Thursday, September 6, 2007

မြန်မာပြည်၏ဟယ်လင် - ၂

တောင်ကြီးမြို့ ဈေးနေ့မှာ ရက်သတ္တပတ်မှ တစ်ကြိမ်သာ ရှိသည်။ မေမေသည် ဈေးနေ့တွင် ဈေးဝယ်ထွက်လေ့ ရှိသည်။ တကြိမ်တခါမှ မပျက်ကွက်ခဲ့ပါ။ သို့သော် ထိုနေ့တွင် တစုံတခုက လှုံဆော်ပေးလေသလားပဲ မသိပါ။ မေမေ့ကို ဈေးမသွားရန် ပြောမိသည်။ မေမေ ဈေးသို့ မသွားဖြစ်ပါ။ ကျွန်မသည်လည်း ဆေးရုံ မသွားမီ စာတိုက်သို့သွား၍ စုထားသောငွေများကို လိုရမည်ရ ထုတ်ယူလိုက်ပါသည်။

ဗုံးသံများ ၊ စက်သေနတ်သံများ ပျောက်သွားသော အခါ ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသော လူနာများကို နွားလှည်း များဖြင့် တမျိုး၊ စောင်ပုခက်များနှင့်တဖုံ၊ တွန်းလှည်းများနှင့် တသွယ် သယ်ယူလာသည့် ရှည်လျားသော လူတန်းကြီးသည် ကျွန်မတို့၏ ဆေးရုံသို့ ရောက်လာကြပါသည်။ တချို့သော ဒဏ်ရာရသူများက လေးဘက်တွားသွား၍ လာသည်လည်း ရှိပါသည်။ အချို့ကိုလည်းကျောတွင် ချီပိုးလာကြပါသည်။

ကျွန်မတို့၏ ဆေးရုံမှာ လူ ၁၂၀ စာမျှသာ ဆံ့သော်လည်း ယခု ရောက်လာကြသူများက လူပေါင်း လေးရာကျော် ရှိပါသည်။
အိမ်းများ ဈေးဆိုင်များသည် မီးလောင်နေကြပြီး လမ်းမများ ပေါ်၌ တိရိစ္ဆာန်နှင့် လူသေ အလောင်းများက ပြန့်ကြဲ နေပါသည်။အသားများကို မီးလောင်သောအခါ ထွက်ပေါ်လာသည့် ညှော်နံ့များကလည်း တလောကလုံး ကိုဖုံးအုပ်ထားပါသည်။

ပျောက်ဆုံးနေသော ဆွေမျိုးများ၊ မိတ်ဆွေ အပေါင်းအသင်း များကို ရှာဖွေနေကြလေသလား မသိပါ။ ခြေဦးတည့်ရာ လျှောက်သွားနေကြသူများ ကိုလည်း တွေ့ရပါသည်။ ပျက်စီးနေသော ပြတင်းပေါက်မှ မြို့ဘက်သို့ မျှော်ကြည့်လိုက်သည်တွင် မီးလောင်နေသော အဆောက်အအုံးများ ပေါ်ဝယ် မီးခိုးလုံးများကို မြင်ရသည့်အခါ ကျွန်မ၏ ရင်ထဲ၌ နတ်ဘုံနတ်နန်းတမျှ ထင်မှတ်ထားခဲ့သော တောင်ကြီးမြို့သည် အပြီးအပိုင် ကွယ်ပျောက် သွားခဲ့ပါပြီ။

