယူပြီး ခုန်ခိုင်းရင်တော့ လာကြည့်တဲ့ဧည့်သည်ကျေနပ်အောင် ခုန်ပေးရှာပါတယ်။
မ ရန်ကုန်သူ
ပုလင်း ၁ လုံး ၊ ၄ ဂိုး ၊ ယူ ၁၃









Monday, June 25, 2007
သတိရမိသည်
တောင်ကြီးသား ရှမ်းလေးကို သူငယ်ချင်းများက ၀ိုင်းစကြသည်။
မင်းကဘုရားစူးရှမ်းပဲ။အသားက မည်းလိုက်တာလွန်ရော။မင်းက ကိုယ့်ကိုကိုယ်
ရှမ်းလို့ပြောလို့သာယုံရတယ်ဟု ပြောလေသည်။ ထိုအခါ
ကျွန်တော့်ရှဲ့ဇာတ်လိုက်ကျော်က အားကျမခံပြန်ပြောလိုက်တာက
မဲမှာပေါ့ကွ၊ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂)ပေမှာနေတာလေကွာ၊
နေနဲ့ပိုနီးတယ်တဲ့လေ။
ရိုးသားဖော်ရွေ တို့ရှမ်းမြေ
တောင်ကြီးသား ဖြစ်ရတာကို ဂုဏ်ယူသည်။ ဘာကြောင့်လဲလို့ မေးပြန်ရင်လည်း ဖြေရခက်ပြန်သည်။ တောင်ပေါ်သူ၊တောင်ပေါ်သားတွေက ရိုးသားကြတယ်လို့ ကြားတာနှင့်ပင် ပီတိ ဖြစ်ရသည်။ အားလုံးလက်ခံထားသည်မှာ တောင်ပေါ်သူ၊တောင်ပေါ်သားတွေက ရိုးသားဖေါ်ရွေသည်လေ။
အကြောင်းမဲ့တော့ဒီစကားက ပေါ်လာတာ မဖြစ်နိုင်ပါ။မှတ်မှတ်ရရ ကျွန်တော် အလုပ်ကိစ္စနှင့် မန္တလေးကို သွားရသည်။အပြန် ကျွန်တော် ကားကြီးကွင်းကိုရောက်တော့ မန္တလေး-တောင်ကြီး တိုက်ရိုက်လက်မှတ်များက ကုန်နေ၍ မန္တလေး-မိထ္ထီလာ၊မိထ္ထီလာ-တောင်ကြီး နှစ်ဆင့်စီးဖြစ်သည်။ကားတွေကလည်းအချိန်နှင့်ထွက်ရ၍ လူပြည့်ရန်အလုအယက် ခေါ်ကြသည်။ထိုအချိန်က မန္တလေး-မိထ္ထီလာ ကားခက (၅၀၀)ကျပ်။ လူခေါ်တဲ့သူကလည်း (၅၀၀)၊ခဏလေးနေရင် ထွက်တော့မှာ ဟု ပြော၍ တက်ဖြစ်သည်။ ကားထွက်ခါနီးကျတော့စပယ်ယာက ကားခကို(၇၀၀) ကောက်သည်။ကျွန်တော်တို့က ခုနက (၅၀၀) ပြောလို့လိုက်တာလို့၊အခုမှဘာလို့(၇၀၀) ဖြစ်သွားတာလဲလို့မေးတော့ (၇၀၀) ပဲတဲ့၊ လိုက်ချင်လိုက်၊ မလိုက်ချင်နေတဲ့လေ။ ဒါနဲ့ကျွန်တော်တို့က ပိုက်ဆံ (၂၀၀) ပိုပေးရလို့ ဘာမှမဖြစ်ဘူးလို့။ လူလည်ကျတာ မခံနိုင်လို့ဟုပြောပြီး ကားပြောင်းစီးဖြစ်သည်။မိထ္ထီလာရောက်တော့ကားပြောင်းရသည်။ရှမ်းပြည်ရဲ့ အရိပ်ကို မ၀င်ခင်ကတည်းက အေးချမ်းမှုကိုခံစားရလိုက်သည်။ရိုးသားဖော်ရွေတဲ့ ဆက်ဆံရေးကြောင့်လား မပြောတတ်တော့ပါ၊ကျွန်တော့်ဖြစ်ရပ်နှင့်ခပ်ဆင်ဆင်ဖြစ်ရပ်မျိုးလည်း ခင်ဗျားတို့ ကြုံခဲ့ဘူးမယ် ထင်ပါတယ်။ ကျွန်တော်ပဲမကြားလို့လား။ကျွန်တော်တို့ရပ်ရွာကပြန်လာပြီးအလားတူ ကြုံခဲ့ဘူးတဲ့သူများ ရှိနိုင်မလား။ ကျွန်တော့်ရည်ရွယ်ချက်က တောင်ပေါ်သူ၊ တောင်ပေါ်သားတွေရဲ့ဖော်ရွေမှုကို ဖော်ပြလိုသည့် သဘောသာ ရှိပါသည်။
တောင်ပေါ်သူ၊ တောင်ပေါ်သား တို့ရေ...ကိုယ့်ကြောင့် ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသ အပြော မခံရအောင် နေကြပါနော်........
ကိုရင်လေးကျောင်းသို့ တစ်ခေါက်
မှတ်မှတ်ရရ ကိုရင်လေးကျောင်းကို ကျွန်မဆယ်တန်းနှစ်မှာ ပထမဦးဆုံးအကြိမ် ရောက်ဖြစ်ခဲ့တယ်။အ.ထ.က(၁) ဆယ်တန်းဒီ တစ်ခန်းလုံး အတန်းပိုင်ဆရာမ "ဒေါ်ထူးထူးရွှေ" နဲ့ ကျောင်းအားရက်တစ်ရက်မှာ ကိုရင်လေးကျောင်းကို ဘုရားဖူးထွက်ခဲ့ကြတယ်။ အတန်းပိုင် ဆရာမက ခရစ်ယာန်ဘာသာဝင်ဖြစ်ပေမယ့် တပည့်တွေရဲ့ အလိုကိုလိုက်ပြီး ပျော်ပျော်ပါးပါး လိုက်ပါခဲ့တယ်။ ထမင်းထုပ်၊စားစရာ အပြည့်ထည့်ထားတဲ့ လက်ဆွဲခြင်း ကိုယ်စီနဲ့ မနက်ခင်းမှာ ကျောင်းကနေ လူစုပြီး သွားခဲ့ကြတယ်။ မြစိမ်းတောင်သွားတဲ့ လမ်းဖက်ကနေ သွားရတဲ့အတွက် ကျောင်းနဲ့လည်း သိပ်မဝေးတဲ့လို့ ခြေကျင်ပဲ သွားခဲ့ကြတယ်။တစ်လမ်းလုံး စလိုက်နောက်လိုက်၊ သီးချင်းဆိုလိုက်၊ ပုံပြောလိုက်နဲ့ ခရီးဝေးပေမယ့် မောပန်းရမှန်းတောင်မသိခဲ့ကြပါဘူး။
ကိုရင်လေးကျောင်း သွားတဲ့ ကားလမ်းတွေ လုပ်ထားပေမယ့် ထုံးစံအတိုင်း နွားလှည်းရော ကားပါသွားရတဲ့ မြေညီလမ်းလေးပါ။ ဘုရားဖြူရွာ စတဲ့ ပအိုဝ့်ရွာလေးတွေရယ်၊ တောင်ကြီးတစ်မြို့လုံး သောက်သုံးနေတဲ့ ရေလှောင်ကန်တွေရယ် (ကန်နာမည်တောင် မေ့နေပြီ) ကို ဖြတ်သွားရပါတယ်။ မြေညီလမ်းရဲ့ဘေးတစ်ဖက် တစ်ချက်မှာတော့ စိမ်းစိုနေတဲ့ တောအုပ်တွေ၊ ထင်းရှူးပင်တွေပေါ့။
ကျောင်းကိုရောက်တော့ အဲဒီနေ့က လပြည့်နေမို့လား မသိ ဘုရားဖူးတွေ စည်ကားနေပါတယ်။ ကျွန်မဆယ်တန်း
နှစ်ဆိုတော့ကာ အဲဒီတုန်းက ကျောင်းဆောင် ၂ကျောင်းပဲရှိသေးတယ်ဆိုတာရယ်၊ ကျောင်းဆောင်နှစ်ခုရဲ့ ကြားမှာတော့နဂါးရုပ်ပါတဲ့ ရေကန်လေးလား မသိဘူး ရှိတယ်ဆိုတာကို ခပ်ရေးရေးပဲ မြင်ယောင်တော့တယ်။ (မှားရင် သီးခံပါ။အသက်ကြီးလာတော့ မှတ်ဥာဏ်က မကောင်းတော့ပါဘူး) ကျွန်မတို့လည်း ဘုရားတွေဖူး၊ လိပ်ဥတွေတူး၊အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ သူငယ်ချင်းတွေ ၀ိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါး လေကန်ခဲ့ကြတယ်။
