မွေတော်ကက္ကူ ဘုရားကို ဧည့်သည်တစ်ယောက် လိုက်ပို့ရင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ရောက်ဖြစ်ခဲ့တာမို့ တောင်ကြီးချယ်ရီမြေ အတွက် Virtual Tour လုပ်လို့ရအောင် ဓာတ်ပုံတွေ ရိုက်လာခဲ့တာ တွေကို တင်ပေးလိုက်ပါတယ်.. Guide တစ်ယောက် မဟုတ်တဲ့အတွက် ဘုရားရောက်တုံးကလဲ မိတ်ဆွေတွေကို သေသေချာချာ မရှင်းပြလိုက်နိုင်ပါဘူး.. အခုလဲ Description မဖော်ပြလိုက်တော့ ပါဘူး... ထူးခြားမယ်ထင်တဲ့ နေရာတွေ အားလုံးနီးပါးလောက်ကို ဓာတ်ပုံရိုက်ခဲ့ လိုက်တဲ့အတွက် မကျန်ခဲ့လောက်ဘူးလို့ ယူဆပါတယ်... အားလုံးလဲ မွေတော်ကက္ကူ ဘုရားတွေ ဖူးမျှော်ရင်း စိတ်ချမ်းမြေ့ ကြည်နူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်..
Friday, September 28, 2007
မွေတော်ကက္ကူ အလည်သွားမယ်
မွေတော်ကက္ကူ ဘုရားကို ဧည့်သည်တစ်ယောက် လိုက်ပို့ရင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ရောက်ဖြစ်ခဲ့တာမို့ တောင်ကြီးချယ်ရီမြေ အတွက် Virtual Tour လုပ်လို့ရအောင် ဓာတ်ပုံတွေ ရိုက်လာခဲ့တာ တွေကို တင်ပေးလိုက်ပါတယ်.. Guide တစ်ယောက် မဟုတ်တဲ့အတွက် ဘုရားရောက်တုံးကလဲ မိတ်ဆွေတွေကို သေသေချာချာ မရှင်းပြလိုက်နိုင်ပါဘူး.. အခုလဲ Description မဖော်ပြလိုက်တော့ ပါဘူး... ထူးခြားမယ်ထင်တဲ့ နေရာတွေ အားလုံးနီးပါးလောက်ကို ဓာတ်ပုံရိုက်ခဲ့ လိုက်တဲ့အတွက် မကျန်ခဲ့လောက်ဘူးလို့ ယူဆပါတယ်... အားလုံးလဲ မွေတော်ကက္ကူ ဘုရားတွေ ဖူးမျှော်ရင်း စိတ်ချမ်းမြေ့ ကြည်နူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်..
Thursday, September 27, 2007
တန်ဆောင်တိုင် Live
တန်ဆောင်တိုင် ပွဲတော်အတွက် Blog မှာ Live တင်ပေးနိုင်အောင်လို့ Poll လေးလုပ်ပြီး အားလုံးရဲ့ အခြေအနေ လေးကို သိရအောင်လို့ တင်ပေးထားလိုက်တာ Vote လုပ်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။တန်ဆောင်တိုင်ပွဲဆိုတာ ဘာလဲ? မသိဘူး | 3 (5%) |
Live Post တွေ တင်ပေးပါ | 6 (10%) |
ဓာတ်ပုံတွေ Live တင်ပေးပါ | 10 (17%) |
သတင်းတွေ Live တင်ပေးပါ | 4 (7%) |
ပွဲရက်အားလုံး Live ကြည့်ချင်တယ် | 19 (33%) |
Video Broadcast နဲ့ကြည့်ချင်တယ် | 7 (12%) |
You Tube မှာ Delay တင်ပေးပါ | 6 (10%) |
စိတ်မ၀င်စားလို့ မကြည့်ချင်ဘူး | 1 (1%) |
Poll မှာ ပွဲရက်အားလုံး Live ကြည့်ချင်တယ်က Vote လုပ်တဲ့သူတွေ အားလုံးရဲ့ ၃၃%ရတဲ့ အတွက် တန်ဆောင်တိုင်ပွဲမှာ ဓာတ်ပုံတွေ၊ သတင်းတွေ Live နီးပါး ဖြစ်အောင် ကြိုးပမ်းသွားကြဖို့ တောင်ကြီးချယ်ရီမြေ အဖွဲ့သားတွေ အားခဲထား ပါတယ်။ ပထမဦးဆုံး စလုပ်ရမှာဆိုတော့ အားလုံးရဲ့ အားပေးမှုကို လိုအပ်ပါတယ်။ အဝေးရောက်နေတဲ့ သူတွေအားလုံးအတွက်လဲ တောင်ကြီးချယ်ရီမြေရဲ့ တန်ဆောင်တိုင် Liveကို ကျေနပ်မှု ရစေရမယ်လို့ အာမခံ ပါတယ်။ ဘာတွေ မြင်တွေ့ရမလဲ ဆိုတာကိုတော့ စောင့်စားရင်းနဲ့ မျှော်လင့် ကြပါလို့.....
၁၁၃နှစ်ပြည့် ရှမ်းမြို့တော်၊ ပန်းမြို့တော်
ဆောင်းရာသီမှာ အအေးဆုံး ၈.၈ စင်တီဂရိတ် ရှိခဲ့တဲ့ ဒယ်အိုးပုံ တောင်ကလပ်မြို့လေး ဖြစ်တယ်ဆိုတာ..
ရှမ်းဘာသာ "တွံတီ"၊ "တွမ်းတီး"၊ "ထောင်ကျည်း" ဆိုတဲ့ စကားကနေ တောင်ကြီးလို့ ဖြစ်လာတယ်ဆိုတာ..
လူသိများတဲ့ အဆောင်အဦတွေက `အိမ်တော်´၊ ရှမ်းပြည်နယ် အစည်းအဝေးခန်းမ (ကျားခေါင်း)၊ ယဉ်ကျေးမှု ပြတိုက်၊ မြို့တော်ခန်းမ၊ ဘူတာရုံ၊ စ၀်စံထွန်းဆေးရုံ၊ တောင်ကြီးဂေါက်ကွင်း၊ အေးသာယာ ဂေါက်ကွင်း၊ Taunggyi University၊ Technological University (Taunggyi)၊ Computer University (Taunggyi)၊ ပညာရေး ကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်း၊ သမ၀ါယမ သင်တန်းကျောင်း၊ မြို့မဈေးကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၊ အေးသာယာ ကျောင်းထိုင် ဘုန်းတော်ကြီး သင်တန်းကျောင်းတွေ ဖြစ်တယ်ဆိုတာ..
တန်ခိုးကြီး ဘုရားစေတီများမှာ စူဋ္ဌာမုနိလောကချမ်းသာဘုရား၊ ရွှေဘုန်းပွင့်ဘုရား၊ မြစိမ်းတောင်ဘုရား၊ ပတမြားလှိုင်ဂူ ဘုရား၊ နဂါးနှစ်ကောင်ဆင်တဲ၊ ကိုးန၀င်းဘုရား၊ ရွှေချမ်းသာဘုရား၊ ဆုတောင်းပြည့်ဘုရား၊ ရွှေမုဋ္ဌောဘုရား၊ ရွှေမြင်တင်ဘုရား၊ ဓာတ်တော်ကြို ဘုရား၊ သက်စေ့ရန်အောင်ဘုရား၊ ဖရဲငွေတောင်ဘုရား၊ ရပ်တော်မူဘုရား၊ ဆုတောင်းပြည့် အောင်တော်မူဘုရား၊ ကုန်းသာဘုရား၊ ပေါ်တော်မူဘုရား၊ မြစင်္ကြာဘုရား၊ ရန်ကင်းတောင် ဘုရား၊ စသည်ဖြင့် ဘုရားစေတီပေါင်း (၄၈)ဆူ စံပျော်နေတယ်ဆိုတာ..
မြို့ပေါ်ဈေးများ ဖြစ်တဲ့ မြို့မဈေး၊ စ၀်စံထွန်းဈေး၊ အမှတ် (၅)ဈေး၊ ၂၁၂ ရဲဘော်ဈေး တွေ ရှိတယ်ဆိုတာ..
တောင်ကြီးမြို့ဟာ ၄၂၀.၈၄ စတုရန်းမိုင်၊ ၂၆၉၃၃၇ ဧက ကျယ်ပြီး၊ အရှေ့အနောက် အကျယ်ဆုံးမိုင် ၂၀၊ တောင်မြောက် အကျယ်ဆုံး ၂၉မိုင် ရှိတယ်ဆိုတာ.. ၂၀၀၇ခုနှစ်မှာ လူဦးရေ ၂၇၂၀၉၂ဦး ရှိပြီ ဆိုတာ..
အော်တိုတယ်လီဖုံး ၄၄၂၂လုံး၊ လက်လှည့် ၅၅၀လုံး အသုံးပြုနိုင်တယ်ဆိုတာ.. (ADSL, IPSter, Dial Up နဲ့ GSM သုံးလို့ ရနေပြီး ဆိုတာတော့ ဆောင်းပါးမှာ မပါလာလို့ ဖြည့်စွက်လိုက်ပါတယ်..)
ပြည်နယ် အားကစားပြိုင်ကွင်း၊ မိုးလုံလေလုံ အားကစားရုံ၊ မြို့နယ်ဘောလုံးကွင်း (ရွှေညောင်)၊ ပအိုဝ်းအမျိုးသား ဘက်စုံ အားကစား ပြိုင်ကွင်း (ဂနိုင်ရေး) တွေ ရှိတဲ့ အကြောင်း..
အပန်းဖြေစရာ ရှုခင်းသာ ကြိုးတံတား ပန်းခြံ၊ Zool၊ ငါးဥယျာဉ်၊ မြကန်သာပန်းခြံ၊ ဗိုလ်ချုပ်ပန်းခြံတွေ ဖွင့်လှစ်ထားပြီး၊ ရုပ်ရှင်ရုံ တွေ အနေနဲ့ မြသုခ၊ Bandula တို့ ရှိတဲ့ အကြောင်း.. ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း စုစုပေါင်း ၅၂ခု ရှိတယ်ဆိုတဲ့ အကြောင်း..
အဲ့ ဒီ အကြောင်းအရာပေါင်းစုံကို တစုတစည်းတည်း ဖော်ပြပေးတဲ့ အတွက် အများကြီး ဗဟုသူတရခဲ့ ပါတယ်။ ဆောင်းပါးရှင်ကတော့ အောက်ပါစာသားတွေနဲ့ သူရဲ့ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်..
"တောင်ကြီးမြို့ကို ပန်းမြို့တော် ဖြစ်ရေးအတွက် ချယ်ရီ၊ စိန်ပန်းပြာ၊ ငု၊ ထင်းရှူး၊ ကျောက်ပန်းနှင့် အလှစိုက် ပန်းအမျိုးမျိုးတို့ကို သက်ဆိုင်ရာမှ နေရာအနှံ့ တိုးချဲ့ စိုက်ပျိုးလျက်၊ အမှိုက်ကင်းမဲ့ ဇုန်များ သတ်မှတ်ရှင်းလင်းကာ အထူးဆောင်ရွက်လျက် ရှိသဖြင့် ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးသည် မြို့သက်တမ်း ၁၁၃နှစ်မှသည် လှသထက် လှ၊ စည်သထက် စည်ကားလာဦးမည် ဖြစ်သည်။ ပြည်တွင်းပြည်ပ ဧည့်သည်များလည်း ၀င်လာမဆဲ တသဲသဲ ဖြစ်လာပေဦးမည် ဖြစ်သည်။"
အိမ်တော် အဆောက်အဦး
အိမ်တော် အဆောက်အဦးဟာ ဟိုးအရင်က အရေးပိုင်နေခဲ့တဲ့အိမ် ဖြစ်ပါတယ်။ ၁၉၃၀က မီးလောင်ပြာကျခဲ့ပြီး ၁၉၃၁ခုနှစ်မှာ ယခုပုံစံအတိုင်း ကျောက်ရင်ကြီးများဖြင့် ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ၁၉၅၁ နောက်ပိုင်းမှ စပြီး ဧည့်ရိပ်သာအဖြစ် သတ်မှတ် အသုံးပြုခဲ့ပါတယ်။
၁၉၈၉-၉၀ မှာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ကျပ်သုံးဆယ်ကိုးသိန်းကျော် အကုန်ခံ မွန်းမံပြင်ဆင်ခဲ့ ပါတယ်။ (၉၀ခုနှစ် ဈေးနှုန်းဖြစ်ပါတယ်)
အဆောက်အဦးအတွင်းပိုင်း ကြမ်းခင်း၊ မျက်နှာကြက်မှအစ ဧည့်ခန်းဆောင်၊ စင်္ကြန်၊ ရေချိုးခန်း၊ အိမ်သာ စတာတွေကို အသစ်တဖန် ခေတ်မီပုံစံများနဲ့ ပြင်ဆင်မွမ်းမံကာ ပရိဘောဂ အသုံးအဆောင် အသစ်များဖြင့် ဖြည့်ဆီးခဲ့ပါတယ်။
၁၉၉၁ ခုနှစ်လောက်က စာအုပ် တစ်အုပ်မှာပါတဲ့ အိမ်တော် အဆောက်အဦးနဲ့ ပါတ်သက်တဲ့ အကြောင်း အချက်တွေ ဖြစ်ပါတယ်။ ၂၁ရာစု အိမ်တော်ကတော့ ဘယ်လိုရှိလဲ မသိသေးပါဘူး။ ကြုံကြိုက်ရင် သွားပြီး လေ့လာကြည့်လိုက်ပါဦးမယ်။ အခုပုံတွေကတော့ လွန်ခဲ့တဲ့ အတိတ်မှာ ကျန်ခဲ့ပြီဖြစ်သော အရိပ်ယောင်တွေပါ။ အမှတ်တရအဖြစ်ပါ။ သမိုင်းဆိုတာ အရင်နဲ့ အခုရဲ့ ကွာခြားချက်တွေကိုလဲ ပြောပြနိုင်ပါလိမ့်မယ်။တောင်ကြီးမြို့ရှိ ရေလှောင်ကန်များ
တိုက်ရိုက် အမြန် မော်တော်ယာဉ် လိုင်းသစ်
တောင်ကြီးမြို့မှာရှိတဲ့ Transportation System မှာ ပါတဲ့ Bus ကား လိုင်းတွေ အများစုက မြို့မဈေးမှာ စုံရပ်အဖြစ်ထားကြ ပါတယ်။ တောင်ကြီးမြို့ ရဲ့ မြောက်ဘက်ကနေ တောင်ဘက်အခြမ်းကို သွားချင်တဲ့သူတွေက မြို့မဈေးမှာ ကားပြောင်းစီးကြရ ပါတယ်။ လိုင်းကားနှစ်ဆင့်စီးမှ လိုရာခရီးကို ရောက်ပါမယ်။ ဒါမှမဟုတ်လဲ လမ်းလျောက်သွား ကြရပါမယ်။ နောက်တစ်ခုက လိုင်းကားတွေဟာ များသောအားဖြင့် လူစုံမှ ထွက်ကြတယ်လို့ သိရပါတယ်။ အခုတော့ ကားလိုင်း အသစ် တိုင်ရိုက် ယာဉ်လိုင်း (၃)ခု စီစဉ်ပေးလိုက်တယ်လို့ သိရပါတယ်။အလှည့်ကြ Time Stamp နဲ့ ထွက်မယ်လို့ သိရပါတယ်။ အဲ့ဒီ လိုင်းအသစ်တွေကြောင့် အရင်ကထက် လမ်းလျှောက်ရတာ၊ ကား စောင့်ရတာ၊ ဆိုင်ကယ် လိုအပ်တာတွေ လျော့ကျကောင်း လျော့ကျသွားမယ်လို့ ယူဆထားကြ ပါတယ်။ နောက်ဆိုရင် Hilux Bus ကားတွေ နေရာမှာ Mini Bus တို့ Bus ကားကြီးတွေ ဖြစ်လာပြီး ခရီးသွားတွေ အားလုံးအတွက် သက်တောင့်သက်သာနဲ့ ပိုအဆင်ပြေလာမယ်လို့ ထင်ပါတယ်။
