Monday, November 5, 2007

ရွှေအင်းတိန် ဘုရားများသို့ တစ်ခေါက်

ရွှေအင်းတိန်ဘုရားတွေ အကြောင်းကို သူငယ်ချင်းတွေ ပြောပြလို့ ကျွန်တော် သိထားတာ ကြာပါပြီ.. ဒါပေမဲ့ ဘုရားတွေ အများကြီးရှိတယ်ဆိုတာကိုတော့ မျက်လုံးထဲမှာ မမြင်မိခဲ့ပါဘူး.. ဘယ်လိုဘုရားတွေ အများကြီးပါလိမ့်လို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ခဲ့မိရာက အခုတစ်ခေါက် ကိုယ်တိုင် ရောက်သွားတော့မှပဲ အံသြ့ခြင်းများစွာနဲ့ မင်သက်မိခဲ့ပါတော့တယ်..

အရင်က သူငယ်ချင်းတွေ ပြောကြတာက အင်းတိန်ဘုရားကို လှေနဲ့ တစ်မျိုး ကုန်းနဲ့ တစ်တန် သွားရတယ်.. လမ်းလဲ အဝေးကြီး လျှောက်ရတယ်တဲ့လေ.. အဲ့ဒါကြောင့် အင်းလေးကို (၂)ခေါက် (၃)ခေါက် ရောက်ဖြစ်ခဲ့လဲ အဲ့ဒီဘက်ကို လှေဦးလှည့်ဖို့ မဖြစ်ခဲ့ပါဘူး.. စိတ်ထဲမှာပဲ ရှိပြီး မရောက်ဖြစ်ခဲ့ပါဘူး..

ဒါပေမဲ့ များပြားလှတဲ့ ဘုရားတွေကို သွားဖူးခွင့်ရဖို့ အကြောင်းတရားတွေက ဖန်တီးလာခဲ့ပါတယ်.. အဲ့ဒါနဲ့ပဲ ကျွန်တော် ရွှေအင်းတိန် ဘုရားများဆီသို့ ရွှင်လန်းဝမ်းသာစွာနဲ့ပဲ စိုက်စိုက်မြိုက်မြိုက် ရောက်ဖြစ်ခဲ့ပါတယ်.. တောင်ကြီးချယ်ရီမြေကို လာလည်တဲ့သူတွေလဲ ကျွန်တော်နဲ့ အတူ ရွှေအင်းတိန်ဘုရားများဆီကို ရောက်ဖူးသွားအောင် Virtual Tour နဲ့ လှေလေးစီးပြီး သွားကြည့်ရအောင် လိုက်ခဲ့ပါလားဗျာ..

အင်း.. ရွှေအင်းတိန်ဘုရားတွေ ဆီကို မသွားခင် ဘုရားသမိုင်းကြောင်း အကျဉ်းကို အရင်ပြောပြပါမယ်.. အဲ့ဒါမှ ဘုရားဖူးသွားရတာ ပိုပြီးလေးနက်မှုရှိမယ်လို့ ထင်ပါတယ်..

သမိုင်းဝင်ရွှေအင်းတိန် မြတ်စွာဘုရားကြီးကို တည်ထားခဲ့တဲ့ ဒါယကာကတော့ ပဋလိပုတ် ပြည့်ရှင် သီရိဓမ္မာသောက မင်းကြီးဖြစ်ပါတယ်.. သာသနာ နှစ် (၂၀၀)ကျော်ကျော်လောက်မှာ ဘုရားရှင်ရဲ့ ဘရိယ (မွေတော်) ဓာတ်တော်ကို ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်.. ဒေသကတော့ ကမ္ဗောဇပြည် ခေါ် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်မြို့၊ ယခု အင်းတိန်ရပ် -အင်းလေးမှာ ဖြစ်ပါတယ်.. ပထမအကြိမ် ပြုပြင်တော်မူတဲ့ မင်းကတော့ အနော်ရထာမင်းဖြစ်ပါတယ်.. အဲ့ဒီအချိန်မှာ ဘုရားကို ထပ်ဆင့်တည်၍ ၀တ်မိုးမြေ အရံစောင့် ကျွန်းသီတော်လူတော်မူသတည်း။

၎င်းနောက် ထပ်မံပြီး ပြုပြင်တဲ့ မင်းတွေကတော့ နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်ခေါင် နဲ့ ဆင်ဖြူရှင် မင်းတရားကြီးတို့ ဖြစ်ပါတယ်…
အရံစေတီတော်ပေါင်းက ၁၀၅၄ဆူ ရှပြီး၊ ဘုရားစောင်းတန်းကြီးမှာ ပါဝင်တည်ဆောက်ထားတဲ့ တိုင်းလုံး အရေအတွက် ကတော့ ၄၀၃လုံးရှိပြီး.. အရှည် ၃.၃ဖာလုံရှိပါတယ်..

