Thursday, August 2, 2007

သို့ . . . အတိတ် မနက်ခင်းများ . . .

ကျွန်တော် တောင်ကြီးချယ်ရီမြေ ကိုစသိကတည်းက စိတ်ကူးထဲမှာ ငါလည်းတစ်နေ့နေ့ ဝင်ရေးဖြစ်အောင် ရေးဦးမယ်လို့ တွေးထားတာ ရှိပါတယ်။ အထူးသဖြင့် အိမ်ကိုလွမ်းနေတဲ့ သူတွေထဲက တစ်ယောက်ဆိုတော့ ဒီစာတွေ ဖတ်ရတာ တကယ့်ကို အရသာတွေ့ပါတယ်။ အခု ပထမဆုံးရေးမဲ့ အကြောင်းကတော့ ကျွန်တော် ဟိုးငယ်ငယ်တုန်းက တောင်ကြီးမြို့ရဲ့ တစ်စိတ်တစ်ဒေသကို ထင်ဟပ်နေတဲ့ အကြောင်းပါ။ ကျွန်တော်တို့အိမ်က တကယ့် တောင်ခြေရင်းမှာပါ။ အိမ်ရှေ့မှာက ဘုရားဖြူဘက်တက်တဲ့ ကားလမ်းမ၊ ပြီးရင် ရေကန် နဲ့ တောင်ပဲရှိပါတယ်။ ညညဆိုရင် ချေဟောက်သံနဲ့အတူ အိပ်ယာဝင်ရတာပါ။ ပြီးတော့ ငယ်ငယ်ကဆို တောင်ကြီးက အခုထက် စိမ်းစိမ်းစိုစို၊ သစ်တောလည်း အုံ့အုံ့ဆိုင်းဆိုင်း နဲ့ပါ။ မနက် ဝေလီဝေလင်း ဆိုတာနဲ့ အိမ်က ဖိုးဖိုး လမ်းလျှောက်ထွက်မှာကို ကျွန်တော်က စောင့်နေပြီ။ လမ်းလျှောက်ထွက်တယ် ဆိုလို့ လေလေးချွှန်လို့ တောင်ဆင်းလမ်းလေးအတိုင်း ဆင်းလျှောက်တာ မဟုတ်ပါဘူး။ အဖိုးက ကျန်းမာရေးကို အင်မတန်လိုက်စားတဲ့ လူဆိုတော့ မနက်တိုင်းလိုလို တောင်ပေါ်ကို ခြေလျင်တက်တာလေ။

ဒီလိုနဲ့ပဲ ကျောင်းပိတ်တဲ့ မနက်ခင်းဆိုရင် ကျွန်တော့်အတွက်တော့ တောတွင်းစွန့်စားခန်းကြီးပေါ့။ အဲဒီတုန်းက ရထားလမ်းလည်း မဖောက်သေးပါဘူး။ အိမ်ဝင်းပြင်ထွက်ပြီးလို့ လမ်းကူးပြီးပြီဆိုရင် တောင်ခြေအစကို ရောက်ပါပြီ။ တောင်စတက်ပြီ ဆိုတာနဲ့ ချုံရှုပ်ရှုပ် တောင်စောင်းမှာ လူသွားလမ်းကို မနည်းရှာပြီး တဖြည်းဖြည်း တက်ကြတာပေါ့။ အဲဒီမှာ အိမ်ကအဖိုးရဲ့ ခွေးတွေကိုလည်း မေ့ထားလို့မရပါဘူး။ အဖိုးဘယ်ကိုသွားသွား ခြေရာခံ၊ အနံ့ခံပြီး လိုက်မယ်ဆိုတဲ့ ခွေးတွေပါ။ သစ္စာလည်း အင်မတန်ရှိ ကြပါတယ်။ တောင်လယ်မှာ တအောင့်နားဖို့ ခြေခင်းသာတဲ့ နေရာရှာ၊ ပြီးတော့ စနားပြီဆိုတာနဲ့ အဖိုးနဲ့ကျွန်တော့်ဘေး အရပ်လေးမျက်နှာ တစ်ကောင်ကျစီ အိပ်စောင့်တဲ့အထိကို သစ္စာရှိကြပါတယ်။ အဖိုးကလည်း ဒီခွေးတွေကို အချစ်ကြီးတယ်။ အဖိုးချက်တဲ့ ခွေးထမင်း ဆိုရင် နာမည်ကြီး။ အသားတွေများလို့ မဟုတ်ပါဘူး။ ဒါပေမယ့် ထမင်းကို ထင်းမီးပေါ်မှာ တင်ပြီး ရှိသမျှအရိုးအရင်းတွေ ငှက်ပျောအူတွေကို ရောကျိုထားတာမျိုးပါ။ ကျွန်တော့်အတွက်တော့ ငါးပိနံ့တသင်းသင်းနဲ့ ဆိုတော့ ကလေးသဘာဝ အဖိုးရဲ့ခွေးစာကို သွားရည်ကျမိတဲ့ အထိပါပဲ။