ကျွန်မ၏ ဘ၀ကို ကြားက ဖြတ်ပြီး တင်ပြပါမည်။

စကော့တလန်သူ မိခင်နှင့် ပေါ်တူကီ လူမျိုး ဖခင်တို့၏ သမီးဦး ဖြစ်သော ကျွန်မသည် မြန်မာနိုင်ငံ ရှမ်းကုန်း မြေပြင်၌ မည်သို့မည်ပုံ ကြီးပြင်းလာရသည်ကို စ၍ဖော်ပြရန် လိုအပ်ပါသည်။
ကျွန်မ၏ဖခင် မစ္စတာ လင်းဘတ်၊ ကင်နက်၊ ရောဒရစ်(စ်)သည် အိန္ဒိယပြည်မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။ သူသည် စကော့တလန်ပြည် အီဒင်ဘာရာ ဆေးတက္ကသိုလ်မှ အမ်အာစီပီ ဘွဲ့ယူရန်အတွက် အီဒင်ဘာရာမြို့သို့ ရောက်လာခဲ့သည်။ သူနာပြုဆရာမ လုပ်နေသော ကျွန်မ၏ မိခင်နှင့် သူတို့ နှစ်ဦးမှာ တွေ့ဆုံ ချစ်ကြိုက်ကြသည်။
ကျွန်မ၏ အဘိုးမှာလည်ဒ ၄င်းယူနီဘာစီတီတွင် အနာတော်မီနှင့် ဖီဆီယာလော်ဂျီ ဘာသာရပ်နှစ်ခု၏ ပရိုဖက်ဆာ အဖြစ် အလုပ်လုပ်နေသည်။
ဖခင်က လက်ထက်ခွင့်တောင်းသည်ကို မိခင်ဘက်က မိဘများက သဘောမတူကြပါ။ စကော့လူမျိုး မိကောင်းဖခင် သားသမီးများနှင့် အသားရောင်ညိုသော သူစိမ်းတရံဆံများ လက်ထပ်ခြင်းကို သဘောမတူကြပါ။ သို့ဖြင့် ဖခင်သည် လက်လျှော့ပြန်သွားခဲ့ရသည်။

ဖေဖေသည် နောင် ၂နှစ်ကြာသောအခါ စကော့လားရှစ် ဆိုကိုရပြီး အမ်အာစီပီ ၊ ပီအယ် အာစီပီ ၊ ဒီပီအိပ်ခ်ျ ဘွဲ့များကို ဖြေဆိုရန် အရည်ချင်းရှိသူ တယောက်အဖြစ် အီဒင်ဘာရာ သို့ပြန်ရောက်လာသည်။ ယူနီဘာစီတီ တွင်ဂုဏ်ထူးရ ကျောင်းသားများ၏ အမည်များ ရေးထားသော ကျော်သင်ပုန်း၌ ဖေဖေ၏ အမည်မှာ ယနေ့တိုင် ရှိနေပါသေးသည်။
ဖေဖေသည် ဆေးပညာကိုသာ အပတ်တကုတ် ကြိုးစားသည် မဟုတ်ပါ။မိန်းမပိုးရာတွင်လည်း ဇွဲနပဲကြီးသူ ဖြစ်ပါသည်။ မိခင်ဘက်မှ လက်ထပ်ပေးရန် သဘောမတူသည်ကို သူအောင်နိုင်ခဲ့ပါသည်။ အခြား အတားဆီးတခုမှာ ဖခင်ဘက်က ဘရင်ဂျီ ဘာသာဖြစ်၍ မိခင်ဘက်က ပရိုတက်(စ)တင့် ဖြစ်နေခြင်းပင် ဖြစ်သည်။ နောက်ဆုံး၌ သူတို့၏ လက်ထပ်ပွဲကို ဘုးရားရှိခိုးကျောင်း နှစ်ခုလုံး၌ ကျင်းပရန် ညှိနှိုင်းလိုက်ကြသည်။

ဖေဖေသည် မြန်မာနိုင်ငံ ကျန်းမာရေးဌာန၌ ၀င်ရောက် အလုပ်လုပ်ခဲ့ပါသည်။ ပထမဆုံး အလုပ်မှာ ချင်းတောင်တွင် ဖြစ်ပါသည်။ ကျွန်မကို ၁၉၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ၌ မွေးဖွားခဲ့ပါသည်။ ဖေဖေသည် ပထမ ကမ္ဘာစစ်ပွဲကြီး၌ မက်ဆိုပိုဆေးမီးယား စစ်မြေပြင် ၊ ၄င်းနောက် အာဖဂန် နိစတန် စစ်မြေပြင်၌ စစ်မှုထမ်းခဲ့ပါသည်။
ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးသွား၍ မြန်မာပြည်သို့ ပြန်ရောက်လာသောအခါ ဖေဖေ့အား ဝေးသီခေါင်ဖျား ကျသော ဒေသများသို့ ပို့ထားပြီး ချောင်ထိုးထားခဲ့ပါသည်။ နေရာ တခု၌မူ မေမေသည် တညတည်းတွင် မြွေငါးကောင် ကို အိမ်ထဲ၌ပင် သတ်ခဲ့ရပါသည်။ ယင်းနောက် ဖေဖေ့ကို တောင်ကြီးမြို့ ဆေးရုံ၌ ခရိုင်ဆရာဝန်ကြီး အဖြစ် ခန့်ထားခဲ့ပါသည်။
မိခင်မှာ ကျန်းမာရေး မကောင်းသဖြင့် ဖေဖေကပင် စကော့တလန်ပြည်သို့ အပြီးအပိုင်ပြန်ရန် အကြံပေးပါသည်။ ၁၉၁၉ ခုနှစ်က ဖြစ်ပွားသော တုပ်ကွေးရောဂါကပ်ထဲတွင် ထမင်းချက်၊မြင်းထိန်းနှင့် ကလေးထိန်း တို့ သုံးဦးကွယ်လွန်ခဲ့သည့် အချိန်မှ စ၍ မေမေသည် တရှောင်ရှောင် ဖြစ်နေခဲ့သည်။ သို့သော် မေမေသည် တောင်အကြီးကြီး ရှိနေသည့် တောင်ကြီးမြို့ သို့ ရောက်သည်တွင် သူမ အလွန်တောင့် တနေသော မြို့ဟု နားလည်ခဲ့ပါသည်။