အပြန်မှာတော့ ဘယ်သူက ဦးဆောင်ပြီး အကြံပေးလိုက်တယ် မသိဘူး။ လာလမ်းအတိုင်း ဖြောင့်ဖြောင့်မပြန်ဘဲ တောထဲတောင်ထဲကဖြတ်လမ်းကနေ ဖြတ်ပြန်ပြီး မြစိမ်းတောင်ဘုရား ၀င်ဖူးမယ်၊ ရွှေဘုန်းပွင့်ဝင်ဖူးမယ် ဆိုပြီး ဖြတ်လမ်းက ပြန်ခဲ့ကြပါတယ်။ဖြတ်လမ်းဆိုတော့ သိတဲ့အတိုင်း အရင်လူလျောက်ခဲ့ဖူးတဲ့ မညီမညာ ခြေရာလေးတွေ ထင်ကျန်နေတဲ့ လမ်းသာသာလေးပါ။ဒီဖက်ထင်တယ်၊ ဟိုဖက်ထင်တယ်ဆိုပြီး ပါးစပ်နဲ့ သံလိုက်အိမ်မြှောင်လုပ် အရပ်ရှစ်မျက်နှာကို မှန်းဆပြီး ကျွန်မတို့ ပြန်ခဲ့ကြတယ်။သီချင်းတွေ အော်ဆိုပြီး သွားနေရာက (အဲဒီတုန်းက ကျွန်မတို့ အော်ဆိုခဲ့ကြတဲ့ သီချင်းက တောထဲတောင်ထဲမှာဆိုတော့ရဲဘော်သီချင်းတွေ များပါတယ်) လမ်းတစ်ဝက်ရောက်တော့ ကျောင်းသားတစ်ယောက်က ဖောက်လာခဲ့ပါတယ်။ကျွန်မတို့ သွားနေရာ လမ်းခုလပ်ကနေ သစ်ပင်နောက်ကွယ်က ပြေးပြေးထွက်ပြီး သစ်ကိုင်းခြောက်ကို သေနတ်လုပ်ပြီးပါးစပ်က တဒိုင်းဒိုင်းနဲ့ လူတွေကို လိုက်ပစ်ပါတော့တယ်။ အစကတော့ သူစနောက်နေတယ်လို့ပဲ ကျွန်မတို့ ထင်နေမိတယ်။နောက်တော့ သစ်ကိုင်းခြောက်နဲ့ ချိန်ပစ်တာမဟုတ်ဘဲ လိုက်ရိုက်တဲ့ အထိဖြစ်လာခဲ့တယ်။ ကျောင်းသားတွေက ရှေ့ဆက်မသွားနိုင်လောက်အောင်ပဲ ကြောက်မိပါတယ်။ သီချင်းတွေ အော်ဆိုပြီး တောထဲ ၀င်ပြေးတော့ ဆရာမရော ကျောင်းသားတွေပါ ပျာများကြရတော့တယ်။ အားကောင်းတဲ့ ကျောင်းသားတွေက သူ့နောက်ကို အတင်းလိုက်၊ တစ်ဖက်တစ်ချက်စီ ချုပ်ပြီး
ခေါ်ခဲ့ရတဲ့ အထိပါပဲ။ ကျောင်းသားတွေရဲ့ ကြားမှာတော့ ဟိုထင် ဒီထင် တီးတိုး တီးတိုး အသံတွေနဲ့ပေါ့။ တစ်ချို့က
မြစိမ်းတောင်နဲ့ နီးလာလို့ နတ်ကိုင်တယ်ဆိုလား၊ တောခြောက်တယ်ဆိုလား.. လားပေါင်းများစွာနဲ့ ကျွန်မတို့ မြစိမ်းတောင်ရော ရွှေဘုန်းပွင့်ပါ အောင်မြင်စွာ ၀င်ဖူးခဲ့ကြတယ်။ နောက်မှ သိရတာက အဲဒီကျောင်းသားမှာ နဂိုမွေးရာပါ ရောဂါရှိပြီး၊မကြာခဏ မူးလဲတတ်ကြောင်း၊ တောထဲ တောင်ထဲရောက်ရင် ရောဂါဖောက်တတ်ကြောင်းပါပဲ။
တစ်ခေါက်ဆိုတစ်ခေါက် မှတ်မှတ်ရရပါပဲ။ ပိုအမှတ်ရအောင် တုတ်သေနတ်နဲ့ လိုက်ပစ်ခဲ့တဲ့ သူငယ်ချင်း အောင်ကျော်နေကောင်းပါစေ လို့ ဒီစာနဲ့အတူ ဆုတောင်းလိုက်ပါတယ်။ အ.ထ.က(၁) ဆယ်တန်းဒီက သူငယ်ချင်းများနှင့်တကွ အတန်းပိုင် ဆရာမ "ဒေါ်ထူးထူးရွှေ"အား အောက်မေ့သတိရလျှက်
နိုင်းနိုင်းစနေ
Saturday, June 23, 2007
“ငါးဒုက္ခ”
ငါးဒုက္ခဆိုတာကလည်း..ဘာရယ်တော့မဟုတ်..ငါးအစာသွတ်ကြော်ထားတာပါပဲ...
စိတ်ကူးတော့ရှိပါရဲ့..တစ်ခါမှမချက်ခဲ့ဖူးတော့ ကောင်းပါ့မလား...စိုးရိမ်မိသေးတယ်..
ဒါပေမယ့်..ကိုယ်တိုင်မှမလုပ်ရင်လည်း..စားရဖို့မမြင်..
ဒါနဲ့ဈေးဘက်ထွက်ပြီး ၀ယ်ခြမ်းရေးလုပ်ခဲ့ရတော့တာပေါ့နော်...
တောင်ကြီးမှာဆိုရင်တော့...ငါးဖိန်းနဲ့ပေါ့...
ငါးဖိန်းနဲ့ပတ်သက်လို့...ငါးဖိန်း..အင်းသားစား...အင်းသား..ငါးဖိန်းစားဆိုပြီးတော့ကြားဖူးတယ်...
တစ်ချို့က ငါးဖိန်းကို အရမ်းညှီလို့တဲ့..မစားတတ်ကြဘူး..
ညီမကတော့..တော်တော်ကိုကြိုက်တယ်...
ရန်ကုန်မှာ ငါးဖိန်းမရတော့ တခြားငါးနဲ့ပေါ့နော်...
ငါးအမျိုးအစားတော့ ညီမသေချာမပြောတတ်ဘူး..
အစာသွတ်ချက်ရမှာဆိုတော့..နည်းနည်းကြီးတာကို ၀ယ်ခဲ့တယ်...
အစာအနေနဲ့ထည့်ရမယ့်အမယ်တွေကိုလည်း အဆင်သင့်ဝယ်ခဲ့တယ်..
ပထမ အိမ်ရောက်တာနဲ့... ငါးကိုရေဆေး...နနွင်းနဲ့ဆားနဲ့ထဲ့... ရရနယ်ပြီးထားထားတယ်...
ရန်ကုန်မှာ ငါးဝယ်ရင် ကိုယ်လိုချင်သလို လုပ်ခိုင်းလို့ရတယ်လေ..
ခုတော့ အစာသွတ်ဖို့ ကျောကခွဲပြီး အရစ်လေးတွေဖေါ်ခိုင်းခဲ့တယ်...
တစ်ခါမှကိုယ်တိုင်မချက်ဖူးပေမယ့်... စားဖူးနေကြဖြစ်နေတော့...
ဘာတွေထည့်ရမလဲဆိုတာတော့ သိနေသလိုပဲ...
အိမ်မှာ မဲ့မဲ့ချက်ကျွေးရင်တော့...အမြဲ..ချင်းနဲ့ကြက်သွန်နိုင်နိုင်ထည့်တာတော့ မှတ်မိနေတယ်...
ခုတော့ ညီမက..ကြက်သွန်မိတ်နဲ့ ထည့်မယ်စိတ်ကူးပြီး ကြက်သွန်မိတ်တွေဝယ်လာတယ်...
ကြက်သွန်မိတ်ကိုအနေတော်လေးတွေလှီးပြီး...ထောင်းထားတဲ့ ကြက်သွန်ဖြူတွေ ချင်းစိမ်းတွေကို သူနဲ့ရောနယ်..
အရောင်လေးပါသွားအောင် ငရုတ်သီးမှုန့်အစိမ်းလေးတွေကိုထည့်...
ပြီးတော့ ဆားနည်းနည်းထည့်...ရအောင်နယ်ပြီး..ခုနကထားထားတဲ့ငါးထဲကိုထည့်....