ထီသိမ်ရေကန်နှင့် ရေထွက်
Wednesday, September 19, 2007
အင်းလေးကန် - ၂
မည်သည့်လူမျိုးများ မျိုးနွယ်စုများ စတင်၍ အခြေချနေထိုင်သည်ကို ပြန်ဆန်းစစ်ကြည့်ပါက အလောင်းစည်သူမင်း တိုင်းခန် လှည့်လည်စဉ် ကရ၀ိတ်ဖောင်တော်ပါ လှေတော်သား ငထောင်နှင့် ငနောင် ကျန်ရစ်ပြီး ရွာများ တည်ထောင်နေထိုင် ကြသည် ဆိုသော ဒဏ္ဍာရီ ဆန်ဆန်အဆိုနှင့် စရမည်ဖြစ်ပါသည်။ ခရစ်သက္ကရာဇ် ၁၃၅၉ တွင် ညောင်ရွှေမြို့တည် စော်ဘွားကြီး ဆီဆိုင်ဖထံ သို့ ထားဝယ်မှ ညီအစ်ကို နှစ်ဦး လာရောက် ခစားရင်း ရေပြင်ကျယ် နှင့် သာယာလှပသော တောင်တန်းကြီးများကို တွေ့မြင် နှစ်သက်သဘောကျ သဖြင့် နေထိုင်ခွင့် ပြုပါရန် လျှောက်ထားပြီး နေထိုင်ခွင့်ရသဖြင့် ၄င်းတို့၏ နေရပ်ထားဝယ်သို့ ပြန်ပြီး ဆွေမျိုးသားချင်းများမှ မိသားစု ၃၆ စုကို စုစည်း၍ ညောင်ရွှေသို့ ပြန်လည် ရောက်ရှိလာသဖြင့် စော်ဘွား နန်းသဲ နေရာတွင် နေထိုင်ခွင့်ပြုတော်မူသည်။ နန်းသဲသည ရှမ်းအသံထွက်ဖြင့် နန့်ဆိုင်း ဟုခေါ်ပြီး ရေကြည်သော သဲချောင်း ဟု အဓိပ္ပာယ်ရသည်။ ထိုမှ တဖြည်းဖြည်းနှင့် အင်းလေးကန် ဘေးဝဲယာသို့ ပျံ့နှံ့သွားသည်ဟု အမတ်ချုပ် ဦးငြိမ်း၏ ညောင်ရွှေမြို့ရာဇ၀င်ချုပ်တွင် ဖော်ပြထားသည်။
အင်းလေးအင်းကြီးသည် ရှေးယခင်က အင်း(၄)ရွာဟု ခေါ်ဆိုကြောင်း သက္ကရာဇ် ၁၆၃၇ တွင် သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိမြို့ ပေါင်း ၁၇၅ မြို့ကို ဖော်ပြရာတွင် အင်း ၄ ရွာဟု ဖော်ပြထားပါသည်။ တဖန် ၁၈၅၂ အင်းလေးစစ်တမ်းပုရပိုက်တွင် အင်း ၄ ရွာ ငွေခွန်မှူးငစံတင် အုပ်ချုပ်စီရင်သည် ဟု ပါရှိသည်။ ခေတ်များပြောင်း၍ နှစ်များကြာလာသောအခါ အင်း ၄ ရွာ မှ အင်းလေး ဟု ဖြစ်ပေါ်ဆင်းသက် လာခဲ့သည် ဟုယူဆမိပါသည်။
မူလအင်း ၄ ရွာသည် (၁)ရွာကြီးဗန်းပုံ (၂)နန်းပန်ရွာ (၃)နောင်တောရွာ (၄)ဟဲယာရွာမ တို့ဖြစ်ပါသည်။ နောင်သောအခါ လူဦးရေ တိုးပွားလာပြီး အခြားရွာများပေါ်ထွန်း လာကြခြင်းဖြစ်ပါသည်။ ရွာကြီးဗန်းဗုံ ကို ရှမ်းအသံဖြင့် ၀မ့်လုံ ဟုခေါ်ဆိုပြီး ရွာကြီးဟု အဓိပ္ပာယ်ရပါသည်။ နန်းပန်ရွာ ကို ရှမ်းအသံထွက်ဖြင့် နမ့်ပန် ဟုခေါ်ဆိုပြီး ရေ၀ဲများရှိ၍ ရေများဝဲကတော့ ထိုးသော နေရာဒေသ ဟု အဓိပ္ပာယ်ရပါသည်။ နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟု ခေါ်ဆိုပြီး ရေမှော်ရေညှိများရှိသော နေရာ ဒေသ ဟု အဓိပ္ပာယ်ပါသည်။ ဟဲယားရွာမကို ရှမ်းအသံထွက်ဖြင့် ဟိုင်းယ ဟုခေါ်ဆိုပြီး ဆေးဖက်ဝင်အပင် များ ပေါများသော နေရာဒေသ ဟု အဓိပ္ပာယ် ရပါသည်။
အင်းလေးဒေသသည် နောင်သားခေါ် အင်းသားများ နှင့် ရှမ်းများ ၊ ဓနုများ ၊ ပအိုဝ်းများ စုပေါင်းညီညာစွာ တည်ထောင်၍ စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့် ရှေးကာလမှပင် စတင် နေထိုင်ခဲ့ကြပါသည်။ ယဉ်ကျေးမှု ၊ အနုပညာ ၊ စာပေ ၊ လက်မှု ပညာများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ရင်း အတူတကွ ကြိုးစားလာကြသည်မှာ ယခု တိုးတက်သော အင်းလေးဒေသ ဖြစ်ပေါ်လာသည်အထိ ဖြစ်ပါသည်။
အင်းသူအင်းသားတို့၏ ဇွဲလုံ့လနှင့် ဥာဏ်ပညာမှာ သူမတူထူးခြားစွမ်းရည်မြင့်မား လှပေသည်။ ရေတွင် နေထိုင်၍ သီးနှံများကို ကျွန်းမျောများဖြင့် စိုက်ပျိုး၍ ရှမ်းပြည်နယ် သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး သို့ ရောင်းချ နိုင်စွမ်းရှိပါသည်။ အင်းသီး ဟုပြောလိုက်လျင် ခရမ်းချဉ်သီးကို မသိုမရှိပေ။ လက်မှု ပညာ အနေဖြင့်လည်း အင်းပိုးထည်မှသည် အင်းလေးလွယ်အိတ် ၊ အင်းလေးပင်နီ ဖျင်ထည်များသည် မြန်မာနိုင်ငံကို ကျော်ပြီး ကမ္ဘာတလွှားတိုင်ကျော်ကြား လှပေသည်။ စာပေလောကတွင်လည်း ရှေးမြန်မာမင်းများလက်ထက်မှ စတင်၍ စာဆိုတော်ထွက် ထင်ကြီးမှသည် ယခုတိုင် ညောင်ရွှေအင်းလေးဒေသမှ စာရေးဆရာ ကဗျာဆရာများ အလွန်ပေါများစွာ ရှိခဲ့ ၊ ရှိနေဆဲ ဖြစ်ပါသည်။ ထိုသို့ ဘက်စုံအဘိုးထိုက် အဘိုးတန်သော နေရာ ဒေသအင်းလေးကန်ကြီး မကြာမီ ပျောက်ကွယ်သွားတော့မည် ၊ လူထုမနေနိုင် ၊ စိုက်ပျိုးရေး မလုပ်နိုင်သည့် ရွှံနွံထူထပ်သောကိုင်းတောများ ဖုံးလွှမ်းနေသော နေရာကြီးတစ်ခု ဖြစ်သွားမည် ဆိုလျင် နောင်လာနောက်သား မျိုးဆက်သစ် များအတွက် ရင်လေးဖွယ်ရာ အတိပင် ဖြစ်ပေတော့သည်။
အင်းလေး၏ ကံကြမ္မာ
လူသားနှင့် သဘာဝတောတောင်ရေမြေ တို့၏ ပဋိပက္ခကား ကမ္ဘာနှင့် အ၀ှမ်းကြုံတွေ့နေရသော အဆုံးမသတ်နိုင်သည့် အားပြိုင်မှုဖြစ်သည်။ အင်းလေးကန် နှင့် ၄င်း၏ ပတ်ဝန်းကျင်သည်လည်း လူသားတို့ ဖန်တီးနေသော ဘေးအန္တရာယ် အောက်ရောက်နေသည်ဟုဆိုလျင် မမှားနိုင်ပေ။ ဟိုယခင်ရှေးခတ်၌ အင်းလေးဒေသ ၀န်းကျင်တွင် လူနေအိမ်ခြေ နည်းပါးကာ ရေခြံများ ကျွန်းမျောစိုက်ခင်းများ မထွန်းကား သေးပေ။ ဘေးဘယ်ညာနှင့် မြောက်ဖက်မှ စီးဝင်သော ရေချောင်းရေမြောင်းများသည် သစ်တော သစ်ပင် ထူထပ် ၍ ရေစီးရေလာအားကောင်းသည်။ သစ်မြစ်များသစ်ပင်များကြောင့် နှုန်းပါဝင်မှု အားနည်းနည့်အတွက် ရေချောင်းများကြည်လင် ၍ အင်းလေးကန်ကြီး သို့ ရေ စီးဝင်မှုအားကောင်းခဲ့သည်။
၁၉၁၅ ခုနှစ်ခန့်တွင် ညောင်ရွှေမြို့ မှ ကျီးဖြူကန် သို့ ကျီးဖြူချောင်းဖြင့် ရေလမ်းဖောက်ခဲ့သည်မှာ ကျီးဖြူကန်မှ နမ့်ပန်ရွာ အထိဖြစ်သည်။ ကျီးဖြူကန်ကို ဆည်တည်ဆောက်၍ အပြီးတွင် ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်သည် ညောင်ရွှေမှ ကျီးဖြူကန် ချောင်းအတိုင်း ဆွဲလှေများဖြင့် စော်ဘွားကြီး၏ စီးတော်လှေကို ဆွဲကာ ကန်ဖွင့်ပွဲ ကျင်းပခဲ့သည်။ ကျီးဖြူကန်၌ ပြိုင်လှေ ၂၄ စင်းပါဝင်သော လှေ ပြိုင်ပွဲကျင်းပခဲ့ကြောင်း လည်း မှတ်သားရပါသည်။
အင်းလေးကန်၏ ကန်ဘောင်ရိုးသဖွယ် ညောင်ရွှေမြို့နယ် အရှေ့နှင့် အနောက် ၊ တောင်နှင့်မြောက် တောင်တန်းကြီးများက စီတန်းကာရံလျက် ရှိပါသည်။ ကန်ကြီးအတွင်း သို့ စီးဝင်သော ချောင်းမြောင်း များမှလည်း အလွန်များပြားလှသည်။ ထိုချောင်းမြောင်းများမှ ရေနှင့် နုန်းမြေနုများ ၊ မြေဆီမြေသြဇာများကို ပေးဝေခြင်းဖြင့် လူထုကို အကျိုးပြု၏။ သို့သော် တောင်တန်းများ၌ သစ်ပင်သစ်တောများ နည်းပါးလာသည့်အတွက် မြေဆီမြေသြဇာကင်းမဲ့သော မြေနီမြေစေးများသည် အင်းလေးကန်ကြီးနှင့် လူထု အကျိုးပြုခြင်းထက် တိမ်ကောပပျောက်ရန် အတွက်သာ ဖြစ်လာတော့သည်။
ဆက်ရန်.................
Monday, September 17, 2007
ကျောင်းကထိန်
ကျွန်မတို့အထက်တန်းကျောင်းသားဘ၀တုန်းက......
တန်ဆောင်တိုင်နီးပြီးဆိုရင်ကျွန်မတို့ကျောင်းသားတွေအတွက်တန်ဆောင်တိုင်အပြင်
နောက်ထပ်ပျော်စရာတစ်ခုကတော့ကျောင်းကထိန်ပါပဲ..
ကျောင်းမှာက“ကထိန်” ဆိုရင်အတန်းတိုင်းလိုလိုအရုပ်လုပ်ကြပါတယ်..
ကထိန်အတွက်ပိုက်ဆံထည့်ကြ၊ဘာအရုပ်လုပ်မလဲရွေးကြနဲ့ပျော်စရာကြီးပါ..
အရုပ်ကိုတော့အတန်းထဲကကျောင်းသားတစ်ယောက်အိမ်မှာထားပြီးကျန်တဲ့အတန်းသူ၊အတန်းသားအားလုံးက ၀ိုင်းကူလုပ်ကြပါတယ်..
အရုပ်ချိုးတာကတော့ကျွန်မတို့ကူစရာသိပ်မလိုပေမယ့်
အရုပ်မှာကပ်ဖို့အတွက်ပိုက်ဆံခေါက်တာတွေ၊ပိုက်ဆံကပ်တာတွေဘာတွေ
တော့အားလုံးဝိုင်းကူလုပ်ကြတာပေါ့
တစ်ချို့အတန်းတွေကတော့အရုပ်မှာပိုက်ဆံမကပ်ပဲနဲ့ဘုန်းကြီးကျောင်းရောက်မှ
ပိုက်ဆံလှူကြပါတယ်
ကျောင်းကအရုပ်အပ်ရမယ့်နေ့ကိုလည်းသတ်မှတ်ပေးပါတယ်...
အဲဒီအခါကျမှပဲအရုပ်ကိုကျောင်းမှာထားကြတာပါ..
အတန်းအားလုံးရဲ့အရုပ်ကိုကျောင်းမှာလာအပ်ရင်တွေ့ကြရပါပြီ..
ဘယ်အရုပ်အလှဆုံးလဲလို့တော့မမေးနဲ့....
ကိုယ့်အတန်းကလုပ်တဲ့အရုပ်ကဘယ်လိုကြည့်ကြည့်အလှဆုံးပဲ...
တကယ်တမ်းတော့အရုပ်အားလုံးကလှပါတယ်...
ကထိန်လှည့်တဲ့နေ့ကျရင်တော့တစ်ချို့အတန်းတွေကမီးပုံးပျံတွေလွှတ်ကြပါတယ်..
တစ်ချို့ကလည်းဘုန်းကြီးကျောင်းရောက်မှလွှတ်ကြပါတယ်..
သွားလှူမဲ့ဘုန်းကြီးကျောင်းကကျောင်းနဲ့ဘယ်လောက်ပဲနီးနီးမြို့ကိုတော့ပတ်ပါတယ်..
အရုပ်ကိုတော့လမ်းတစ်လျှောက်မိန်းကလေးရောယောကျာ်းလေးပါထမ်းကြပါတယ်
လမ်းဆုံးဖြစ်တဲ့ဘုန်းကြီးကျောင်းရောက်ရင်တော့ဘုန်းကြီးကျောင်းကနေ့လည်စာ
ကျွေးပါတယ်..
အတန်းကြီးတွေကတော့ကထိန်နေ့ကျရင်ဆင်တူဝတ်ဖို့အတွက်အ၀တ်တွေ
ဘာတွေချုပ်ကြပေါ့
ကျွန်မတို့ဆယ်တန်းနှစ်တုန်းကတော့အပေါ်အကျီ င်္ ဆင်တူဝတ်တဲ့အပြင် လွယ်အိပ်လည်းဆင်တူလွယ်ကြပါတယ်..
ကထိန်လှည့်တဲ့နေ့ကျရင်လမ်းမှာစားဖို့အတွက်မုန့်တွေဘာတွေလည်းတစ်ခါတည်း
ပြင်ထားပါတယ်.
ဒါပေမယ့်တကယ်တမ်းလှည့်တဲ့နေ့ကျရင်လမ်းမှာအသိတွေကမုန့်လာပေးလိုက်၊
မိဘတွေကမုန့်လာဝေလိုက်နဲ့ပါ
ကထိန်လှည့်တဲ့နေ့ဆိုရင်လမ်းဘယ်လောက်ဝေးဝေးလျှောက်ရလျှောက်ရမပင်ပန်းပါဘူး
မောလို့မောမှန်းလည်းမသိ၊ညောင်းလို့ညောင်းမှန်းလည်းမသိနဲ့ပေါ့
တန်ဆောင်တိုင်နဲ့တိုက်ရင်တော့ဘုန်းကြီးကျောင်းကအပြန်သူငယ်ချင်းတွေနဲ့
ပွဲထဲသွားလည်ပေါ့..
ဒါပေမဲ့နောက်ဆုံးအိမ်ပြန်ရောက်လို့ညရောက်ရင်တော့ညောင်းလိုက်တာပေါ့...
ကထိန်ပြီးရင်တော့ကျောင်းမှာပွဲကနှစ်ပွဲပဲကျန်တော့ပါတယ်
ပထမတစ်ပွဲကတော့ နှုတ်ဆက်ပွဲ ဖြစ်ပြီး
နောက်ဆုံးတစ်ပွဲကတော့ ရင်အခုန်ဆုံးမဟုတ်ပေမဲ့ ရင်အတုန်ဆုံးဖြစ်တဲ့ အတန်းတင်စာမေးပွဲ ပါပဲ.
(ဒါကတော့လွန်ခဲ့တဲ့လေးနှစ်တုန်းကအတွေ့အကြုံပေါ့)
ရောက်တတ်ရာရာ အတွေးများ
တိမ်တွေကို ထိတွေ့ခံစား ချင်တယ် . . . ။
မနေ့ညက တိမ်တွေထဲကို ရောက်သွားတယ်။ ပျံသန်းစရာ မလိုပဲ တိမ်တွေကို ထိတွေ့ခွင့်ရတယ်။ ပြတင်းတံခါး ကနေတိမ်စိုင်တချို့ အခန်းထဲဝင်လာတယ်။ အပြင်ကို ကြည့်လိုက်တော့ မလှမ်းမကမ်းက အရာဝတ္ထုတွေက မှုန်ဝါးဝါး။ မြို့လေးဆီကို အလည်လာတဲ့ တိမ်တိုက်တချို့။ ခြေလှမ်းတွေက တစ်လှမ်း၊ နှစ်လှမ်း ၊ သုံးလှမ်း . . ။
ကျွန်တော် တိမ်တွေထဲကို ရောက်သွားပြီ။ လမ်းမီးရောင်တွေက အလင်းမပေါက်နိုင်တော့ပဲ မှိန်ဖျော့ဖျော့ အဝိုင်းတွေ အဖြစ် အသွင်ပြောင်းကုန်ကြတယ်။ ထီးဆောင်းထားတဲ့ လမင်းလိုပေါ့။ မျက်နှာမှာ လာထိတွေ့တဲ့ ရေမှုန်သေးသေးလေး တွေရဲ့ အထိအတွေ့က နူးညံ့အေးမြလို့နေတယ်။ ဆံပင်နဲ့ မျက်တောင်တွေ ပေါ်မှာ ရေစက်တချို့။ လမ်းလယ်မှာ စိုက်ထားတဲ့ ထင်းရှူးပင်တွေလဲ ပျော်နေကြမယ် ထင်တယ်။
တိမ်တွေပြန်ထွက်ခွာ သွားတော့ ကောင်းကင်မှာ ကြယ်တွေစုံနေပြီ။ ခွဲခွာသွားတာ ကြာပြီဖြစ်တဲ့ ဆောင်းရဲ့ ရနံ့တစ်စိတ် တစ်ဒေသကို တွေ့လိုက်သလိုပဲ။ မတွေ့တာ ကြာပေမယ့် ရင်းနှီးနေပြီးသား ဆိုတော့ အေးမြသလို နွေးထွေးတယ်။ ဆောင်းရက်တွေ မြန်မြန်လာစေချင်ပြီ။ တစ်စိတ်တစ်ပိုင်းလေးပဲ ဖြစ်ဖြစ် ကြိုဆိုပါတယ်။
မင်္ဂလာပါ . . . ။
Sunday, September 16, 2007
အများသိစေရန်ကြေငြာခြင်း
ထို့သို့ရောင်းချ၊ ဝယ်ယူပြီးဖြစ်သော တေးသီချင်းများကို ယခုအခါ တေးရေးဆရာ လှိုင်းဇော်ဝင်း(ခ) မောင်ဇော်ဝင်း ကအခြား သူများထံသို့ ထပ်ဆင့်ရောင်းချနေကြောင်းသိရပါသည်။သို့ဖြစ်ပါ၍ ရောင်းချပေးပြီးသောတေးသီချင်းများကို သတ်မှတ်စည်းကမ်းများအရ ထပ်မံရောင်းချခြင်းမပြုရန်တေးရေး ဆရာလှိုင်းဇော်ဝင်း(ခ) မောင်ဇော်ဝင်းကို သတိပေးကြော်ငြာလိုက်ပါသည်။
Saturday, September 15, 2007
အင်းလေးကန်
“ရေညှိပျံ့သင်း၊ ညောင်ရွှေအင်းလည်း နတ်မင်းသုံးရန် နန္ဒကန်နှင့် သဏ္ဍာန်မခြား” အစချီစဆိုတော်ဦးပုည၏ အင်းလေး အလှကို နတ်မင်းတို့၏ နန္ဒကန်နှင့်ခိုင်းနှိုင်းတင်ပြသွားသည်မှာ အလွန်ပင် ကြည်နှူးဂုဏ်ယူစရာ ကောင်းလှပါသည်။
နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် တန်ဖိုးမဖြတ်နိုင်သော ရတနာသဖွယ် သတ်မှတ်ထိမ်းသိန်းထိုက်သော နေရာဒေသများ ရှိကြပါသည်။ အင်းလေး အင်းကြီးသည် မြန်မာနိုင်ငံတော်အတွက် အစားမထိုးနိုင်သော ရတနာပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်သာ မက ကမ္ဘာတလွှားသို့တိုင် ကျော်ကြားလျှက်ရှိပါသည်။
“မှိုင်းညှိ့ညို့ တောင်ပြာတန်းကြီးများက အရှေ့နှင့်အနောက်သွယ်တန်းကာ ရေပြင်က ကျယ်ကျယ် သဘာဝကျေးဌက် တွေပေါ ကြာဖြူ။ကြာညို ကြာပဒုမ္မာ တွေက ရောင်စုံဖျာလို့ အလှတင့်တယ် ”
ဤသဘာဝ ပန်းချီမှာ အင်းသူအင်းသာ တို့၏ စည်းချက်ညီညီ ၀ါးချက်ကျကျ လှေငယ်အား ခြေဖြင့်တက်ကို ၀ှိုက်ကာ ၀ှိက်ကာလှော်ခတ်ပုံမှာ ပုံရိပ် သဘာဝ ကျကျ လှပလို့နေပေသည်။ ကမ္ဘာကသိသည့် ဤအလှကို ပျောက်ကွယ်မသွားအောင် ထိမ်းသိန်းရန် မြန်မာနိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန်တရပ် ဖြစ်ပါသည်။
အင်းလေးကန် ပေါ်ပေါက်လာပုံ
အင်းလေးကန်ကို ပညာရှင်များက ကောက်ချက်အမျိုးမျိုး ချခဲ့ကြပုံမှာ
ဘူမိဘေဒ ပညာရှင်များ၏ သင်ကြားချက်အရဆိုလျှင် ရှမ်းကုန်းမြေမြင့်ဒေသသည် (Lime stone) ခေါ် ထုံးကျောက်များ ပေါ်ကြွယ်ရာ ဒေသဖြစ်သည်။ မိုးများ အဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော ပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟုဆိုကြ၏။
တဖန်တစ်ချို့သော ဘူမိဘေဒ ပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက်များကို ရေတိုက်စားခြင်းဖြင့် ရေတိုက်စားခံရသော နေရာများတွင် ချိုင့်ဝှမ်းဖြစ်ပေါ်လာသော ထုံးကျောက်အိုင် ဟူ၍ ဆိုကြ၏
တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ြေ့ကာင်းကြီးနှစ်ခု၏ အလယ်ထုအောက်သို့ လျှောကျမှုကြောင့် (ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ်လာသော ရေအိုင်ဟူ၍ လည်း ဆိုကြ၏။
မည်သို့ပင်ဆိုစေကာမူ အင်းလေးကန်ကြီးသည် လွန်ခဲ့သော နှစ် ၁၀ သန်းခွဲ လောက်ကပင် ရှိနေပြီဖြစ်သည်။ ထိုအချိန်ကာလ၏ ကန်ရေပြင်သည် ယခုမြေမျက်နှာပြင်ထက် ပေပေါင်း ၃၀၀ ခန့် မြင့်သည်ဟု ဆိုသည်။ မည်မျှ ကျယ်သည် မည်မျှ နက်သည်ကိုကား ရေရေရာရာ တိတိကျကျ မသိရှိရပေ။ သို့သော် သေချာခိုင်မာစွာ သိရသည်မှာ တဖြည်းဖြည်းနှင့် ကျမ်းမြောင်း တိမ်ကော လာပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။
အင်းလေးကန်၏ ထူးခြားချက်မှာ အမာခံ အောက်ကြမ်းပြင်မရှိခြင်း ဖြစ်သည်။ စိမ်းညို့ညို့ အရောင်ရှိသော အမှုန်များ စုပေါင်း၍ နွံ အဖြစ်သို့ ကူးပြောင်းသွားသော နှုန်းမြေများ ဖြစ်လာကြသည်။ ထိုအမှုန်များတွင် ထုံးဓါတ်အများအပြားပါဝင် သည်ကို တွေ့ရှိရသဖြင့် အင်းလေးကန် ကြီးသည် ထုံးကျောက် အရေပျော်အိုင်ကြီး ဖြစ်လာသည်ဟူသော ယူဆချက်မှာ အတော်ပင် ခိုင်မာသည်ဟု ဆိုနိုင်ပါသည်။
ဘ၀စုံလင်အင်းရေပြင်
အင်းလေးကန်ကြီးသည် နှစ်သန်းပေါင်းရာပေါင်းများစွာမှ စတင်ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော ရေအိုင်ကြီးတခုဖြစ်သဖြင့် ဖြတ်သန်းကျော်လွှား လာခဲ့သည့် အချိန်ကာလမှာ ကမ္ဘာနှင့်ချီ၍ ပင် ခိုင်းနှိုင်းလောက်သည်။ အင်းရေပြင်သည် မာန်ဟုန်ပြင်းပြင်း ထုထည်ကြီးမားသည့် အချိန်ကာလများကို ဖြတ်သန်းခဲ့ရသလို ထုထည်သေးငယ်သည့် ရေပြင် တိမ်တိမ်နှင့်လည်း နေခဲ့ရဖူးဟန် ရှိသည်။ လက်ဝဲ လက်ယာ ကမ်းများနှင့် တောင်မြောက် အင်းရေပြင်သည် ဆုတ်လိုက် တက်လိုက်ဖြင့် သံသရာ လည်နေခဲ့ဟန် လည်း တူပေသည်။
လွန်ခဲ့သော နှစ်၁၀၀၀ ကျော်ကလများတွင် ညောင်ရွှေမြို့သည် မပေါ်ထွန်းသေးပါ။ ညောင်ရွှေမြို့၏ မြောက်ယွန်းယွန်း လေးမိုင်ခန့်ရှိ ဗောရိဿတ် ဘုရား အနီးတွင် ရှေးဟောင်းမြို့ကြီး တစ်မြို့ ထွန်းကားခဲ့သည်။ ဧက ၉၇၀ ကျော် ကျယ်ဝန်းကြီးမားသော ထိုမြို့ကြီးကို မြို့ရိုးနှင့် ကျုံးတို့က ၀န်းရံထားပါသည်။ ထိုမြို့ကို ဒေသခံ များက “မြို့တွင်းကြီး ခေါ် ကောသမ္ဘီ (ကော့ဆမ်ပီ)” မြို့ကြီးဟုခေါ်ဆိုကြသည်။ ယခုတိုင် အချို့နေရာများတွင် အုတ်မြို့ရိုးများ ကျန်ရစ်တည်ရှိနေဆဲ ဖြစ်သည်။ အေဒီ ၁၀၀၀ ခန့်က ထိုကောသမ္ဘီ ခေါ် (ကမ္ဘောဇ တိုင်းနိုင်ငံ ကြီးသည်) ကြီးမား တန်ခိုးထွားခဲ့လေသည်။ ထိုအချိန်၌ အင်းရေပြင်သည် ယခု လက်ရှိအလျား (၁၄ မှ ၁၂ ) မိုင် အနံ (၄ မှ ၅ ) မိုင်ထက် သေးငယ်သည်။ ရေမျက်နှာပြင်ကျင်းသော်လည်း ပို၍နက်သည်။ ဤကောသမ္ဘီ မြို့ နိုင်ငံ ကြီးကို မြောက်ဘက်မှ တရုတ်တို့က အေဒီ ၁၁၁၃ အလောင်းစည်သူမင်း လက်ထက်တွင် လာရောက်တိုက်ခိုက်ကြရာ စစ်ရှုံး၍ ကောသမ္ဘီမှ ခွာ၍ တိမ်းရှောင်သွားကြသည်။ တရုတ်တပ်များ ပြန်ဆုတ် သွားပြီးနောက် မြို့တစ်မြို့ကို ထပ်မံ တည် ကြပြန်သည်။
မြို့တည်နေရာကား ယခု မိုင်းသောက်အင်းရွာနှင့် သလဲဦးရွာ အကြားရှိ ပေပင်အင်းရွာ အနောက်ဘက်တွင် ရမ္မ၀တီမြို့သစ်ကို တည်ထောင်ခဲ့ကြသည်။ ဤဒုတိယတည်ထောင်ခဲ့သော ရမ္မ၀တီမြို့သည် သဘာဝဘေးဒဏ်ြေ့ကာင့်ပျက်ခဲ့ရသည်။
ဟဲဟိုးသီခေါင်ပုံးအင်း
ယနေ့ကန်ရေပြင်သည် ရှေးအင်းလေးကန်၏ အစိတ်အပိုင်းမျှသာ ဖြစ်ပေသည်။ အင်းလေးကန် ရေပြင်သည် ယခင်က ပထ၀ီ အနေထားမှာ ယခုအတိုင်းမဟုတ်ပဲ ကျယ်ပြန့်ရာ အလျား ၃၈ မိုင် အနံ ၈ မိုင်ခန့်ထိ ရှိခဲ့သည်။ ရေဦးတိုက်ရွာများ အဖြစ် (၁) ပေါင်းပိန်း (၂) ရေဦး (၃) ဟိုနမ့် နှင့် (၄) ထန့်အိမ်အထိ ရေများ ရောက်သည်ဟု ဆိုကြသည်။ ယခု ညောင်ရွှေမြို့နေရာသည်ပင် တချိန်က အင်းရေပြင်ကျယ်ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ ဤမျှ မက ယခု ညောင်ရွှေမြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော တောင်နီ ကျေးရွာ (အင်းဦးစေတီ) အထိ တစ်ချိန်က ဦးတိုက်ခဲ့သည်ဟု ဆိုကြသည်။ ဟဲဟိုးသီခေါင် ချိုင့်ဝှမ်းကြီးသည် အရှေ့အင်းခေါင်း ရေထွက်မှ အနောက် ရေဝေါ တောင်နှင့် လက်မောင်းကွေးတောင်တန်းများ အထိ (၇)မိုင်(၈)မိုင်ခန့် ရှိသည်။ တောင်နှင့်မြောက်မှာ ၅ မိုင် ၆ မိုင်ကျော ရှိပေမည်။ ထိုအချိန်က ဟဲဟိုးချိုင့်ဝှမ်းကြီးသည် ရေပြင်ကျယ်ကျယ်နှင့် တင့်တယ်လို့ နေပါသည်။ ရေဝေါတောင်ပေါက်ထွက်ရာမှ ရေများ အလုံးအရင်းနှင့် အင်းလေးအင်းကြီးထဲသို့ စီးဝင်သွားသည့်အတွက် အင်းလေးအင်းကြီးသည် အလျား ၃၆ မိုင် အနံ ၈မိုင် ထိ ပထ၀ီ အနေအထားသို့ ရောက်ခဲ့ရသည်။ ရေဝေါတောင်သည် ၂ ပိုင်းနီးပါး ကွဲအက် ပေါက်သွားရခြင်းကို ဆန်းစစ်ကြည့်သော် သဘာဝ ဘေးဒဏ်ကြောင့်ဟု ယူဆရပါမည်။ မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် ဟဲဟိုးအင်းရေပြင်သည် အရှိန်အဟုန်ပြင်းစွာဖြင့် အဆမတန်မြင့်တက်ခဲ့ဟန်တူပါသည်။ ပြင်းထန်သော ရေအားကြောင့်ပေါက်ထွက်ခြင်း (သို့မဟုတ်) မြေငလျှင် လှုပ်ခါမှြုေ့ကာင့် ကွဲအက်ခြင်းများဖြစ်နိုင်ပါသည်။ မည်သို့ ဆိုစေကာမူ ဟဲဟိုးသီခေါင်နယ် ငုတ်တောင်ဘက်မှ တောင်ပြိုခြင်းကြောင့် ယခု ပုန်းအင်း (ဖုန်းအင်း) ဟု ခေါ်ကြသည့် ဘက်မှ အင်းရေများ ကျဆင်းလာပြီး အရှေ့တောင်ဘက် ညောင်ရွှေအင်းထဲထိ စီးဝင်လာခဲ့သဖြင့် အင်းရေသည် အလျား ၃၆ မိုင် အနံ ၈မိုင် အထိ ပထ၀ီ အနေအထားဖြစ်ပေါ်ခဲ့ရာ ဒုတိယ ရမ္မာဝတီမြို့ ရေအောက်သို့ရောက်ပြီး မြို့ပျက်ရခြင်းဖြစ်ပါသည်။ ဤဖြစ်ရပ်မှန်ကို သိနိုင်ရန် သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းကိရိယာများဖြင့် ဘူမိဘေဒ ကွင်းဆင်းလေ့လာပါက ဖြစ်ရပ်မှန်များ ဧကန်မုချ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရပါသည်။
တပေါင်းတန်ခူး ရေကျချိန်၌ အင်းလေးကန် အရှေ့ဘက် သလဲဦးရွာနှင့် မိုင်းသောက်ရွာကြား ပေပင်အင်းရွာ၏ အနောက်ယွန်းယွန်းတွင် ယခုတိုင် ရမ္မ၀တီ မြို့ဟောင်းကြီးအား တွေ့မြင်နိုင်ပါသည်။ ဒေသခံ လူများက နန်းတော်ရာ ဟုခေါ်ဆိုကြသည်။ မြေအောက်သို့ သေချာစွာကြည့်ပါက လူတစ်ဖက်မျှ ကြီးမားလှသည့် တိုင်ကြီးများကို ရေမှော်ရေညှိ များ ဖုံးအုပ်လျှက် တွေ့နိုင်ပါသည်။ အင်းလေးအင်းကြီး သေးငယ်စဉ်က ဤမြေရာ သည် ကုန်းမြေ ရမ္မာဝတီမြို့နေရာပင်ဖြစ်ပါသည်။ ရမ္မာဝတီ မြို့သူမြို့သားများလည်း ရေလွတ်ရာ အရှေ့တောင်ခြေသို့ ရွေ့လာကြပြီး။ မိုင်းသောက် (ရှမ်းအခေါ် မိုင်းဆောက် ၊ မိုင်း = မြို့ ဆောက် = တစ်ထောင်မျှ ဖြစ်၍ အဓိပ္ပာယ်မှာ မြေနေရာလွန်စွာကျဉ်းမြောင်းလှ၍ နေရာတစ်ထောင်မျှသာ ရှိသောမြို့ ဖြစ်သည ) တွင် နေထိုင်ကြပါသည်။ ထိုမှ တဖန်အင်းရေ အတော်အတန် ကျသွာသည့် အခါ၌ မြောက်ဘက်သို့ရွေ့ပြောင်းပြီး မြို့ ၂ မြို့ကို မြို့ရိုးများ ကျုံးများဖြင့် တည်ဆောက်ကြပြန်သည်။ ၄င်းမြို့ ၂မြို့မှာ ဖန်းဖယ် နှင့် မန်ကျည်းစင် ဖြစ်ပါသည်။ ဖန်းဖယ် (ဖာဖယ်) မှာ ရှမ်းဘာသာဖြင့် အမွှာ နှစ်မြို့ဟု အဓိပ္ပာယ်ရပါသည်။ ထိုနေရာသည်လည်း ကျဉ်းမြောင်းသေးငယ်လှ၍ သက္ကရာဇ် ၁၃၅၉ တွင် စော်ဘွားကြီး ဆီဆိုင်ဖ မှ ယခု ညောင်ရွှေမြို့ကို မြို့ အင်္ဂါရပ် နှင့် အညီ တည်ထောင်ခဲ့သည်။ ကောသမ္ဘီ တိမ်ကော ပျက်သုဉ်းပြီး နှစ်ရာပေါင်းများစွာ ကြာမြင့်လာသောအခါ ရေများလည်း ကျသွားပြီး ကုန်းမြေများပေါ်ထွန်း လာသည်။ ယခု အခါ ညောင်ရွှေမြို့သည်လည်း ကြီးမားသော ညောင်ရွှေ ချိုင့်ဝှမ်းကြီး၏ အလယ် ဗဟို ဘူမိနက်သန် နေရာမှန် ပြန်ရောက်ကာ တိုးတက်နေပြီဖြစ်ပါသည်။ ညောင်ရွှေသည် ရှမ်းဘာသာဖြင့် ယောင်ဟွေ့ ဟု အသံထွက်ကာ တောင်နှစ်လုံးကြားမှ ကုန်းမြေမို့မို့ဟု အဓိပ္ပာယ်ရပါသည်။ ရေကျသွားသဖြင့် ကုန်းမြေများ ပေါ်ထွန်းလာခြင်းကြောင့်ဖြစ်သည်။ အင်းလေး အင်းကြီးနှင့် အင်း၏ အရှေ့အနောက်တောင်မြောက် လွင်ပြင်များတွင် ရှေးဟောင်းမြို့ကြီးများ လွန်စွာပေါ်များလှသည်။ အချိုမှာ ကွယ်ပျောက်ကုန်ကြပေပြီ။ မပျောက်ပျက်သေးသော မြို့ရိုး ၊ အုတ်ရိုး နေရာ တော်တော်များများလည်း ကျန်ရှိနေပေသေးသည်။ စေတီပုထိုးရှေးဟောင်း သမိုင်းဝင် အဆောက်အဦးများလည်း လွန်းစွာပေါများလှသည်။ အင်းတ၀ိုက်နှင့် အနီးအနား ဒေသများမှေ၇ှးဟောင်းပစ္စည်းမျးလည်း ပေါ်ကြွယ်လှပေသည်။ ထိုညောင်ရွှေချိုင့်ဝှမ်းဒေသသည် ဤမျှ ရှေးဟောင်းအမွှေအနှစ်များ ပေါကြွယ်ချင်းမှာ သမိုင်းကြောင်ရှည်လျား၍ ယဉ်ကျေးမှုနှစ်ပေါင်းထောင်ချီ၍ ရှိခဲ့သည်မှာ သေချာလှပေသည်။
သမိုင်းကြောင်း
လူများသည် မည်သည့်အချိန်က စတင်၍ အခြေချနေထိုင်ခဲ့ကြသည်ကို ရှာဖွေရာတွင် ရဌ၀တီခေါ် ရပ်စောက်မြို့သမိုင်း စစ်တမ်းအရ မြန်မာ သက္ကရာဇ် ၁၀၁ ခရစ်သက္ကရာဇ် ရ၃၉ တွင်သရေခေတ္တရာမှ ဒွတ္တပေါင်မင်းသည် အင်းလေးရှိရေပေါ စံနန်း၌ ခေတ္တ လာရောက်စံမြန်းသွားသည်ဟု အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ် မှတ်တမ်း အပိုင်း ၂ အတွဲ ၂ စာမျက် နှာ ၂၆ တွင် “အင်းလေးမြန်မာစကား” စာတမ်းတွင် ဖော်ပြထားသည်။ ထိုကြောင့်မြန်မာနိုင်ငံတွင် အစောဆုံးလာရောက်အခြေချ နေထိုင်သော ပျူလူမျိုးတို့နှင့် အဆက်သွယ် ရှိခဲ့ဟန်တူပါသည်။ အင်းလေး ဒေသ ညောင်ရွှေချိုင့်ဝှမ်း လွင်ပြင်ကြီးသည် အေဒီ ၇၀၀ လောက်ကပင် ယဉ်ကျေးမှု ထွန်းကားပြီး အခြား ဒေသမှ မင်းနှင့် လူသူ အရောက်ပေါက်ရှီသည်ကို ပြဆိုနေပါသည်။
ရွှေသန်းတောင်ဘုရားကျောက်စာတွင် သက္ကရာဇ် ၃၇၉ (၁၁၇ အေဒီ) တွင် အနော်ရထာမင်းကြီးသည် ရွှေသန်းတောင်ဘုရားကို တည်တော်မူသည်။ ဒုတိယစည်သူခေါ် နရပတေ့စည်သူမင်းကြီးက ထပ်မံ ပြုပြင် တည်ဆောက်၍ ကျွန်သီးတော်များ ၀တ်မြေများကို လှူပြန်သည်။ ရွှေအင်းတိန်ဘုရားကျောက်စာတွင်လည်း အနော်ရထား မင်းမှ စ၍ အလောင်းစည်သူ အင်းဝရွှေနန်းကျော့၇ှင် စသည့်မင်းများက စေတီပုထိုးများ ပြုပြင်ခြင်း ထပ်မံ အသစ်တည်ထောင်ခြင်း ကျွန်သီးတော်များနှင့်ဝတ်မြေများ လှူဒါန်းခြင်းတို့ကို ဖော်ပြထားပါသည်။
ဆက်ရန်........
Thursday, September 13, 2007
ကျမ လွမ်းရတဲ့ မြို့နဲ့ စားစရာများ
ကျမလဲတောင်ကြီးမှာနေ ကတည်းကသူပြောတဲ့ဂျူးပဲပုတ်ကြော် ၊ အသားတု
ကြော် ၊ တို့ကိုစားခဲ့ဖူးပါတယ် ။ကျမက ပဲပုတ်ကြိုက်တဲ့သူမို့လားတော့မသိဘူး
စားကောင်းနေတာဘဲ တကယ်လဲ လုပ်ရောင်းတဲ့သူကိုကျေးဇူးတင်ဖို့ကောင်း
ပါတယ်။ ကျမဘန်ကောက်ကိုရောက်လာပြန်တော့လဲ အဲဒီ ဂျူးပဲပုတ်ကြော် ၊
အသားတုကြော် တွေနဲ့လဲမကင်းခဲ့ပြန်ပါဘူး ကုန်ခါနီးတိုင်း လူကြုံနဲ့အိမ်က
ထည့်ပေးနေလို့ အိမ်မှာ အမြဲမပျက်ရှိနေတာ ၊ ထမင်စားတိုင်း ပါနေတာလဲ
ဒီပဲပုတ်ကြော်ပဲပေါ့ အဲဒါအပြင်ကျမအိမ်မှာ အမြဲရှိတတ်တာကတော့ မျစ်ချဉ်
ခြောက် ၊ ဆွန်ထန်ခြောက် ၊ မန္တလေးကဝက်အူချောင်း ၊ မြေပဲဆီ ၊ မိုးကုတ်
ပဒေဿာလက်ဖက်တွေပါမကျန် ရိုးအီတယ်လို့မရှိဘဲ မပြတ်မလပ်စားနေခဲ့ရ
ပါတယ် ဒါပေမဲ့လဲ ဘာကို စားချင်လို့ စားချင်မှန်း မသိဘဲ ကိုယ့်မြို့ရဲ့အစား
အစာကိုတမ်းတနေရတာလဲ အမြဲတန်းလိုလိုပါဘဲ ကျ မအမြဲလိုလိုတမ်းတမိတဲ့
အစားအစာတွေကတော့ ကျမရဲ့မနက်စာအဖြစ်အမြဲစားတတ်တဲ့ ဒေါ်နန်းပန်
ရှမ်းခေါက်ဆွဲ နဲ့ ထိုဖူးနွေး ၊ အမှတ် (၅ ) ကျောင်းနားက ဆီချက် ၊ ရေစိမ် ၊အ
မှတ် (၄ ) ကျောင်းနားက ဖက်ထုပ်ကြော် နဲ့ မြီးရှည် ၊ သူ့ မျက်နှာချင်းဆိုင်က
ချဉ်ငံစပ် ၊မြို့မဈေးထဲကဟင်းထုပ် ၊ ငါးထမင်းနယ် ၊ဝက်သားချဉ်နဲ့ငရုပ်သီးလုံးကြော်
ကြွပ်ကြွပ်လေး၊ ဘေးကပ်လျက်က အေးမုန့်တီပူပူလေး ၊ နေ့လည်ပိုင်းဆိုရင်
ရွှေလည်တိုင်က ထိုဖူးသုတ်နဲ့ထိုဖူးကြော် ၊ ညဈေးထဲက ကော်ပြန့်ကြော်၊
ငါးဖယ်ကြော် ၊ ဝါပြားကနှမ်းထောင်းခေါပုတ် ၊ ဈေးထဲကရွှေနီငှက်ပျောသီး၊
ထောပတ်သီး ၊ မုန်ညှင်းချဉ် ၊ ထိုဖူးချဉ် ၊ မျစ်ချဉ် ၊ အမေကြော်ကျွေးတဲ့ငါး
ဒုက္ခ ၊ ပဲဟင်းဆေးခါးနဲ့ဂျူးသုတ် ၊ The Ranch ကကြေးအိုး ၊ စတဲ့အစားအ
စာတွေကတော့ ကျမတောင်ကြီးမှာနေ့စဉ်ကတနေ့တမျိုးမထပ်ရအောင်စားမိ
တဲ့အစားတွေဘဲပေါ့ .......ကဲစဉ်းစားကြည့်လိုက် အစားပုတ်တယ်လို့မထင်မိ
ဘူးလား..ဘာဘဲပြောပြောကိုယ့်မြို့မှာ ကိုယ်နေတုန်းကတော့ တစ်နေ့ငါဒါ
တွေကို လွမ်းရလိမ့်မယ်လို့ မထင်ခဲ့မိတာ အမှန်ပါဘဲ ...
ဒါပေမဲ့အခုချိန်မှာတော့တောင်ကြီးရဲ့လေအေးအေးတိုက်တဲ့အရဿာရယ်၊
ကျမစားချင်တဲ့အစားအစာတွေရယ်ကိုဘဲ တမ်းတမ်းတတ လွမ်းဆွတ်နေမိ
ပါတော့တယ်.......