ဒါနဲ့တောင်တက်ဇာတ်လမ်းကို ပြန်ဆက်ရပါဦးမယ်။ ဇာတ်လမ်းပြန်ဆက်မယ်ဆိုလို့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အဖိုးက နေ့တိုင်းလိုလို တောင်ပေါ်တက်တဲ့သူ ဆိုတော့ သူ့အတွက်ကတော့ တောင်တက်တယ်ဆိုတာ တောင်ပေါ်ရောက်ဖို့ မဟုတ်တော့ဘူးလေ။ တောင်ခုလပ်ကနေပဲ နေမပြင်းခင် ခြေလျင်ပြန်ဆင်း ဖြစ်တာများပါတယ်။ တောင်တက်ဖူးသူများ သတိထားမိမှာပါ။ တောင်ကအတက်မှာ ပင်ပန်းတာကလွဲရင် လွယ်တာ၊ ပြန်ဆင်းဖို့ကျတော့ အထူးသဖြင့် တောလမ်းကနေဆိုရင် အခက်သား။ ကိုယ်ကို မနည်းထိန်းပြီး ဆင်းရတာကတစ်မျိုး၊ တစ်ခါတစ်လေ မျက်စိမှောက်လို့ လမ်းပျောက်ပြီဆိုရင် စိတ်မောရတာက တစ်မျိုးပါ။ ကျွန်တော်ကတော့ ကလေးပီပီ လမ်းပျောက်ပြီဟေ့ ဆိုရင် ပိုလို့တောင် ပျော်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ပြန်ရောက်မယ် ဆိုတဲ့ အသိကြောင့်လည်း တစ်ကြောင်းပေါ့လေ။ တစ်ခါတစ်လေတော့လည်း မြစိမ်းတောင်ဘက် ကားလမ်းမအတိုင်း ဆင်းလျှောက်ပြီးပြန်ကြပါတယ်။ လမ်းတလျှောက် တွေ့သမျှ နွားချေးခြောက်တွေကို ကောက်ရတာလည်း အဖိုးရဲ့ ဝသီတစ်ခုပါ။ အိမ်က ပန်းပင်၊ သီးပင်တွေအတွက် မြေသြဇာတဲ့လေ။ အဲဒီလို အချိန်တွေ ပြန်တွေးကြည့်ရင်လည်း ဒီအဖိုး၊ ဒီမြေး၊ နောက်ပြီး ဒီခွေးတွေတလှေနဲ့ တောင်ပေါ်တက်ခဲ့ဖူးတယ် ဆိုတာ မယုံနိုင်စရာပါ။ ဒါပေမယ့်လည်း ဒီလိုလွမ်းစရာကောင်းတဲ့ အတွေ့အကြုံတွေကို ဒီမှာဝေမျှခွင့်ရတယ် ဆိုရင်ပဲ ကျွန်တော်က အတိုင်းမသိပါပဲ။ ကောင်းကင်ဘုံက အဖိုး၊ တောင်ကြီးက အဖေနဲ့အမေ၊ နောက်ပြီးစာဖတ်သူတို့လည်း ဒီစာလေးနဲ့ ကြည်နူးနိုင်ပါစေ . . . ။


p.s အဝေးမှာရောက်နေတဲ့ သူငယ်ချင်း weekb4xmas ပို့လာတဲ့ စာလေးကို ပြန်လည်တင်ပြပေး လိုက်ပါတယ်။

5 comments: