Sunday, December 30, 2007
မုန်ညင်းပေါင်း
ပွဲဈေးကိုပတ်လိုက်တာ ဘယ်လောက်ကြာသွားတယ်မသိဘူး...
ခြေထောက်တွေလည်းညောင်း... ဗိုက်ကလည်းဆာလာတာနဲ့...
စားသောက်ဆိုင်ဖက်ကို ခြေဦးလှည့်မိသွားတယ်လေ...
စားသောက်ဆိုင်တန်းရောက်တော့လည်း လူတွေကမနည်းဘူး...
ထိုင်စရာတောင်နေရာမရှိလို့ ပြန်ထွက်လာခဲ့ရတယ်လေ..
စားကောင်းမယ့်ဆိုင်လေးများတွေ့ရင် ၀င်စားမယ်ဆိုတဲ့အသိနဲ့..
ဈေးထဲကို ဆက်ပြီး လျှောက်သွားနေမိတယ်...
ဒီလိုပဲ ဆက်ပြီး ပွဲဈေးကို လျှောက်ပတ်မိနေရင်းက..
တနေရာရောက်တော့ ရှမ်းရိုးရာစားသောက်ဆိုင်လေးတစ်ဆိုင်ကိုတွေ့သွားတယ်..
ဆိုင်ကတော့ ဈေးရုံတွေကြားထဲမှာဖွင့်ထားတာပါ...
သေးသေးလေးပါပဲ..
ဈေးရောင်းသူ အစ်မတစ်ယောက်ထဲ...
စားပွဲနှစ်လုံး... ထိုင်ခုံလေးငါးခြောက်ခုံလေးနဲ့ ရောင်းနေတာပါ..
စားတဲ့သူ တစ်ယောက်နှစ်ယောက်တော့ ရှိနေတယ်...
ညီမလည်း အစ်မရေးထားတဲ့ menuဆိုင်းဘုတ်ကို ကြည့်လိုက်တော့
ရှမ်းအစားအစာတွေ မြင်တာနဲ့ ၀င်ထိုင်မိလိုက်တာပေါ့..
အစားအစာမှာမယ်ဆိုပြီး ဆိုင်းဘုတ်ကို သေချာကြည့်မိတော့မှ..
ဆိုင်ရှင်အစ်မ ရေးထားတဲ့ အစားအစားထဲမှာ
ညီမမသိတဲ့ အစားအစာတစ်ခုကို သွားတွေ့တယ်..
"မုန်ညင်းပေါင်း"တဲ့လေ...
ညီမတစ်ခါမှ မကြားဖူးဘူး..
ဆိုင်ရှင်အစ်မကိုမေးကြည့်တော့.. ဟင်းထုပ်လိုပဲ..ဆန်မှုန့်နဲ့ပေါင်းထားတာပါတဲ့...
အတူပါလာတဲ့သူငယ်ချင်းကတောင်
မုန်ညင်းပေါင်းကိုမသိရကောင်းလားလို့ ညီမကို ငေါက်လိုက်သေးတယ်..
သူငယ်ချင်းကတော့ တောင်ကြီးဈေးထဲမှာတောင် ရောင်းသေးတယ်လို့ပြောတယ်
ညီမတကယ်ကို မသိတာပါ..
ခုမှကြားဖူးတာ..မြင်ဖူးတာ...
မှာပြီးစားကြည့်တော့...တော်တော်တော့စားလို့ကောင်းတယ်...
တောင်ကြီးက မုန်ညင်းပေါင်းကတော့ ဘယ်လိုနေမယ်မသိဘူး...
ခုဈေးပွဲတော်မှာ စားခဲ့ရတဲ့ မုန်ညင်းပေါင်းကိုတော့ ညီမတော်တော်ကိုသဘောကျသွားတယ်
မုန်ညင်းအမျိုးအစားကိုတော့ သေချာမပြောတတ်ဘူး...
စားလိုက်ရင် နည်းနည်းတော့ ခါးသက်သက်အရသာ ခံစားရတယ်...
ညီမ စိတ်ထဲမှာတော့ ဟင်းထုပ်ထက်ကို ပိုပြီး ခံတွင်းတွေ့မိတယ်လေ..
မုန်ညင်းကို ဆန်မှုန့်နဲ့ ဟင်းထုပ်ပေါင်းသလိုပေါင်းရတာမျိုးထင်ပါတယ်..
ဟင်းထုပ်လိုတော့ ဖက်နဲ့တော့ထုပ်မထားပါဘူး..
ဒါပေမယ့်..ဟင်းထုပ်မှာထည့်စားရတဲ့
ကြက်သွန်ဆီချက်တို့ ငရုတ်သီးကြော်တို့တော့ အားလုံးတူတူပါပဲ..
တကယ်လို့ မုန်ညင်းပေါင်း ပြုလုပ်နည်းလေးများရှိရင်တော့
ညီမကို ပြောပြပေးပါအုန်းနော်
ကျေးဇူးတင်နေမှာပါ...
နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်...
Thursday, December 20, 2007
နှစ်သစ်ဂီတ
ကိုအယ်ဖြူကိုလွမ်းတဲ့သူတွေအတွက် နှစ်သစ်ဂီတကို တင်ပေးလိုက်တယ်နော်
http://www.mediafire.com/imageview.php?quickkey=4fxam3mtdkr&thumb=4
http://www.mediafire.com/?9todhyxhgxv
http://www.mediafire.com/?1d0ghc2hlyz
http://www.mediafire.com/?9df5oxqmhmo
http://www.mediafire.com/?9ojtngfjk0m
http://www.mediafire.com/?3mt1h7zbnt5
http://www.mediafire.com/?4jecmv0hipq
http://www.mediafire.com/?et09goykd3f
http://www.mediafire.com/?en12egc3x1u
ီ
Monday, December 17, 2007
ပြင်ဦးလွင်ပန်းပွဲတော်
၁၄-၁၂-၂၀၀၇ မှာ ပြင်ဦးလွင် ရောက်ခဲ့ပါတယ်...
ကန်တော်ကြီး နဲ့ National Landmarks Park မှာ ပန်းပွဲတော်၊ ဂီတဖျော်ဖြေပွဲတွေကျင်းပနေပါတယ်...
ဂီတပွဲတွေက ၃ နေရာတောင်မှ... Emperor နဲ့က ဇော်ဝင်းထွဋ်၊ ချစ်ကောင်း တို့ပါတယ်...
နောက် ၂ နေရာကတော့ လူစုံပဲ...
မျှော်စင်မှာက စိုင်းဆိုင်မောဝ်၊ ဘိုဖြူ၊ အယ်လွန်းဝါ... ဖြူဖြူကျော်သိန်း.. တို့
ကန်စပ်ကအဖွဲ့မှာတော့ ရွှေထိုက်အသံတော့ကြားလိုက်မိတယ်...
Show ဓါတ်ပုံတွေတော့ မရိုက်ဖြစ်လိုက်ဘူး...
အဲဒီနေ့က အချိန်လုပြီးသွားရတော့ အပြန်တော့တော်တော်လေးဒုက္ခရောက်သွားတယ်...
ကျွန်တော်တို့ ကန်တော်ကြီးမှာပတ်နေတုန်း မန္တလေးပြန်တဲ့နောက်ဆုံး bus ကဘယ်အချိန်ထွက်သွားမှန်းမသိလိုက်ဘူး...
နောက်ဆုံး ကိုရဲမြန်မာ ကားနဲ့ ရတနာပုံဆိုင်ဘာအထိ ပြန်လိုက်ပို့ခိုင်းပြီး.. ကံကောင်းထောက်မစွာ ferry တွေလဲမထွက်သေးတာနဲ့ပဲ မန္တလေးကို ပြန်ရောက်ခဲ့ရပါတယ်...
ပြင်ဦးလွင်မှာရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ တင်ပေးလိုက်ပါတယ်...
Monday, December 10, 2007
တောင်ကြီးတက္ကသိုလ်အမှတ်တရသီချင်းများ (၃)
တောင်ကြီးတက္ကသိုလ် အမှတ်တရ (၃) မှာတော့ အမှတ်ရစရာ၊ သတိရစရာ ၊ ကျောင်းတော်ကြီးရဲ့  သီချင်းစာသားလေးတွေကို မျှော်နေရမှာပေါ့..................... ။
Saturday, December 8, 2007
သီချင်းများ
ကိုအောင်(ကြယ်တွေစုံတဲ့ည)
http://www.mediafire.com/?dmx2gjlbo2h
ဒါကတော့ တောင်ကြီးသားကိုးယောက်ဆိုထားတဲ့အခွေပါ (ချစ်မေတ္တာ၏မှန်ကူကွက်များ)
http://www.mediafire.com/?69z2ipt72mi
ဒါကတော့ The Ants( ရောင်စုံချောကလက်ခွေ)
http://www.mediafire.com/?6uogbtumdej
ထပ်ပြီးတော့ အောင်ဘုတို့ သန်းဝင်းထူးတို့ရဲ့သီချင်းတွေကိုအယ်ဘမ်လိုက်တင်ပေးပါအုံးမယ်
ဘာတွေဘဲပြောင်းပြောင်း ရသ ကတော့ လွဲနေမြဲ
နေ့တိုင်း Burmese Classic website ပေါ်မှာ ဗမာရုပ်ရှင်တွေ တင်ပေးနေပေမယ့် ဗဟုသုတရစရာမရှိ၊ ရသမရှိတဲ့ ရိုးအအ မြန်မာ (ဗမာကား) ရုပ်ရှင်တွေဖက်ကို စိတ်မရောက်တာတော်တော်ကြာပါပြီ။ ကျန်စစ်မင်း ရုပ်ရှင် ဟာ ကျနော်နောက်ဆုံးကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တခုပါ။ လွန်ခဲ့တဲ့ ၃လလောက်ကပေါ့၊ ဒါကလည်း လူမင်းကိုတိုင် စင်္ကာပူမှာ သွားပြီး ပညာရှင်တွေကို ဖိတ်ခေါ်လာခဲ့တယ်ကြားမိလို့ပါ။ ရာဇ၀င်ကားတွေကို စိတ်ဝင်စားတက်တဲ့လူတယောက်ဖြစ်တဲ့အလျှောက်ကျနော် စိတ်ရှည်လက်ရှည်နဲ့ ကျန်စစ်မင်းရုပ်ရှင်ကိုစောင့်မျှော်ခဲ့ပါတယ်။ ထွက်လာတော့လည်း ယောင်ချာချာပါဘဲ။
ဒီတခေါက်တော့ နည်းပညာသစ်တွေနဲ့ အသုံးပြုမှုကို ကြည့်ချင်လို့မဟုတ်ပါဘူး။ မနိုင်းနိုင်းရဲ့ တိုက်တွန်းချက်အရ ဒါရိုက်တာ နေပိုင်ရိုက်ကူးတဲ့ တောမီး ဆိုတဲ့ ရုပ်ရှင်လေးကို Burmese Classic ဆိုက်မှာ သွားတက်ကြည့်ဖြစ်ပါတယ်။ ရှမ်းပြည်ရူခင်းလေးနဲ့ အသံဝဲ၀ဲလေးလုပ်ပြောတယ်ဆိုတာကို စိတ်ဝင်စားလို့ကြည့်ဖြစ်ခဲ့တာပါ့။ ကျနော်မထင်ထားတဲ့ ရုပ်ရှင်ဇတ်ကားလေးတခုဖြစ်လို့ အမှန်တကယ်ဘဲ ရင်ခုံခဲ့ရပါတယ်။ ရှမ်းပြည်တောင်ပိုင်း၊ လမန်းရွာမှာရိုက်ထဲတဲ့ ဓနုမိသားစုလေးတခုရဲ့အကြောင်း စိတ်ကူးယဉ်ဇာတ်လမ်းလေးတပုဒ်ပါ။ ကျနော်သိသလောက်ဆို ဒါဟာ ဓနုလူမျိုးတွေကို အခြေခံတဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်ပါတယ်။ လုပ်သံတွေနဲ့ပြောဆိုထားတော့ တခါတခါ ဓနုစကားမဟုတ်ဘဲ ကရင်သံဝဲနေတာကိုသတိထားမိပါတယ်။