ဘုရားကြီးရဲ့ နယ်နိမိတ်သည်
အရှေ့ဘက်ကား ကျောက်ပွန်ရေထွက်၊ နောက်ကန် အင်းဆင်သေကုန်း။ အရှေ့တောင်ကား သရက်မောင်နှမ။ တောင်ခြားကား - ချောင်းချောက်ကြီး ပျားစွဲတော်။ အနောက်ခြားကား - ဆင်ရုပ်ညောင်စည်။ အနောက် မြောက်ကား - စစ်တောင်းတောင်ခမောက်တောင် ရသေ့ကုန်း။ မြောက်ကား - နတ်သမီးတောင်၊ ရသေ့တောင်၊ ဝေလုကမ္ပတောင်။ အရှေ့မြောက်ကား - အင်းရေပြင် ကျောက်ခြံ တို့ ဖြစ်ကြပါတယ်..
အရံစောင့်ကျွန်သီးတော်တွေက (၅၀၀) ဖြစ်ပါတယ်.. ယခုကျွန်သီးတော်တွေကား လူဦးရေ (၅၀၀)၊ အိမ်ခြေ (၈၁)၊ ကျားကြီး (၅၀)၊ ကျားငယ် (၁၁၀)၊ မကြီး (၆၈)၊ မငယ် (၅၉) ယောက်၊ ခြင်းတို့ အကြီးကား ကြော့ငကြောတည်း။
ဂေါပက အဖွဲ့က မြန်မာနှစ် ၁၁၄၇ခုနှစ် မှာ ပြုစုထားတဲ့ သမိုင်းအကျဉ်းမှ ဖြစ်ပါတယ်..

ကဲကျွန်တော်တို့ သမိုင်းကြောင်းလဲ အနည်းငယ် သိသွားပြီဆိုတော့ ဘုရားများဆီ စက်လှေနဲ့ ခရီးထွက်ကြပါမယ်.. နာရီဝက်သာသာလောက် စီးရပါမယ်.. အဲ ဦးထုတ်တို့၊ ထီးတို့တော့ ယူခဲ့ဖို့ မမေ့နဲ့ဦးနော်.. နေက တကယ်ပူမှာ.. တော်ကြာ ကျွန်တော်မပြောလို့ မယူခဲ့မိလို့ အသားတွေ မဲသွားရင် အပြစ်ပြောနေမှာ ဆိုးလို့ပါ..း)

အင်းလေးကန်အတွင်းက အိမ်တွေ လမ်းတွေကို ဖြတ်သွားရပါမယ်.. နောက်ဆုံး အနည်းငယ်ကျင်းတဲ့ ချောင်းတစ်ခုအတိုင်း ရေဆန်ကို မောင်းရင်း လှေလှိုင်းစီးကြရပါမယ်.. လမ်းမှာ လှေတွေ သိမ်းတဲ့ Parking တွေလဲ တွေ့ပါမယ်.. Flying Bridge တွေလဲ တွေ့ရပါမယ်.. အင်းသူအင်းသားတွေ ရေချိုးနေကြတာကိုလဲ တွေ့ရဦးမှာ ဖြစ်ပါတယ်.. (၂)ခါ (၃)ခါ ရောက်ဖူးခဲ့ပေမဲ့လဲ ကျွန်တော် အခြားကမ္ဘာလေးကို ရောက်သွားသလို ခံစားခဲ့ရပါတယ်..



`` လှေကလေးကို လှော်မည် ဘေးမသန်းဘဲ အေးချမ်းခဲ့ပြီ.. မြစ်ကမ်းရံသောင်နဒီ.. ´´
အဲ အဲ့ဒီ သီချင်းလေး ငြီးပြီး လှေစီးလို့ ငြိမ့်ငြိမ့်ညောင်းညောင်းလေး သွားကြရအောင်.. စိတ်ပါရင်တော့ လှေဘေးမှာ ဖြာကြနေတဲ့ ရေမှုန်တွေကို လက်နဲ့ ထိဆော့ ကြည့်ပါဦး.. အေးအေးမြမြနဲ့ စိတ်ကို ပျော်ရွှင် စေနိုင်တယ်လေ.. အင်းသူအင်းသားတွေကလဲ လက်ပြလို့ ပြုံးရွှင်စွာနဲ့ နှုတ်ဆက်ကြတာ တွေ့ရဦမယ်လေ..