တောင်ကြီးမှာမွေးတောင်ကြီးမှာကြီးလာတဲ့ကျမအတွက်တော့တောင်ကြီးမှာ
နေရတဲ့အချိန်ဟာတိုတောင်းလှပါလားလို့တွေးရင်း.........
တစ်နေ့တစ်ချိန်ကိုယ့်မြို့ကိုယ့်နေရာလေးမှာကိုယ့်မိသားစုနဲ့အတူထပ်နေခွင့်
ရမယ်ဆိုရင်တော့လို့တမ်းတရင်း................လွမ်းမိတယ် ...
တောင်ကြီးရယ်......
sue wan ပေးပို့လာသော အီးမေး ဖြစ်ပါသည်။
Wednesday, September 12, 2007
မြန်မာပြည်၏ဟယ်လင် - ၃
မြန်မာပြည်သည် စစ်ဘေးစစ်ဒဏ် မခံရသေးပါ ။ဥရောပ တိုက်တွင်မူ ဗြိတိန်နိုင်ငံသည် မိမိ၏ တည်မြဲမှုအတွက် စစ်တိုက်နေရသည်။ သို့သော် ဗြိတိသျှအင်ပိုင်ယာ၏ ချောက်ကျသော နေရာတွင် ရှိသည့် မြန်မာနိုင်ငံကို မည်သူကမျှ ဂရုမစိုက်သဖြင့် စစ်တိုင်လာမည် မဟုတ်ဟု ကျွန်မတို့ကို ထပ်တလဲလဲ အာမခံချက်ပေးနေ၍ တောင်ကြီးမြို့သူမြို့သားများသည် လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေခဲ့ ကြပါသည်။ စစ်ဘေးစစ်ဒဏ်အတွက် တွေးတော ပူပင်စရာ အကြောင်းမရှိပါ။
ဝါလတာ၏ အမ နှစ်ဦးမှာလည်း သူနာပြုဆရာမကြီးများပင်ဖြစ်၍ ရန်ကုန်ကို ဗုံးကြဲသောနေ့တွင် တောင်ကြီးသို့ ရောက်နေခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးသည် အိန္ဒီယပြည်သို့ ကုန်လမ်းမှ စစ်ပြေးကြရာတွင် လမ်းခရီး၌ သေဆုံးသွားကြသည်။ သူတို့နှစ်ဦး၏ ရုပ်ကလာပ်ကို လမ်းဘေးတစ်နေရာတွင် တွေ့ရသော အချိန်၌ လက်ထဲတွင် စာရွက် တရွက် ကိုင်ထားသည်ကို တွေ့ရသည်။ စာရွက်သည် မစ္စ၀ီလ်ဘီဆိုသူ အမျိုးသမီးက သူနှင့်သူ၏ ကလေး တစ်ဦး သေရအံ့ဆဲဆဲတွင်ပေးသွားသော သေတမ်းစာပင်ဖြစ်သည်။
မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျီနယ်ဒေါ်မန်စမစ်သည် လူအများအား မိမိတို့ တာဝန်ကျသောနေရာများတွင် နေကြရန် စိတ်အားထက်သန်စွာတိုက်တွန်းသွားပါသည်။ မြန်မာနိုင်ငံသည် ရန်သူကို ရင်ဆိုင်ရန် အသင့်ရှိနေပါသည်ဟု ပြောသွားခဲ့သည်။ သို့သော် ရန်ကုန်မြို့ကို ပထမ အကြိမ်ဗုံးကြဲ ခံရသည့် အချိန်တွင်ပင် မြို့ပေါ်ရှိ လူအများအပြားသည် ဘုရင်ခံ၏ စကားကို အယုံအကြည်မရှိကြ၍ တစ်သုတ်ပြီး တစ်သုတ် ထွက်ခွာသွားသေးသည်။
ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့တွင် နောက်တစ်ကြိမ် ဗုံးလာကြဲချသောအခါ ထောင်ပေါင်း များစွာသော မြို့သူမြို့သားများသည် အထက်ဗမာပြည်သို့ တစ်သုတ်ပြီးတစ်သုတ် ထွက်ပြေးကုန်ကြသည်။ ဥရောပတိုက်သား များနှင့် အခြားစစ်ပြေးများပါ တဖြည်းဖြည်း တောင်ကြီးမြို့သို့ ရောက်လာကြသည်။
ကျွန်မတို့တစ်တွေက ဂရုမထားခဲ့စေကာမူ စစ်ကြီးသည် ကျွန်မတို့ထံသို့ ဆိုက်ရောက်လာပါပြီ။
သတင်းတွေကား မယုံနိုင်စရာဖြစ်နေသည်။ “ကျွနုပ်တို့၏ စစ်သည်များသည် ဂျပန်လူဝါကလေးများထက် စစ်ရေးကျွမ်းကျင်သည်၊ ကျွနုပ်တို့၏ လေယာဉ်တွေက ပိုမိုခေတ်မီပြီး ဂျပန်လေယာဉ်ပျံများကို မြန်မာ ကောင်းကင်မှ မကြာမတင် ရှင်းလင်းပစ်တော့မည်“ ဟူ၍ ကျွန်မတို့ကို သတင်းလွှင့်ထားပါသည်။ အမှန်မှာ ကျွန်မတို့တွင် လေယာဉ်မရှိပါ။ ကျွန်မတို့၏ စစ်သားများကလည်း လေ့ကျင့်မှု မပြည့်ဝသည့် အပြင်လက်နက်များက ခေတ်နောက်ကျနေပါပြီ။
မြန်မာပြည်မှ ဆုတ်ခွာရေး အစီအစဉ် ကို ကျွန်မ ဝေဖန်ချင်ပါသည်။ အစီအစဉ်က ကမောက်ကမ နိုင်လှပါသည်။ မြန်မာပြည်မှ ဆုတ်ခွာရာတွင် မည်သည့်အတွက် ရန်ကုန် ရေလမ်းခရီးဖြင့် မဆုတ်ခွာ စေသနည်း။ နယ်စပ် တောင်ပေါ် ဒေသများသို့ စစ်ပြေးများအား စေလွှတ်ရာတွင် မည်သည့်အတွက် ကြိုဆိုလက်ခံရေးအဖွဲ့များ ကြိုတင်မစီစဉ်ခဲ့သနည်း။ တကယ်လို့များ တောင်ကြီးမြို့က ထွက်ခွာရမည်ဆိုလျှင် မည်သို့ ထွက်ခွာကြမည်နည်း။ ကျွန်မသည် ထိုအချိန်အထိ တောင်ကြီးမြို့က ဆုတ်ခွာ ထွက်ပြေးကြရလိမ့်မည် ဟု မထင်မှတ်သေးပါ။
ပျော်ပျော်ပါးပါး နှင့် အချိန်များ ကုန်သွားခဲ့သည်။ တောင်ကြီးကလပ်တွင် ဖဲရိုက်မပျက် ၊ အရက်သောက်မပျက် ၊ အကမပျက် ရှိကြသည်။ ကျွန်မကတော့ အရာရှိကတော် အချို့ကို သူနာပြုသင်တန်းပေးသည်။ ဆေးသေတ္တာများ ထုပ်ပုံထုပ်နည်း ၊ ကျပ်စည်းပုံစည်းနည်း များ သင်ပြေပေးသည်။ အရာရှိကတော် အချို့ကလည်း ရှမ်းစော်ဘွားသားများ ကျောင်းတွင် ယာယီဖွင့်ထားသော စစ်ဆေးရုံရှိ ဒဏ်ရာရ စစ်သားများကို သွားရောက် အားပေးသည်။ ဂျပန်များ ရန်ကုန်သို့ ချီတက်ရာတွင် ကြားဖြတ် ခုခံ တိုက်ခိုက်ခဲ့၍ ဒဏ်ရာ ရလာသူများ ဖြစ်သည်။
ကျွန်မမှာ အပျော်အပါးများကို စိတ်ကူးရန် အချိန်မရ ပါ။ ဆေးရုံအလုပ်နှင့်ပင် မအားလပ်အောင် ဖြစ်နေပါသည်။ ငှက်ဖျားရောဂါ ၊ ၀မ်းကိုက်ရောဂါက တစ်မျိုး ၊ ထိခိုက်ဒဏ်ရာ ရသူများနှင့် ကိုယ်ဝန်ဆောင်များက တစ်ဖုံ ၊ အူအတက်ပေါက်သူများ ခွဲစိတ် ကုသရေးက တစ်သွယ်ဖြင့် မိုးလင်းက မိုးချုပ် မအားရပါ။
ဆေးရုံတွင် အမှုထမ်းများက နည်းရသည့်အထဲ ဆေးရုံအုပ်ဆရာဝန် ဗိုလ်မှူးကြီး တက်ကင်း(စ)တန် ကိုစစ်တပ် ကဆွဲထားသေးသည်။ အစားပေးသူက တရုတ်မြန်မာ ကပြား၊ အသက်ကြီးပြီး ပင်စင် ပေးဖို့ပင် လွန်နေသော အရွယ်ကြီးဖြစ်သည်။
နောက်ပြီး အမေရိကန် သာသနာပြုအဖွဲ့မှ ဆရာဝန်ကြီး ဂေါ်ဒင်ဆီဂရေ့၏ ဆေးရုံမှ လေ့ကျင့်ပေးလိုက်သော သူနာပြုဆရာမကြီးခြောက်ဦး ၊ အဆောင်စောင့် လေးဦးနှင့် တိုင်းရင်းသားဆရာဝန် လေးဦးတို့လည်း ဆေးရုံသို့ ရောက်လာကြပါသည်။
စစ်ပြေး ဒုက္ခသည်များ တဖြည်ဖြည်း ရောက်လာကြရာ ကျွန်မတို့၏ သီးသန့်အခန်းများကိုပင် ပေးထားရသည်။ ကျွန်မတို့၏ တာဝန်က ပိုကြီးလာသည်။ စစ်ပြေးများထဲတွင် မျက်နှာဖြူများလည်း ပါရှိပါသည်။ အချို့သော မျက်နှာဖြူများ၌ အဖိုးထိုက် အဖိုးတန် ရွှေငွေ ကျောက်သံ ပတ္တမြားများကို အင်္ကျီ အနား ချုပ်ရိုးများတွင် ၀ှက်ပြီး ယူလာသည်ကို တွေ့ရပါသည်။
ယခုကဲ့သို့ ၀ှက်ယူလာသည်များကို ကြုံတွေ့ရသောအခါ ဒေါပွမိသည်။ အမှန်တော့ အရေးရယ် အကြောင်းရယ် လို့ ပေါ်လာလျှင်ထုတ်သုံးဖို့ လွယ်ကူရန် ယူဆောင်လာကြသည်ကို ကျွန်မအနေဖြင့် ဒေါမပွသင့်ပါ။ ထိုအချိန်အခါက ကျွန်မစိတ်ထဲတွင် ဘယ်သူသေသေ ငတေမာ ပြီးရော လူစားမျိုးကို ရွံမုန်းခဲ့ပါသည်။ ထိုစိတ်ဓါတ်သည် ၁၉၁၉ ခုနှစ်က ဖြစ်ပေါ်ခဲ့သော တုပ်ကွေးရောဂါ ကပ်ထဲ၌ ကျွန်မ သေမလိုဖြစ်ခဲ့ရာမှ အမွေရလိုက်ခြင်း ဖြစ်သည်ဟု မေမေ က ပြောပါသည်။
ကျွန်မသည် ထိုအချိန်က မြန်မာပြည်၏ အရှင်သခင်များ(အားလုံးတော့ မဟုတ်ပါ) ကို မျက်စိထဲတွင် ကြည့်မရခဲ့သည်ကိုတော့ ၀န်ခံပါသည်။ ထိုသို့သော အရှင်အခင်ကြီးများသည် ဆားဗစ်(စ) ဆိုသည်မှာ တင်းနစ် ကစားရာတွင်စပေးရသည့်ရိုက်ချက်ဟု ထင်မှတ် နေကြသူများ ဖြစ်သည်။ သူတို့ကို အပြစ်တင်၍လည်း မဖြစ်ပါ။ သူတို့သည် ပညာကို ကောင်းစွာသင်ကြား လာကြသူများ ၊ ဥာဏ်ရှိသူများ ဖြစ်သော်လည်း စနစ်တစ်ခု၏ သားကာင် များဖြစ်ပါသည်။ တင်းကျပ်သော လူတန်းစား ဖွဲ့စည်းပုံက သူတို့အား ထိုင်းမှိုင်း သွားစေခဲ့ပါသည်။
အရာရှိကြီး တစ်ဦးဦး၏ အိမ်သားစာရင်း ၀င်သွားပြီ ဆိုပါက အခြွေအရံ ၊ ကျေးကျွန်များက သူ့နေရာနှင့် သူ ရှိနေကြပြီး ဖြစ်၍ ဘာတစ်ခုမျှ ကိုယ်တိုင်လုပ်ရန် မလိုတော့ပါ။ ထမင်းချက် ၊ ကလေးထိန်း ၊ စားပွဲထိုး ၊ အစေခံများကို အမိန့်ပေးရုံနှင့် အစစ ပြည့်စုံ သွားကြ၍ ကိုယ့်ကိုယ်ကိုယ် အားကိုးချင်စိတ်ပင် မရှိတော့ပါ။
အိန္ဒိယပြည်သို့ ထွက်ပြေး လွတ်မြောက်သွားသူ များတွင် စိတ်ဓါတ် ခိုင်မာသူများ ၊ အစွမ်းအစ ရှိသူများ ပါဝင်ကြပ့ါသည်။ တောင်ကြီးသို့ ရောက်လာကြသူများသည် ထိုသို့ မဟုတ်ပါ။ သူတို့သည် ကလပ်ကို သူတို့၏ ဘ၀ ရပ်တည်ရေး လည်ပတ်ရန်အတွက် ဗဟိုပြုနေ ကြသည်။ ကလပ်မှ နေ၍ လှုပ်ရှားနေခြင်းဖြင့် လူဖြူ မဟုတ်သော လူတန်းစားအလွှာ အသီးသီးထက် သီးခြားကင်းလွတ် မြင့်မြတ်သူများ အဖြစ်ပြူမူနေကြပါသည်။
ယနေ့ခေတ်လူတွေက အသားရောင် ညိုမှောင် စေရန်အတွက် နေပူစာလှုံရန် နေရာများကို ရှာဖွေကြသည်။ မြန်မာပြည်တွင်မူ နေရောင်ကောင်းကောင်း ရပါလျှက် အမျိုးသမီးများက သူတို့၏ ဆင်စွယ်ရောင် အသားကို ကာကွယ်ရန် နေရိပ်ကို ခိုကြသည်။ဆင်စွယ်ရောင် အသားပိုင်ရှင်သည်သာ လူတန်းစား ခွဲရာတွင် ထင်ပေါ်သည် မဟုတ်ပါလား။
ခြေအိတ်လက်အိတ် အရှည်များ ၀တ်ခြင်း ၊ အရိပ်ထဲ၌ နေခြင်းတို့ကို ကျွန်မ မကြိုက်ပါ။ ကျွန်မ၏ မိဘများက သူတို့၏ အပေါင်းအသင်းရိပ်မြုံထဲသို့ မ၀င်စေလို၍ မဟုတ်ပါ။ ကျွန်မ၏ မိဘများသည် ဥရောပ တိုက်သူတိုက်သားများဖြစ်၍ ကျွန်မကို အသားရောင်ကြောင့် မည်သည့်အခါတွင်မျှ သူတို့ အပေါင်းသင်းမှ ဖယ်ထားခြင်း မရှိပါ။ အဖြူရောင်၏ အာနိသင်သည် မည်သည့် အရာနှင့်မဆို ကွဲပြားခြားနား သည်ဟူသော အတွေးအခေါ် ကို ကျွန်မ ကြီးပြင်းလာသော ပတ်ဝန်းကျင်က လက်ခံ ယုံကြည်နေသော ကြောင့်ဖြစ်ပါသည်။
ကျွန်မ၏ အသားရေမှာ ပျားရည်ရောင်ထနေပါသည်။ ဥရောပသူများလို ဖြူဖြူကြမ်းကြမ်း မဟုတ်ပါ။ အကယ်၍သာ ကျွန်မသည် အင်္ဂလိပ် မြန်မာကပြား ၊ သို့တည်းမဟုတ် အင်္ဂလိပ် ကုလား ကပြားဖြစ်နေမည် ဆိုပါက နှိမ့်ချခြင်း ၊ အပေါ်စီးမှ ကြည့်ခြင်း ၊ မထိတထိ စောင်းမြောင်း ပြောဆိုခြင်းတို့ကို ခံရမည်မှာ သေချာလှပါသည်။ ပေါ်တူကီသွေးက တစ်ဝက် ၊စကော့သွေးက တစ်ဝက်ဖြစ်၍သာ သက်သာမှု ရခဲ့ပါ၏
ကျွန်မ၏ မိဘအရင်းခြာများကို မဆိုထားဘိ ၊ ပေါ်တူဂီ လူမျိုး ဗတ်(စ်)ကိုဒဂါးမားနှင့် စကော့လူမျိုး ရောဘတ်ဆန်း(စ) တို့နှင့် လူမျိုးတစ်မျိုးတည်း ဖြစ်ရသည်ကို ပြောင်းလဲလိုစိတ်မရှိခဲ့ပါ။ သို့သော် ကျွန်မ၏ စိတ်ထဲတွင် လူဖြူမျိုး ဖြစ်ရသည့်အတွက် အခြားသူများထက် မြင့်မြတ်သည်ဟူ၍ မယူဆပါ။ လူပျိုလူလွတ် ဥရောပတိုက်သား တစ်ဦးနှင့် တိုင်းရင်းသူ အမျိုးသမီး တစ်ဦးတွဲလာ နေသည်ကို မကြည့်လို၍ ကပွဲမှ ထွက်သွားသူများ အပေါ်တွင်လည်း ကျွန်မက သည်းခံနိုင်သူ မဟုတ်ပါ။
ကျွန်မသည် အသားရောင်ခွဲခြားခြင်းကို ဆန့်ကျင်သော စိတ်ဓါတ်ပြင်းထန် သူများ၏ ကိုယ်စားလှယ်တော့ မဟုတ်ပါ။ အသားရောင်ခွဲခြားမှု စနစ်၏ မညီမျှမှုကို အဆုံးသတ်ရန် တောင်းဆိုနေသူ မဟုတ်သလို ၊ အနှိမ်ခံ လူတန်းစား များအတွက်ဝမ်းနည်းပက်လက် ဖြစ်နေခြင်းလည်း မရှိပါ။ ကျွန်မနေဖြင့် ထိုကဲ့သို့ သော သူများအတွက် လက်ခုပ် တီးမိမည် ဖြစ်ပါသည်။ ကျွန်မ၏ ဘ၀ အတွေ့အကြုံများက လူတန်းစား ခွဲခြားခြင်းသည် တန်ဖိုးမရှိဟူ၍ သင်ကြားပေးခဲ့ပါသည်။ ကျွန်မ၏ ဘ၀တွင် ယင်းသင်ခန်းစာကို မေ့ပျောက် လိမ့်မည် မဟုတ်ပါ။
ဆက်ရန်………………………………..
Tuesday, September 11, 2007
သြော် ဒုက္ခ၊ ဒုက္ခ
ငယ်ငယ်တုန်းက အကြောင်းကို တွေးမိရင်း မှတ်မိနေသော အကြောင်းအရာတစ်ခုက ပေါ်လာသည်။
ထူးထူးခြားခြားတော့မဟုတ်ပါဘူး..အင်းသူအင်းသားများနှင့် ပါတ်သတ်၊ ဆက်စပ်၊ စပ်နွယ် နေလို့ပါ။ အရမ်းကြီး ဆက်စပ်လားဆိုတော့လည်း အဲလောက်မဟုတ်ပါဘူး။ စဉ်းစားရင်းနဲ့ ပိုစ့်တစ်ခုရေးရင် ကောင်းမယ်ထင်လို့လေ။ ကုန်ကြမ်းကလည်း တယ်ရှားသကိုး။ ရေးချင်စိတ်ကတော့ အမြဲရှိပါတယ်။ အကြောင်းအရာက ရှာလို့မရတာ အခက်ဖြစ်နေလို့လေ။
ဆယ်တန်းဖြေပြီးတဲ့ အချိန်လောက်ကပေါ့။ အတိအကျပြောရရင် ၁၉၉၈ ခုနှစ်ရဲ့ နွေအကုန်၊ မိုးအကူးကာလလေးမှာပေါ့။ အဲတုန်းကတော့ ဆယ်တန်းဖြေပြီးစ ကျွန်တော်တို့လို လူငယ်လေးများအတွက် အင်္ဂလိပ်စကားပြောသင်တန်း၊ ကွန်ပြူတာသင်တန်းများတက်ရောက်ရခြင်းဟာ ပေါ်ပြူလာဖြစ်နေတော့ ကျွန်တော်လည်း အင်္ဂလိပ် စကားပြောသင်တန်းကို တက်ရောက်ဖြစ်သည်။ ခရစ်ယာန်ကျောင်းတွင် တက်ရခြင်းဖြစ်သည်။ မာသာကြီးတစ်ယောက်က သင်ကြားပေးသည်။ ဒီလိုနဲ့ သူသင်ပေးတာတွေကို သင်ကြားရင်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြောကြတာပေါ့။ အဲဒီမှာ ကျွန်တော့် ကုန်ကြမ်းလေးအစပြုတာပေါ့။ နေကောင်းလား? ကျန်းမာလား? မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ? ဒီလိုနဲ့ မေးရင်းမေးရင်း ဘာဟင်းချက်လဲ လို့ ကျွန်တော်အမေးခံလိုက်ရသည်။ အဲဒီမှာ ကျွန်တော်ကလည်း နောက်ချင်လာသည်။ ကောင်မလေးကလည်း လှတပတလေးကိုး အဟီး။ ဒါနဲ့ ကျွန်တော်က trouble fish curry လို့ဖြေလိုက်သည်။ ကြောင်သွားပုံရသည်။ မာသာကလည်း သူလည်းတစ်ခါမှမကြားဖူးဘူးတဲ့လေ။ သူတို့ကိုကြည့်ပြီး ကျွန်တော်တော်တော်ရီချင်သွားသည်။ ဒါနဲ့ကျွန်တော်ကပဲ ရှင်းပြရတာပေါ့။ အင်းသားရိုးရာ ဟင်းတစ်မျိုးဖြစ်ကြောင်း၊ငါးဒုက္ခဟင်းလို့ခေါ်ကြောင်းပေါ့။အဆစ်အနေနဲ့ ဘယ်လိုချက်ကြတယ်ဆိုတာကိုပါထည့်ပြောလိုက်သေးတယ်။ ကျွန်တော်က အဲဒီဟင်းကို အသေကြိုက်တာလေ။ အရှင်ကြိုက်လို့မရလို့။ :P သူ့ခမျာ သေပြီးတာတောင် ကောင်းကောင်းမနေရရှာဘူး။ ဗိုက်ကိုခွဲခံရတယ်၊ အစာသွတ်ခံရတယ် ၊ အကြော်ခံရတယ်၊ နှီးနဲ့ပြန်ချည်တာခံရတယ်၊ အင်းဒါကြောင့်လည်း ငါးဒုက္ခဟင်းလို့ခေါ်တာနေမှာလို့ စဉ်းစားမိသည်။
ပြောရင်းနဲ့ စားချင်လာပြီ။
ကဲ အင်းစကူးမမရေ..ဘယ်သူဘယ်ဝါကိုဆိုလိုလည်းဆိုတာကို ထည့်မပြောတော့ဘူးနော် ။ အားလုံးသိကြမှာပါ။
ငါးဒုက္ခဟင်းလေးကို ချက်နည်းလေးနဲ့တစ်ကွ ပိုစ့်လေးတင်ပါအုံးနော်…ကျွန်တော် တက်လိုက်ပါတယ်။ မကြာခင်စားရမယ်လို့မျှော်လင့်ပါတယ်။
Sunday, September 9, 2007
ဟင်းဘူး
လူကြုံနဲ့ ဟင်းဘူးတွေထည့်ပေးလိုက်တယ်တဲ့..
အင်း....ဒါဆို ရှမ်းပြည်စားစရာတွေစားရအုန်းမှာ
ဒီလိုမျိုး မဲ့မဲ့က သမီးစားဖို့ဆိုပြီး မကြာခဏဆိုသလို..
ဟင်းဘူးတွေပို့ပို့ပေးတတ်ပါတယ်.
ပဲပုတ်ကြော်... အသားတုကြော်.... မြေပဲကြော် အစရှိသဖြင့်ပေါ့..
အဲဒီအချိန်မျိုးဆိုရင် ညီမကို ဟင်းဘူးပို့ဖို့အရေး
ကိုယ်တိုင်ကြော်ပေးရမှကျေနပ်တတ
တစ်နေ့လောက်ကြိုပြီး ၀ယ်ခြမ်း...ချက်ပြုတ်...ကြော်လေ
ခုတော့...ဒီဒုက္ခဝေးပြီ...
တနေကုန် ဆီညှော်ခံပြီး ကြော်နေစရာမလိုတော့ဘူးလေ...
တောင်ကြီးမှာ အသင့်လုပ်ပြီး ဟင်းဘူးအကြော်တွေရောင်းနေပြီလေ.
ဘယ်သူရယ်လို့...အတိအကျမသိပေမယ့်
ညီမတစ်ယောက် ကျေးဇူးတင်နေရပါတယ်...
ရှမ်းပြည်စားစရာတွေကို...ကိုယ
မဲ့မဲ့ကိုလည်း ပင်ပင်ပန်းပန်း အညှော်ခံ ကြော်ပေးနေရမှာဆိုပြီး
အားနာစရာမလိုတော့ဘူး...
အိမ်ကိုဖုန်းဆက်မှာလိုက်ရုံနဲ့.
ချက်ချင်းဝယ်ထည့်ပေးလိုက်ရုံပဲ
တကယ်လို့...တောင်ကြီးပြန်လက်ဆေ
သယ်ဆောင်ရလည်းလွယ်တယ်...
အဲဒီဟင်းဘူးလေးတွေကို ပေးရင်လည်း
အသင့်စားနိုင်တဲ့အတွက် အားလုံးက သဘောကျတတ်ကြတယ်လေ..
တော်တော်ကိုအဆင်ပြေပါတယ်...
ဒီလိုပြောလို့ ညီမကို ကြော်ငြာနေတယ်မထင်ပါနဲ့...
ညီမကိုယ်တိုင်လည်း ဟင်းဘူးတွေ ဘယ်လိုလုပ်လို့..ဘယ်မှာရနိုင်တယ
ဟင်းဘူးကြိုက်သူ အားလုံးအတွက်လည်းအဆင်ပြေ...
ကိုယ်တိုင်လည်း စီးပွားဖြစ်အောင် လုပ်ဆောင်တတ်တဲ့သူတွေကို ချီးကျူးမိလို့ပါ...
P.S. ...........
ဟင်းဘူး = အသင့်စားသုံးနိုင်သော ဟင်းကြော်ထုပ်
ဥပမာ။ ။ ပဲပုတ်ကြော်၊ အသားတုကြော်၊ မှိုခြောက်ကြော်၊ မြေပဲကြော်၊
ငါးခြောက်ထောင်းကြော်၊ အသားခြောက်ကြော်၊ အသားထောင်းကြော်၊
မုန်ညင်းချဉ်ကြော်၊ ချဉ်ပေါင်ကြော်၊ ကြက်ဟင်းခါးသီးကြော်၊
ခရမ်းချဉ်သီးကြော်၊ ...................
(ဒါတွေအားလုံးဟာ..ညီမကို မဲ့မဲ့က ပို့ပို့ပေးတတ်တဲ့ ဟင်းဘူးတွေပဲဖြစ်ပါတယ်...
တခါတလေ.. ငါးဒုက္ခ...ထိုဖူးနှစ်ပြန်ကြော်တ
တောင်ကြီးမြို့မှ Recording Studio များ (၂)
ထွန်းစတူဒီယို ရဲ့ တည်နေရာကတော့ ည-၁၀၀၊ ဒေစီလမ်း၊ ဦးကြီးခမ်းရပ်၊ တောင်ကြီးမြို့ ဖြစ်ပါတယ်...
တယ်လီဖုန်းနံပါတ်ကတော့ ၀၈၁-၂၄၄၇၆ ပါ...
တာဝန်ခံ အင်ဂျင်နီယာကတော့ ကိုခွန်တူး ဖြစ်ပါတယ်...
ထွန်းစတူဒီယိုကတော့ လောလောဆယ် တောင်ကြီးမြို့မှာ ပစ္စည်းအစုံဆုံးနဲ့ အကောင်းဆုံးလို့ ပြောနိုင်ပါတယ်...
Computer Recording System ဖြစ်ပြီး Sound I/O Interface ကတော့ M-Audio Project Mix ဖြစ်ပါတယ်...
Recording Software ကတော့ Nuendo 3 ကိုသုံးပါတယ်....
Alesis HD-24 Hard disk Recorder လဲရှိပါတယ်...
ထွန်းစတူဒီယိုရဲ့ ပုံရိပ်အချို့ ဖေါ်ပြပေးလိုက်ပါတယ်...
Monitor Sound Box များ... KRK, Alesis Monitor one, JBL Studio Monitor
Studio Console (Mackie 24.8)
KB များ... Korg TR-61, Korg O1-WFD
Effect Rack
Guitar FX Processor, Boss GT-8
Tun Studio ၏ Control Room မှ Engineer ခွန်တူး
Vocal Mic, AKG C 414B-ULS Gold
YAMAHA Acoustic Guitar
Drums Set, TAMA Art Star ES
စုဆောင်းရသလောက် ဖေါ်ပြပေးလိုက်ပါတယ်...
Studio တွေကို ဓါတ်ပုံလိုက်ရိုက်ရာမှာ Win Studio နဲ့ D&D Studio တွေက တောင်ကြီးတက္ကသိုလ်မှာ Welcome ပွဲတွေရှိနေလို့ ပစ္စည်းတွေဖြုတ်ထားတဲ့အတွက် လောလောဆယ် မဖေါ်ပြပေးနိုင်သေးပါဘူး...
ကျန်ရှိတဲ့ Studio တွေအကြောင်း ဆက်လက်တင်ပြသွားပါ့မယ်....
Saturday, September 8, 2007
အမြဲတမ်းအတွက်
တောင်ကြီးချယ်ရီမြေ စတင်ချိန်ကစလို့ တောင်ကြီးမှာရှိတဲ့သူတွေရော၊ အဝေးရောက်နေသူတွေရော ကိုယ့်မြို့ ကိုယ့်ဒေသအကြောင်း ဗဟုသုတရော၊ အမှတ်တရရော၊ ထွေရာလေးပါးရော ပြောစရာ၊ ဆုံတွေ့စရာ နေရာလေးတစ်ခု ဖြစ်လာခဲ့တာအားလုံးအသိပါ...