ဗမာရုပ်ရှင်တွေမှာ တိုင်းရင်းသားလူနည်းစုကို အရေးပေးပြီး ရိုက်ကြတာတွေကိုပြန်သုံးသပ်ကြည့်ရင် ကရင်လူမျိုး တွေကိုရိုက်တာ၊ ကရင်ရွာတွေမှာရိုက်ကြတာများတယ်လို့ ကျနော်ထင်မိပါတယ်။ ကျနော်တို့ ရှမ်းပြည်မှာရိုက်ရင်တော့ အများအားဖြင့် ရှမ်းတွေက လူဆိုးအခန်းကနေပါဝင် သရုပ်ဆောင်ရတာကများပါတယ်။ ရှမ်းတွေမြို့တက်ရင်တော့ တောသား (တောင်ပေါ်သား) မြို့တက်အခန်းလေးတွေပေါ့။ ရခိုင်တို့ မွန်တို့ဆိုရင်တော့ ဟာသသံလုပ်ရုံလောက်ဘဲထဲ့ရိုက်ကြတာကို သတိထားမိပါတယ်။
ကရင်သံဝဲ၀ဲလေးတွေကို နားရင် နေတဲ့ သရုပ်ဆောင်တွေဟာ ကျနော်တို့ ဓနုသံကို ကရင်သံဝဲအောင်လုပ်ပြောနေတာတွေကို ကြားရတာ နားမချမ်းသာဖြစ်မိပါတယ်။ ဒါပေမယ့် လူမင်းကိုတော့ ကျနော် အမှန်တကယ် ချီးကျူးမိပါတယ်။ တချက်တချက်လွဲချော်သွားပေမယ့် အများကြီးထိမ်းပြောနိုင်ပါတယ်။ လေးစားစရာတခုပါ။
အသံဝဲ၀ဲလေးတင်ကဘဲ ရုပ်ရှင်ဇာတ်လမ်း၊ ကင်မရာ အယူအဆ၊ ရူခင်းအလှအပတွေဟာ ဒီရုပ်ရှင်ဇာတ်ကားလေးကို ထူးခြားပေါ်လွင်စေပါတယ်။ ရူခင်းတွေကဘဲလှလို့လား၊ ပတ်ဝန်းကျင်လေထုကဘဲ သန့်စဉ်လို့လားတော့မသိပါဘူး ကျနော်ကြည့်ဖူးတဲ့ ဗမာကားတွေထဲမှာ ဒီတကားကတော့ အရောင် (color) အမှန်ဆုံးနဲ့ အလှဆုံးဖြစ်ပါတယ်။ ကင်မရာ အယူအဆဟာလည်း တခြားရုပ်ရှင်တွေနဲ့စာရင် တော်တော်လေးကို ထူးခြားပြောင်းလဲနေတာကိုတွေ့ရပါတယ်။ သရုပ်ဆောင်တွေရဲ့မျက်နှာကို မကြောက်မရွံ့ဆွဲယူပြီး ရိုက်ထားတဲ့ တချို့အကွက်တွေက cameraman ရဲ့လက်စွမ်းကို သိသိသာသာတွေရှိခံစားနိုင်ပါတယ်။ ဒါဟာတိုးတက်မှုတခုလိုယူဆလို့ရပါတယ်။
အကြိုက်ဆုံးကတော့ လောကကြီးကို ရန်ထောင်တဲ့အခန်းပါဘဲ။ ဒီလို အော်ဟစ်ပြောဆိုနေတဲ့ အသံလေးတွေဟာ ယဉ်ကျေးမူကိုလည်း တော်တော်လေးထင်ဟပ်စေပါတယ်။ စိတ်ဝင်စားစရာဇာတ်လမ်းလေးတပုဒ်ဖြစ်တော့ ရုပ်ရှင်လေးပြီးသွားမှာတောင်စိုးရိမ်မိခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးပိတ် အိတ်နဲ့ လွယ်လိုက်ရတာကတော့ …
“… ဒါဟာ စာမတက်လို့ဖြစ်တာ။ စာမတက်တော့ ဗဟုသုတနည်းတယ်။ ဗဟုသူတနည်းတော့ ရှေ့ရိုးအဆွဲအယူကို ဖျောက်ဖို့ခက်ပြီး မမှားသင့်တာတွေမှားခဲ့ရတယ်။ … ”
မြို့ကလာတဲ့ ပညာတက် ကျောင်းဆရာ ကိုရင်မောင် (သရုပ်ဆောင် ထွန်းထွန်း) ပြောလိုက်တာပါ။
ဒီလိုနဲ့ အပြီးသပ်မှာ ရသ တော့ မြှောက်သွားပါတယ်… ရင်နှင့်အောင် ပါဘဲ။
ထာဝရ (TGI)
Friday, December 7, 2007
ဒိုးလုံး
တင်ပေးလိုက်ပါတယ်။ဒီခွေကလည်းအရမ်းကိုရှားပါတယ် သူငယ်ချင်းတစ်ယောက်
ကောင်းမူနဲ့ဒီအခွေကိုရတာပါ။ကျေနပ်မယ်လို့ထင်ပါတယ်ထပ်ပြီးတောင်ကြီးသားကိုး
ယောက်ခွေလည်းတင်ပေးပါအုံးမယ်..................
လင်ခ်ျကတော့ဒီမှာပါ
http://www.mediafire.com/?fjpz1992j0d
Thursday, December 6, 2007
နန်း(သို့) ချယ်ရီ
ကျွန်တော်ကတော့အဝေးရောက် တောင်ကြီးသားပါ။
ဝက်ဘ်ဆိုဒ်ကလိုက်ဖ် ကြည့်လိ
နန်း(သို့) ချယ်ရီ
ဟိုး...အဝေးက
မှိုင်းညို့ညို့ရှမ်းတောင်တန်းမှ
မင်းမြတ်နိုးတဲ့...
ပန်းရောင်ချယ်ရီတွေ...
အပွင့်အဖူးတွေနဲ့
နေရာ...ယူနေကြပြန်ပြီ..နန်း...
ဆုံခဲ့ဖူးတဲ့
မြေနီလမ်းဟောင်းလေး...
ချယ်ရီငွေ့..နဲ့
အသက်ဝင်နေလေရဲ့...။
လမ်းဟောင်းလေးထဲ..အ၀င်
သခင်မဲ့...ချယ်ရီတချို့ရဲ့
(ဆွေးဆွေးမြေ့မြေ့... )
ငို..ကြွေးသံကို..
တိုး..တိုး..လေး...ကြားတယ်...။
ချယ်ရီ..ရေ
သင်းပျံ့တဲ့
မြောက်ပြန်လေညင်းတစ်စင်း..နဲ့အတူ
မင်းသခင်မလေး..နန်းကို
ဆောင်ယူ..လာပါတော့...။
နန်း..မကျီစယ်နဲ့..
ပန်း..ချယ်ရီတွေ..ငိုလိမ့်မယ်..
သခင့်..အလိုတော်ကျမို့
မျက်မာန်တော်..မရှလိုက်ပါနဲ့...
တောင်ပေါ်သားပါ...
အဝေးရောက်နေပေမယ့်...
ရှမ်းအိုးစည်သံလွင်လွင်..ကြားတိ
ရင်ခုန်နှုန်း..က မြန်တယ်..
(ချယ်ရီတောတန်းနဲ့ ခုံပြာတန်းလေးကိုသတိရဆဲ)
အေးမြတဲ့
ရှမ်းတောင်တန်း..တွေပူလောင်
ပန်းချယ်ရီတွေ..ပျက်သုန်းမှ
ငါ..မင်းကို
မေ့နိုင်မယ်ထင်တယ်..နန်းရယ်..။
(သံယောဇဉ် လက်ကျန်ကိုတော့..ရှင်းမပစ်ပါနဲ့
နှလုံးသားရဲ့ပုံရိပ်...
ရင်ခွင်ဦး...အစ
အဝေးက..တောင်ပေါ်မြို့လေးမှာ..
ပန်းရောင်ချယ်ရီတွေနဲ့..အတူ
ပြန်ဆုံမယ့်..တစ်နေ့ကို..မျှော
(ချယ်ရီမြေ...သို့...သတိတရ)
ခရမ်းပြာ(T.G.I)
Monday, December 3, 2007
ကြည့်ပြီးပြီလား
ဒီကားကို ကြည့်မိမှ အဲဖက်က ရူခင်းတွေ သဘာဝအတိုင်း အရမ်းလှနေတာကို တွေ့လိုက်ရတယ်။ မြေနီနီရယ်၊ အပင်စိမ်းစိမ်းရယ်၊ ကောင်းကင်ပြာပြာရယ်၊ တိမ်ဖြူဖြူရယ်နဲ့ သဘ၀အတိုင်း တော်တော်လေးကို လှတာတွေ့ရတယ်။ ဇာတ်လမ်းက ကောင်းပေမဲ့ ဇာတ်လမ်းထဲက လူတွေရဲ့ အဲဒီဒေသက အသံထွက်လို “လုပ်ပြောသံ”ကို နားထောင်ပြီး စိတ်ထဲ ခုလိုးခုလုဖြစ်မိတယ်။ ဗမာသံမဟုတ်၊ ရိုးရာသံ မဟုတ်၊ နားထောင်ပြီး စိတ်ပျက်မိပါတယ်။ ကားက တစ်ပတ်နေရင် အသစ်လဲတော့မှာမို့ ကော်နက်ရှင်ကောင်းရင်၊ အားရင် ကြည့်ကြည့်ကြပါလို့။ အသေမိုက်လို့ ညွန်းလိုက်ပါတယ်... ရူခင်းတွေကို ပြောတာပါး)
Sunday, December 2, 2007
တောင်ကြီးတက္ကသိုလ်သီချင်းများ
ထဲကသီချင်းကောင်းလေးနှစ်ပုဒ်ကိုတင်ပေးလိုက်ပါတယ်။ ကိုလှိုင်ဦးမော်ဆိုထားတဲ့
တစ်ပုဒ်ရယ်ကျောင်းတော်ကြီးဆိုတဲ့တစ်ပုဒ်ပါ..........
http://www.mediafire.com/?8jc1tgdhej0
http://www.mediafire.com/?fgddjdys182
ဒါကတော့ကိုအယ်ရန်းရဲ့လရောင်ဆီသို့တမ်းခြင်းအယ်ဘမ်တစ်ခုလုံးပါ
http://www.mediafire.com/?ctzfipmoqfo
ပွဲတော်
အအေးကဲလေ အမှောင်သည်းလေ။
အိုးစည်တီးလို့ ခေါင်ရည်သောက်
ခေါင်ရည်တီးလို့ အိုးစည်သောက်။
လူနောက်လိုက်တဲ့ မီးရှူးတွေနဲ့
မီးရှူးနောက်လိုက်တဲ့ လူတွေနဲ့
ဖွာခနဲ...........
ကောင်းကင်ယံမှာ
အလင်းဖဲကြိုးနဲ့ ပအိုဝ့်မလေး ပါးရဲရဲ
ဒီဓလေ့နဲ့ ညကွင်းပြင်ထဲ
ဝတ်စုံတွေ အသံကွဲပေမယ့်
ဘာသာစကားချင်း တူညီပျံဝဲကြ။
တောင်ပေါ်သားတွေ
မြေပေါ်မှာ ချယ်ရီနေကြာနဲ့
ကောင်းကင်မှာလည်း
အလင်းပွင့်တွေ လှေကားထစ်စိုက်ပျိုးတတ်ကြ။ ။
၂၀၀၂ ၊အောက်တိုဘာ ၊Beauty
Friday, November 30, 2007
တန်ဆောင်တိုင်ပွဲတော် ဓာတ်ပုံများ (၅)
နောက်ဘက်ကပုံတွေကတော့ မီးပုံးပျံကွင်းက ပုံတွေပါ.. KBZ မီးကြီး ၀ုန်းသွားတုံးက ကျွန်တော် Studio 35 ရဲ့ Camera စင်ပေါ်ရောက်နေတယ်လေ.. KBZ ဆိုတော့ အပီပဲဆိုပြီး တက်ရိုက်တာ.. မီးပုံးကြီးကမီးရှို့လိုက်တာနဲ့ ကျွန်တော်တို့ဆီကို တည့်တည့်ကြီးလာတော့တာပါပဲ.. မကြာပါဘူး ကျွန်တော်တို့ အပေါ် ၇ပေလောက် အကွာမှာ မီးရှူးတွေ အကုန်လုံး ကွဲပါလေရော.. ပေ ၃၀ မြင့်တဲ့ စင်ပေါ်မှာ ပြေးစရာ နေရာလဲ မရှိ၊ ပုံးစရာ အကွယ်ကလဲ မရှိ၊ ခုန်ချဖို့ကလဲ မဖြစ်တော့ မထူးဘူး ဆိုပြီး ကျွန်တော် မလွတ်တမ်း Camera ကို Burst Mode ပြောင်းပြီး မနားတမ်း ရိုက်ခဲ့လိုက်တယ်..
မီးပန်းတွေကလဲ စင်ကို လာမှန်တယ်.. တ၀ုန်းဝုန်းနဲ့.. လူကတော့ သွားပြီလို့ပဲ မှတ်လိုက်တယ်.. ဘောင်းဘီတွေလဲ ပေါက်.. ဖိနပ်တွေလဲ မီးရှူးလောင်နဲ့.. သဲထိပ်ရင်ဖိုပါပဲ.. မျက်နှာကိုလဲ နှစ်ချက် လာမှန်သေးတယ်.. တော်သေးလို့ ဦးထုတ်က ပါးအထိရှည်နေလို့ ဦးထုတ်ပဲ လောင်သွားတယ်.. အဲ့ဒီ ဦးထုတ်ကလဲ ညနေကမှ အေးလို့ဆိုပြီး ၀ယ်ဝတ်ထားတာ.. ကွက်တိဖြစ်သွားတယ်.. ကုတ်အင်္ကျီလဲ မီးတွေ ပေါက်ကုန်တယ်.. အောက်မှာလဲ ကားတွေ ရပ်ထားတာ မနဲဘူး.. အားလုံး မီးတွေ ပေါက်ကုန်ကြတယ်.. အောက်က လူတွေကလဲ ပြေးကြလွှားကြနဲ့ တရုန်းရုန်းကို ဖြစ်လို့.. နောက်ပြီး မီးပန်းတွေက Transformer နား သွားလောင်နေသေးတယ်.. ကြလိုက်တဲ့ မီးပန်းတွေကလဲ အကုန်ဆိုတော့ မြေပြင်တစ်ခုလုံး လင်းထိန်လို့ ကျွန်တော်လဲ အဲ့ဒီအချိန် မင်သက်သွားပြီး ဓာတ်ပုံ မရိုက်လိုက်နိုင်ဘူး.. အဲ့ဒီနေ့ကတော့ ဒီနှစ်အတွက် မှတ်မှတ်ရရ နေ့ပါပဲ.. မီးပုံးကြီးသာ ကွဲပြီး စင်ပေါ်ကြလို့ကတော့ ကျွန်တော် အခုဆို ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းတောင် သိမှာ မဟုတ်ဘူး.. တော်သေးတယ်.. အခု ကျန်နေသေးလို့.. :)
ဒီ Post ကတော့ ဓာတ်ပုံတွေ အကုန်ပါပဲ.. ဘယ်သူမှ Post တွေမရေးဘဲ.. ပျောက်နေကြလို့ ရှိတာတွေ အကုန် မျက်နှာ ပူပူနဲ့ပဲ တင်ပေးလိုက်ပါပြီ.. ရဲမြန်မာ ကိုပဲ တွေ့နေရလို့ လာတဲ့သူတွေ အမြင်ကပ်နေ လောက်ပြီ.. ကျွန်တော်လဲ နားပါပြီ.. Cbox မှာ တောင်းဆိုထားတဲ့ Video Clip တွေကိုလဲ ကိုချမ်းတို့ ကိုအောင်မိန်းတို့ ကိုကျော်စွာတို့က ဆက်ပြီးတော့ တင်ပေးလိုက်ကြပါဦးလို့... ပြောရင်း.. အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်.. :)
ရဲမြန်မာ
Taunggyi IT vs Cities IT
ကျွန်တော့အထင်တော့ အားလုံးက နယ်တွေဆို အထင်သေးချင်ကြတယ်.. အခု ကျွန်တော်တို့ လုပ်နိုင်ခဲ့တာ အားလုံးရဲ့ အရှေ့မှာ ရှိပါတယ်.. သူတို့တတွေတောင် မလုပ်နိုင်သေးဘူး.. ဘာမှန်းတောင် သိကြမှာ မဟုတ်ဘူး.. ကျွန်တော်တို့ Webcast လုပ်မယ်လို့ ပြောမိတုံးကဆို သူတို့နားလည်အောင် တော်တော်ကို ရှင်းပြယူရတယ်.. တောင်ကြီးက IT မှာ မြို့ကြီးတွေကို ကောင်းကောင်း ယှဉ်လို့ရနေပါပြီ..
ဒီနှစ် နှစ်စ လောက်ကစပြီး တောင်ကြီးက IT မှာ အရှိန်အဟုန်နဲ့ တက်လာတာကို ကျွန်တော် သတိထားမိလိုက်တယ်.. Internet အတွက် ADSL စရတယ်.. Cyber Cafe အများကြီးပေါ်လာတယ်.. Internet အသုံးပြုခတွေ သက်သာလာတယ်.. Computer နဲ့ Peripheral တွေကလဲ မြို့ကြီးတွေနည်းတူ Uptodate တွေ ဈေးအတူတူနဲ့ ရနိုင်နေပြီ.. ကွန်ပျူတာ ပညာရှင်တွေ စုစည်းထားတဲ့ MCPA (Shan State), လုပ်ငန်းရှင်တွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ MCIA (Shan State)ဆိုတဲ့ အဖွဲ့အစည်းတွေလဲ ဖွဲ့နိုင်ခဲ့ပြီ.. အဲ့ဒီ အဖွဲ့တွေကလဲ နာမည်ခံ ဖွဲ့ရုံ သက်သက်မဟုတ်.. ICT Exhibition ကလဲ တစ်နှစ်ထဲမှာ (၂)ခါ လုပ်နိုင်ခဲ့တယ်.. Seminar တွေ အပါတ်တိုင်း လုပ်တယ်.. International Recognized Exam တွေ ကျင်းပပေးတယ်.. ITPEC Exam ဆိုရင် ရန်ကုန်နဲ့အတူ တောင်ကြီးမှာလဲကျင်းပနိုင်ခဲ့တယ်.. မန်းတလေးမှာတောင် မလုပ်နိုင်ခဲ့ဘူး.. နောက်ပြီး Training တွေလဲ ပေးတယ်.. IT Caravan ဆိုတဲ့ နယ်လှည့်ဟောပြောပွဲ အဖွဲ့ကိုလဲ တောင်ကြီးကို ရောက်အောင် ခေါ်ခဲ့ပြီး.. နည်းပညာဖြန့်ဝေမှုတွေ လုပ်ခဲ့တယ်.. ICT Resource Center ကိုလဲ ရန်ကုန်မှာတောင် မရှိသေးတဲ့ Latest စာအုပ်တွေ Printer ကနေထုတ်ပြီး စုဆောင်းနေတယ်.. အခုလဲ Advanced Training တွေ ဖွင့်ပေးဖို့ လုပ်နေကြပြီ်.. Computer, Technological ကျောင်းတွေက မျိုးဆက်သစ်တွေကိုလဲ လက်ဆင့်ကမ်းနိုင်အောင် Well Train လုပ်ပေးနေတယ်.. ဆက်ပြီးတော့လဲ နောက်ထပ်လုပ်သွားကြမှာ ပါပဲ..
အခု တောင်ကြီးချယ်ရီမြေ အဖွဲ့သားတွေကလဲ Professional တွေကြီးပဲ.. BCSc, BCTech, BTech, MCTS, MCSE, MCP, CCNA, DCSc တွေ တစ်ခုမဟုတ် တစ်ခု ရထားတဲ့ သူတွေကြီးပဲ.. လူလုံးထုတ်တယ် ထင်ခံရမှာ ဆိုးလို့သာ လူနာမည်နဲ့ Certificateတွေ တွဲပြီး မပြထားတာ.. သူများတွေ လုပ်နိုင်သလောက် ကျွန်တော်တို့ တစ်တွေ လုပ်နိုင်ကြပါတယ်.. တောင်ကြီးသားတွေကို IT နယ်ပယ်မှာ အထင်သေး မခံရအောင် ကျွန်တော်တို့ တတွေ အစွမ်းကုန် ကြိုးစားနေကြတယ်.. အခု ဒီ Blog ကို လုပ်နိုင်ခဲ့တာ Webcast တွေ လွှင့်နိုင်ခဲ့တာက အားလုံး စုစည်းမိခဲ့.. ပေါင်းစပ်မိခဲ့လို့ပါပဲ.. တစ်ယောက်ထည်းသာဆို ဘာမှ ရေရေရာရာ ဖြစ်လာမှာ မဟုတ်ဘူး.. ဆက်ပြီးတော့လဲ ကျွန်တော်တို့တတွေ စုစည်းပေါင်းစည်းပြီး တောင်ကြီးသားတွေ ဘယ်မှာမှ သူများတွေထက် နောက်မကြဘူးလို့ လက်မထောင်နိုင်အောင် လေ့လာကြိုးစားအားထုတ်သွားကြဦးမှာပါ..
ကျွန်တော်တို့ တောင်ကြီးက IT Field ထဲမှာ နောက်ကောက် မကျတော့ပါဘူး.. နောက်ထပ်လဲ အထင်သေးစရာ မလိုတော့ပါဘူးလို့ တစ်ခြားမြို့က လူတွေကို သိအောင် ပြောပြလိုက်ချင်ပါတယ်..
ဝိုင်း အကြံပေးကြပါ

ဘာတွေလိုအပ်တယ်.. ဘယ်လိုလုပ်ရင် ပိုကောင်းမယ်.. ဘာတွေ ထပ်ထည့်၊ ထပ်လုပ်ပေးသင့်တယ်.. ဘာတွေကတော့ ဖြင့် မကောင်းဘူး.. စသဖြင့်ပေါ့ ၀ိုင်းဝန်းအကြံပြုတာလေး ကြားလိုပါတယ်..
အထူးသဖြင့် Webcast နဲ့ ကိုယ်တိုင်ကိုယ်ကြ ကြည့်လိုက်ရတဲ့သူတွေ ဆီက စကားလုံးတွေ ပြန်ကြားလိုပါတယ်.. အဲ့ဒါမှပဲ ကျွန်တော်တို့လဲ ရှေ့ဆက်ပြီး ဒီထက်ကောင်းတဲ့ Live အစီအစဉ်တွေကို တင်ပေးနိုင်မှာ ဖြစ်ပါတယ်..
Thursday, November 29, 2007
တန်ဆောင်တိုင်ပွဲတော် ဓာတ်ပုံများ (၄)
၅ရက်နေ့က မီးပုံးပျံ အလုံး ၂၀ ကျော်တဲ့နေ့မို့ တောင်ပေါ်ကနေ မီးကြီးတွေကို ကောင်းကောင်း ရိုက်မယ်ဆိုပြီး သွားရိုက်ခဲ့ တာပါ.. ကုန်းဖြစ်တော့ အေးတာကလဲ အရမ်း.. လေကလဲ တ၀ူးဝူးနဲ့.. ၆နာရီကနေ တောင်ပေါ် ရောက်တာ ၉နာရီကျော်တဲ့အထိ စိန်နားပန်တွေနဲ့ကြီးပဲ တိုးခဲ့တယ်.. ချမ်းပြီးစိမ့်နေတဲ့ ကုန်းပေါ်မှာ Camera စောင့် ရိုက်လိုက်ရတာ တော်တော်ကို အီသွားတာပဲ.. တိုက်နေတဲ့ လေကို ကွယ်စရာလဲ မရှိတော့ လူက ခဲချင် သလိုလိုတောင် ဖြစ်သွားတယ်.. ၉နာရီလဲကျော်ရော မီးကြီးအရိပ်အရောင် မတွေ့သေးတာနဲ့ တောင်အောက် ပြန်ဆင်းခဲ့ရတယ်..