ထည့်ထားတဲ့အစာတွေပြန်မထွက်အောင်...အပ်ချည်မျှင်နဲ့စည်းပြီးထားတယ်..
အိမ်မှာတော့ နှီးနဲ့စည်းတယ်မှတ်ပါတယ်..ဒီမှာတော့ နှီးအလွယ်မရတော့...အပ်ချည်နဲ့ပေါ့..
အားလုံးပြီးသွားတော့...ဒယ်အိုးထဲကို ဆီထည့်ပြီး မီးအေးအေးနဲ့ကြော်ထားလိုက်တယ်...
ငါးအပေါ်ယံအသားလေးတွေ..နီပြီး ကျွတ်လာပြီဆိုရင်...ပြီးတော့ အထဲက အစာလေးတွေ.. ကျက်လောက်ပြီဆိုရင်တော့..
ဆီအိုးကိုချထားလိုက်တယ်...
ပြီးတော့ ကြော်ထားတဲ့ငါးနဲ့စားဖို့...သံပုရာသီးလေးတွေကိုအစိပ်ကလေးတွေစိပ်ထားလိုက်တယ်...
အိမ်မှာ မဲ့မဲ့က ငါးဒုက္ခချက်ရင်..အရွက်သုတ်တစ်ခုခုရယ်... မုန့်ကြော်တစ်ခုရယ်..လုပ်ပေးနေကျ..
ညီမကတော့ ပျင်းပျင်းရှိတာနဲ့...ဘာမှထပ်မလုပ်တော့ဘူး..
ထမင်းပူပူကို..ငါးဟင်းနဲ့ပဲ..စားမယ်စိတ်ကူးထားတာပဲ...
ကဲ......အားလုံး...ညီမနဲ့တူတူ....ငါးဒုက္ခနဲ့ထမင်းမစားချင်ကြဘူးလား....
Friday, June 22, 2007
ချယ်ရီ မဟုတ်ဘူး ၊ ဒါပေမယ့် ချယ်ရီတော့ ချယ်ရီပဲ
Thursday, June 21, 2007
တောင်ကြီး မှ အဆိုတော်များ ၂
ကုက္ကိုပင် ညောင်ညို အရိပ်အောက်
လမ်းခွဲများမရှိတဲ့ တစ်ခုတည်းသော ဘူတာရုံမှာ
မချိပြုံးလေးများနဲ့ နုတ်ဆက်နေစဉ်
အချိန်တွေ အကုန်မြန်လွန်းတယ်
မကြာခင်မှာ ရထားလေးလည်း လိုရာကို ……..
ရထားထွက်ရန် ခရာသံ ပေးနေ
ရှေ့  ဆက်တိုးတော့မယ် ဒီရထားလေး ဘယ်ဘူတာမှာ
အလံစိမ်းလေးက ပြလို့နေ………..
တရွေ့ ရွေ့ ပါသွားပြီ အလံစိမ်းလေး
ငါ့အသည်းလေး ဟိုးအဝေးရပ် ဆီပါသွားပြီ……
ရည်မှန်းချက် ရှိထားခဲ့လို့
ကိုယ်မတားဘူး လိုရာ ခရီးသို့ ရောက်ခဲ့ ပါရင် ….
စာလွှာာလေးများ မှန်မှန်ရေး ..
အတူတူထားခဲ့ ကတိလေးတွေ
အနေဝေးလို့ အနည်ထိုင် သွားလို့
မေ့များ မေ့သွားမှာကိုဆိုး
အကြောက်ဆုံးဘဲ အထီးကျန်နေ့ရက်
ကုန်ဆုံးဖို့ ဆုမွန်တောင်းဆဲ
မကြာခင်မှာ ဌာနေဟောင်း ကို ပြန်ခဲ့ကွယ်
Wednesday, June 20, 2007
သော်တာလင်း
ညတွေမှာဆို လူငယ်တွေနဲ့ ဝေစည်နေတာပေါ့။
ကျွန်တော်တို့ စတိတ်ကျောင်းသား ဘ၀ကနေ ကောလိပ်ကျောင်းသားဘ၀ အထိညတိုင်း ဘော်ဒါတွေနဲ့ တရုန်းရုန်းပေါ့။
ညညဂစ်တာတီးဖြစ်တဲ့ ညတွေဆိုလည်း အဲ့ဒီကနေစုပြီးသွားကြတယ်။
နောက်ပြီးအဲ့ဒီကနေပဲ သူငယ်ချင်းအသစ်တွေ အများကြီးရခဲ့တယ်။
ဆိုင်ရှင် ကတခါတလေဆိုရင် တအားရွတ်တယ်။ကျွန်တော်တို့ကို။
လေးဖြူဖွင့်ခိုင်းရင် ကုလားသီချင်းဖွင့်လိုဖွင့်။ ထူးအိမ်သင်ဖွင့်ခိုင်းရင် မြန်မာ့ သီချင်းကြီးဖွင့်လိုဖွင့်နဲ့။
ကိုပေါက်လို့ခေါ်တယ်။အမှန်တကယ်က စိတ်ရင်းကောင်းပါတယ်။
သူ့ဆိုင် အနောက်မှာဖွဲအိတ်တွေထားတဲ့ဂိုထောင်ထဲဆိုရင် ကျွန်တော်တို့ ၀င်ဝင်အိပ်ကြတယ်။
သူငယ်ချင်းတွေနဲ့ မဟုတ်တာတွေ သုံးစွဲပြီးတော့လေ။
သူငယ်ချင်းတွေအားလုံးရဲ့ ဘ၀တွေဟာလည်း ငယ်တဲ့ အရွယ်ဆိုတော့ အဖြူထည်တွေချည်းပဲ။
အခုတော့ သူငယ်ချင်းတချို့ ကအဝေးကြီးကိုရောက်၊တချို့ ကလမ်းခုလတ်ကနေကျောင်းပြီးအောင်မတတ်နဲ့၊
ကျွန်တော်ကတော့အခုထိ ဝေးလည်းမဝေး၊နီးလည်းမနီး။ဘာမှလည်းဖြစ်မလာပဲနဲ့
အဲ့ဒီတုန်းကအချိန်နဲ့ သော်တာလင်းကို အဓိပါယ်ရှိရှိလွမ်းဆွတ်တမ်းတနေပါတယ်။
ကိုမျိုး
Tuesday, June 19, 2007
အမှတ်တရတစ်ခု
ကျွန်တော်ကိုယ်တိုင်လည်း တန်ဆောင်တိုင်ဆိုရင် ဘယ်နေရာရောက်ရောက် မြို့ ကိုရောက်အောင်ပြန်ခဲ့ တာပါပဲ။ ဒါပေမယ့် ကြူံခဲ့ ဖူးတဲ့ တန်ဆောင်တိုင်အမှတ်တရလေးတစ်ခုပြောပြချင်ပါတယ်။
1999 လောက်ကထင်တယ်။
စှူဌာမုနိ ခြေရင်းက မီးပုံးပျံကွင်းမှာ မီးပုံးပျံပြိုင်ပွဲကျင်းပတော့ လွှတ်တင်နေတဲ့ အဖွဲ့ က ရတနာသီရိ ကအဖွဲ့ လွှတ်တင်ဖို့ စောင့်နေတဲ့ အဖွဲ့ က မင်္ဂလာဦးရပ်ကွက် ကအဖွဲ့။ အဲ့ဒီမှာ ရတနာသီရိကလွှတ်တင်လိုက်တဲ့ မီးပုံးပျံမီးကျည်ထုပ်က စောင့်နေတဲ့ မင်္ဂလာဦးက မီးပုံးပျံ မီးကျည်ခွေ ပေါ်ကိုပြုတ်ကျရော။ ဘာပြော ကောင်းမလဲ။ မီးကျည်ခွေကြီး ပေါက်ကွဲတာ လင်းထိန်နေတာပဲ။ မင်္ဂလာဦးသားတွေကလည်း သူတို့ အသေအချာ လုပ်ထားတဲ့ မီးကျည်ခွေကြီး ပျက်ဆီးသွားတော့ ပေါက်ကွဲတော့တာပေါ့။ ( Tempo ) ကလည်း တက်နေပြီလေ။
ရတနာသီရိကလည်း သူတို့ တမင်လုပ်တာမဟုတ်ပေမယ့် သူများမီးကျည်ခွေကြီးပျက်ဆီးသွားတော့ မပြေး သော်လည်း ကန်ရာရှိ ပြီမို့လား။ အဲ့ဒီမှာ ရပ်ကွက်နှစ်ခု အပြိုင် သမ ကြတာ လေထဲတောင် ၀ဲပျံနေတာပဲ။
ကြားထဲမှာစောင့်နေတဲ့ ပအို့ဝ်ရွာတစ်ခုက မီးပုံးပျံ အဖွဲ့ တစ်ခုတောင်အဆစ်ပါသေးတယ်။ ကျွန်တော် ကိုယ်တိုင်လည်း မင်္ဂလာဦးက ဘော်ဒါတွေနဲ့ လိုက်သွားတော့ ဈေးရောင်းနေတဲ့ အကြော်ဗန်းတွေ မှောက်သွားအောင် ပြေးလိုက်ရတာ။
အခုတွေးရင် အခုပြန်တောင် မောလာတယ်။
တန်ဆောင်တိုင် ပွဲအမှတ်တရများစွာထဲက အမှတ်တရတစ်ခု ပေါ့ဗျာ။
Monday, June 18, 2007
အင်းလေးသို့..
ဒုတိယတခေါက်ကျတော့ ခရီးစဉ်ကိုလည်းသိသွားတော့မှ ကလော၊ ပင်းတယကို အရင်ပြီးအောင်လည်၊ ပြီးမှ အင်းလေးကို သွားတာပါ။ ကလောကနေ တောင်ကြီး-အေးသာယာအတက် လိုင်းကားကို စီးသွားပြီး ရွှေညောင်မှာ ဆင်းပါတယ်။ ရွှေညောင်က တဆင့် ညောင်ရွှေလိုင်းကားကို ပြောင်းစီးတာပါ။ လိုင်းကားစီးရတာ ပင်ပန်းပေမယ့် အတွေ့အကြုံအသစ်ရလို့ ကျွန်မ ပျော်ပါတယ်။ ပြီးမှ ညောင်ရွှေ ဟော်တယ်က စီစဉ်ပေးတဲ့ စက်လှေနဲ့ပဲ အင်းလေးကို ဆက်သွားခဲ့တာပါ။
အင်းလေးကန်ရဲ့ဘေးပတ်လည်မှာ တောင်တန်းပြာတွေ မြူတွေဖုံးလွှမ်းနေလို့ စက်လှေစီးရင်း မြင်ရတဲ့ ရှုခင်းက သာယာလှပါတယ်။ ရှုခင်းတွေ ကြည့်ရင်း မြေပြန့်မှာ မြင်နေကျ အိမ်ပုံစံတွေနဲ့ မတူတဲ့ အင်းထဲက ခြေတံရှည်အိမ်တွေရယ်၊ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထားတဲ့ ကျွန်းမျောရှည်ရှည်တွေ၊ တအိမ်နဲ့တအိမ် တနေရာကနေ တနေရာကို စက်လှေဖြစ်ဖြစ် လှေငယ်နဲ့ဖြစ်ဖြစ် ကူးပြီး အင်းသား အင်းသူတို့ သွားလာ လှုပ်ရှားနေကြတာတွေ၊ အင်းသားတွေ ခြေထောက်နဲ့ လှေလှော်ခတ်တာတွေ၊ အင်းထဲမှာရှိတဲ့ တန်ခိုးကြီးဘုရားဖူးခဲ့ရတာတွေ၊ အင်းသားရိုးရာ အစားအစာတွေ၊ ရိုးရာ ယက္ကန်း လုပ်ငန်း၊ ငွေထည် လုပ်ငန်း တွေက ကျွန်မအတွက် အင်းလေးက အပြန် ရခဲ့တဲ့ အမြဲတမ်း အမှတ်တရဖြစ်နေမယ့်လက်ဆောင်မွန်တွေပါပဲ။
ရန်ကုန်သူကျွန်မအတွက် နောက်ထပ် အမှတ်ရစရာ အဖြစ်ကတော့ အင်းလေးမှာ နေ့လည်စာ စားတုန်းကပါ။ စားသောက်ဆိုင်က Menu ကို ဖတ်လိုက်တော့ “ငါးဒုက္ခ” တဲ့။ အထူးအဆန်းဖြစ်ပြီး ကျွန်မခေါင်းထဲမေးခွန်းတွေက တန်းစီပြီးပေါ်လာပါတယ်။ ငါးဒုက္ခဆိုတာ ဘယ်လိုလဲ။ တခါမှလည်း မကြားဘူးပါဘူး။ ငါးကို ဘယ်လိုလုပ်ထားလို့များ ငါးဒုက္ခခေါ်တာလဲ။ ဘယ်လိုမျိုးများချက်ထားလဲ ဆိုတဲ့ သိချင်စိတ်နဲ့ပဲ မှာစားလိုက်ပါတယ်။ ငါးဒုက္ခစားပြီး ဒုက္ခရောက်ရတာက ကျွန်မပါပဲ။ ငါးထဲက အသားကို ထုတ်ယူပြီး ဆီသတ်ပြန်ချက်ပြီးမှ ငါးထဲကို ပုံစံမပျက် အစာပြန်သွတ်ထားတာပါ။ အရသာထူးပြီး စားလို့အရမ်းကောင်းပါတယ်။ အဲဒီ့တကြိမ်ပဲ စားဖူးခဲ့ရပြီး နောက်တခါ ထပ်စားခွင့်မကြုံတော့လို့ ရန်ကုန် နဲ့ အင်းလေးသာ နီးနီးလေးဆိုရင် ပိုကောင်းမယ်လို့ အောက်မေ့မိပါတယ်။
အင်းလေးကန်ရဲ့ ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်ဖို့ တောင်ကြီး (သို့မဟုတ်) ချယ်ရီမြေမှာ ဓာတ်ပုံတွေနဲ့ အတူ ဝေမျှလိုက်ရပါတယ်။
(တချို့ဓာတ်ပုံတွေက သူငယ်ချင်းမိသားစုနဲ့အတူ သွားတုန်း သူငယ်ချင်း ကင်မရာနဲ့ ရိုက်ခဲ့တဲ့ပုံတွေကို ကူးယူထားတာပါ။ အားလုံး တစုတစည်းထဲဖြစ်အောင် ဖော်ပြပေးလိုက်ပါတယ်။)
အင်းလေးကန် (ဓာတ်ပုံများ)
သူငယ်ချင်းမိသားစုနဲ့အတူ သွားတုန်းက မနက်ပိုင်းဆိုတော့ မြူတွေဆိုင်းနေတဲ့ အင်းလေး ကန်ရဲ့ ရှုခင်းတခုပါ။
အဝေးကနေလှမ်းမြင်ရတဲ့ အင်းလေးရဲ့ ရှုခင်းပါ။ ဒုတိယတခေါက်ရောက်ခဲ့တာက နေ့လည်ဘက်ဆိုတော့ ပတ်ဝန်းကျင် ရှုခင်းက ကြည့်ရတာ ပိုပြီး ကြည်လင်ပါတယ်။ စက်လှေစီးရင်းနဲ့ ထီးဆောင်းထားရပါတယ်။
ဒီပုံကတော့ အင်းလေးက ယက်လုပ်တဲ့ ယက္ကန်းစင်မှာ စက်လှေတွေရပ်ထားတုန်း ယက္ကန်းစင်နဲ့ ဘေးချင်းကပ်ရှိတဲ့ စားသောက်ဆိုင်ကနေ လှမ်းရိုက်ထားတာပါ။
တောင်ကြီးမှ အဆိုတော်များ... ၁
သီချင်းလေးက ဒီမှာပါ.... download လုပ်ပြီးနားထောင်လိုက်ပါဦး..သီချင်း စာသားကို အောက်မှာ ဖော်ပြပါတယ်......
ပြန်ဆုံချင်ရင် ရင်ခုန်သံကို မညှာနဲ့လေ ။ မညှာနဲ့လေ။
သေချာစဉ်းစား ။
ဒီတစ်ခါ ရင်ခုန်သံကို ညှာခဲ့ရင်
ငါနဲ့မင်း တကယ့်ကို အဝေးဆုံး
ဟိုး တစ်ချိန်က မင်းပြောဖူးတဲ့ ချစ်တဲ့ စကားတွေ
ငါမှတ်မိလို့ နေတယ်။
လွယ်လွယ် မေ့ပစ်လို့ မဖြစ်ဖူး။
ငါနဲ့မင်းက ဘ၀အတူတူ ။ ရင်ခုန်ဖက် လူ ။
နင် အပြီးသတ် မဝေးသေးခင် ပြန်စဉ်းစား ။
ရည်ရွယ်တဲ့ ဘ၀ရဲ့  ခရီးပဲ ဆက်ချင်လို့။
အူး..ဟူ..ဟူး
အချိန် မလွန်ခင် နင်ပြန်ခဲ့လေ။ ကိုယ်မျှော်လင့်နေ အတူဆုံမဲ့နေ့ ။
ကျန်တာတွေ အတွက်နဲ့လေ။
ငါနဲ့မင်း ရင်ခုန်သံ မညာကျေးနော်။
ဟိုး တစ်ချိန်က မင်းပြောဖူးတဲ့ ချစ်တဲ့ စကားတွေ
ငါမှတ်မိလို့ နေတယ်။
ဟိုအရင်က မင်းပြောဖူးတဲ့ သိပ်ချစ်တဲ့ အကြောင်းတွေ
အကုန် ကျန်ရစ်နေ နေဆဲ။
လွယ်လွယ် မေ့ပစ်လို့ မဖြစ်ဖူး။
ငါနဲ့မင်းက ဘ၀အတူတူ ။ ရင်ခုန်ဖက် လူ ။
နင် အပြီးသတ် မဝေးသေးခင် ပြန်စဉ်းစား ။
ရှေ့  ဆက်မဲ့ ဘ၀ရဲ့  ခရီး ရင်ခုန်ချင်လို့။
လွယ်လွယ် မေ့ပစ်မနေနိုင် သေးဘူး။
ငါနဲ့မင်းက ဘ၀အတူတူ ။ ရင်ခုန်ဖက် လူ ။
မင်းနဲ့ တို့နဲ့ အချစ်တွေမေ့ပြီလား …..
ပြိုင်ပွဲဝင်မီးပုံပျံပြုလုပ်ပုံ
တန်ဆောင်တိုင် မီးပုံပျံပြိုင်ပွဲမှာ မီးပုံပျံအစီအစဉ်ကို နှစ်ပိုင်းပိုင်းပြီး ကျင်းပလေ့ ရှိပါတယ်။ နေ့ခင်ပိုင်း နှင့် ညခင်းပိုင်းဟူပြီး နှစ်ပိုင်းပိုင်းခြားပြီး တန်ဆောင်တိုင် မီးပုံပျံပြိုင်ပွဲကြီးကို ကျင်းပလေ့ ရှိပါတယ်။ နေ့ခင်ပိုင်းမှာတော့ တိရိစ္ဆာန်ရုပ်ပုံ အမျိုးမျိုးကို ပုံဖော်ကာ ယှဉ်ပြိုင်ကြပါတယ်။ ခြေလေးချောင်း၊ ခြေနှစ်ချောင်း၊ ငါး စသည့် ရုပ်ပုံအမျိုးမျိုး ပြုလုပ်ကာ ယှဉ်ပြိုင်ကြပါတယ်။ ညအစီအစဉ်မှာတော့ စိန်နားပန်နဲ့ မီးကျည်ဆိုပြီး ယှဉ်ပြိုင်ကြ ပါတယ်။ စိန်နားပန်ကတော့ မီးပုံတွေနဲ့ အလှစင်ပြီး အောက်မှာ အလှဆင် စာတန်းတွေနဲ့ လွှတ်တင်တဲ့ မီးပုံမျိုး ဖြစ်ပါတယ်။ မီးကျည်ကတော့ မီးကျည်၊ မီးပန်းတွေနဲ့ ကောင်းကင်ကို အလှတန်ဆာဆင်တဲ့ မီးပုံမျိုး ဖြစ်ပါတယ်။ အခု ကျွန်တော် သိသလောက် ပြိုင်ပွဲဝင် မီးကျည် မီးပုံပျံ ပြုလုပ်ပုံကို အပိုင်းလိုက် ပြောပြပေး ပါမယ်။
၁ ။ မီးပုံပျံ
ကျွန်တော်တို့ ပြိုင်ပွဲဝင် မီးကျည်မီးပုံပျံကို ပြုလုပ်တော့မယ်ဆို ရှမ်းစက္ကူ (မှိုင်းခံစက္ကူ) အကောင်းဆုံးကို ရှမ်းစက္ကူ ပြုလုပ်ရာ နယ်အသီးသီးသို့ မှာယူရပါတယ်။ ထို့နောက် အကောင်းဆုံး ရှမ်းစက္ကူတွေကို အချိုးတိကျစွာ တိုင်းကာ တညီတညာ တစ်ရွက်ချင်းစီ ခေါက်ကြရပါတယ်။ အဲဒီနောက် တညီတညာ ခေါက်ထားတဲ့ ရှမ်းစက္ကူတွေကို တစ်ရွက်ချင်း ကော်ဖြင့် ကပ်ရပါတယ်။ အဲဒီနောက် ကော်ကပ်ထားတဲ့ ရှမ်းစက္ကူကို အချင်းညီမျှစွာ ဖြတ်ပြီး မီးပုံပျံခေါင် (မီးပုံပျံ၏ ထိပ်အ၀ိုင်း) ကို အချင်း ညီမျှစွာ ဖြတ်ကာ မီးပုံပျံ ခေါင်ကို ပြုလုပ်ပါတယ်။ အဲဒီနောက် မီးပုံပျံ ကိုယ်ထည်ကို မီးပုံပျံခေါင်၏ အချင်းနှင့်အညီ ပြုလုပ်ရပါတယ်။ အဲဒီနောက် မီးပုံပျံဖင် (မီးပုံပျံ အောက်ပိုင်းကို) ကိုယ်ထည်နှင့် အချိုးညီဆက်ပြီး ပြုလုပ်ရပါတယ်။ အဲဒီနောက် မီးပုံပျံ (မီးပုံပျံ၏ ထိပ်အ၀ိုင်း)၊ မီးပုံပျံကိုယ်ထည် နှင့် မီးပုံပျံဖင် (မီးပုံပျံ အောက်ပိုင်းကို) ဆက်ကာ မီးပုံပျံတစ်လုံး ကိုရရှိပါတယ်။ မီးပုံပျံ၏ ခေါင်ပိုင်းမှာ (၂၄) ပစ္စည်း၊ နေကြာပန်း စသည့် ပုံအမျိုးမျိုးကို ပုံဖော်လေ့ ရှိပါတယ်။ မီးပုံပျံ ကိုယ်ထည်မှာတော့ ကိုယ့်စိတ်ကြိုက် ပုံဖော်ကြပါတယ်။ အဲဒီလို ပြီးစီးတဲ့နောက်မှာတော့ မီးပုံပျံ မှိုင်းအားခံနိုင်ရန် ပိတ်စအဖြူ ၂လက်မလောက်ကို ကော်သုတ်ကာ မီးပုံပျံ အလျားလိုက်ကို ကပ်ပါတယ် အဲဒါကို ကျွန်တော်တို့ အခေါ်တော့ (ပတ်တီး လိုက်တယ်လို့) ခေါ်ကြပါတယ်။ အဲဒီလို ပြီးစီးတဲ့နောက်မှာ ၀ါးကို အ၀ိုင်း ပြုလုပ်ကာ မီးပုံပျံဖင် (မီးပုံပျံ အောက်ပိုင်း) တွင် ၀ါးကို အ၀ိုင်းပြုလုပ်ကာ တပ်ဆင်ကြပါတယ်။ အဲဒီ ၀ါးအ၀ိုင်းကို (သ၀ဂွေ) လို့ ခေါ်ပါတယ်။ အဲဒီ သ၀ဂွေမှာ မီးစာနှင့် မီးကျည်ဂွေ ထည့်ကြပါတယ်။ ထိုကဲ့သို့ အားလုံး ပြီးစီးပြီးနောက် မီးပုံပျံကို ပြန်စစ်တဲ့ အနေနဲ့ မှိုင်းဖြူခံပြီး စစ်ဆေးလေ့ ရှိပါတယ်။ (မှိုင်းဖြူ ခံတယ်ဆိုတာ လွှစာမှုန့် စသည့် မီးခိုဖြူ ထွက်သည့် ပစ္စည်းများကို မီးရှို့ကာ မှိုင်းခံခြင်း ဖြစ်ပါတယ်)။ အဲဒီလို အဆင့်ဆင့်ပြုလုပ်ပြီးမှ ပြိုင်ပွဲဝင် မီးပုံပျံ တစ်လုံးကို ရရှိပါတယ်။ (ကျေးဇူးပြုပြီး ပြိုင်ပွဲဝင် မီးပုံပျံပြုလုပ်ပုံ အပိုင်း (၂) တွင် မီးစာနှင့် မီးကျည်ဂွေ ပြုလုပ်ပုံကို ကျွန်တော် သိသလောက် ပြောပြပေးပါမယ်)
P.S (ကျွန်တော်သိသလောက် ပြောပြရပါသဖြင့် အမှားယွင်းများနှင့် လိုအပ်သည်များ ရှိခဲ့ရင် တောင်းပန် ပါတယ်ခင်ဗျာ)
Home sick
ညီမက ကိုယ်ရောက်နေတဲ့နေရာ ကိုယ်နေထိုင်နေတဲ့နေရာကို `ငါ့အိမ်၊
ငါနေတဲ့အိမ်´လို့သုံးလေ့ရှိပေမဲ
တောင်ကြီးမြို့ တစ်နေရာက ညီမရဲ့ မိသားစုလေး ရှိနေတဲ့ နေရာကု
အိမ်လွမ်းခြင်းဆိုတဲ့ ခံစားချက်က
ညီမပြောခဲ့ဖူးသလို.. ညီမက စိတ်ကအားနေရင် အိမ်ကို တမ်းတနေတဲ့သူလေ..