“ငါတို့တိုင်းပြည်ကို ပြန်ရောက်နေသလို သိပ်လှတဲ့ မြို့ပါကလား“ ဟုပင် မေမေက ကျူးရင့် ခဲ့သည်။ တို့တစ်တွေ ဒီမှာဘဲ တစ်သက်လုံးနေမယ်ဟု ထုတ်ဖော် ပြောခဲ့ပါသည်။
ဆရာဝန်ကြီးအတွက် သတ်မှတ်ထားသော အိမ်တွင် ကျွန်မတို့ မိသားစု နေကြသည်။ ဆေးရုံနှင့်နီး၍ သွားရေးလာတာ အဆင်ပြေလှပါသည်။
ဖေဖေသည် သူပိုင်အိမ်၌ နေလိုသူ ဖြစ်သည်။ ထို့ကြောင့် မြေရှစ်ဧက၀ယ်ပြီး အိမ်အကြီးကြီးတစ်လုံးကို သူ စိတ်ကူးရသမျှတို့နှင့် တန်ဆာဆင်ကာ အကောင်းဆုံး လက်သမား ၊ အကောင်းဆုံး ပန်းရံ၊ အကောင်းဆုံး ပစ္စည်းများနှင့် ၂ နှစ်တိုင်တိုင် အချိန်ယူ ဆောက်လုပ်ခဲ့ပါသည်။ အိမ်ပြီးသွားသောအခါ မေမေ၏ ဇာတိဖြစ်သော “ဂရိတ်မိုး“ မြို့၏ နာမည် ကိုပေးခဲ့သည်။
သူသည် ခြံဝင်းအတွင်း၌ တိရိစ္ဆာန်များ၊ ငန်း၊ ဘဲ။ ကြက်များ ၊ သစ်သီးပင်များ စိုက်ပျိုး မွေးမြူပါသည်။ မြင်းဇောင်းနှင့် နွားတင်းကုပ် များတည်ဆောက်ကာ မြင်းနှင့် ကျွဲနွားများ မွေးမြူပါသည်။ ရေကန်ကျယ်ကျယ် တခုကိုလည်း တူးဖော်ပါသေးသည်။

ဖေဖေသည် ထိုမျှနှင့် မကျေနပ်သေးပါ။ သူ၏ မိတ်ဆွေတဦး ပြင်သစ်ပြည်သို့ အပြီးအပိုင် ပြန်သွားသည်တွင် မြေလေးဧကပေါ်၌ ဆောက်ထားသော “ဂလင်းဗျူး“ အမည်ပေးထားသည့် အိမ်ကို ၀ယ်ပါသေးသည်။ ထိုမြေ၌ သစ်သီးပင်အမျိုးမျိုးနှင့် သစ်ပင်အများအပြား စိုက်ပျိုးရာတွင် သစ်ကြားသီးပင်များ ပါရှိခဲ့သည်။ ယင်းမြေကွက်မှာ ရေလှောင်ကန်၏ အောက်ဘက်ကျကျတွင် ရှိနေသဖြင့် လျှံကျလာသော ရေများကို ဆည်၍ မြောင်းများဖောက်ကာ သွယ်တန်းယူပါသည်။ မြေသြဇာက အလွန်ကောင်းသည်။ တကူးတကန့် မစိုက်ရဘဲ အပင်ပေါက်ပါသည်။