၆ရက်နေ့ ညလဲ ထပ်တက်ပြီး ရိုက်တာ မီးကြီးကို မတွေ့ခဲ့ရဘူး.. အဲ့ဒါနဲ့ပဲ စိတ်ပျက်ပြီး ထပ်တက်မရိုက်တော့ဘူး လုပ်တာ.. မနေနိုင်ပါဘူး.. အဖိတ်နေ့ ၇ရက်မြောက်နေ့လဲ တက်ရိုက်ဖြစ်ခဲ့သေးတယ်.. အပေါ်စီးကဆိုတော့ ပြည့်လျှံနေတဲ့ ပရိတ်သတ်တွေကို တွေ့ရတာ မနည်းမနော.. လင်းထိန်လှပနေတဲ့ ကွင်းသစ်ကြီးကိုလဲ လိုက်ကြည့်ရတာ အမော.. တောင်ပေါ်ရောက်ရင် ပြန်ကို မဆင်းချင်လောက်အောင်ပဲ.. စောင်လေးခြုံ.. မီးလေးဖိုပြီး တောင်ပေါ်ကနေ တစ်ညလုံး ထိုင်ကြည့်ဖို့ကို ကောင်းတယ်..
အဖိတ်နေ့နဲ့ လပြည့်နေတွေကတော့ ဒီနှစ် တောင်ကြီးတန်ဆောင်တိုင်ရဲ့ အောချရမလောက်ကိုပဲ စံချိန်တင် စည်ကား မြားပြားခဲ့တဲ့ ရက်တွေပါပဲ.. လပြည့်နေ့ တောင်ပေါ်တက်ရိုက်ချင်သေးပေမဲ့လဲ Security နဲနဲ ကြပ်တာနဲ့ မတက်ဖြစ်ခဲ့ဘူး.. အဲ့ဒီနေ့က VIP တွေ လာကြည့်ကြတယ်လေ.. ဒီနှစ် တန်ဆောင်တိုင် ပွဲကတော့ ပြည်နယ်ကနေ နိုင်ငံအဆင့် မီတဲ့ ပွဲကြီးတစ်ပွဲ ဖြစ်သွားခဲ့တယ်လေ.. တောင်ကြီးသားတွေ အနေနဲ့ အားရကျေနပ်ဖို့ တကယ်ကို ကောင်းတဲ့ ပွဲကြီးပါပဲ..
ဒါနဲ့ တောင်ကြီး New Year Night ဆိုတာလဲ ဖြစ်လာဦးမလား မသိဘူး.. သတင်းတော့ ခပ်ရေးရေး ကြားနေမိတယ်.. အဲ့ဒါဆိုရင်တော့ တောင်ကြီးသားတွေအတွက် အပီကဲဖို့ ပွဲကြီးတစ်ပွဲ တိုးလာဦးတော့မှာပါပဲ.. မီးပုံးပျံတွေလဲ အနည်းဆုံး ၆လုံးလောက်လွှတ်မယ်ဆိုပဲ.. ပြိုင်ပွဲမဟုတ်တော့ မီးဆရာတွေရဲ့ ယမ်း အသစ်အဆန်းတွေ Unlimited တွေ့ရဦးမယ် ထင်ပါတယ်.. Mid Night Show တွေလဲ ပါဦးမှာ သေချာတယ်.. အဲ့ဒီအတိုင်းသာဆို တောင်ကြီး ဆောင်းရာသီရဲ့ အအေးဆုံး အချိန်မှာ ညလုံးပေါက် နွှဲရဦးမဲ့ ပွဲတစ်ပွဲ မကြာခင်မှာပဲ ရောက်လာလိမ့်ဦးမယ်..
တန်ဆောင်တိုင်ပွဲတော် ဓာတ်ပုံများ (၃)
၅ရက်မြောက်နေ့ နေ့ခင်းပိုင်းရိုက်ထားတဲ့ ပုံတွေပါ.. မီးပုံပျံကွင်းရဲ့ အရှေ့ဘက် တောင်ပေါ်တက်ပြီး သွားရိုက်ထားတာပါ.. သူများတွေ ဘယ်အချိန်ရိုက်လဲ မပြောတက်ဘူး.. ကျွန်တော် ရိုက်တဲ့ အချိန်တိုင်း မီးပုံးတွေ ပျက်တာနဲ့ပဲ တိုးတိုးနေတယ်.. ပွဲအစပိုင်းမို့ ထင်ပါတယ်.. လပြည့်နေ့ရောက်ခါနီး ရက်တွေတော့ နေ့ဘက် သွားမရိုက်ဖြစ်လိုက်ဘူး.. ဘယ်သူမှ မရိုက်ထားတဲ့ ပုံတွေကို ကျွန်တော် ရိုက်ဖြစ်ခဲ့တယ်နဲ့ တူတာပါပဲ..
Wednesday, November 28, 2007
တန်ဆောင်တိုင်ပွဲတော် ဓာတ်ပုံများ (၁)
ပြိုင်ပွဲဆုရ မေလွင်ဦးရဲ့ ဓာတ်ပုံများ
တန်ဆောင်တိုင် ပွဲတော် တစ်ခုလုံး Camera ကြီး တကားကားနဲ့ ကျွန်တော် ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်ခဲ့တယ်.. အရင် Camera က Pro Level ရိုက်လို့ မရလို့ Camera တစ်လုံး ပွဲအတွက် ချက်ခြင်း ၀ယ်ပြီး ရိုက်ခဲ့သေးတယ်.. ဓာတ်ပုံပြိုင်ပွဲမှာ ၀င်မပြိုင်ခဲ့ပေမဲ့ သူများတွေ ဆုရတော့ ကိုယ်လဲ ၀င်ပြိုင်ရင် ရမှာပဲလို့ အခြောက်တိုက် ဘ၀င်က စွတ်မြင့် လိုက်သေးတယ်.. အခု ဆုရသွားတဲ့ ကောင်မလေးက (၉)တန်း ကျောင်းသူလေး.. ကျွန်တော့်ညီမရဲ့ သူငယ်ချင်း ဖြစ်နေတယ်.. ညီမလေးကို သူ့ရဲ့ ဓာတ်ပုံတွေ Album တစ်ခုစာ လက်ဆောင်ပေးထားတာ တွေ့တော့မှ ကိုယ့်ကိုယ်ကိုယ် ရှက်မိတော့တယ်..
တော်တော်လေး ကောင်းတဲ့ ပုံတွေပါ.. Album တစ်ခုစာ ဆိုတော့ ပုံပေါင်း (၄၀) ပါတယ်.. ပုံတိုင်းနီးပါးကလဲ လက်ရာတော်တော် ကောင်းတယ်..
အားလုံးကို ပြနိုင်ဖို့ ကျွန်တော် Scan ဆွဲပြီး ဖော်ပြလိုက်ပါတယ်..
တကယ်တန်း ယှဉ်စတန်းဆိုရင် ကိုယ်ရိုက်ခဲ့တဲ့ပုံတွေက ကိုးတန်းကျောင်းသူလေး တစ်ယောက် လောက်တောင် အဖြစ်မရှိဘူး ဖြစ်နေတယ်.. ကိုယ့်ကိုယ်ကိုယ် တော်တော် စိတ်ပျက်သွားတယ်.. လူတွေကြားထဲ တိုးဝေ့ပြီး Camera လိုက်ရိုက်ခဲ့မိတာကိုလဲ ပြန်တွေးမိရင် ကိုယ့်ကိုယ်ကို ရှက်မိနေတယ်.. အခု Camera ကို ဘူးထဲထည့်ပြီး တစ်ခါတည်း သိမ်းထားလိုက်ပြီ.. နောက်တစ်ခါ Camera ပြန်ကိုင်ဖို့ တော်တော် စဉ်းစားရ တော့မယ်.. ကိုယ့်အတွက်လဲ၊ သူများတွေအတွက် အကျိုးရှိနိုင်မှပဲ Camera ကိုင်တော့မယ်လို့ ဆုံးဖြတ်လိုက် တော့တယ်..
အဲ့ဒီလောက် ရိုက်ထားလိုက်နိုင်တဲ့ ကလေးမလေးကိုလဲ ချီးကြူးမိတယ်.. အားလုံးလဲ သဘောကြရင် ချီးကြူးစကားလေး ပြောပေးပါဦး.. တစ်ခြားသူတွေရဲ့ ဆုရ ဓာတ်ပုံတွေလဲ တောင်းထားတာ ရရင် ဆက်တင်ပေးသွားပါ့မယ်..
Tuesday, November 27, 2007
ကြာသင်္ကန်းရက်ကန်းစင်
ကြာရက်ကန်းစင်အကြောင်းကို ဒီနှစ် ပြည့်ပြည့်၀၀ မှတ်တမ်းတင်မယ်လို့ ကျွန်တော် ကတိပေးထားတဲ့အတွက် မသိုးသင်္ကန်းရက် ပြိုင်ပွဲကို သွားရောက်ပြီး ကြာရက်ကန်းစင်နဲ့ ကြာသင်္ကန်း ရက်နေပုံတွေကို မှတ်တမ်းတင်ခဲ့ ပါတယ်..
တန်ဆောင်တိုင် နောက်ဆက်တွဲ
ပထမ တစ်ခုက တန်ဆောင်တိုင်ပွဲတော်မှာ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုတဲ့ ပွဲနဲ့ စူဋ္ဌာမုနိဘုရားကို မီးပုံးပျံဖြင့် ပူဇော်လွှတ်တင်ပွဲ ဖြစ်ပါတယ်.. အဲ့ဒီပွဲက စူဋ္ဌာမုနိ ဘုရားကုန်းပေါ်မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်..
၁၃၆၉ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အတွက် အဲ့ဒီပွဲမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ တာဝန်ရှိသူပေါင်း ၃၀၀၀ ကျော်ကို ကျေးဇူးတင် ဂုဏ်ပြုသောအားဖြင့် အနွေးထည်ဂျာကင် တစ်ယောက် တစ်ထည်စီ လက်ဆောင်အဖြစ် ပေးခဲ့တာ ဖြစ်ပါတယ်.. အဲ့ဒီပွဲမှာ ပေးအပ်ခဲ့တဲ့ အနွေးထည်တွေကို မူဆည်နယ်စပ် အထိ လူလွှတ်ပြီး သွားဝယ်ခိုင်းခဲ့တာလို့လဲ သိရပါတယ်.. ကျောင်းသားတွေ အတွက် အဆင်တစ်မျိုး၊ ကျောင်းသူတွေ အတွက် Design တစ်မျိုး၊ ဆရာ ဆရာမတွေအတွက် အရောက်တစ်မျိုးနဲ့ ခွဲခြားပြီး ပေးခဲ့ ပါတယ်.. ကျောင်းသူ၊ ကျောင်းသားတွေလဲ ပုံစံတူ အနွေးထည်လေးတွေ ၀တ်ပြီး ပျော်ရွှင်ကြည်နူး နေတာကို တွေ့ခဲ့ရပါတယ်..
အဲ့ဒီနောက်မှာတော့ စိန်နားပန် မီးပုံးပျံတစ်လုံး လွှတ်တင်ခဲ့ပါတယ်.. ဘုရားကုန်းပေါ်မှာ လေတော်တော်လေး တိုက်တဲ့အတွက် မှိုင်းခံအပြီးမှာ မီးပုံပျံ အောက်ပိုင်း ပြဲထွက်သွားပါတယ်.. ကုန်းပေါ်မှာ ကျောင်းသူ၊ ကျောင်းသားတွေ အပြည့် နေရာယူထားတာမို့ လွှတ်လို့မရရင် မလွှတ်ဖို့ တာဝန်ရှိသူတွေက တားပေမဲ့လဲ.. မီးဆရာတွေက မရအရ မဖြစ်ဖြစ်အောင် လက်စွမ်းပြသွားကြ ပါတယ်.. ပြဲသွားတဲ့ နေရာကြီးကို အသင့်ပါလာတဲ့ စရွက်စတွေ၊ ကော်တွေနဲ့ ပြန်ကပ်ပြီး အောင်အောင်မြင်မြင်ပဲ လွှတ်တင်နိုင်ခဲ့ပါတယ်.. သူတို့ကိုလဲ ဂုဏ်ပြုဆု အနေနဲ့ ၅၀၀၀၀ ချီးမြှင့်ခဲ့ပါတယ်.. အဲ့ဒီ မီးပုံးပျံကို မီးပုံးပျံအဖွဲ့က ညလုံးပေါက် ပြုလုပ်ခဲ့ရတယ်လို့လဲ သိရပါတယ်..
ဒုတိယ တစ်ခုကတော့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ ဆုပေးပွဲနဲ့ ဂုဏ်ပြုညစာစားပွဲ ဖြစ်ပါတယ်.. အဲ့ဒီပွဲမှာ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲမှာ ဆုပေးဖို့ ကျန်ရှိနေသေတဲ့.. ဓါတ်ပုံပြိုင်ပွဲနဲ့ သီချင်း အရေးအဆို ပြိုင်ပွဲတွေက ဆုတွေကို ပေးခဲ့ပါတယ်.. ဒါအပြင် တန်ဆောင်တိုင် ပွဲတော် အောင်မြင်အောင် ပါဝင်ကူညီ လုပ်ဆောင်ခဲ့ကြတဲ့ ကော်မတီတွေ၊ အဖွဲ့အစည်းတွေက လူတွေကို ဂုဏ်ပြုလက်ဆောင်တွေ ပေးခဲ့ပါတယ်..
အဲ့ဒီပွဲကို ဂျက်မြသောင်းနဲ့ ဒီဒီ တို့ရဲ့ တောင်ကြီး ထာဝရလှသော တန်ဆောင်တိုင် သီချင်းနဲ့ စတင်ခဲ့ပြီး တိုင်းရင်းသား ရိုးရာအကတွေအပြင် တန်ဆောင်တိုင် သီချင်း အရေး၊ အဆိုပြိုင်ပွဲမှာ ဆုရရှိတဲ့ သီချင်းတွေနဲ့လဲ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်.. ရှမ်းဝတ်စုံ ကို့ရို့ကားယား ၀တ်ထားတဲ့ ဦးဂျက်ကလဲ တကယ်ပြောတာပါ သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်..
အဲ့ဒီနောက် ပွဲကို တက်ရောက်လာကြတဲ့ ပရိတ်သတ်အားလုံးက ဦးဂျက်၊ အန်တီ ဒီဒီ (စိုင်းစိုင်းခမ်းလှိုင်ရဲ့ အဒေါ်ဖြစ်လို့ အန်တီလို့ သုံးလိုက်ပါတယ်..) တို့နဲ့အတူ ထာဝရလှသော တန်ဆောင်တိုင် သီချင်းကို ပါဝင်သီဆို ကခုံကြရင်း ပျော်ရွှင်စွာနဲ့ အဆုံးသတ်ခဲ့ပါတယ်..
Monday, November 26, 2007
ထာဝရလှသော တန်ဆောင်တိုင် (အမျိုးသမီး) MTV
တောင်ကြီး ထာဝရလှသော တန်ဆောင်တိုင် (အမျိုးသမီး) MTV
တေးရေး ဂျက်မြသောင်း
တေးဆို စ၀်နန္ဒီ (ဒီဒီ)
ထာဝရလှသော တန်ဆောင်တိုင် (အမျိုးသား) MTV
တောင်ကြီး ထာဝရလှသော တန်ဆောင်တိုင် (အမျိုးသား) MTV
တေးရေး၊ တေးဆို ဂျက်မြသောင်း
အနှိုင်းမဲ့ ဝေဟင် MTV
တန်ဆောင်မုန်းလရဲ့ တောင်ပေါ်ပွဲ
ပျော်ရွှင်စွာ ကျင်းပခဲ့ပြီနော်..
တေးဆို ဂျက်မြသောင်း၊ စ၀်နန္ဒီ (ဒီဒီ)
အေးမြမြဆောင်းရဲ့အလှမှာ ၀ဲပျံလွှတ်တဲ့ မီးပုံးလေးတွေ
နောင်နှစ်ပေါင်းများစွာ ရာထောင်မက
ဝေဟင်ထံမှာ ထာဝရ.. ထာဝရ လှပနေပါစေ..
ခန်းနားထည်ဝါလွန်းလှတဲ့ မီးပုံပျံကွင်းသစ်ရဲ့ ဝေဟင်မှာ
ထူးခြားထွေလာ ဆန်းပြားတဲ့ မီးပုံးပျံများ လွင့်တက်နေတာ..
ကမ္ဘာနဲ့ ယှဉ် နိုင်းကြည့်ရင် တုနှိုင်းမီလို့တော့မထင်
တောင်ကြီးဝေဟင်
အနှိုင်းမဲ့ထင်...
တောင်ကြီးဝေဟင်
အနှိုင်းမဲ့ထင်...
တန်ဆောင်မုန်းလရဲ့ နေ့တွေ ညတွေ ဖြတ်သန်းရင်းနဲ့ ပြီးစီးခဲ့ပြီလေ..
တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲမှာ
နှောင်နှစ်များကြ ပြန်စုံရအောင်
တို့တတွေ တောင်းဆုပြုပါတယ်..
တန်ဆောင်မုန်းလရဲ့ နေ့တွေ ညတွေ ဖြတ်သန်းရင်းနဲ့ ပြီးစီးခဲ့ပြီလေ..
တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင်ပွဲမှာ
နှောင်နှစ်များကြ ပြန်စုံရအောင်
တို့တတွေ တောင်းဆုပြုလိုက်တယ်..
လာမဲ့နှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကြီးကို မျှော်လင့်ရင်းဖြင့်....
တောင်ကြီးချယ်ရီမြေ
http://www.weeklyeleven.com/WE/7-3/24.htm
Sunday, November 25, 2007
တန်ဆောင်တိုင် WebCast ကျေးဇူးတင်လွှာ
ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှုလိုင်း အသုံးပြုခွင့်ပေးသော - Studio 35
မြန်နှုန်းမြင့် ADSL လိုင်း ပံ့ပိုးပေးသော - မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ရှမ်းပြည်နယ် တောင်ပိုင်း)
နည်းပညာအကူအညီ ထောက်ပံ့ပေးသော - မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း (ရှမ်းပြည်နယ်)
အဆောက်အဦးနှင့် နေရာပေးသော - တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ကော်မတီ
Computer, Camera နှင့် Network Equipment အချို့ ထောက်ပံ့ပေးသော - Media Transform Group
လိုအပ်သော ငွေကြေး၊ ပစ္စည်းများသာမက စိတ်ရော၊ ကိုယ်ရော ပါဝင်ဖြည့်စည်းပေး ကြသော - တောင်ကြီးချယ်ရီမြေ အဖွဲ့သားများ
လာရောက်ကြည့်ရှု အားပေးကြသော - Internet မှ ဧည့်သည်များ
အထူးကျေးဇူးတင်ပါသည်
^^^^^ အိုးလေး လှုပ်ပါဟေး.. ရေအိုးလေး လှုပ်ပါဟေး...^^^^^

ပွဲလာကြည့်သူတွေကို မီးပုံးပျံအကြောင်း သိမှတ်သလောက် စိတ်ရှည်လက်ရှည် ရှင်းပြ၊ ပြောပြရုံမက replay ပြန်ကြည့်နိုင်ဖို့အတွက် ကိုယ်တိုင် ပွဲခင်းထဲ သွားရောက်ရိုက်ကူး ပြသခဲ့ကြသေးတယ်။ အိမ်လွမ်းသူတွေအတွက် အရိုးထဲထိ ရူးစေအောင် တန်ဆောင်တိုင် ပွဲတော်ကို စီစဉ်တင်ဆက်ပေးကြတဲ့ တောင်ကြီးချယ်ရီမြေက အဖွဲ့သားများနဲ့ ကူညီပံ့ပိုး လုပ်ပိုင်ခွင့် ပေးကြသူများ၊ ပွဲကျင်းပရေး ကော်မတီကို ဒီနေရာကနေ ကျေးဇူး အထူးတင်ကြောင်း ပြောပါရစေ။
အထူးသဖြင့် ရင်ထဲမှာ အိုးလေးတစ်လုံးလို့ လှုပ်ခါပြီး ကျန်ရစ်ခဲ့အောင် တောင်ကြီး တန်ဆောင်တိုင်ရဲ့ မီးပုံးပျံပွဲလေးကို အသက်သွင်းပေးကြတဲ့ ကိုရဲမြန်မာအောင်၊ ကိုကျော်စွာ၊ ကိုချမ်း၊ ကိုအောင်မိန်း၊ ကိုနေလင်း၊ ကိုလင်းထွန်း၊ ကိုတေဇနဲ့ အမည်မသိသူတွေကိုလည်း အထူး ကျေးဇူးတင်ပါတယ်။၂၀၀၇ရဲ့ တန်ဆောင်တိုင်က အဝေးရောက် တောင်ကြီးသူ၊ တောင်ကြီးသားတွေရဲ့ ရင်ထဲ စူးနစ်လို့ ကျန်နေခဲ့ပါပြီ။ နောင်နှစ်တွေမှာလဲ ဒီထက်မက စီစဉ်တင်ဆက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ...း)
ခင်မင်လေးစားလျှက်
နိုင်းနိုင်းစနေ
Saturday, November 24, 2007
အမှတ်တရ
လေကတအားတိုက်လို့ နေ့လွှတ်အရုပ်မီးပုံးပျံသမားတွေ ရွာပတ်ရတာပေါ့။
တာလပတ်ပြားတွေကို ၀ါးလုံးထည့် ထားတဲ့ လေကာအရွက်တွေက ဆွဲထောင်လိုက်ရင် လူကပြိုလဲမတတ်ပါပဲ။
အဲ့လိုအခြေအနေကြားမှာဘဲရုပ်တစ်လုံးကို မှိုင်းခံပါလေရော။ဟိုယိမ်းဒီယိုင်ပါပဲ။
အဲ့ဒီမှာမီးဆော်ထိုးတဲ့ မီးဆရာတစ်ယောက်ကမှိုင်းထိုးနေရင်းပြောတယ်။
“ ရတယ်၊လေကို ပေးတိုက်လိုက်။ မီးပုံးပျံကို ၀ိုင်းဆွဲထားမနေနဲ့” ဆိုပြီး သူတစ်ယောက်တည်း လိုက်ပြီးမီးဆော်လိုက်ထိုးတယ်။
လေကတိုက်နေတော့ မတက်သေးတဲ့ မီးပုံးပျံနောက်လိုက် ပြီးထိုးရတာပေါ့။
အဲ့လို လိုက်ထိုးပြီးနောက် လေတွေတိုက်နေတဲ့ ကြားမှာ ဘဲရုပ်အောင်မြင်စွာတက်သွားပါတယ်။
အပေါ်မှာလည်း မီးမလောင်ပါဘူး။
တက်သွားပြီးမှ မီးဆရာက တစ်ချက်မော့ကြည့်လိုက်ပြီး ဖြောင်းခနဲ မီးဆော်တုတ်ကို ပစ်ချလိုက်တယ်။
မီးပုံးပျံကို အကုန်အကျခံလုပ်ပေးတဲ့ (စပေါ်ဆာ) သူ့လူကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်ပြီး
စကားတစ်ခွန်းပြောလိုက်တယ်။
“ ယုံတယ်နော် ” တဲ့။
ကျွန်တော်ကြွေသွားတယ်။ သူ့ရဲ့ လုပ်နိုင်တဲ့ စိတ်ဓါတ်နဲ့ ကျွမ်းကျင်မှုကို။
သူ့နံမည်က သငယ် တဲ့။
အဲ့ဒီနေ့ကတော့ သူဟာ ကျွန်တော့်ရဲ့ သူရဲကောင်းဖြစ်ခဲ့တယ်။
Friday, November 23, 2007
တန်ဆောင်တိုင်ပွဲတော် နှုတ်ဆက်သီချင်း
၁၃၆၉ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကြီး စတင်ခဲ့တာ ၁၇ရက်ကနေ ဒီနေ့အထိဆိုရင် ၇ရက်တောင် ရှိသွားပြီ.. ဘာလိုလိုနဲ့ ပွဲတော်ကြီးပြီးဖို့ မနက်ဖြန်တစ်ရက်နဲ့ နောက်နေ့တစ်ရက်ပဲ ကျန်တော့်တယ်.. မီးပုံးပျံတွေ ကြည့်ရဖို့ဆိုရင် မနက်ဖြန်တစ်ညပဲရှိတော့တယ်လေ.. စိတ်ထဲမှာတောင် တစ်မျိုးပဲ.. ပွဲတော်ကြီးပြီးသွားလို့ကတော့ နေတက်မှာတောင် မဟုတ်တော့ဘူး.. ဘယ်သွားလို့ ဘယ်လာရမှန်းမသိနဲ့ တော်တော်လေး ကသိကအောက်နိုင်မှာ သေချာပါတယ်..ဒီနှစ်ကတော့ မီးပုံးပျံကွင်းသစ်ကြီးရယ်.. ကြီးကျယ်ခန်းနားတဲ့ ဖွင့်ပွဲအခမ်းအနားရယ်၊ ထူးခြားဆန်းပြားတဲ့ အသစ်အသစ်သော ဖန်တီးမှုတွေနဲ့ တောင်ကြီးမြို့တန်ဆောင်တိုင် ပွဲတော်ကြီး ခံထည်ဝံ့ကြွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်.. နှစ်ပေါင်း (၅၀)ကျော်ကြာအောင် ဒီနေ့လိုမျိုး သီးသန့်၊ ကျယ်ဝန်းပြီး အဆင့်အတန်းရှိတဲ့ မီးပုံးပျံကွင်းမျိုး တန်ဆောင်တိုင်ပွဲတော်အတွက် အရင်က မရှိခဲ့ဘူး.. ဒီနှစ်မှာတော့ တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကြီးအတွက် ပြည်နယ်က ပေးတဲ့ လက်ဆောင်ဖြစ်တဲ့ မီးပုံးပျံကွင်းသစ်ကြီးမှာ တောင်ကြီးသားတွေ အားလုံး အေးအေးဆေးဆေး ကျယ်ကျယ်ဝန်းဝန်း၊ ပျော်ရွှင်မြူးတူးနိုင်ပြီး၊ ဘေးရန် ကင်းကင်း၊ လွတ်လွတ် လပ်လပ်နဲ့ ပါဝင်ဆင်နွှဲနိုင်နေပြီ.. ဒီရက်တွေကတော့ တောင်ကြီးမြို့ရဲ့ ထူးခြားတဲ့ သမိုင်းဝင် နေ့တွေ ဖြစ်သွားခဲ့ပါပြီ..