တခြားအဝေး တစ်နေရာကို ရောက်နေသူတေ
မြန်မာ့ နယ်နမိတ် အတွင်းမှာပဲ ရှိနေသေးတဲ့ ညီမအတွက်ကတော့...
အိမ်ကလူတွေနဲ့... အိမ်မှာနေထိုင
ညီမစိတ်ကလဲ ထူးဆန်းတယ်.. တောင်ကြီးက လူတစ်ယောက်ယောက်ကို မ
ထွေထွေထူးထူး သိပ်မဖြစ်တတ်ပေမဲ့.. ကိုယ့်အသိထဲက လူတစ်ယောက်လောက် တောင်ကြီးကိုပြန်မယ်လို့ ကြားတာနဲ့ ညီမစိတ်က အိမ်ကို လိုက်ပြန်ချင်တဲ့စိတ်က နေမရထိုင်မရ ဖြစ်လာတတ်တာ..
အဲဒီလိုအိမ်ကို လွမ်းရင် ညီမ အမြဲဆိုညည်းနေကြ သီချင်းစားသားလေ
သူငယ်ချင်း တစ်ယောက်ကဆိုပြလို့ စပြီးကြားဖူးထားတာလေးပါ...
ထွဏ်းခမ်ရဲ့ သီချင်းလို့ သိထားပ
အဲဒီသီချင်းရဲ့ Titleကိုတော့ ခုထိ
စာသားတွေက ဒီလိုပါ....
`ဒီလိုမြို့ပြဘ၀က အဆင့်မြင့်ပါတယ
ကျွန်တော့ရဲ့ သွေးသားကတောင်းဆို.
တောင်ပေါ်အမေ့ရဲ့ ထမင်းနဲ့ဟင်းကု
`ဆောင်းနှင်းများကြား ပွင့်တဲ့ခ
တောင်ပေါ်လမ်းအတိုင်း.. လျှောက်
ညီမအတွက်တော့ မဲ့မဲ့(အမေ)ရဲ့ ထမင်းဟင်းမှ မဟုတ
Sunday, June 17, 2007
မုံတ၀ဂူသို့ တစ်ခေါက် (၃)
ကျောက်တောင်စောင်းလေး ဘေးကနေ ကျွန်တော်ခပ်သွက်သွက်လေး လျောက်လာခဲ့ရင်း သဘာဝရဲ့ အလှတရား တွေကို ကျွန်တော် ငေးလို့ မဆုံးနိုင်ဖြစ်ခဲ့ရပါတယ်။ ကျွန်တော် ဘုန်းကြီးကျောင်းကိုလဲ မြင်နေရပါပြီ။ အားကောင်းကောင်းနဲ့ စီးဆင်းနေတဲ့ ရေတံခွန်ရဲ့ အသံတွေကိုလဲ ကျွန်တော်ကြားနေရပါတယ်။ ရေရဲ့ ရနံ့၊ သစ်ပင်တွေရဲ့ ရနံ့နဲ့ အမောပြေပြောက်ခဲ့ ပါတယ်။

အမောပြေသွားတဲ့ အခါ ကျွန်တော်တို့ ဂူထဲကို ၀င်ဖို့ ပြင်ကြပါတယ်။ သီးသန့်လာခဲ့တာ မဟုတ်တော့ ကျွန်တော် တို့မှာ ဘာမှ မပါခဲ့ပါဘူး။ အထဲမှာ အလင်းရောင်မရှိတဲ့ အတွက် ဘုန်းဘုန်းဆီကပဲ ဓါတ်မီး ငှားရပါတယ်။ တခါမှ မရောက်ဖူးတော့ ကျွန်တော်တို့ (၂) ယောက်ထဲသွားရမှာတော့ ခပ်လန့်လန့်ပါပဲ။ ဒါပေမဲ့ ဘုန်းဘုန်းက သူလိုက်ပြမယ်လို့ ပြောတဲ့ အခါမှာတော့ ကျွန်တော်တို့ အားတတ်မိတာတော့ အမှန်ပါပဲ။ ဓါတ်မီး (၃)လက်နဲ့ ကျွန်တော်တို့ မုံတ၀ဂူတွင်းခရီး စခဲ့ပါတော့တယ်။ ဘုရားမြေဖြစ်တာကြောင့် ကျွန်တော်တို့ ဖိနပ်ချွတ်ထားခဲ့ လိုက်ပါတယ်။
ဂူအ၀င်လှေခါးဖြစ်ပါတယ်။
ဂူဝရောက်တော့ စေတီတစ်ဆူတွေ့ပါတယ်။ ပင်းတယဂူလိုပါပဲ အ၀ကတော့ ကျယ်ပါတယ်။ ဘုရား ဆင်းထုတော် တွေလဲ တည်ထားတာ တွေ့ခဲ့ရပါတယ်။ ပင်းတယဂူလိုတော့ အများအပြားမရှိသေးပါဘူး။
ဆင်းထုတော်ကြီး (၂) ဆူရဲ့ ညာဘက်လမ်းကနေ ဘုန်းဘုန်းက ဂူထဲ စ၀င်ဖို့ အရှေ့ကနေ ကြွပါတယ်။ အလင်းရောင် မရှိတော့တာမို့ ပါလာတဲ့ ဓါတ်မီးတွေ ထွန်းပြီး၊ ဟိုငေး ဒီငေး ကျွန်တော် အ၀ ကြည့်ရ ပါတော့တယ်။ Camera နဲ့လဲ ရမ်းပြီးရိုက်ရပါတယ်။ အလင်းရောင်မရှိတော့ Flash မီးကိုပဲ အားကိုးပြီး ရိုက်ရ ပါတယ်။ ဂူက အစမှာတော့ အေးအေးဆေးဆေး လမ်းလျှောက်လို့ ရပါတယ်။ ဘာအခက်အခဲမှ မရှိပါဘူး။
မုံတ၀ ဂူလမ်းကြောင်းက ၂ထပ်ဖြစ်ပါတယ်။ အောက်လမ်းကြောင်းက မိုးတွင်းဆို ရေစီးဆင်းပြီး သွားလို့ မရပါ။ အပေါ်ဂူလမ်းကြောင်းကတော့ ကျယ်ဝန်း ရှည်လျားပြီး အဆုံးထိ ရောက်ဖူးသူ သိပ်မရှိသေးဘူးလို့ သိရပါတယ်။ အခုကျွန်တော်တို့ ၀င်သွားတဲ့ လမ်းကြောင်းကတော့ ပင်မဂူလမ်းကြောင်းပါ။ မုံတ၀ဂူဟာ လမ်းကြောင်းတွေ များပြီး ရှုပ်ထွေးနေဆဲ ဖြစ်တဲ့ ဂူပါ။
ဘုန်းဘုန်းရဲ့ ပြောပြချက်အရ တစ်ချို့ လမ်းကြောင်း တွေက သူ့အလိုလို ပိတ်သွားပါတယ်။ အရင် က သွားလို့ ရတဲ့ လမ်းကြောင်းအချို့ ဘယ်လိုမှ ဆက်သွားလို့ မရအောင် တံခါးသဖွယ် အပြည့်ပိတ်သွားတာတွေ ရှိပါတယ်။
ပြောရမယ်ဆိုရင် ရေစီးဆင်းနေတဲ့အတွက် ဂူအရှင်လိုမျိုး ဖြစ်နေပါတယ်။ တကယ်တော့ မုံတ၀ဂူဟာ ရှည်လျှားတဲ့ ထုံးကျောက်ဂူပါ။ အထဲမှာ မီးမဆင်နိုင်သေးတာရယ်၊ လေရအောင် မလုပ်နိုင်သေးတာရယ်၊ ခက်ခဲတဲ့ အတွင်းပိုင်းလမ်းတွေကို မပြုပြင်ထားသေးတဲ့ အတွက် အရောက်အပေါက် နဲနေတာပါ။ တကယ်လို့သာ သွားလာလို့ ရအောင် အဆင့်မြင့် ပြင်ဆင်ပေးမယ်ဆိုရင် ပင်းတယ ဂူလိုမျိုး ရှမ်းပြည် တောင်ပိုင်းရဲ့ လည်စရာ နေရာတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။
ဂူအများစုဟာ လူတွေသွားလာ လာတာနဲ့ အမျှ သဘာဝတရားတွေ ပျောက်ကုန်ပါတယ်။ ညစ်ညမ်းကုန် ပါတယ်။ အခု မုံတ၀ဂူကတော့ သဘာဝတရားတွေ အပြည့်နဲ့ ပကတိအတိုင်း တည်ရှိနေသေးတာမို့ Adventure Trip တွေ ထွက်ချင်သူတွေအတွက် သင့်လျှော်ပါတယ်။ Oxygen, Lighting နဲ့ ကိရိယာ အစုံအလင်ယူပြီး၊ ဂူအဆုံးထိ သွားကြည့်နိုင်မယ်ဆိုရင်တော့ ထူးဆန်းတာတွေ အပြည့်တွေ့ ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ နွေရာသီလို ခြောက်သွေ့တဲ့ အချိန်မျိုးမှာ အခွင့်ကြုံရင် အဆုံးမဟုတ်တောင်မှ တော်တော် ဝေးဝေးရောက်တဲ့ အထိ ကျွန်တော် သွားဖြစ်ဦးမယ် ထင်ပါတယ်။ လိုက်မဲ့သူများရင်တော့ ပျော်ပျော်ပါးပါး စွန့်စွန့်စားစား သွားကြည့်ချင် ပါသေးတယ်။ရှမ်းရိုးမ နဲ့  နန်းမိုးခမ်း
ထူးအိမ်သင် ဆိုထားတဲ့ သီချင်းလေး တပုဒ်ပါ… အားလုံးနှစ်သက်မယ်လို့ ထင်ပါတယ်..