ကားတွေမရှိ.. ဟွန်းသံမရှိ.. ဖုန်တွေမရှိနဲ့ အရာအားလုံးက ရေနဲ့ ထိစပ်လို့.. ကျွန်တော်လဲ ဖြစ်နိုင်ရင် အင်းသားတစ်ယောက် အနေနဲ့ ရေပေါ်က ခြေတံရှည်အိမ်လေးမှာ နေမယ်.. လှေကလေးတစ်စင်းကို တက်နဲ့လှော်လို့ ရေပြင်ကြီးအနှံ့ လျှောက်သွားမယ်.. ငါးတော့ မဖမ်းဘူး.. ဒါပေမဲ့ ကြာပန်းတွေ လိုက်ခူးမယ်.. မနက်ဆိုရင် အရှေ့ရိုးမက နေထွက်လာတာကို ထိုင်ကြည့်မယ်.. ညနေဆိုရင်လဲ အနောက်တောင်တန်းတွေဆီ ၀င်ပျောက်သွားမဲ့ နေမင်းရဲ့ ဆည်းဆာ အချိန်ကို ထိုင်ငေးမယ်.. ဖြစ်နိုင်ရင် ကောင်းကင်လေးကိုလဲ ဘေးမှာ ခေါ်ထားချင်တယ်.. လူတွေနဲ့ ဝေးတဲ့ ရေပြင်ကြီးအလယ်မှာ အိမ်လေးတစ်လုံးဆောက်လို့ ဘာအပူအပင်မှ မရှိဘဲ အေးအေးလူလူ နေလိုက်မယ်.. အဲ Internet ကြီးလဲ မေ့ထားလိုက်မယ်.. လောကကြီးကိုလဲ မေ့ထားလိုက်မယ်.. ဘယ်လောက်ကောင်းလဲ.. အဲဒါပေမဲ့ အသားမစားတော့ ဒုက္ခရောက်မယ်နဲ့တူတယ်.. အဲဒါဆိုလဲ ကျွန်းမျောတွေပေါ်မှာ ကိုယ်စားမဲ့ အသီးအနှံတွေကို စိုက်ရမယ်.. အဲ Chemical တွေပါတဲ့ မြေသြဇာတို့၊ ပိုးသတ်ဆေးတွေ ရှောင်ရမယ်.. သဘာဝမြေသြဇာတွေ သုံးရမယ်.. ထမင်းဟင်းတွေကတော့ ကောင်းကင်လေးက ချက်ပေးမယ်နဲ့တူတယ်.. သူရှိရင်ပေါ့လေ.. နောက် ညနေဘက်တွေဆို သူနဲ့ အတူတူထိုင်လို့ နေ၀င်ချိန်ကို ကြည့်ရင်း Angle Café ကမှာထားတဲ့ Angle Coffee အတူတူ ထိုင်သောက်ကြမယ်.. အဟဲ ဘယ်လောက် ကောင်းလိုက်မလဲနော်..း)

အဲဗျာ ဆောတီးဆောတီး ခရီးသွားရင်း စိတ်ကူးတွေ ရင်လိုက်တာ ဘယ်ပေါက်လို့ ဘယ်ရောက်သွားပြီလဲ မသိ.. အော်... အင်းတိန် လှေဆိပ်ကို ရောက်ပါပကောလား.. အားလုံးလဲ စိတ်ကူးတွေ ရင်နေမိရင် ခဏရပ်တော့နော်.. အပြန်လမ်းကြမှ ဆက်ရင်ပေါ့.. အခု လှေဆိပ်ရောက်ပြီ.. လှေပေါ်က ဆင်းကြစို့.. သတိတော့ထားဦးနော် လှေအဆင်း မြင်းအတက်တဲ့ သေသေချာချာ ဂရုစိုက်ဦး.. အခန့်မသင့်ရင် ရေချိုးနေရဦးမယ်..း) ကဲ အားလုံးပဲ လှေပေါ်ကဆင်းပြီး ကုန်းပေါ်တက်လို့ ဘာတွေ တွေ့ရမလဲလို့ ကြည့်ကြည့်ကြပါဦး..


5 comments:

  1. Reading about your trip & seeing the photos make me recall my childhood life at Inlay. I have been away from those scenery for long time and I miss a lot my native village.
    Thanks a lot.

    ReplyDelete
  2. OZ chuyen thiet ke noi that depthiet ke thi cong noi that là một trong những công ty trang tri noi that nha dep uy tín trên cả nước VN. Chúng tôi cung cấp dịch vụ về thi công, thiết kế, những sản phẩm nội thất cao cấp cho ngôi nha dep của bạn, với những mẫu nha dep 2016. thiet ke noi that chung cu - thiet ke noi that can ho - thiet ke noi that biet thu - thiet ke noi that van phong . Chúng tôi oz - thiet ke nha hangnỗ lực trở thành nhà tư vấn thiết kế, thi công nội thất hàng đầu VN. Tôn sùng tính thẩm mỹ, đạo đức, sự chuyên nghiệp và chân thành. với gần 10 năm kinh nghiệm trong lĩnh vực chúng tôi sẽ phấn đâu vì mục tiêu đề ra.

    ReplyDelete