အဲ့ဒီဆန်းသစ်ထားတဲ့ အစီအစဉ်တွေထဲမှာ တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ပွဲတော်အတွက် သီးသန့် သီချင်း တစ်ပုဒ်ကိုလဲ ရေးစပ်သီဆိုဖြစ်ခဲ့သလို.. အခုလဲ တောင်ကြီးသားတွေ တီးခတ်သီဆို ဖြေဖျော်တဲ့ ဂီတဖျော်ဖြေပွဲကြီးလဲ နေ့စဉ်ကျင်းပနေပါတယ်.. အဲ့ဒီပွဲမှာ တန်ဆောင်တိုင်အတွက် သီးသန့်ရေးစပ်ထားတဲ့ တန်ဆောင်တိုင် ပွဲတော် သီချင်းတွေ ယှဉ်ပြိုင်ရမဲ့ အစီအစဉ်တစ်ခုလဲ ရှိပါတယ်.. ယှဉ်ပြိုင်ဖို့ ၇ပုဒ်၊ ၈ပုဒ် အထက်မှာ စာရင်းပေးထားပြီးပြီလို့ သိရပါတယ်.. တန်ဆောင်တိုင် အမှတ်တရ သီချင်းသစ်တွေ ထွက်ပေါ်လာဦးမှာ အသေအချာပါပဲ..
သီချင်းတွေက အရသာရှိသလို ကျွန်တော်လဲ ဦးဂျက်ရဲ့ တန်ဆောင်တိုင်ဖွင့်ပွဲသီချင်း ကြားရကတည်းက တန်ဆောင်တိုင်ရဲ့ ပျော်ရွှင်ကြည်နူးမှု ခံစားချက်များစွာကို ရရှိခဲ့ပါတယ်.. လူတိုင်းရဲ့ ပါးစပ်ဖျားမှာလဲ ``တန်ဆောင်တိုင် တန်ဆောင်တိုင်ပွဲတော်´´ ဆိုတဲ့စာသားတွေ ဆိုနေကြတဲ့ အသံကိုလဲ ရန်ဖန်ရန်ခါ ကြားကြား နေရပါတယ်.. အဲ့ဒီသီချင်းက တန်ဆောင်တိုင်ပွဲတော်ရဲ့ Logo တစ်ခုဖြစ်ခဲ့ ဖြစ်သွားခဲ့ပါပြီ..
ဒီနှစ်အတွက် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ အဲ့ဒီသီချင်းနဲ့အတူ ထူးခြားဆန်းကျယ်စွာ ကျင်းပခဲ့တာကို အားလုံးလဲ Live WebCast နဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း တောင်ကြီးသားတွေနဲ့ အတူတူ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်.. ထို့အတူပဲ နောက် နှစ်ရက်မြောက် ၂၅ရက်နေ့မှာ ကျင်းပမဲ့ တန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲ အခမ်းအနားကြီးမှာလဲ တစ်ခြား သီချင်းအသစ် တစ်ပုဒ်နဲ့အတူ ဖွင့်ပွဲထက် ခြားနားဆန်းပြားစွာနဲ့ ကျင်းပဦးမှာ ဖြစ်ပါတယ်.. အဲ့ဒီနေ့မှာ ဖွင့်လှစ်သီဆိုပြီး တန်ဆောင်တိုင်ပွဲတော်ကြီး နှုတ်ခွန်းဆက် ပိတ်သိမ်းမဲ့ သီချင်း အသစ်တစ်ပုဒ်ကိုလဲ ဦးဂျက်မြသောင်းကို ပြည်နယ်က ရေးစပ်ခိုင်းထားတာ အခု Sample ထွက်လာပါပြီ.. ကျွန်တော်လဲ အဲ့ဒီ Sample လေးကြားလိုက်ရတော့ လွမ်းသလိုလို.. စိတ်ထဲ တစ်မျိုး တစ်မျိုးကို ဖြစ်မိပါတယ်.. နှုတ်ဆက်သီချင်း ဖြစ်တာနဲ့အတူ ခွဲခွာခြင်းဆိုတဲ့ အရသာလေးပါအောင် သီချင်းစာသားတွေက ဖော်ကြူးထားပါတယ်.. အားလုံးလဲ နားဆင်ကြည့်လိုက်ပါဦး..
Link Duration က ၁၀မိနစ်ကျော် ရှိပါတယ်.. Mirror Link သီချင်းနာမည်က အသေအချာမသိလို့ မဖော်ပြလိုက် တော့ပါဘူး.. အခု Sample မှာတော့ ပါဒတွေ အားလုံး မထည့်ပေးလိုက် တော့ပါဘူး.. သီချင်း အပြည့်အစုံ ကိုတော့ ပိတ်ပွဲကျင်းပမဲ့ ရက်မှပဲ နားထောင်လိုက်ကြ ပါတော့နော်.. အဲ့ဒါမှလဲ အဓိပါယ် ပိုပေါ်လွင်မယ်လို့ ယူဆပါတယ်.. သီချင်းကို Player မှာလဲ ထည့်ပေးထား ပါတယ်.. အဲ့ဒီမှာ တိုက်ရိုက် နားထောင်လို့ ရပါတယ်..
တန်ဆောင်တိုင် ပွဲတော်ကြီးရဲ့ အထွတ်အထိပ်ကို ရောက်ရှိမဲ့ မနက်ဖြန် တစ်ရက်ကိုတော့ လုံးဝ လက်လွတ်မခံပဲ အပြည့်အ၀ကို ပျော်ရွင်စွာနဲ့ ဆင်နွှဲလိုက်ပါဦး.. နောင်တစ်ချိန် ဒီလိုနေ့မျိုး ပြန်ရဖို့အတွက်ဆိုတာ ရက်ပေါင်း ၃၆၀ကျော်ကြာအောင် ပြန်စောင့်ရဦးမယ် မဟုတ်ပါလား..
၆၀ကြိမ်မြောက် တောင်ကြီးမြို့ မဟာဘုံကထိန်
တော်ပါပြီ.. ဆက်မပြောတော့ဘူး.. ကျန်တာတွေကို ပုံတွေကြည့်ပြီးတော့ပဲ Virtual Tour နဲ့ မလွတ်တန်း ပါဝင်ဆင်နွှဲလိုက်ပါဦး...
Thursday, November 22, 2007
၂၁ ရက်နေ့ညဓါတ်ပုံများ
မနေ့ညကရာသီဥတုအရမ်းကို ဆိုးရွားလို့ မီးပုံးပျံသုံးလုံးပဲလွှတ်နိုင်ပါတယ်
ဒါကြောင့်ရိုက်ထားသမျှဓါတ်ပုံတွေကိုပဲတင်ပေးလိုက်ပါတယ်။ မနေ့က
ကျန်တဲ့မီးများဟာ ဒီနေည ၆ နာရီမှာစတင်လွှတ်မှာဖြစ်ပါတယ်။
တောင်ကြီးမြို့နဲ့ Studio 35
ယမန်နှစ် ၂၀၀၆ခုနှစ် တန်ဆောင်တိုင်ပွဲတော်ကြီးကို တောင်ကြီးမြို့မှာ Live လွှင့်ပေးနိုင်အောင်လို့ အသစ်ရောက်လာတဲ့ ပြည်နယ် အကြီးအကဲကနေပြီး ဖိတ်ခေါ်လို့ Studio 35 အဖွဲ့ တောင်ကြီးမြို့ကို ရောက်လာခဲ့ပါတယ်.. အဲ့ဒီနှစ်က Studio 35 အဖွဲ့တွေလဲ အလောသုံးဆယ်နဲ့ တောင်ကြီးမြို့ကို ရောက်လာပြီး Live လွှင့်ဖို့ အပူတပြင်း ဆောင်ရွက်ခဲ့ကြရ ပါတယ်.. တန်ဆောင်တိုင် ပွဲစဖို့ ၂ရက်လောက် အလိုမှာမှ ရောက်လာကြပြီး အားချင်း Live လွှင့်နိုင်အောင် ကြိုးပမ်းခဲ့ကြရပါတယ်.. ဘာမှ ကြိုတင်ပြင်ဆင်ချိန် မရလိုက်တဲ့အတွက် သူတို့လဲ အစပိုင်းမှာ တော်တော်လေး ကသီခဲ့ကြ ပါတယ်.. သူတို့အတွက် Studio အခန်းလဲ သီးသန့်မရခဲ့တာနဲ့ အဆောင်တစ်ခုရဲ့ အနောက်မှာ အကန့်တစ်ခုကန့်ပြီး အလျှင်စလိုပဲ လုပ်ခဲ့ကြရပါတယ်.. အခန်းကလေးသေးတော့ သူတို့ ပါလာတဲ့ စက်တွေနဲ့ တော်တော်လေး ပြွတ်သိပ်ကြပ်ညပ်နေပါတယ်.. Announcer အတွက်လဲ လုံလုံလောက်လောက် နေရာ မရတော့ဘဲ အားလုံးက ခပ်ခပ်ခဲခဲ ကြပ်ကြပ်သပ်သပ်နဲ့ ပထမနှစ်မှာ လုံးပမ်းခဲ့ကြရပါတယ်..သူတို့ရဲ့ Camera အားလုံးကို Cable နဲ့သွားရတာ ဖြစ်တဲ့အတွက် အဲ့ဒီနှစ်တုံးက ကွင်းက ကျဉ်းတော့ သူတို့လဲ နဲနဲ အသက်ရှူချောင်သွားခဲ့ပါတယ်.. Transceiver တွေကိုလဲ ရွှေဘုန်းပွင့်ဘုရားကုန်းပေါ်ကို Cable နဲ့ ပြေးပြီး မီးပုံးပျံကွင်းထဲမှာ ရှိတဲ့ သူတို့ရဲ့ Studio အခန်ကနေ လွှင့်ခဲ့ကြရပါတယ်.. တောင်ကြီးမြို့ နေရာတော်တော် များများကလဲ အိမ်ကနေ တိုက်ရိုက် ကြည့်ခွင့်ရလိုက်တဲ့ အတွက် တောင်ကြီးမြို့မှာ Studio 35 နာမည်ရသွားခဲ့ ပါတယ်.. နောက်ပြီး မြို့ပေါ်မှာ ရှိတဲ့ ဌာနဆိုင်ရာတွေကိုလဲ Interview တွေလုပ်ပြီး၊ လွှင့်ပေးခဲ့ပါတယ်.. အဲ့ဒီနှစ်က TV ကနေ တိုက်ရိုက် လွှင့်တဲ့အပြင် မြို့လည်မှာရှိတဲ့ လူစည်တဲ့ နေရာတွေ ၃၊ ၄ခုမှာလဲ Projector တွေနဲ့ ထိုးပြလို့ မီးပုံးပျံကွင်းအဟောင်းမှာ လူတွေ တိုးကျိတ်ရတာ အနည်းငယ် သက်သာသွားခဲ့ရပါတယ်..
Studio 35 လဲ ပြည်နယ်ရဲ့ ဖိတ်ကြားချက်၊ ခွင့်ပြုချက်တွေနဲ့ တောင်ကြီးမြို့ကို ရောက်လာခဲ့ပြီး၊ တန်ဆောင်တိုင် ပွဲတော် တိုက်ရိုက်လွှင့်မှုနဲ့ တောင်ကြီးမြို့မှာသာမက တစ်နိုင်ငံလုံးကပါ သိရှိလို့ နာမည်ပေါက် သွားခဲ့ပါတယ်.. တစ်နည်းပြောရရင် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်မှာ Live လွှင့်ခွင့် ရတာက စလို့ Studio 35 ဆိုပြီး လူသိများ ထင်ရှားလာခဲ့ရတာ ဖြစ်ပါတယ်..
Studio 35 ဆိုတာက ရွှေနေခြည်ဆိုတဲ့ Company ရဲ့ လုပ်ငန်းတစ်ခုပါ.. မြန်မာနိုင်ငံရဲ့ Media Company တွေထဲမှာ ရှေ့အပြေးဆုံး၊ အလုပ်နိုင်ဆုံး Company လို့ ပြောလို့ရမယ် ထင်ပါတယ်.. သူတို့ရဲ့ Main Studio ကြီးမှာလဲ ရုပ်သံရိုက်ကူးရေးခန်းတွေ၊ Editing အခန်းတွေနဲ့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ရုပ်သံ အရည်အသွေးရှိတဲ့ Mini Cinema တစ်ခုလဲ ရှိပါတယ်.. အခုလောလောဆယ် Studio 35 အနေနဲ့ မြ၀တီ ရုပ်မြင်သံကြားမှာ ကြိုးဝိုင်းထဲက ရင်ခုံသံဆိုတာရယ်.. စနေရုပ်ရှင်ဆိုတာတွေရယ်ကို တင်ဆက်ထုတ်လွှင့်ပေး နေပါတယ်.. မကြာခင်မှာလဲ ပထမဆုံး မြန်မာ ဇာတ်လမ်းတွဲတွေကို TV ကနေ ပြတော့မှာ ဖြစ်ပါတယ်..
ဒီနှစ် တန်ဆောင်တိုင် Live အတွက်လဲ ပြည်နယ်က ထပ်မံဖိတ်ကြားခဲ့ပြီး၊ မီးပုံးပျံကွင်းသစ်ကြီးမှာ ပြောင်းလဲ ကျင်းပရမှာဖြစ်လို့ Studio 35 အဖွဲ့တွေလဲ အစောကြီးကတည်းက ရောက်ရှိလို့ ပြင်ဆင်ဆောင်ရွက်ခဲ့ကြ ပါတယ်.. သူတို့အတွက် သီးသန့် Studio အဆောင်တစ်ခုရရှိခဲ့သလို လွှင့်တင်ဖို့လဲ စက်အစုံအလင်နဲ့ Camera များစွာနဲ့ မနှစ်ကထက် ပိုမိုကောင်းမွန်စွာ တိုင်ရိုက်လွှင့်တင်နိုင်အောင် နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွှက် နေကြပါတယ်..
တောင်ကြီးမြို့ကို ပထမနှစ်မှာ ရောက်လို့ မြန်မာတစ်နိုင်ငံလုံးက Studio 35 ကိုသိခဲ့ကြသလိုပဲ.. ဒီနှစ်မှာလဲ ကျွန်တော်တို့ရဲ့ တောင်ကြီးချယ်ရီမြေကနေ Live Webroadcast လွှင့်ပေးလို့ Studio 35 ကို နိုင်ငံအားလုံးကလူတွေ သိရှိလာကြပါပြီ.. Studio 35 ကို မြန်မာမှာသာမက တကမ္ဘာလုံးကပါ သိအောင် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကြီးရဲ့ အရှိန်အ၀ါက လုပ်ဆောင်ပေးတယ်လို့ ပြောရမလိုပါပဲ.. တစ်ခြားတစ်ဘက်ကလဲ Studio 35 ရဲ့ တိုက်ရိုက်လွှင့်ပေးမှုကြောင့် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကြီးကို အိမ်ကနေ မပူမပင်နဲ့ ကြည့်နေနိုင်သလို ကျွန်တော်တို့ တောင်ကြီးချယ်ရီမြေနဲ့ ပေါင်းစပ်လိုက်တဲ့ အတွက်လဲ တစ်ကမ္ဘာလုံးက တန်ဆောင်တိုင်ပွဲတော် ရင်ခုံမြတ်နိုးသူတွေ အဝေးကနေ အားပါးတရ ကြည့်ရှူ ခံစားနိုင်ကြတာ ဖြစ်ပါတယ်..
ကျွန်တော်တို့ တောင်ကြီးချယ်ရီမြေ အဖွဲ့သားတွေကလဲ တန်ဆောင်တိုင်ပွဲတော်ကြီးကို Live လွှင့်နိုင်အောင် Studio 35 ဆိုတာကို တောင်ကြီးမြို့အရောက် ခေါ်ဆောင်လာပေးမှု ထပ်မံအားဖြည့်တဲ့ အနေနဲ့ တန်ဆောင်တိုင်ပွဲတော်ကြီးကို ကမ္ဘာ့နေရာအနှံ့က ကြည့်ရှုခံစား နိုင်အောင် မြန်မာနိုင်ငံရဲ့ ပထမဆုံး Live - WebBroadcasting ကို ဒါတို့ တောင်ကြီးသားတို့ရဲ့ ပညာနဲ့ စည်းလုံးမှုလို့ လက်ခမောင်းခပ်ပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ တင်ဆက် ပြသပေးလိုက်တာ ဖြစ်ပါတယ်...
Wednesday, November 21, 2007
Tuesday, November 20, 2007
၁၉ ရက်နေ့ က မီးပုံးပျံတွေရဲ့ ဓါတ်ပုံတွေပါ
ဟီး ဝက်သားချဉ်ပုံတွေလည်းပါတယ်နော် အွန်လိုင်းကနေစားကြပေါ့ဗျာ
Monday, November 19, 2007
ချယ်ရီရောင်အလွမ်း
အဝေးကထိုင်နေကျဆိုင်လေး
မြေနီလမ်းဆောင်းနှင်းရဲ့အငွေ့အသက်တွေ
လွမ်းရတာ မောတယ်...
ချယ်ရီနဲ့ ထင်းရှူး စိမ်းလန်းတဲ့တောအုပ်
မီးရှူးမီးပန်းဆောင်းညရဲ့ သက်တန့်တွေ
အိုးစည်သံ ဓါးသိုင်းအက
လွမ်းရတာ မောတယ်...
ရောက်နေတဲ့အရပ်
ဆောင်းညရဲ့ရင်ခုန်သံ
အေးတော့အေးတယ်
ဒါပေမဲ့.......
နှင်းမဝေခဲ့ဘူး။
သားလတ်
Sunday, November 18, 2007
အကူအညီ
Platform: Windows XP SP2
download
အခုပေးထားတဲ့ plugin က windows XP sp2 အတွက်ပဲဖြစ်ပါတယ် တစ်ကယ်လို့
Mozilla မသုံးပဲ IE ကိုသုံးတဲ့သူတွေကတော့ အနည်းဆုံး window media player 9
ကို install လုပ်ထားဖို့လိုပါတယ်။ အဲဒါဆိုရင် live ကိုအဆင်ပြေစွာကြည့်လိုရပါတယ်။
window media player မရှိသေးသူတွေအတွက် download လုပ်နိုင်အောင်အောက်
မှာ link ပေးထားပါတယ။်
window media player download
ပွဲဈေးတန်း
တဲ့ပုံတွေကိုတင်ပေးထားပါတယ်
သူတို့ပြင်ဆင်နေကြပြီအပိုင်း ၅
လွှတ်တင်နိုင်ဖို့အတွက်လိုအပ်တဲ့ပြင်ဆင်မူတွေကိုလုပ်ရပါတယ်မီးဇာတွေကိုပြန်
လည်းစစ်ဆေးရပါတယ်..မီးပုံပျံမှာအပေါက်တွေပါမပါစသည်ဖြင့်ပြန်လည်စစ်ဆေး
ခြင်းပြုလုပ်ရပါတယ် ပြင်ဆင်နေတဲ့ဓါတ်ပုံတွေ ကိုတင်ပေးလိုက်ပါတယ်
2nd ICT Exhibition Shan State (3rd Final Day)
Net Game ပြိုင်ပွဲ Semi & Final
ဒီနေ့ Counter နဲ့ Warcraft Computer Net Game ပြိုင်ပွဲ Semi ပွဲစဉ်နဲ့ Final ပြိုင်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ..
Warcraft 3 Semi ပြိုင်ပွဲ ကိုတော့ အခု မနက်ပိုင်းမှာ ကစားမှာဖြစ်ပါတယ်.. အဲ့ဒါပြီးရင်တော့ Counter Final ပြိုင်မှာ ဖြစ်ပြီး. နောက်ဆုံး Warcraft Final ပွဲနဲ့ အဆုံးသတ်မှာ ဖြစ်ပါတယ်..
Counter Strike ပြိုင်ပွဲ ၆သင်းမှာ နောက်ဆုံး Final ရောက်လာတဲ့ (၂)သင်းကတော့ Assasinate နဲ့ Jupiter တို့ ဖြစ်ပါတယ်..
Warcraft ပြိုင်ပွဲ ၁၄သင်းမှာ နောက်ဆုံး Semi (၄)သင်းကတော့ Luxury 2 vs Skadi နဲ့ BloBlo vs Prize တို့ ဖြစ်ပါတယ်.. အခုပဲ မဲနှိုက်ပြီး ယှဉ်ပြိုင်ဖို့ လုပ်နေကြပါပြီ..
Clan တွေလဲ အားလုံး ရောက်နေကြပါပြီ.. ပွဲကြီးပွဲကောင်းတွေ ကြည့်ရတော့မှာ ဖြစ်ပါတယ်..
တောင်ကြီမြို့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ အခမ်းအနား
ဒီနေ့ မနက်ကစပြီး ကျွန်တော်တို့ တတွေ WebCast လုပ်နိုင်ဖို့ လုံးပန်းခဲ့ကြပါတယ်.. မနေ့က ညနေအထိ Internet Upstream က လုံလောက်အောင် မရသေး.. Quality ကောင်းကောင်းနဲ့ လွှင့်နိုင်ဖို့ BitRate များများနဲ့ Internet ပေါ် Upဖို့ လိုတဲ့အတွက် ကျွန်တော်တို့တတွေ ဟိုပြေးလိုက် ဒီပြေးလိုက်၊ ဟိုပြောလိုက် ဒီပြောလိုက်နဲ့ UpStream တိုးအောင် ကြိုးပမ်းခဲ့ကြရပါတယ်..
မနက် ၉နာရီလောက်ရောက်မှ Server နဲ့ Upstream ပြသနာက ပြေလည်သွားခဲ့ပါတယ်.. ကျွန်တော်တို့လဲ အရမ်းကို ၀မ်းသာသွားပြီး၊ အကြိုအောင်ပွဲလေး. မောခမ်း ဆိုင်မှာ လုပ်ဖြစ်ခဲ့ပါတယ်.. Website ရဲ့ Theme ကလဲ မနက်ပိုင်းမှာပဲ ပထမအဆင့် ပြီးစီးခဲ့ပါတယ်..
အဲ့ဒီလို အဆင်ပြေသွားတဲ့ အချိန်က စပြီး.. Live အနေနဲ့ မနှစ် တန်ဆောင်တိုင်ပွဲက Video တွေကို စမ်းသပ် လွှင့်တင်ခဲ့ပါတယ်.. တစ်ဘက်မှာလဲ ICT Exhibition လုပ်နေတယ်ဆိုတော့ တာဝန်ကြတဲ့ ကျွန်တော်တို့ အဲ့ဒီဘက်လဲ ပြေးကြရပါသေးတယ်..
အဲ့ဒီလိုနဲ့ Server မှာ ကိုကျော်စွာက စောင့်ရင်း Live တင်ပေးနေပါတယ်.. ကျွန်တော်တို့ကတော့ ညနေဖွင့်ပွဲအတွက် လိုအပ်တာတွေ ရှာဖွေယူရင်း ပြေးလွှားခဲ့ကြပါတယ်..
၅နာရီ ထိုးတော့ တောင်ကြီးသားတွေရဲ့ ခြေဦးတွေက မီးပုံးပျံကွင်းသစ်ဆီကို လှည့်လို့ တရွေ့ရွေ့ ချီတက်နေကြပါတယ်.. ကျွန်တော်တို့လဲ ကျွန်တော်တို့ရဲ့ Live လွှင့်တဲ့ အခန်းလေးဆီ အချိန်မီရောက်အောင် ပြေးခဲ့ကြရပါတယ်.. ကွင်းထဲမှာလဲ အားလုံးက ပွဲစဖို့ ပြင်ဆင်နေကြပြီ.. အချိန်တွေကလဲ မြန်သွားသလိုပဲ.. အလင်းကလဲ ချက်ခြင်းဆိုသလို ပြောက်သွားခဲ့ပါတယ်.. ကျွန်တော်တို့လဲ Live အတွက် Camera ပြင်သူပြင်.. Post တင်သူတင်.. Webcast အတွက် လုပ်သူလုပ်နဲ့ အားလုံး အလုပ်တွေ ရှုပ်နေခဲ့ကြပါတယ်..
နောက် ၆နာရီလဲ ထိုးရော. ၁၃၆၉ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် စတင်ဖွင့်လှစ်ပါတော့မယ်လို့ ကြေငြာလဲပြီးရော.. စက်ခလုပ် နှိပ်လို့ မီးပန်းတွေ ရှို့လိုက်ပါတယ်.. ဒုံး.. ဒုံး... ဒုံး... ဆိုတဲ့ ကြယ်လောင်တဲ့ အသံကြီးနဲ့ အတူ မီးပွင့်ကြီး၊ မီးပန်းကြီးတွေ ကောင်းကင်မှာ ဖြာကြလာပါတော့တယ်.. ဟေး... ဟေး.... ဖြောင်းဖြောင်းဖြောင်း.... ဆိုတဲ့ လက်ခုပ်သြောဘာ သံတွေနဲ့ အတူ တန်ဆောင်တိုင်ပွဲကြီးက စတင်ဖွင့်လှစ်ခဲ့ပါတယ်..
အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ထဲက တစ်ချို့လဲ Camera တစ်ယောက်တစ်လုံး အသီးသီးဆွဲလို့ ဓာတ်ပုံရိုက်ဖို့ အပြေးကွင်းထဲကို သွားခဲ့ကြပါတယ်.. ဆက်တိုက်ဆိုသလိုပဲ ကလေးတွေက မီးပုံးတွေနဲ့ ပုံဖော်ကြသလို.. ဘင်ခရာအဖွဲ့တွေ.. အကအဖွဲ့တွေကလဲ တီးမှုတ်၊ ကပြကြပါတယ်.. ရိုးရာအကတွေ၊ မီးပုံးအကတွေနဲ့ အတူ `` တောင်ကြီးမြို့ရဲ့ အထင်ကရပွဲတော်´´ သီချင်းသံကလဲ မြူးကြွလို့ ပျံလွှင့်နေပါတယ်..
အဲ့ဒီအကအဖွဲ့ ပြီးသွားတဲ့အချိန်မှာတော့ မီးပန်းတွေ၊ မီးရှူးတွေ စတင်ပစ်ဖောက်ပါတော့တယ်.. ကျွန်တော်လဲ အစက Studio 35က ဖမ်းထားတဲ့ Monitor က ကြည့်နေရင်း မနေနိုင်တော့ဘဲ အခန်းအပြင်ကို ထွက်လို့ Fire Work တွေရဲ့အလှကို တ၀ကြီး ကြည့်ဖြစ်ခဲ့ပါတော့တယ်.. မီးပန်းတွေရဲ့ အလှအပကိုကြည့်ရင်း.. ပါတ်ဝန်းကျင်ဆိုတာကိုလဲ မေ့သွားတော့တယ်.. အားလုံးရဲ့ အံသြခြင်း အသံတွေ၊ အားပေးခြင်း လက်ခုတ်သံတွေ ကြားနေရရင်း ကြည့်လို့ကို မ၀နိုင်တဲ့ လင်းထိန်နေတဲ့ ကောင်းကင်ကြီးကို ငေးလို့ နေခဲ့ပါတယ်.. မီးရှူးတွေကလဲ တစ်မျိုးပြီး တစ်မျိုး.. တစ်ခုပြီးတစ်ခု အဆက်မပြတ် ဆက်တိုက် ကောင်းကင်ကို ထိုးတက်လို့ လင်းထိန်ဖြာဆင်း နေပါတယ်..
ကျောင်းသူ ကျောင်းသားတွေကလဲ ကွင်းထဲမှာ ကကွက်တွေပုံဖော်လို့ ပျော်မြူးနေကြပါတယ်.. နေကြာပန်းပုံ၊ ရှမ်းအိုးစည်ပုံ၊ ရှမ်းအလံ ပုံတွေကို ၁၅မိနစ်ကြာ ၅ခါ ပုံဖော်သွားခဲ့ကြပါတယ်.. မီးပန်းတွေကလဲ မရေတွက် နိုင်အောင်ကို မရပ်မနား လွတ်ဖောက်နေပါတယ်.. အဲ့ဒီအချိန်မှာပဲ စိန်နားပန် မီးပုံးပျံ (၅)လုံး တစ်ပြိုင်တည်း မှိုင်းခံပြီး လွှတ်တင်နေပါတယ်.. အဲ့ဒီ စိန်နားပန်တွေမှာ ပါသွားတဲ့ မီးပန်းတွေ၊ လှေထီးအိမ်တွေကလဲ ကောင်းကင်မှာ လွင့်ပျံနေပါတယ်.. တစ်ခါတစ်ခါ မြေကြီးအထိ ကြလာတဲ့ မီးပွားတွေကြောင့် အောက်တည့်တည့်မှာရှိတဲ့ ကွင်းထဲက ကလေးတွေကို ပူပန်လို့ ဟာာာ လို့ ဟင်...လို့ ထွက်ထွက်.. လာတဲ့ အသံတွေကိုလဲ ကြားနေရပါတယ်.. ကျောင်းသူကျောင်းသားလေးတွေကလဲ ဒီလိုပွဲကြီးမှာ ပါဝင်ရလို့ ပျော်ရွှင်နေကြပြီး.. အပူအပင်မရှိ သူတို့ရဲ့ ကကွက်ကို ရအောင် ပုံဖော်သွားခဲ့ကြပါတယ်..
မီးပုံးပျံတွေ တစ်လုံးပြီး တစ်လုံး တက်သွားပြီးတဲ့ နောက်မှာလဲ မီးပန်းတွေ ထက်ဖောက်ပြန်ပါတယ်.. ဘယ်နှစ်ကြိမ်မြောက်မှန်းကို မသိတော့နိုင်တော့ဘဲ ကျွန်တော်တို့လဲ Internet က Live ကြည့်လို့ရကြရဲ့လား.. အဆင်ပြေရဲ့လား ဆိုပြီး.. ဒီလိုပွဲမျိုး အားလုံးကို ကြည့်စေချင်တဲ့ စိတ်တွေနဲ့ အခန်းထဲပြေးဝင်လိုက် အပြင်ပြန်ထွက်ကြည့်လိုက်နဲ့ လူးလာခေါက်တုံတွေ ဖြစ်ခဲ့ကြပါတယ်.. ဓာတ်ပုံရိုက်တဲ့သူတွေကလဲ ပုံတွေလာပြန်ပေးလိုက် ပြန်သွားရိုက်လိုက်နဲ့ အပြေးအလွှားဖြစ်နေပါတယ်.. အချိန် အားလုံးကို Speed နှေးပစ်လို့ ရရင်ကောင်းမှာပဲ.. အချိန်ကို မီအောင် လိုက်ရတာ အလျှင်ကို မမီနိုင်တော့ဘူးဆိုပြီး ကျွန်တော်တို့တွေ တွေးလို့ ဒေါသဖြစ်နေမိသေးတယ်.. Live ကလဲ Audio ပျက်လိုက် Computer တွေကလဲ ဟိုဟာဖြစ်လိုက် ဒီဟာဖြစ်လိုက်နဲ့ အစဆိုတော့ အဆင်ပြေအောင် တော်တော် လုပ်ယူခဲ့ကြရပါတယ်.. Live လွှင့်ခြင်းဆိုတာရဲ့ အတွေ့အကြုံတွေလဲ ကောင်းကောင်း ရလိုက်ပါတယ်.. အားလုံးလဲ ဖတ်ဖတ်ကို မောလို့ ပင်ပန်းနေခဲ့ကြပြီ..
သိပ်မကြာခင်မှာပဲ ဖွင့်ပွဲအခမ်းအနားလဲ ပြီးဆုံးသွားပါတယ်.. တကယ်တော့ ၁နာရီကျော်အောင် ကြာပါတယ်.. စိတ်ထဲမှာတော့ ခဏလေး၊ တအောင့်လေး ဆိုသလို မြန်ဆန်လွန်းတယ်လို့ ခံစားနေကြပါတယ်..
ကျွန်တော်တို့လဲ Photo တွေ ချက်ခြင်းတင်ပြီး.. Live ကို အဆုံးသတ်ခဲ့ပါတယ်.. အားလုံးလဲ ကြေနပ်သွားကြမယ်လို့ တွေးပြီး ကျွန်တော်တို့တတွေ စိတ်ချမ်းသာစွာနဲ့ ပီတိဖြစ်ခဲ့ကြရတယ်.. မြန်မာပြည်မှာလဲ တစ်ခါမှ မလုပ်ခဲ့ဘူးသေးတဲ့၊ Webcasting ကို ကျွန်တော်တို့တစ်တွေ အောင်အောင်မြင်မြင်နဲ့ လွှင့်တင်နိုင်ခဲ့သလို.. ပွဲတော်ကြီးကလဲ အထူးခြား အဆန်းအပြားဆုံး ဖြစ်ခဲ့လို့ ပိုပြီးတော့ လုပ်ရကျိုးနပ်သလို ခံစားမိခဲ့ကြပါတယ်.. ၇နာရီ ထိုးခါနီး မိနစ် အနည်းငယ် အလိုမှာတော့ ၁၃၆၉ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကြီး အောင်မြင်စွာနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်..
ကျွန်တော်တို့လဲ နောက်နေ့အတွက် ပြင်ဆင်နိုင်ဖို့ အားခဲရင်း၊ ပြောမဆုံးနိုင်တဲ့ ဆန်းပြားထူးခြားတဲ့ ပွဲတော်ကြီးအကြောင်းကို ဆွေးနွေးရင်း အိမ်ကို အသီးသီး ပြန်ခဲ့ကြပါတယ်.. လမ်းတစ်လျှောက်မှာတော့ လူတွေစည်ကားများပြား ပြည့်ကြပ်စွာနဲ့ တိုးဝေ့လို့ သွားနေကြတာ တွေ့ရပါတယ်..
အဲ့ဒီလိုနဲ့ပဲ ပထမနေ့ ဖွင့်ပွဲအခမ်းအနားနဲ့ ကျွန်တော်တို့ရဲ့ Live Webcast ထုတ်လွှင့်မှု အစီအဉ်တွေ ပြီးဆုံးခဲ့ပါတော့တယ်..
Saturday, November 17, 2007
သူတို့ ပြင်ဆင်နေကြပြီ ၎
ps. စိုင်းလောင်ခမ်းက အထက ၁ က မဟုတ်ပါဘူးတဲ့။ မမီးမီး ဆိုတာလည်း သူ မသိပါဘူးတဲ့။ :P တခြား ခေါ်တဲ့နာမည်လေး ရှိရင် လည်း ပြောပြပါတဲ့။ ကဲ မမီးမီးရေ.................................................................