သီချင်းစာသားလေးကို ရေးပေးလိုက်ပါတယ်။
သီချင်းကိုတော့ အောက်က link မှာ download လုပ်လိုက်ပါ။
http://www.mediafire.com/?c5fmtjwibnx
“နန်းမိုးခမ်း”
နှင်းမိုးလေးတွေ တဖွဲဖွဲ တောင်ကြီးမြို့ အလှကိုလည်း နှစ်သက်မိတယ်။ ထို့အတူပဲ။ ခရီးသွား ရင်းဟန်လွဲ နဲ့ သိကြွမ်းခဲ့ရတဲ့ မင်းကို ခွဲရချိန်မှာ ကိုယ်လွမ်းမိတယ်။
နန်းမိုးခမ်းကို လွမ်းသလို ရှမ်းရိုးမကို လွမ်းတယ်။ ရှမ်းရိုးမကို ချစ်သလို နန်းမိုးခမ်း ကို ချစ်တယ်။ ပြန်မယ်ဆိုတော့ မျက်ရည်လည် ကိုယ်ပြန်လာပါမယ့်ကွယ်။ မြူခြေဆိုင်းချိန် တောင်ပြာတန်း တစ်ဖက်ဝယ်။
စကားပြောတဲ့ အသံဝဲ၀ဲ သီချင်းလေးတပုဒ်လိုဘဲ။ ဆောင်းသစ်ကိုင်းလို ခြောက်သွေ့လွန်းတယ်။ ကိုယ့်ဘ၀ရဲ့  အချိန်လေးလည်း သူကလေးကြောင့် ပြည့်စုံလာခဲ့တယ်။ ချစ်ခွင့်မကြုံခင် တို့ဝေးခဲ့တယ်။
နန်းမိုးခမ်းကို ချစ်သလို ရှမ်းရိုးမကို ချစ်တယ်။ ရှမ်းရိုးမကို လွမ်းသလို နန်းမိုးခမ်းကို လွမ်းတယ်။ ပြန်မယ်ဆိုတော့ မျက်ရည်ဝဲ ကိုယ်ပြန်လာပါမယ့်ကွယ်။ မြူခြေဆိုင်းချိန် တောင်ပြာတန်းတစ်ဖက်ဝယ်။
စကားပြောတဲ့ အသံဝဲ၀ဲ သီချင်းလေး တပုဒ်လိုပဲ။ ဆောင်းသစ်ကိုင်းလို ခြောက်သွေ့လွန်းတယ်။ ကိုယ့်ဘ၀ရဲ့  အချိန်လေးလည်း သူကလေးကြောင့် ပြည့်စုံလာခဲ့တယ်။ ချစ်ခွင့်မကြုံခင် တို့ဝေးခဲ့တယ်။
နန်းမိုးခမ်းကို လွမ်းသလို ရှမ်းရိုးမကို လွမ်းတယ်။ ရှမ်းရိုးမကို ချစ်သလို နန်းမိုးခမ်း ကို ချစ်တယ်။ ပြန်မယ်ဆိုတော့ မျက်ရည်ဝဲ ကိုယ်ပြန်လာပါမယ့်ကွယ်။ မြူခြေဆိုင်းချိန် တောင်ပြာတန်း တစ်ဖက်ဝယ်။
သဘာဝလိုဏ်ဂူဘုရားများ... အပိုင်း (၂)
ကိုယ့်ဘာသာကိုယ်ဝင်ကြည့်ရင်တော့ ဒီလို သဘာဝရဲ့ ထူးခြား ဆန်းကြယ်မှုတွေကို မြင်တွေ့နိုင်ဖို့ ခဲယဉ်းလှ ပါတယ်။ မြင်းမထိ လိုဏ်ဂူက ဂူထဲကို ရေ၀င်ပါတယ်။ ရေတက်ရက် ရေကျရက်ပေါ် မူတည်ပြီး ဂူထဲကို လူတွေ ၀င်ပြီး ဘုရားဖူး ရတာပါ။ ရေတက်ရင်လည်း ၀င်လို့တော့ ရပါတယ်။ ကျွန်မတို့ ရောက်တုန်းကတော့ ရေကျနေ ပါတယ်။ ဒါပေမယ့် မီးပျက်နေလို့ ဓာတ်ပုံလည်း ရိုက်လို့ မရပါဘူး။ သွားရတဲ့ လမ်းနေရာ တချို့က ကျဉ်းတော့ ချော်မလဲအောင် တယောက်နဲ့ တယောက် လက်ကိုင်ပြီး အမှီပြုသွားရပါတယ်။ မြင်းမထိ လိုဏ်ဂူထဲမှာတော့ ရှေးဟောင်း စေတီ ၁ ဆူရှိပါတယ်.. စေတီရဲ့ ထူးခြားချက်မှာ ထီးတော် ၃ ဆင့်တည်နေတာပါပဲ။ မင်း ၃ ဆက်က အဆင့်ဆင့် တည်ထားခဲ့တာဖြစ်လို့ ထီးတော် ၃ ဆင့်ဖြစ်နေရတယ်လို့ လိုက်ပြပေးတဲ့ ဘိုးဘိုးကြီးက စိတ်ရှည် လက်ရှည် ရှင်းပြပေးပါတယ်။ ရှေးဟောင်း စေတီအပြင် တခြား စိတ်ဝင်စားစရာ ကောင်းတဲ့ နတ်သမီး ကျောက်ပြင် ဆင်မိသားစု အစရှိတဲ့ ကျောက်စက် ပန်းဆွဲတွေရယ် နတ်ဆေး (သို့မဟုတ်) ဘုရားဆေးလို့ ခေါ်တဲ့ ဆေးကုပေးတဲ့ ဘုရားဆင်းတုတော် တွေရယ်ကို တွေ့ရမှာဖြစ်ပါတယ်။
ကလောတ၀ိုက်ကိုများ ရောက်ခဲ့မိမယ် ဆိုရင်တော့ မြင်းမထိ လိုဏ်ဂူတော်မှာ ဖြစ်တည်နေတဲ့ သဘာဝ ကျောက်စက် ပန်းစွဲတွေဟာ အင်မတန်ကို အံ့သြဆန်းကြယ်စရာ ကောင်းလှသလို မြင်တွေ့ခဲလှတဲ့ သဘာဝ ဖြစ်ရပ်တွေကို ကြည့်ရှုခံစားရင်း အရောက်သွားဖို့ တိုက်တွန်းလိုက်ပါရစေ...
(မြင်းမထိ လိုဏ်ဂူမှာတုန်းက လိုဏ်ဂူထဲရော လိုဏ်ဂူအ၀င်၊အထွက် ကိုရော ဓာတ်ပုံ မရိုက်ခဲ့မိပါဘူး။ ဒါကြောင့် လိုဏ်ဂူဘေးမှာ တည်ထား ကိုးကွယ်တဲ့ ဘုရားစေတီတော်ရယ် ဆင်းတုတော် ပုံတွေကိုပဲ ပေးပို့လိုက်ပါတယ်)
(၃) မြင်းမထိ သဘာဝလိုဏ်ဂူဘုရား (ဓာတ်ပုံများ)
(၃-၁) လိုဏ်ဂူဘေးမှာ တည်ထားတဲ့ ဆင်းတုရုပ်ပွားတော်ပုံပါ။
(၃-၂) လိုဏ်ဂူဘေးမှာ တည်ထားတဲ့ စေတီပုံပါ။
ရန်ကုန်သူ
Note: မ ရန်ကုန်သူ ပေးပို့လာသော ``သဘာဝလိုဏ်ဂူဘုရားများ... အပိုင်း (၂)´´ Mail မှ ပုံနှင့် စာများ ဖြစ်ပါသည်။
(မ ရန်ကုန်သူကတော့ နယ်ခံတွေတောင် လိုက်မမီအောင် ဖြစ်နေပါပြီ။ အခုလို ပေးပို့တဲ့ အတွက် တောင်ကြီးချယ်ရီမှ ကျေးဇူးအထူး တင်ပါသည်။)
သဘာဝလိုဏ်ဂူဘုရားများ... အပိုင်း (၁)
ကျွန်မရဲ့ တောင်ကြီးခရီးစဉ်ထဲက ရောက်ခဲ့ရတဲ့ သဘာဝ လိုဏ်ဂူဘုရားတွေကတော့ (၁) ကလောမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင် သဘာဝလိုဏ်ဂူ ဘုရား၊ (၂) ပင်းတယ ရွှေဥမင် သဘာဝလိုဏ်ဂူ ဘုရား ၊ (၃) ကလောမြို့အနီး မြင်းမထိသဘာဝ လိုဏ်ဂူဘုရား တို့ပဲ ဖြစ်ပါတယ်.. ကျွန်မ မရောက်ဖြစ်ပဲ ကျန်နေသေးတဲ့ လိုဏ်ဂူ ဘုရားတွေ ကျန်ပါသေးတယ်။
ကလောမြို့ ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရားကို ရောက်ခဲ့ရတာက မြင်းလှည်း မောင်းပို့ပေးတဲ့ ဘဘကြီးရဲ့ ကျေးဇူးကြောင့်ပါပဲ။ ကလောရောက်တော့ ဘယ်နေရာကို အရင်ဆုံး စပြီး လည်ရမယ်ဆိုတာ မသိပါဘူး။ တည်းတဲ့ Hotel ဘေးနားမှာ နှီးဘုရားသို့ ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ်ကို မြင်တော့ အဲဒီ့လမ်းကနေ လမ်းလျှောက်သွားရင် နှီးဘုရားကို ရောက်လောက်မယ်ထင်ပြီး ကျွန်မနဲ့ ကျွန်မ အမျိုးသား လည်း လမ်းလျှောက်ရင်းက လမ်းမှာတွေ့တဲ့ ဦးလေးကြီး တယောက်ကို နှီးဘုရားသွားရင် ဘယ်လောက်ဝေးလဲလို့ မေးလိုက်မိပါတယ်။ ဦးလေးကြီးက လမ်းလျှောက်ရင် အဝေးကြီး လျှောက် ရမှာဖြစ်လို့ မြင်းလှည်းနဲ့သွားဖို့ အကြံပေးပါတယ်။ အဲဒါနဲ့ ကျွန်မတို့လည်း မြင်းလှည်းငှားပြီး နှီးဘုရားလည်း ဖူးရင်း အပြန်မှာ မြင်းလှည်းသမား ဘဘကြီးက လမ်းကြုံတာနဲ့ သဘာဝ လိုဏ်ဂူ ဘုရားကို ကျွန်မတို့ ဘုရားဖူးရအောင် ရပ်ပေးတာပါ။ ကလော ရွှေဥမင် လိုဏ်ဂူတော်က ၂ ခုရှိပါတယ်။ အထက် လိုဏ်ဂူလည်း ရှိပါတယ်။ အထက်လိုဏ်ဂူ ကိုတော့ ၀င်လို့မရပါဘူး။
နောက်ထပ် ရောက်ဖြစ်တဲ့ သဘာဝ လိုဏ်ဂူဘုရားကတော့ ပင်းတယ ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရားပါ။ ကလောမြို့ ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရားနဲ့ ယှဉ်ရင်တော့ ပင်းတယ လိုဏ်ဂူက ပိုလည်း နာမည်ကြီးသလို ပိုပြီးလည်း ကြီးတယ်လို့ ကျွန်မ စိတ်ထင်မိပါတယ်။ ပင်းတယ လိုဏ်ဂူကတော့ ၀င်ပြီးရင် အထဲမှာပဲ ရှေ့ဆက်သွားလို့ မရတော့လို့ ကန့်သတ်ထားတဲ့ဂူဝ ရှိပါတယ်။ ရာဇ၀င်ဆန်ဆန် ပုံပြင်ဆန်ဆန် ကြားဖူးတာကတော့ ပင်းတယ လိုဏ်ဂူဟာ ပုဂံက တ၀ ဂူနဲ့လည်း ဆက်နေတယ်လို့ ကြားဖူးပါတယ်.. လိုဏ်ဂူထဲမှာ ဘုရားဆင်းတုတော်တွေကလည်း များလှသလို ပြန်ပြုပြင်ဖို့ လှူထားတဲ့ အလှူရှင် တွေကလည်း နာမည်ကြီး ထဲကပါပဲ။ ဂူထဲမှာရှိတဲ့ ဘုရားအရေအတွက် စုစုပေါင်းကို ဘုရားသမိုင်းလိုက်ရှင်းပြပေးတဲ့ သူက ပြောပြပါတယ်။ ကျွန်မ မှတ်ဥာဏ် အားနည်းလို့ မမှတ်မိတော့ပါဘူး။ ကျွန်မတို့လည်း ဘုရားတစ်ဆူလောက် ပြုပြင်ချင်လို့ ဂေါပကကို မေးတော့ ဘုရားလှူထားတဲ့ အလှူရှင်တွေက များတာဖြစ်လို့ ပြုပြင်စရာ ဘုရား မရှိတော့ပါဘူးလို့ပြောပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့လည်း အဲဒီ့အချိန်က ရန်ကုန်သာမက တောင်ကြီးမှာပါ မီးပျက်တာများလို့ ဘုရားမီးပူဇော်ဖို့ မီးစက်နှိုးရအောင် ဒီဇယ်ဆီရယ် ဘုရား တန်ဆောင်းပြုပြင်ဖို့ အတွက်ရယ် အလှူငွေ ထည့်ပြီး ပင်းတယက ပြန်လာခဲ့ရပါတယ်။
တကယ်လို့များ ပင်းတယ ကလောဘက်ကို ရောက်ဖြစ်ခဲ့ရင် ဘုရားသွားဖူးလို့ရအောင် ဒီလိုဏ်ဂူဘုရားတွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေအပြင် ပင်းတယလိုဏ်ဂူဝန်းကျင်က ရှုခင်းဓာတ်ပုံ တွေကိုလည်း ရှိသလောက် ဝေမျှလိုက်ရပါတော့တယ်။
(၁) ရှေးဟောင်းသမိုင်းဝင် ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရား (ဓာတ်ပုံများ)
(၁-၁) ရှေးဟောင်းသမိုင်းဝင် ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရား အ၀င် မုခ်ဦးပါ။
(၁-၂) လိုဏ်ဂူဘုရားကိုအ၀င် ဂူပေါက်ပါ။
(၁-၃) ရွှေဥမင် သဘာဝ လိုဏ်ဂူဘုရားရဲ့ အထက် လိုဏ်ဂူတော်ပါ။ ပိတ်ထားပါတယ် ၀င်လို့မရပါဘူး။
(၂) ပင်းတယ ရွှေဥမင် သဘာဝလိုက်ဂူဘုရား (ဓာတ်ပုံများ)
(၁-၁) ပုံတွေက ဓာတ်လှေကားစီးပြီး ဂူထဲကို အသွား တန်ဆောင်းပေါ်က ရိုက်ထားတဲ့ လိုဏ်ဂူတော်ဝန်းကျင်က ရှုခင်းပုံပါ။
(၁-၂) ပင်းတယ လိုဏ်ဂူအ၀င်ဝနံရံကျောက်သားပေါ်မှာ ပြုပြင်ထားတဲ့ ဘုရားရုပ်တုတွေကို မြင်တွေ့ရမှာပါ။
(၁-၃) ပုံက လိုဏ်ဂူဘုရားထဲမှာရှိတဲ့ ပြုပြင်ပြီးသား ဘုရားရုပ်ပွားဆင်းတုတော်ပုံတွေပါ။
(၁-၄) ပင်းတယ လိုဏ်ဂူထဲမှာ ကျောက်စက်ပန်းဆွဲတွေ သဘာဝအတိုင်းဖြစ်တည်နေပုံပါ။
(၁-၅) ပင်းတယ လိုဏ်ဂူထဲမှာရှိတဲ့ ကျောက်စက်ပန်းစွဲ ပုံပါ။
(၁-၆) ပင်းတယ လိုဏ်ဂူထဲမှာရှိတဲ့ ဂူလမ်းဆုံးနေရာပါ။ ရှေ့ဆက်ဝင်ဖို့အတွက် ဂူလမ်းကြောင်း ကျဉ်းသွားလို့ ၀င်လို့မရပါဘူး။
ရန်ကုန်သူ
Note: မ ရန်ကုန်သူ ပေးပို့လာသော Mail မှ အကြောင်းအရာနှင့် ပုံများ ဖြစ်ပါသည်။