အဝေးရောက်နေသူတွေရဲ့ ခံစားချက်နဲ့ အမှတ်တရလေးတွေကို ဒီမှာရှိတဲ့သူတွေ သိခွင့်ရသလို တောင်ကြီးက latest update ဖြစ်တဲ့အကြောင်းတွေလဲ အဝေးရောက်သူတွေ အလွမ်းပြေသိခွင့်၊ ကြည့်ခွင့်ရအောင် ဖေါ်ပြပေးနိုင်ခဲ့ပါတယ်...
အစပိုင်းမှာတော့ အားလုံးက ကိုယ်သိတာလေးတွေ၊ တင်ပြချင်တာလေးတွေ ၀ိုင်းရေးကြတော့ post တွေ အများကြီးတက်တာပေါ့... နောက်တော့လဲ ကိုယ့်အလုပ်နဲ့ကိုယ် မအားကြတဲ့သူတွေများတာမို့ ကြာကြာမှတစ်ခါ post အသစ်တင်နိုင်ကြတော့တာထင်ပါတယ်...
ကိုရဲမြန်မာကတော့ ဒီ blog လေးကို အရမ်းမျှော်လင့်အားထားသူမို့ သူ့ကိုယ်ပိုင် blog ကိုတောင် ပစ်ထားပြီး တောင်ကြီးချယ်ရီကိုပဲ ဦးစားပေးခဲ့တာ ကျွန်တော်တို့ အသိပါ... ကျွန်တော်ဆိုရင်လဲ blog ဆိုတာ ဘာမှန်းမသိရာကနေ ကိုရဲမြန်မာတို့၊ ကိုကျော်စွာတို့၊ ကိုအောင်မိန်းတို့ရဲ့ တက်ကြွမှုတွေ ဓါတ်ကူးပြီး blog ၀ါသနာပါလာခဲ့တာပါပဲ...
ဒါပေမဲ့ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာမို့ post တွေအများကြီး မတင်နိုင်ပါဘူး... Post တစ်ခု ဖြစ်လာဖို့တော်တော်လုံးပမ်းရပါတယ်...
သူများတွေ ပြောကြဆိုကြတာကိုပဲ အားပေးရင်းနဲ့ မုဒိတာပွားရပါတယ်...
တောင်ကြီးချယ်ရီမှာ post အမြဲမတင်နိုင်ပေမဲ့ စိတ်ထဲမှာတော့ အမြဲအားပေးနေတာပါ...
Post မတင်နိုင်တဲ့ တခြား Author တွေလဲ ဒီလိုပဲရှိလိမ့်မယ်ထင်ပါတယ်...
တောင်ကြီးချယ်ရီမြေကို ဒီလောက်ထိဝိုင်းဝန်းလာကြပြီးတော့မှ မပျက်စီးစေချင်ပါဘူး... ထာဝစဉ်တည်တံ့စေချင်ပါတယ်...
အားလုံးကလဲ ဒီသဘောအတိုင်း ရှိမယ်ထင်ပါတယ်...
ကိုရဲမြန်မာကို စိတ်မပျက်ဖို့ ပြောချင်သလို Author တွေအားလုံးကိုလဲ အချိန်ရရင်ရသလို post လေးတွေတင်ကြဖို့ တိုက်တွန်းချင်ပါတယ်...
တောင်ကြီးချယ်ရီအတွက် . . . အားလုံးအတွက် . . . အမြဲတမ်းအတွက်ပါ . . .
Friday, September 7, 2007
သီချင်းလက်ဆောင်
ကိုအယ်ဖြူ ကိုဟန်ထွန်း ကိုအောင်ဆိုထား တဲ့ သီချင်းကိုတင်ပေးလိုက်ပါတယ်….
ဒါကတော့စာသားပါ..
ယုံကြည်တဲ့အတိုင်းပဲ ငါရဲ့နေတို့ ရှေ့ကိုဆက်တိုးခဲ့ သာယာတဲ့ခရီး တစ်ခုရောက်မယ်ငါ့ရဲ့ရှေ့မှာမြင် ရတယ် သေချာတဲ့ စက္ကန်မိနစ်များက ငါကိုစောင့်ဆိုင်းဆဲ ယုံကြည်တဲ့အတိုင်းပဲ နောက်ပြန်လည်ဖို့ ကိုယ်မတွေး ခဲ့
အကြိမ်ကြိမ်မှာ ဆိုးဝါးခါးသီးလွန်းတဲ့ အိမ်မက်ထဲ ပြန်မြင်ရောင်ဆဲပဲ အတိက်က ကလေးတစ်ယောက် ဘဝ ဟာ မှုန်ဝါးဆဲ ဘယ်လိုခက်ခဲ မလဲ ဘယ်လိုပင် ကြမ်းတမ်းလဲ ရင်ဆိုင်ရဲ ခဲ့ 
ယုံကြည်တဲ အတိုင်းပဲ ( ယုံကြည်တဲအတိုင်းပဲ ) ယုံကြည်တဲ့အတိုင်းပဲ ရှေ့ဆက်ခဲ့
(ဘဝဟာ ……. ( သေချာတယ်ကြမ်းတမ်းလိမ့်မယ်) (သာယာတဲ့နေတွေ့ရှိတယ်)
ကြမ်းတမ်း………………. နူးညံ…… (ရင်ခုန်သံများနဲ့ခင်းလို့ထား ))
အကြိမ်ကြိမ်မှာ ဆိုးဝါးခါးသီးလွန်းတဲ့ အိမ်မက်ထဲ ပြန်မြင်ရောင်ဆဲပဲ အတိက်က ကလေးတစ်ယောက် ဘဝ ဟာ မှုန်ဝါးဆဲ ဘယ်လိုခက်ခဲ မလဲ ဘယ်လိုပင် ကြမ်းတမ်းလဲ ရင်ဆိုင်ရဲ ခဲ့
ယုံကြည်တဲ အတိုင်းပဲ ( ယုံကြည်တဲအတိုင်းပဲ ) ယုံကြည်တဲ့အတိုင်းပဲ ရှေ့ဆက်ခဲ့
(ဘဝဟာ ……. ( သေချာတယ်ကြမ်းတမ်းလိမ့်မယ်) (သာယာတဲ့နေတွေ့ရှိတယ်)
ကြမ်းတမ်း………………. နူးညံ…… (ရင်ခုန်သံများနဲ့ခင်းလို့ထား ))
ဘဝဟာ မျှော်လင့်ခြင်း အတွက်ကြမ်းတမ်းရဲ့ ဒီအိမ်မက်ထဲ ယုံကြည်တဲ့အတိုင်းပဲရှေးဆက်ခဲ့…….
Thursday, September 6, 2007
မြန်မာပြည်၏ဟယ်လင် - ၂
ဗုံးသံများ ၊ စက်သေနတ်သံများ ပျောက်သွားသော အခါ ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသော လူနာများကို နွားလှည်း များဖြင့် တမျိုး၊ စောင်ပုခက်များနှင့်တဖုံ၊ တွန်းလှည်းများနှင့် တသွယ် သယ်ယူလာသည့် ရှည်လျားသော လူတန်းကြီးသည် ကျွန်မတို့၏ ဆေးရုံသို့ ရောက်လာကြပါသည်။ တချို့သော ဒဏ်ရာရသူများက လေးဘက်တွားသွား၍ လာသည်လည်း ရှိပါသည်။ အချို့ကိုလည်းကျောတွင် ချီပိုးလာကြပါသည်။
ကျွန်မတို့၏ ဆေးရုံမှာ လူ ၁၂၀ စာမျှသာ ဆံ့သော်လည်း ယခု ရောက်လာကြသူများက လူပေါင်း လေးရာကျော် ရှိပါသည်။
အိမ်းများ ဈေးဆိုင်များသည် မီးလောင်နေကြပြီး လမ်းမများ ပေါ်၌ တိရိစ္ဆာန်နှင့် လူသေ အလောင်းများက ပြန့်ကြဲ နေပါသည်။အသားများကို မီးလောင်သောအခါ ထွက်ပေါ်လာသည့် ညှော်နံ့များကလည်း တလောကလုံး ကိုဖုံးအုပ်ထားပါသည်။
ပျောက်ဆုံးနေသော ဆွေမျိုးများ၊ မိတ်ဆွေ အပေါင်းအသင်း များကို ရှာဖွေနေကြလေသလား မသိပါ။ ခြေဦးတည့်ရာ လျှောက်သွားနေကြသူများ ကိုလည်း တွေ့ရပါသည်။ ပျက်စီးနေသော ပြတင်းပေါက်မှ မြို့ဘက်သို့ မျှော်ကြည့်လိုက်သည်တွင် မီးလောင်နေသော အဆောက်အအုံးများ ပေါ်ဝယ် မီးခိုးလုံးများကို မြင်ရသည့်အခါ ကျွန်မ၏ ရင်ထဲ၌ နတ်ဘုံနတ်နန်းတမျှ ထင်မှတ်ထားခဲ့သော တောင်ကြီးမြို့သည် အပြီးအပိုင် ကွယ်ပျောက် သွားခဲ့ပါပြီ။
ကျွန်မ၏ ဘ၀ကို ကြားက ဖြတ်ပြီး တင်ပြပါမည်။
စကော့တလန်သူ မိခင်နှင့် ပေါ်တူကီ လူမျိုး ဖခင်တို့၏ သမီးဦး ဖြစ်သော ကျွန်မသည် မြန်မာနိုင်ငံ ရှမ်းကုန်း မြေပြင်၌ မည်သို့မည်ပုံ ကြီးပြင်းလာရသည်ကို စ၍ဖော်ပြရန် လိုအပ်ပါသည်။
ကျွန်မ၏ဖခင် မစ္စတာ လင်းဘတ်၊ ကင်နက်၊ ရောဒရစ်(စ်)သည် အိန္ဒိယပြည်မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။ သူသည် စကော့တလန်ပြည် အီဒင်ဘာရာ ဆေးတက္ကသိုလ်မှ အမ်အာစီပီ ဘွဲ့ယူရန်အတွက် အီဒင်ဘာရာမြို့သို့ ရောက်လာခဲ့သည်။ သူနာပြုဆရာမ လုပ်နေသော ကျွန်မ၏ မိခင်နှင့် သူတို့ နှစ်ဦးမှာ တွေ့ဆုံ ချစ်ကြိုက်ကြသည်။
ကျွန်မ၏ အဘိုးမှာလည်ဒ ၄င်းယူနီဘာစီတီတွင် အနာတော်မီနှင့် ဖီဆီယာလော်ဂျီ ဘာသာရပ်နှစ်ခု၏ ပရိုဖက်ဆာ အဖြစ် အလုပ်လုပ်နေသည်။
ဖခင်က လက်ထက်ခွင့်တောင်းသည်ကို မိခင်ဘက်က မိဘများက သဘောမတူကြပါ။ စကော့လူမျိုး မိကောင်းဖခင် သားသမီးများနှင့် အသားရောင်ညိုသော သူစိမ်းတရံဆံများ လက်ထပ်ခြင်းကို သဘောမတူကြပါ။ သို့ဖြင့် ဖခင်သည် လက်လျှော့ပြန်သွားခဲ့ရသည်။
ဖေဖေသည် နောင် ၂နှစ်ကြာသောအခါ စကော့လားရှစ် ဆိုကိုရပြီး အမ်အာစီပီ ၊ ပီအယ် အာစီပီ ၊ ဒီပီအိပ်ခ်ျ ဘွဲ့များကို ဖြေဆိုရန် အရည်ချင်းရှိသူ တယောက်အဖြစ် အီဒင်ဘာရာ သို့ပြန်ရောက်လာသည်။ ယူနီဘာစီတီ တွင်ဂုဏ်ထူးရ ကျောင်းသားများ၏ အမည်များ ရေးထားသော ကျော်သင်ပုန်း၌ ဖေဖေ၏ အမည်မှာ ယနေ့တိုင် ရှိနေပါသေးသည်။
ဖေဖေသည် ဆေးပညာကိုသာ အပတ်တကုတ် ကြိုးစားသည် မဟုတ်ပါ။မိန်းမပိုးရာတွင်လည်း ဇွဲနပဲကြီးသူ ဖြစ်ပါသည်။ မိခင်ဘက်မှ လက်ထပ်ပေးရန် သဘောမတူသည်ကို သူအောင်နိုင်ခဲ့ပါသည်။ အခြား အတားဆီးတခုမှာ ဖခင်ဘက်က ဘရင်ဂျီ ဘာသာဖြစ်၍ မိခင်ဘက်က ပရိုတက်(စ)တင့် ဖြစ်နေခြင်းပင် ဖြစ်သည်။ နောက်ဆုံး၌ သူတို့၏ လက်ထပ်ပွဲကို ဘုးရားရှိခိုးကျောင်း နှစ်ခုလုံး၌ ကျင်းပရန် ညှိနှိုင်းလိုက်ကြသည်။
ဖေဖေသည် မြန်မာနိုင်ငံ ကျန်းမာရေးဌာန၌ ၀င်ရောက် အလုပ်လုပ်ခဲ့ပါသည်။ ပထမဆုံး အလုပ်မှာ ချင်းတောင်တွင် ဖြစ်ပါသည်။ ကျွန်မကို ၁၉၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ၌ မွေးဖွားခဲ့ပါသည်။ ဖေဖေသည် ပထမ ကမ္ဘာစစ်ပွဲကြီး၌ မက်ဆိုပိုဆေးမီးယား စစ်မြေပြင် ၊ ၄င်းနောက် အာဖဂန် နိစတန် စစ်မြေပြင်၌ စစ်မှုထမ်းခဲ့ပါသည်။
ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးသွား၍ မြန်မာပြည်သို့ ပြန်ရောက်လာသောအခါ ဖေဖေ့အား ဝေးသီခေါင်ဖျား ကျသော ဒေသများသို့ ပို့ထားပြီး ချောင်ထိုးထားခဲ့ပါသည်။ နေရာ တခု၌မူ မေမေသည် တညတည်းတွင် မြွေငါးကောင် ကို အိမ်ထဲ၌ပင် သတ်ခဲ့ရပါသည်။ ယင်းနောက် ဖေဖေ့ကို တောင်ကြီးမြို့ ဆေးရုံ၌ ခရိုင်ဆရာဝန်ကြီး အဖြစ် ခန့်ထားခဲ့ပါသည်။
မိခင်မှာ ကျန်းမာရေး မကောင်းသဖြင့် ဖေဖေကပင် စကော့တလန်ပြည်သို့ အပြီးအပိုင်ပြန်ရန် အကြံပေးပါသည်။ ၁၉၁၉ ခုနှစ်က ဖြစ်ပွားသော တုပ်ကွေးရောဂါကပ်ထဲတွင် ထမင်းချက်၊မြင်းထိန်းနှင့် ကလေးထိန်း တို့ သုံးဦးကွယ်လွန်ခဲ့သည့် အချိန်မှ စ၍ မေမေသည် တရှောင်ရှောင် ဖြစ်နေခဲ့သည်။ သို့သော် မေမေသည် တောင်အကြီးကြီး ရှိနေသည့် တောင်ကြီးမြို့ သို့ ရောက်သည်တွင် သူမ အလွန်တောင့် တနေသော မြို့ဟု နားလည်ခဲ့ပါသည်။
“ငါတို့တိုင်းပြည်ကို ပြန်ရောက်နေသလို သိပ်လှတဲ့ မြို့ပါကလား“ ဟုပင် မေမေက ကျူးရင့် ခဲ့သည်။ တို့တစ်တွေ ဒီမှာဘဲ တစ်သက်လုံးနေမယ်ဟု ထုတ်ဖော် ပြောခဲ့ပါသည်။
ဆရာဝန်ကြီးအတွက် သတ်မှတ်ထားသော အိမ်တွင် ကျွန်မတို့ မိသားစု နေကြသည်။ ဆေးရုံနှင့်နီး၍ သွားရေးလာတာ အဆင်ပြေလှပါသည်။
ဖေဖေသည် သူပိုင်အိမ်၌ နေလိုသူ ဖြစ်သည်။ ထို့ကြောင့် မြေရှစ်ဧက၀ယ်ပြီး အိမ်အကြီးကြီးတစ်လုံးကို သူ စိတ်ကူးရသမျှတို့နှင့် တန်ဆာဆင်ကာ အကောင်းဆုံး လက်သမား ၊ အကောင်းဆုံး ပန်းရံ၊ အကောင်းဆုံး ပစ္စည်းများနှင့် ၂ နှစ်တိုင်တိုင် အချိန်ယူ ဆောက်လုပ်ခဲ့ပါသည်။ အိမ်ပြီးသွားသောအခါ မေမေ၏ ဇာတိဖြစ်သော “ဂရိတ်မိုး“ မြို့၏ နာမည် ကိုပေးခဲ့သည်။
သူသည် ခြံဝင်းအတွင်း၌ တိရိစ္ဆာန်များ၊ ငန်း၊ ဘဲ။ ကြက်များ ၊ သစ်သီးပင်များ စိုက်ပျိုး မွေးမြူပါသည်။ မြင်းဇောင်းနှင့် နွားတင်းကုပ် များတည်ဆောက်ကာ မြင်းနှင့် ကျွဲနွားများ မွေးမြူပါသည်။ ရေကန်ကျယ်ကျယ် တခုကိုလည်း တူးဖော်ပါသေးသည်။
ဖေဖေသည် ထိုမျှနှင့် မကျေနပ်သေးပါ။ သူ၏ မိတ်ဆွေတဦး ပြင်သစ်ပြည်သို့ အပြီးအပိုင် ပြန်သွားသည်တွင် မြေလေးဧကပေါ်၌ ဆောက်ထားသော “ဂလင်းဗျူး“ အမည်ပေးထားသည့် အိမ်ကို ၀ယ်ပါသေးသည်။ ထိုမြေ၌ သစ်သီးပင်အမျိုးမျိုးနှင့် သစ်ပင်အများအပြား စိုက်ပျိုးရာတွင် သစ်ကြားသီးပင်များ ပါရှိခဲ့သည်။ ယင်းမြေကွက်မှာ ရေလှောင်ကန်၏ အောက်ဘက်ကျကျတွင် ရှိနေသဖြင့် လျှံကျလာသော ရေများကို ဆည်၍ မြောင်းများဖောက်ကာ သွယ်တန်းယူပါသည်။ မြေသြဇာက အလွန်ကောင်းသည်။ တကူးတကန့် မစိုက်ရဘဲ အပင်ပေါက်ပါသည်။
မေမေသည် ဘိုးစဉ်ဘောင်ဆက် လက်ထက်ကတည်းက တရိုတသေ သိမ်းဆည်းလာခဲ့သော အဖိုးထိုက်အဖိုးတန် ပစ္စည်းများကို စကော့တလန် နိုင်ငံမှ သယ်ယူလာခဲ့ပြီး ရန်ကုန်မြို့ သောမတ်(စ်)ကွတ် ကုမ္ပဏီတွင် နှစ်ပါင်းများစွာ အပ်ထားခဲ့ရာမှ ပြန်ယူကာ ဤအိမ်နှစ်အိမ်တွင် တန်ဆာဆင်ခဲ့ပါသည်။ငွေထည် ပစ္စည်းများကို စကော့တလန် နိုင်ငံမှ သယ်ယူလာခဲ့ပြီး ရန်ကုန်မြို့ သောမတ်(စ်)ကျွတ် ကုမ္မဏီတွင် နှစ်ပေါင်းများစွာ အပ်ထားခဲ့ရာမှ ပြန်ယူကာ ဤ အိမ်နှစ်အိမ်တွင် တန်ဆာဆင်ခဲ့ပါသည်။ ငွေထည်ပစ္စည်း အသုံးအဆောင်များ ၊ အိုးခွက်များ ၊ ကြည့်မှန်များကို အိမ်နှစ်လုံးစလုံးတွင် တပ်ဆင်ခဲ့ပါသည်။
မြန်မာပြည်ရှိ ဘိလပ်သားများသည် မိမိတို့အိမ်ကို ပြင်ဆင်မွမ်းမံရာတွင် ပြည်တွင်းဖြစ် ပစ္စည်းများကိုသာ အသုံးပြုကြသဖြင့် ကျွန်မတို့ကို အိမ်နီးနားချင်းများက မနာလိုကြပေ။ အိမ်ထောင်ပရိဘောဂများမှမူ ကျွန်းသားဖြင့် မြန်မာပြည်၌ စကော့တလန်နိုင်ငံ၏ ရှုမျှော်ခင်းများ၊ ဖေဖေ အာဖဂန်နိစတန်နိုင်ငံ လေလံပွဲမှ ၀ယ်ယူလာခဲ့သော ကော်ဇောများဖြင့် တန်ဆာဆင်ထားခဲ့ပါသည်။
ပန်းခြံထဲ၍မူ အရောင်မျိုးစုံနှင့် ဖူးပွင့်နေကြသော နှင်းဆီပန်းများ ၊ ရောင်စုံပန်း အမျိုးမျိုးနှင့် သစ်ခွပန်းများ ဝေဆာလျက် ရှိပါသည်။ မိတ်ဆွေ အပေါင်းအသင်းများက မေမေ့ကို သစ်ခွပန်းပါရဂူ ဟူ၍ နာမည်ပေးထားကြပါသည်။
တောင်ကြီးမြို့သည် အလွန် နေချယ်စဖွယ် ကောင်းသောမြို့ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၄၅၀၀ ကျော်အမြင့်တွင် ရှိ၍ ရှုမျှော်ခင်းများက ထူးခြားလှပသည်။ ရာသီဥတုကလည်း အလွန်းကောင်းသည်။ နေသာသော နေ့များ၌ တရုတ်ပြည်ဘက်မှ ဆီးနှင်းများကိုပင် လှမ်းမြင်ရသည်။ တောင်ကြီးမြို့၌ ကျွန်မသည် အလွန်ပျော်မွေ့ပါသည်။ တောင်ကြီးမြို့တွင် ကျွန်မ၏ ကလေးဘ၀ ကို မြှုပ်နှံလိုသည့ှ်ဆန္ဒမှ တစ်ပါး အခြားမရှိပါ။
ကျွန်မ၏ မိဘများကမူ ထိုသို့ မယူဆကြပါ။ မြင်းစီးလိုက် ရေကူးလိုက်၊ ခုန်ပေါက်မြူးတူးလိုက် ၊ မောင်ဖြူ ဟု နာမည် ပေးထားသော ကျွဲပေါ်တက်၍ မှိန်းလိုက် လုပ်နေ၍ မဖြစ်သေးကြောင်း ပြောပါသည်။ ကျွန်မအား မိဘများက တောင်ကြီးတွင် နေခွင့် မပေးခဲ့သော် လုံးဝ ကျိုးကြောင်းမျှတမှု ရှိလိမ့်မည် မဟုတ်ပါ။ ကျွန်မ၏ အိပ်မက်ကမ္ဘာပျက်သုဉ်း သွားပါက ကျွန်မအား ထိခိုက်နစ်နာဖွယ် ရှိပါသည်ဟု တင်ပြနေသော်လည်း ကျွန်မ၏ဘ၀တွင် လူတစ်လုံး သူတစ်လုံး ဖြစ်လာရေး အတွက် စာပေသင်ကြားရန် လိုအပ်သည်ကို သိနေပါသည်။
မေမေသည် ကျွန်မကို အီဒင်ဘာရာသို့ ခေါ်သွားပြီး ကျောင်းအပ်ပါသည်။ ကျွန်မ နေသား ကျသွားစေရန် မေမေ ကိုယ်တိုင် တစ်နှစ် အတူနေပေးပြီးမှ မြန်မာပြည်သို့ ပြန်သွားခဲ့သည်။ ကျွန်မကို အဘွားနှင့် ထားရစ်ခဲ့သည်။ အီဒင်ဘာရာ မြို့တွင် ပျော်သင့် သလောက်ပျော်စေကာမူ တောင်ကြီးမြို့၌ နေထိုင်ခဲ့ရသည်တို့ကို လွမ်းတသသ ဖြစ်ခဲ့ရသည်။
ကျွန်မ၏ အဘွား ကွယ်လွန်သွားသောအခါ တောင်ကြီးမြို့သို့ ပြန်ချိန်ရောက်ပြီဟု နားလည်လိုက်ပါသည်။ လမ်းခရီးတွင် အုပ်ထိန်းသူ အဖြစ် သင်္ဘော၏ ကပ္ပတိန်အား ကျွန်မကိုယ်ကျွန်မ ထိုးအပ်ပြီး မိဘများ ထံမှ တစ်စုံတရာ အကြောင်းကြားခြင်း မရှိသေးမီ လစ်ပါပူးမှ ရန်ကုန်သို့ထွက်သော ပင်လယ်ကူး သင်္ဘောနှင့် လိုက်ပါ လာခဲ့သည်။ ကိုလံဘိုမြို့သို့ သင်္ဘော ဆိုက်သောအခါ ကျွန်မအား ရန်ကုန် သင်္ဘောဆိပ်တွင် လာရောက်ကြိုဆို ပါရန် မိခင်ထံသို့ ကြေးနန်းရိုက် အကြောင်းကြားခဲ့ပါသည်။
ပျော်စရာကောင်းသော အိမ်ပြန်ခရီးဖြစ်စေကာမူ တောင်ကြီးတွင် ကြာကြာမနေရပါ။ အ၀တ်အစားများထုပ်ပိုးပြီး ပညာ ဆက်လက်သင်ကြားရန် ဒါဂျီလင်မြို့သို့ ထွက်ခဲ့ရပြန်ပါသည်။ကျွန်မ၏ ဖခင်သည်လည်း အလုပ်မှ အနားယူပြီး အိမ်တွင် နေကာ လက်သမား အလုပ်ကို လုပ်ကိုင်နေပါသည်။ ဖေဖေက ရယ်စရာ ပြောတတ်ပါသည်။
“ငါဟာ အရိုးဖြတ်လွ ဘ၀က စုတေပြီး သစ်သားဖြတ်လွှ ဖြစ်သွားပြန်ပြီ“ ဟု ပြောလေ့ရှိသည်။
ကျွန်မ တောင်ကြီးမြို့ ကို ပြန်ရောက်လာသည့် အခါ အချိန်များသည် ရပ်နေပြီး ကျွန်မ ပြန်အလာကို စောင့်ဆိုင်းနေဘိ သကဲ့သို့ ယခင်ကနှင့် ဘာမျှ ခြားနားသည်ကို မတွေ့ရပါ။
ဒါဘာ ပွဲများ၌ ဥရောပ တိုက်သား အရာရှိကြီးများသည် တောင်ပြောင်သော ယူနီဖောင်းများကို ၀တ်ဆင်၍ သူတို့၏ ခါးတွင် ဓါးများ ချိတ်ဆွဲလျက် သူတို့၏ ဇနီးများကလည်း လေတွင် တဖျပ်ဖျပ် လွင့်နေသော အင်္ကျီရှည်များကို ၀တ်ဆင်ပြီး ခေါင်းတွင်လည်း ဘောင်လာ ဦးထုပ်ပုံသဏ္ဏန် ဗောင်းထုပ်များအုပ်လျက် နယ်ဘက်ဆိုင်ရာ အရာရှိများကလည်း ကိုယ်ကျပ် အင်္ကျီနှင့် ပျံလွားငှက်ကြီးကဲ့သို့ ရှည်လျားသော မနက်ခင်းဝတ် အင်္ကျီများကို ၀တ်ဆင်ကာ ဒါဘာ ဆုပေးပွဲသို့ စီတန်း တက်ရောက်လာကြသည်တို့ကို ကျွန်မ မှတ်မိ နေပါသည်။
အင်းလေးကန် သို့ ကျွန်မတို့ အပျော်ခရီးထွက်ရာတွင် လှေများကို အလှအပများဖြင့် မွန်းမံ ပြင်ဆင်ထားပါသည်။ လှေလှော်သူများမှာ အခြား ဒေသများမှာ ကဲ့သို့ မဟုတ်ပဲ ခြေထောက်ဖြင့်လှော်တက်ကို ထိန်းပြီး လှော်ခတ်သူများဖြစ်ပါသည်။
ကျွန်မသည် သေနတ်ပစ်ရာတွင် ကျင်လည်၍ ငါးမျှားရာတွင်လည်း ကျွမ်းကျင်လှပါသည်။
အ၀တ်အစားများကို စိတ်ကူးရသလို ၀တ်ဆင်ပြီး ကျင်းပသော ပြိုင်ပွဲများတွင်လည်း ကျွန်မကသာ ဆုများ ရလေ့ရှီပါသည်။ သို့သော် ပျော်ရွှင်ခြင်းကို အဆုံးသတ်ရပါတော့မည်။ ကျွန်မသည် အလုပ် တခုခု လုပ်ရပါတော့မည်။
ကျွန်မ၏ မျက်နှာကို မှန်ထဲတွင် မကြာခဏ ကြည့်ဖူးပါသည်။ ကာလသားများ ကြိုက်သည့် ပထမတန်းစား အလှပိုင်ရှင် မဟုတ်ပါ။ ရွက်ကြမ်းရေကြို အလှမျိုးသာဖြစ်ပါသည်။ ယင်းရုပ်ရည်မျိုးသည် ကျွန်မ၏ အလုပ်နှင့် အံဝင်ခွင်ကျ ပင် ဖြစ်ပါသည်။ ကျွန်မသည် ဖနောင့်တချက် ဆောင့်ရုံမျှဖြင့် လူတွေက ကျွန်မကို ဂရုစိုက်နိုင်လာအောင် နှင့် တင်းတင်းကျပ်ကျပ် မလုပ်ထားပါပဲ အမိန့်ကို နာခံလာအောင် လုပ်နိုင်ခဲ့ပါသည်။
ကျွန်မသည် ဖေဖေနှင့် နီးနီးကပ်ကပ် နေလာခဲ့ရသည် ဖြစ်၍ လူနာများကို စည်းရုံးနိုင်သော နည်းလမ်းများ ဖေဖေ့ထံမှ ရခဲ့ပါသည်။ ဆေးကအ၀င်ဆိုး၍ ဆေးမသောက်လိုသူများအား ဆေးသောက်ချင်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ အလွန် စကာများသော လူနာများ၊ အလွန်ပင်ပန်း နွမ်းနယ်နေသော ရောဂါသယ်များ ငြိမ်သက်သွားစေရန် အဖျားတိုင်း ပြဒါးတိုင် သည် အစွမ်းထက်သည့် လက်နက်တမျိုးဟု သိလာပါသည်။
အခြေခံအားဖြင့် ကျွန်မသည် ရှက်တတ်ကြောက်တတ်ပါသည်။ ကျွန်မ၏ ပင်ကိုယ်သဘောမှာ မိမိနှင့် မဆိုင်သော ကိစ္စများ၌ စိတ်ဝင်စားမှု မရှိခြင်းပင် ဖြစ်ပါသည်။ ကျွန်မ၏ ပွင့်လင်းသော အမူအကျင့်များသည် မိမိကိုယ်ကို ယုံကြည်စိတ်ချမှု နဲပါးနေခြင်း အပေါ်တွင် ဖုံးကွယ်သွားပါသည်။ ကျွန်မ၏ အသက်က ငယ်ရွယ်စေကာမူ ကမ္ဘာပေါ်တွင် အလှပဆုံး ဒေသတခုရှိ ဆေးရုံတရုံမှ သူနာပြူ ဆရာမကြီး ဖြစ်သည်ကိုတော့ ပြင်ပ ကမ္ဘာက ကျွန်မကို အသိအမှတ်ပြုရ ပါမည်။
ဆက်ရန်………………