မေမေသည် ဘိုးစဉ်ဘောင်ဆက် လက်ထက်ကတည်းက တရိုတသေ သိမ်းဆည်းလာခဲ့သော အဖိုးထိုက်အဖိုးတန် ပစ္စည်းများကို စကော့တလန် နိုင်ငံမှ သယ်ယူလာခဲ့ပြီး ရန်ကုန်မြို့ သောမတ်(စ်)ကွတ် ကုမ္ပဏီတွင် နှစ်ပါင်းများစွာ အပ်ထားခဲ့ရာမှ ပြန်ယူကာ ဤအိမ်နှစ်အိမ်တွင် တန်ဆာဆင်ခဲ့ပါသည်။ငွေထည် ပစ္စည်းများကို စကော့တလန် နိုင်ငံမှ သယ်ယူလာခဲ့ပြီး ရန်ကုန်မြို့ သောမတ်(စ်)ကျွတ် ကုမ္မဏီတွင် နှစ်ပေါင်းများစွာ အပ်ထားခဲ့ရာမှ ပြန်ယူကာ ဤ အိမ်နှစ်အိမ်တွင် တန်ဆာဆင်ခဲ့ပါသည်။ ငွေထည်ပစ္စည်း အသုံးအဆောင်များ ၊ အိုးခွက်များ ၊ ကြည့်မှန်များကို အိမ်နှစ်လုံးစလုံးတွင် တပ်ဆင်ခဲ့ပါသည်။

မြန်မာပြည်ရှိ ဘိလပ်သားများသည် မိမိတို့အိမ်ကို ပြင်ဆင်မွမ်းမံရာတွင် ပြည်တွင်းဖြစ် ပစ္စည်းများကိုသာ အသုံးပြုကြသဖြင့် ကျွန်မတို့ကို အိမ်နီးနားချင်းများက မနာလိုကြပေ။ အိမ်ထောင်ပရိဘောဂများမှမူ ကျွန်းသားဖြင့် မြန်မာပြည်၌ စကော့တလန်နိုင်ငံ၏ ရှုမျှော်ခင်းများ၊ ဖေဖေ အာဖဂန်နိစတန်နိုင်ငံ လေလံပွဲမှ ၀ယ်ယူလာခဲ့သော ကော်ဇောများဖြင့် တန်ဆာဆင်ထားခဲ့ပါသည်။

ပန်းခြံထဲ၍မူ အရောင်မျိုးစုံနှင့် ဖူးပွင့်နေကြသော နှင်းဆီပန်းများ ၊ ရောင်စုံပန်း အမျိုးမျိုးနှင့် သစ်ခွပန်းများ ဝေဆာလျက် ရှိပါသည်။ မိတ်ဆွေ အပေါင်းအသင်းများက မေမေ့ကို သစ်ခွပန်းပါရဂူ ဟူ၍ နာမည်ပေးထားကြပါသည်။

တောင်ကြီးမြို့သည် အလွန် နေချယ်စဖွယ် ကောင်းသောမြို့ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၄၅၀၀ ကျော်အမြင့်တွင် ရှိ၍ ရှုမျှော်ခင်းများက ထူးခြားလှပသည်။ ရာသီဥတုကလည်း အလွန်းကောင်းသည်။ နေသာသော နေ့များ၌ တရုတ်ပြည်ဘက်မှ ဆီးနှင်းများကိုပင် လှမ်းမြင်ရသည်။ တောင်ကြီးမြို့၌ ကျွန်မသည် အလွန်ပျော်မွေ့ပါသည်။ တောင်ကြီးမြို့တွင် ကျွန်မ၏ ကလေးဘ၀ ကို မြှုပ်နှံလိုသည့ှ်ဆန္ဒမှ တစ်ပါး အခြားမရှိပါ။

ကျွန်မ၏ မိဘများကမူ ထိုသို့ မယူဆကြပါ။ မြင်းစီးလိုက် ရေကူးလိုက်၊ ခုန်ပေါက်မြူးတူးလိုက် ၊ မောင်ဖြူ ဟု နာမည် ပေးထားသော ကျွဲပေါ်တက်၍ မှိန်းလိုက် လုပ်နေ၍ မဖြစ်သေးကြောင်း ပြောပါသည်။ ကျွန်မအား မိဘများက တောင်ကြီးတွင် နေခွင့် မပေးခဲ့သော် လုံးဝ ကျိုးကြောင်းမျှတမှု ရှိလိမ့်မည် မဟုတ်ပါ။ ကျွန်မ၏ အိပ်မက်ကမ္ဘာပျက်သုဉ်း သွားပါက ကျွန်မအား ထိခိုက်နစ်နာဖွယ် ရှိပါသည်ဟု တင်ပြနေသော်လည်း ကျွန်မ၏ဘ၀တွင် လူတစ်လုံး သူတစ်လုံး ဖြစ်လာရေး အတွက် စာပေသင်ကြားရန် လိုအပ်သည်ကို သိနေပါသည်။

မေမေသည် ကျွန်မကို အီဒင်ဘာရာသို့ ခေါ်သွားပြီး ကျောင်းအပ်ပါသည်။ ကျွန်မ နေသား ကျသွားစေရန် မေမေ ကိုယ်တိုင် တစ်နှစ် အတူနေပေးပြီးမှ မြန်မာပြည်သို့ ပြန်သွားခဲ့သည်။ ကျွန်မကို အဘွားနှင့် ထားရစ်ခဲ့သည်။ အီဒင်ဘာရာ မြို့တွင် ပျော်သင့် သလောက်ပျော်စေကာမူ တောင်ကြီးမြို့၌ နေထိုင်ခဲ့ရသည်တို့ကို လွမ်းတသသ ဖြစ်ခဲ့ရသည်။

ကျွန်မ၏ အဘွား ကွယ်လွန်သွားသောအခါ တောင်ကြီးမြို့သို့ ပြန်ချိန်ရောက်ပြီဟု နားလည်လိုက်ပါသည်။ လမ်းခရီးတွင် အုပ်ထိန်းသူ အဖြစ် သင်္ဘော၏ ကပ္ပတိန်အား ကျွန်မကိုယ်ကျွန်မ ထိုးအပ်ပြီး မိဘများ ထံမှ တစ်စုံတရာ အကြောင်းကြားခြင်း မရှိသေးမီ လစ်ပါပူးမှ ရန်ကုန်သို့ထွက်သော ပင်လယ်ကူး သင်္ဘောနှင့် လိုက်ပါ လာခဲ့သည်။ ကိုလံဘိုမြို့သို့ သင်္ဘော ဆိုက်သောအခါ ကျွန်မအား ရန်ကုန် သင်္ဘောဆိပ်တွင် လာရောက်ကြိုဆို ပါရန် မိခင်ထံသို့ ကြေးနန်းရိုက် အကြောင်းကြားခဲ့ပါသည်။

ပျော်စရာကောင်းသော အိမ်ပြန်ခရီးဖြစ်စေကာမူ တောင်ကြီးတွင် ကြာကြာမနေရပါ။ အ၀တ်အစားများထုပ်ပိုးပြီး ပညာ ဆက်လက်သင်ကြားရန် ဒါဂျီလင်မြို့သို့ ထွက်ခဲ့ရပြန်ပါသည်။ကျွန်မ၏ ဖခင်သည်လည်း အလုပ်မှ အနားယူပြီး အိမ်တွင် နေကာ လက်သမား အလုပ်ကို လုပ်ကိုင်နေပါသည်။ ဖေဖေက ရယ်စရာ ပြောတတ်ပါသည်။
“ငါဟာ အရိုးဖြတ်လွ ဘ၀က စုတေပြီး သစ်သားဖြတ်လွှ ဖြစ်သွားပြန်ပြီ“ ဟု ပြောလေ့ရှိသည်။

ကျွန်မ တောင်ကြီးမြို့ ကို ပြန်ရောက်လာသည့် အခါ အချိန်များသည် ရပ်နေပြီး ကျွန်မ ပြန်အလာကို စောင့်ဆိုင်းနေဘိ သကဲ့သို့ ယခင်ကနှင့် ဘာမျှ ခြားနားသည်ကို မတွေ့ရပါ။
ဒါဘာ ပွဲများ၌ ဥရောပ တိုက်သား အရာရှိကြီးများသည် တောင်ပြောင်သော ယူနီဖောင်းများကို ၀တ်ဆင်၍ သူတို့၏ ခါးတွင် ဓါးများ ချိတ်ဆွဲလျက် သူတို့၏ ဇနီးများကလည်း လေတွင် တဖျပ်ဖျပ် လွင့်နေသော အင်္ကျီရှည်များကို ၀တ်ဆင်ပြီး ခေါင်းတွင်လည်း ဘောင်လာ ဦးထုပ်ပုံသဏ္ဏန် ဗောင်းထုပ်များအုပ်လျက် နယ်ဘက်ဆိုင်ရာ အရာရှိများကလည်း ကိုယ်ကျပ် အင်္ကျီနှင့် ပျံလွားငှက်ကြီးကဲ့သို့ ရှည်လျားသော မနက်ခင်းဝတ် အင်္ကျီများကို ၀တ်ဆင်ကာ ဒါဘာ ဆုပေးပွဲသို့ စီတန်း တက်ရောက်လာကြသည်တို့ကို ကျွန်မ မှတ်မိ နေပါသည်။
အင်းလေးကန် သို့ ကျွန်မတို့ အပျော်ခရီးထွက်ရာတွင် လှေများကို အလှအပများဖြင့် မွန်းမံ ပြင်ဆင်ထားပါသည်။ လှေလှော်သူများမှာ အခြား ဒေသများမှာ ကဲ့သို့ မဟုတ်ပဲ ခြေထောက်ဖြင့်လှော်တက်ကို ထိန်းပြီး လှော်ခတ်သူများဖြစ်ပါသည်။

ကျွန်မသည် သေနတ်ပစ်ရာတွင် ကျင်လည်၍ ငါးမျှားရာတွင်လည်း ကျွမ်းကျင်လှပါသည်။
အ၀တ်အစားများကို စိတ်ကူးရသလို ၀တ်ဆင်ပြီး ကျင်းပသော ပြိုင်ပွဲများတွင်လည်း ကျွန်မကသာ ဆုများ ရလေ့ရှီပါသည်။ သို့သော် ပျော်ရွှင်ခြင်းကို အဆုံးသတ်ရပါတော့မည်။ ကျွန်မသည် အလုပ် တခုခု လုပ်ရပါတော့မည်။

ကျွန်မ၏ မျက်နှာကို မှန်ထဲတွင် မကြာခဏ ကြည့်ဖူးပါသည်။ ကာလသားများ ကြိုက်သည့် ပထမတန်းစား အလှပိုင်ရှင် မဟုတ်ပါ။ ရွက်ကြမ်းရေကြို အလှမျိုးသာဖြစ်ပါသည်။ ယင်းရုပ်ရည်မျိုးသည် ကျွန်မ၏ အလုပ်နှင့် အံဝင်ခွင်ကျ ပင် ဖြစ်ပါသည်။ ကျွန်မသည် ဖနောင့်တချက် ဆောင့်ရုံမျှဖြင့် လူတွေက ကျွန်မကို ဂရုစိုက်နိုင်လာအောင် နှင့် တင်းတင်းကျပ်ကျပ် မလုပ်ထားပါပဲ အမိန့်ကို နာခံလာအောင် လုပ်နိုင်ခဲ့ပါသည်။

ကျွန်မသည် ဖေဖေနှင့် နီးနီးကပ်ကပ် နေလာခဲ့ရသည် ဖြစ်၍ လူနာများကို စည်းရုံးနိုင်သော နည်းလမ်းများ ဖေဖေ့ထံမှ ရခဲ့ပါသည်။ ဆေးကအ၀င်ဆိုး၍ ဆေးမသောက်လိုသူများအား ဆေးသောက်ချင်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ အလွန် စကာများသော လူနာများ၊ အလွန်ပင်ပန်း နွမ်းနယ်နေသော ရောဂါသယ်များ ငြိမ်သက်သွားစေရန် အဖျားတိုင်း ပြဒါးတိုင် သည် အစွမ်းထက်သည့် လက်နက်တမျိုးဟု သိလာပါသည်။

အခြေခံအားဖြင့် ကျွန်မသည် ရှက်တတ်ကြောက်တတ်ပါသည်။ ကျွန်မ၏ ပင်ကိုယ်သဘောမှာ မိမိနှင့် မဆိုင်သော ကိစ္စများ၌ စိတ်ဝင်စားမှု မရှိခြင်းပင် ဖြစ်ပါသည်။ ကျွန်မ၏ ပွင့်လင်းသော အမူအကျင့်များသည် မိမိကိုယ်ကို ယုံကြည်စိတ်ချမှု နဲပါးနေခြင်း အပေါ်တွင် ဖုံးကွယ်သွားပါသည်။ ကျွန်မ၏ အသက်က ငယ်ရွယ်စေကာမူ ကမ္ဘာပေါ်တွင် အလှပဆုံး ဒေသတခုရှိ ဆေးရုံတရုံမှ သူနာပြူ ဆရာမကြီး ဖြစ်သည်ကိုတော့ ပြင်ပ ကမ္ဘာက ကျွန်မကို အသိအမှတ်ပြုရ ပါမည်။


ဆက်ရန်………………

No comments: