Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Friday, February 6, 2009

စင်ပေါ်တက်ရတဲ့ အခိုက်အတန့်

အ ထ က ( ၁) ၊ ၁၀ တန်း (အေ) ၊ ထမင်းစားကျောင်းတက်ပြီးစ စာသင်ချိန်။

ဆရာမရဲ့ အကြည့်တစ်ချက်က ကျွန်တော့်၏ နောက်ပြောင်ချင်တဲ့စိတ်တွေအားလုံးကို ရပ်တန့်စေခဲ့သည်။ ထိုမှ တဆင့် ဝမ်းနည်းမှု။

အချိန်က တော့ Bio သင်တဲ့အချိန်ပေါ့ ။

အဲဒီနေ့က ဘာတွေ ကျွန်တော် အူမြူးနေမှန်းမသိ ။ သူငယ်ချင်းတွေကို စလိုက် နောက်လိုက်နှင့် တဟားဟား ပွဲကျ နေခဲ့သည် ။ ကျောင်းတက်ခေါင်းလောင်းထိုးပြီး ခဏကြာတော့ ဆရာမရောက်လာသည်။ ဆရာမမှာ တခြားသူမဟုတ် ။ ဂျပန်နိုင်ငံကို ပညာတော်သင်သွားပြီး ပြန်လာတာမကြာသေး ၊ အသက်ငယ်သေးသလို ထက်မြက်လှသော ဆရာမပါ ။ စာအသင်အပြကောင်းသလို ကျောင်းသား ကျောင်းသူတွေကို စိတ်ဝင်စားအောင်လည်း သင်ပြတတ်၍ သူ့အချိန်ဆိုလျှင် ကျွန်တော်တို့အားလုံး စာသင်ရတာ ပျော်သည်။

အူမြူးနေသော ကျွန်တော့်အတွက်တော့ ဆရာမအချိန်အထိ နောက်ပြောင်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေခဲ့တာလေ။ ဆရာမရောက်ပြီး သိပ်မကြာခင်မှာပဲ ဒီနေ့ ခေါင်းစဉ်သစ် သင်မယ်ပြေါပီး အကယ်၍ လေ့လာထားတဲ့သူရှိပါကလည်း အပြင်ထွက်ပြီး သိထားသလောက်ပြောချင်ပြောနိုင်ကြောင်း ဖိတ်ခေါ်သည်။ အဲဒီနေ့အသစ်သင်မည့်အကြောင်းအရာကို ကြည့်လိုက်တော့ Maize အကြောင်းဖြစ်နေတယ်။ ခေါင်းစဉ် စာလုံးအဓိပ္ပါယ် ကလွဲ၍ ကျန်တာဘာမှမသိ။ ဒါပေမယ့် ကျွန်တော် အတန်းရှေ့ကို ထွက်သွားပီး ဆရာမကို ကျွန်တော်ပြောမယ်လို့ ခွင့်တောင်းမိသည်။ ရည်ရွယ်ချက်ကတော့ တခုတည်းပဲ ။ အားလုံးကို နောက်ချင်နေတဲ့ စိတ်ပေါ့။

ဒီလိုနဲ့ စတိတ်စင်ပေါ်တက်ပြီး စာအုပ်ကို ကိုင်ကာ ချောင်းဟန့်လိုက်သည်။ အားလုံးကလည်း သိနေသည်။ ကျွန်တော်နောက်တော့မယ်ဆိုတာကိုပေါ့။ မျက်နှာတွေက ပြုံးစိစိနှင့် ကျွန်တော် ဘာပြောလဲ နားစွင့်နေကြသည်။ ကျွန်တော်ကလည်း ရုပ်တည်ကြီးနှင့် ဆက်ဖောသည်။

ဒီနေ့ကျွန်တော်တို့ သင်ကြားရမည့် အကြောင်းအရာကတော့ ပြောင်းဖူးစေ့အကြောင်းဖြစ်ပါတယ်။ ပြောင်းဖူးစေ့အကြောင်း ပြောမယ်ဆိုရင် ပြောင်းဖူးအကြောင်းအရင်ပြောရမှာပါ ဆိုပြီး ပြောင်းဖူးတစ်ဖူးကို အခွံခွာပြီး ရင် ဘာတွေ့ရမလဲဆိုရင် အမွှေးတွေကို တွေ့ရမှာပါ။ ဟာသပြက်လုံးတစ်ခုမဟုတ်ပေမယ့် တွေ့ရခဲသောအပြုအမူဖြစ်၍လည်း အားလုံးကလည်း တဝါးဝါး တဟားဟားနဲ့ပေါ့။ ဒီလိုနဲ့ ပြောရင်း ဆရာမကို တချက်ကြည့်မိသည်။ ဆရာမက မျက်နှာထားနှင့် ဆက်ပြောလေဆိုတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို ပြန်ကြည့်သည်။ ထိုအချိန်တွင် ကျွန်တော်ဘာပြောရမှန်းမသိတော့ ။ ခေါင်းစဉ်အဓိပ္ပါယ်တစ်ခု သိရုံလောက်နှင့် စင်ပေါ်တက်ခဲ့ရသော ကျွန်တော့်အတွက် ငါဘာမှ ထပ်မပြောနိုင်တော့ဘူးဆိုတဲ့ အတွေးဝင်လာတဲ့အချိန်မှာ ကျွန်တော် ထူပူသွားသည်။ တခန်းလုံးလဲ ကျွန်တော့်မျက်နှာကို တွေ့ပြီး ပြုံးနေတဲ့ မျက်နှာထားတွေတည်ပြီး ရီနေတဲ့အသံတွေနှင့် ဆူညံနေရာမှ တိတ်ဆိတ်သွားသည်။ ကျွန်တော် ဘာဆက်လုပ်မလဲ လို့ သိချင်စိတ်တွေနဲ့ အကဲခတ်နေကြသည်။ ထိုတိတ်ဆိတ်ခြင်းကို ဆရာမက မင်းပြောချင်တာ ဒါပဲပေါ့တဲ့ အမေးနဲ့ ဖြိုခွင်းလိုက်သည်။ ကျွန်တော့်မှာ ဖြေစရာစကားက တစ်ခွန်းတည်းလေ။ ကျွန်တော်လည်း ခေါင်းညိတ်ပြီး ခုံရှိရာသို့ ခေါင်းငိုက်စိုက် နှင့် ပြန်ခဲ့သည်။

ထို့နောက်ဆရာမ ဘာသင်လည်း ကျွန်တော်မသိတော့ ။ စိတ်ထဲမှာ မေးခွန်းများနဲ့ ချာချာလည်နေသည်။ ငါ့လုပ်ရပ်ဟာ ဆရာမကို အလေးမထားတဲ့ အပြုအမူမျိုးဖြစ်သွားလား မသိဘူးဆိုတဲ့ အတွေး။ ကျွန်တော့် အမေကလည်း ဆရာမတစ်ယောက်ဖြစ်၍ ထိုအပြုအမူမျိုးဖြစ်ခဲ့ပါက ….ရှက်စိတ် ၊ ကြောက်စိတ်တွေ ရောထွေးကာ ကျွန်တော် ခေါင်းတစ်ခုလုံး ရှုပ်ထွေးသွားသည် ။ အတန်းပြောင်း ခေါင်းလောင်းထိုးတဲ့အသံကြားတဲ့အချိန် ၊ ဆရာမထွက်သွားတဲ့အချိန်မှာ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုနှင့်အတူ ဆရာမနောက်ကိုလိုက်သွားမိသည်။ ဆရာမရှေ့ရောက်တော့ ကျွန်တော့် မျက်လုံးအိမ်မှ အလိုလို မျက်ရည်တွေ စီးကျလာသည်။ ဝမ်းနည်းစိတ်နဲ့အတူ ဆရာမကိုတောင်းပန်မိသည်။ ကျွန်တော်ဆရာမကို မလေးမစားလုပ်ချင်လို့ ပြုမူခဲ့တာမဟုတ်ကြောင်းနဲ့ ကျွန်တော်နောက်ချင်စိတ်ကြောင့် ရှေ့ထွက်ခဲ့ရတာဖြစ်ကြောင်း ပြောမိသည်။ ထိုအခါဆရာမက ကျွန်တော့်ကို အဲလိုမထင်ကြောင်း၊ နားလည်ကြောင်း နှစ်သိမ့်သည်။ ထို့နောက် အခန်းထဲသို့ ကျွန်တော်ရဲ့မျက်ရည်ရွှဲနေတဲ့မျက်နှာကို လက်နှင့်ကာပြီး ပြန်ဝင်ခဲ့သည်။

ထိုနေ့မှစ၍ ဆရာမအချိန်ဆိုလျှင် ကျွန်တော် ခေါင်းငုံ့ကာ နားထောင်တော့သည်။ ဆရာမမျက်နှာကိုလည်းမကြည့်တော့။ အပြစ်ရှိတဲ့ ကျောင်းသားတစ်ယောက်ခံစားချက်က မပျောက်တော့။ ဒီလိုနှင့် တလကျော်ကျော်ကြာသွားသည်။ ဒီကြားထဲ ဆရာမကလည်း သူ့နည်းသူ့ဟန်နှင့် ကျွန်တော့်အကြောင်း တခြားဆရာမများကိုမေးမြန်းကြောင်း ကြားသိရသည်။ နောက်ပိုင်းတွင်တော့ ဆရာကမ ကျွန်တော့်ကို ရည်ရွယ်ကာ ခေါင်းဖော်ပြီး စာသင်ပါဆိုဟု နောက်ပြောင်ကာ ကျွန်တော့်စိတ်ခံစားချက်ကို ပြေပျောက်စေခဲ့သည်။

နောက်ပိုင်းတွင် ဆရာမနှင့် အရမ်းရင်းနှီးသွားသည်။ နောက် ကျွန်တော်လည်း တောင်ကြီးနဲ့ ဝေးရာသို့ ထွက်ခွာလာခဲ့ရသည်။ ပြန်ရောက်တိုင်းလည်း ဆရာမဆီသွားကာ အတိတ်ကအကြောင်းပြောရင်း အလွမ်းသယ်ဖြစ်သည်။ ကိုယ့်တပည့်တွေက တကူးတက မမေ့မလျော့ လာသည်ပဲ။ ဘယ်ဆရာမက မကြည်နူးပဲရှိပမလဲနော်။ ပီတိစားပြီး အားရှိနေကြတဲ့ ဆရာများပါပဲ။

ဒီကြောင်းအရာကို ရေးဖြစ်ရတဲ့အကြောင်းကတော့ ကျွန်တော် အတိတ်က ကြုံခဲ့ရတဲ့ အကြောင်းအရာထဲက ခံစားချက်များကို မျှဝေခြင်းသက်သက်ပါပဲ။

တောင်ကြီးသားတစ်ယောက်အနေနဲ့ တောင်ကြီးမှာ အမြဲမရှိနေနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တောင်ကြီးနဲ့ပါတ်သတ်တဲ့ ခံစားချက်၊ အမှတ်တရတွေကတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်များပါပဲ။

ခံစားနားလည်နိုင်ပါစေ…

နေလင်း



Read more!

Sunday, November 2, 2008

တန်ဆောင်တိုင် နီးလာပြီ

တန်ဆောင်တိုင်ကြီးလည်း နီးလာပြီ။ အားလုံးကလည်း အဝေးရောက် တောင်ကြီးသူ၊ တောင်ကြီးသားတွေအားလုံးကလည်း online မှ မလွတ်တမ်း ညလုံးပေါက် အားပေးမယ်ဆိုတဲ့ စိတ်နဲ့ အားမွေးနေကြပြီ။ မနှစ်တုန်းကလည်း ကျွန်တော်တို့အားလုံး မီးပုံးပျံပွဲကြည့်ရင်း တစ်လုံးတက်သွားပြီးတိုင်း cbox မှာ ဘယ်သူက ဖြင့်ဆုမှန်းနိုင်တယ်..ဘယ်သူကဖြင့် ဘယ်လိုဆိုပြီး ဆွေးနွေးကြ၊ တစ်ယောက်နဲ့ တစ်ယောက်ခင်မင်စွာ စကြနောက်ကြရင် အဝေးရောက် တန်ဆောင်တိုင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်ကို ပြန်အမှတ်ရနေမည်မှာ အမှန်ပါ။

တောင်ကြီးမြို့မှာ ရှိတဲ့ တောင်ကြီးချယ်ရီအဖွဲ့ သားများကလည်း ကျွန်တော်တို့ကို ၀က်သားချဉ် ၊ ဟင်းထုပ်တွေကို ရိုက်ပြရင်း စားကြအုံးမလားဆိုပြီး သွားရည်ကျအောင် လုပ်ကြပုံများမှာလည်း မမေ့နိုင်စရာပါ။ အခုလည်း သူတို့ အားလုံး တန်ဆောင်တိုင်ပွဲတော် ထုတ်လွှင့်ဖို့အတွက် အလုပ်ရှုပ်နေကြမည် ထင်ပါသည်။ ဒီအချိန်မှာ ကိုရဲမြန်မာကိုလည်း သတိရမိပါသည်။ သူကတော့ တောင်ကြီးချယ်ရီဘလော့လေးကို ဓါတ်ပုံများဖြင့် ဝေေ၀ဆာဆာ ဖြစ်အောင် တန်ဆာဆင်ပေးခဲ့သူတစ်ယောက်လည်း ဖြစ်သလို ဒီဘလော့လေးဖြစ်မြောက်လာဖို့ အတွက် အဓိကကျတဲ့ အခန်းမှ ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။ အခုတော့ သူက တောင်ကြီးမြို့ရဲ့ အဝေးမှာပေါ့။ သူ့လိုပဲ တောင်ကြီးမြို့ကို မခွဲချင်မခွာချင်ပဲ ဘ၀ရည်မှန်းချက်အတွက် ခွဲနေရသူများလည်း ရှိပါတယ်။ ကျွန်တော်သိသလောက် နောက်တစ်ယောက်က ကိုချမ်း ။ အခုတော့ စင်္ကာပူမှာပေါ့။ သူကလည်း ဘလော့ banner ဒီဇိုင်းလေးကို မရိုးအောင် ပြောင်းပေးတတ်သူတစ်ယောက်ပေါ့။

မနှစ်ကလောက် လူအင်အားမတောင့်တော့ပေမယ့် ကျွန်တော်တို့ လို အဝေးရောက်နေသူများကို ရှိတဲ့ အင်အားနဲ့ ပြသနိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့သားများရဲ့ စေတနာမှာလည်း လေးစားဂုဏ်ပြုစရာပါ ။

အိုးစည် ဗုံမောင်း သံကြားတိုင်း ထပြီးကချင်တဲ့ စိတ်ကလည်း ကျွန်တော်တို့ တောင်ကြီးသူ ၊ တောင်ကြီးသားတွေ ရဲ့ ပိုးလို့ဆိုရမည်မလား။ ကျွန်တော်တို့ တောင်ကြီးချယ်ရီက မနိုင်းနိုင်းဆိုရင်လည်း ကျောင်းတုန်းက အကတော်သော ကျွန်တော်တို့ရဲ့ အစ်မကြီးပါ။ ကျွန်တော်ဆိုရင်လည်း သိပ်ပြီးမကတတ်ပါဘူး...ပုံကိုသာရှု့ စားတော်မူပါလေ....


ဒီပုံလေးကို ကြည့်ရင်း ကျွန်တော်တို့ ရဲ့ ငယ်စဉ်ဘ၀ကိုလည်း ပြန်လည် အမှတ်ရမိကြမည်ထင်ပါသည်။ ကျွန်တော်ပြောတာယုံပြီမလား။ ကျွန်တော်တို့အားလုံးဟာ သွေးထဲကနေ တန်ဆောင်တိုင်ကို ချစ်ကြတယ်ဆိုတာ။ တချို့ နားမလည်တဲ့ သူတွေပြောသလို လောင်သွားတဲ့ မီးပုံးပျံကို ကြည့်ရင်း မင်းတို့ဟာက ပိုက်ဆံကို မီးရှို့တာနဲ့တူနေဘူးလားကွာ ဆိုတိုင်း သူတို့နားလည်အောင် ရှင်းပြနိုင်တဲ့ စကားလုံးတွေကို ရှာမနေချင်တော့ပါဘူး..ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ သွေးထဲက လာတဲ့ ဆန္ဒကို သူတို့ ဘယ်လိုမှ ခံစားနိုင်မယ် မထင်လို့ပါ..( ကျွန်တော့် စိတ်ထဲပေါ်လာတဲ့ အမြင်လေးပါ)။


အခုလည်း သတင်းတွေဖတ်ရင်း သိရှိလာရတဲ့ သတင်းလေးကို မျှဝေရင်းအမှတ်တရ ရေးသားလိုက်ခြင်းသာ။ နောက်ဆက်တွဲ update သတင်းများကိုလည်း ကျွန်တော်တို့ အားလုံးစောင့်မျှော်နေပါကြောင့်နဲ့ အဖွဲ့သားတွေအားလုံး အဆင်ပြေပါစေကြောင်း ဆုတောင်ရင်း .....

နေလင်း


Read more!

Tuesday, October 21, 2008

ဂုဏ်ယူစရာ သတင်း

ညီလေးတစ်ယောက်သတင်းပေးလို့ ဂုဏ်ယူစရာ သတင်းတစ်ပုဒ်ကို အမှတ်တရ တင်လိုက်ပါတယ်...
ဒီသတင်းကို WEEKLY ELWVEN JOURANL မှ ယူထားခြင်းဖြစ်ပါသည်။




Read more!

Tuesday, October 14, 2008

သီတင်းကျွတ်လပြည့်


ဒီလိုနေ့မျိုးမှာ ကျွန်တော်တို့ တောင်ကြီးမြို့လေးရဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်က ပိုပြီး စိတ်ချမ်းမြေ့ဖွယ်ကောင်းသလို ပျော်ရွှင်စရာ ကြည်နူးစရာတွေနဲ့ ပြည့်နေမယ်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ် ပြောပြော ကျွန်တော်ပြောချင်ပါသည်။


မိုးလေကင်းလွတ် သီတင်းကျွတ်လရာသီ၊ မိုးအကုန် ဆောင်းအကူးအခါသမယ၊ မြေသင်းနံလေးကလည်း ရတုန်း ၊ ကောင်းကင်မှာလည်း လ၀န်းက ၀န်းဝန်းဝိုင်းဝိုင်း ၊ လေညှင်းလေးတွေက တဖြူးဖြူး ၊ ကောင်းကင်ကို မော့ကြည့်လိုက်ပါက တောင်ကြီးမြို့ရဲ့ အမှတ်သင်္ကေတ ဖြစ်တဲ့ မီးပုံးပျံများဖြင့် လှပနေနေမှာပဲလို့ ကျွန်တော်တွေးနေမိသည်။

ကျွန်တော်ကပဲ အအေးကြိုက်လို့လားမသိ၊ နေရာဒေသတော်တော်များများကို ရောက်ခဲ့ဖူးသည်၊ နေခဲ့ဖူးသည်။ ဒါပေမယ့် ကျွန်တော်တို့မြို့လေးရဲ့ ရာသီဥတုကိုသာ သဘောကျသည်။ တောင်ကြီးမြို့နဲ့ ခပ်ဆင်ဆင် ပြင်ဦးလွင် ရှိပေမယ့် ခင်ဗျားတို့ သေချာခံစားကြည့်ပါက တစ်စုံတစ်ခုလိုနေပါလိမ့်မယ်။ ကျွန်တော့်အတွက်လိုတာကတော့ အေးပုံအေးနည်းနဲ့ ပါတ်ဝန်းကျင်ရနံ့ ပါပဲ။ အေးပုံအေးနည်းဆိုတဲ့ စကားလုံးကို ကျွန်တော်လည်း မပြောပြတတ်ပါ။ ကိုယ်တိုင်ခံစားဖူးမှ ပိုပြီးသဘောပေါက်မယ်လို့ ကျွန်တော်ထင်ပါသည်။

ကျွန်တော်တို့ တောင်ကြီးမြို့လေးကို ရောက်ဖူးသူတိုင်း မြို့ရဲ့ သန့်ရှင်းသပ်ရပ်မှုကို သတိပြုမိကြမည်ထင်ပါသည်။ အဲလိုပတ်ဝန်းကျင်နဲ့ အအေးဓါတ်လေးနဲ့ ပေါင်းလိုက်သောအခါ တောင်ကြီးမြို့ရဲ့ ညနေခင်းအချိန်ရဲ့ အလှအပဟာ ပိုပြီးပြည့်စုံလာတယ်လို့ ကျွန်တော်ထင်ပါသည်။ ကျွန်တော်အမှတ်ရနေခဲ့သော အရာများတွင် တောင်ကြီးမြို့ရဲ့ ဒီလိုညမျိုးတွင် အေးအေးလူလူ လမ်းလျှောက်ထွက်ရသည့်အရသာလည်း အပါအ၀င်ဖြစ်သည်။ ခင်ဗျားတို့ ခံစားကြည့်လိုက်ပါ။ ဘယ်လောက် စိတ်ကြည်နူးဖို့ကောင်းလိုက်မလဲ ။ ၀မ်းနည်းစရာတွေ မတွေးနဲ့ ၊ စိတ်ကို အလွတ်လပ်ဆုံးထားပြီး ဒီလို ညမျိုးလေးကို ဖြတ်သန်းကြည့်ပါ ။ သန့်ရှင်းသပ်ရပ်မှုက စိတ်ကို ကြည်လင်စေသလို အေးချမ်းမှုက စိတ်ကို ငြိမ်းအေးပါစေလိမ့်မယ်။ ဒါက ကျွန်တော်တို့ မြို့လေးရဲ့ သီတင်းကျွတ်လပြည့်နေ့ညလေးကို စိတ်ကူးနဲ့ ပုံဖော်ကြည့်တာပါ။

ငယ်ငယ်တုန်းက သီတင်းကျွတ်ရောက်ရင် မိဘတွေကို ကန်တော့သည်။ မုန့်ဖိုးတောင်းသည်။ ဒါနဲ့ တင်မပြီးသေး ၊ နီးစပ်ရာဆွေမျိုး ၊ ဆရာသမားတွေအိမ်တွေလိုက်ကာ လက်ဝါးနှစ်ဘက်အရင်းပြုကာ ပိုက်ဆံရှာသည်….မှားလို့ … ကန်တော့သည်။ ရလာသည်များကို မြို့ထဲသွားပြီး မီးရှူးမီးပန်းတွေဝယ်သည်၊ ဗျောက်အိုးတွေဝယ်သည်။ အဲတုန်းကတော့ ဗျောက်အိုးဖောက်လို့ရသေးတယ်ဗျ ။ နောက်တညလုံး သူငယ်ချင်းတွေနှင့် ပျော်ရွှင်စွာ သီတင်းကျွတ်ကို ဆင်နွှဲသည်။

နည်းနည်းကြီးလာတော့ တောင်ကြီးသားပီပီ မီးပုံးပျံလုပ်ရတာကို ခုံမင်လာသည်။ သီတင်းကျွတ်ရောက်ခါနီးတာနဲ့ ပိုက်ဆံကြိုစုသည်။ သီတင်းကျွတ်လပြည့်နေ့တွင် လွှတ်တင်နိုင်ရန် သူငယ်ချင်းများနှင့် တိုင်ပင်သည် ။ နောက်ပြီး လပြည့်ညတွင် ပြိုင်ပွဲဝင်အသင်းတော်တော်များများသည် လာမည့် တန်ဆောင်တိုင် ပွဲတော်တွင် ယှဉ်ပြိုင်မည့် မီးကျည် အသစ်အဆန်းများကို စမ်းသပ်ပြီး ရပ်ကွက်အလိုက် တော်တော်များများ ဒီလိုညမျိုးတွင် လွှတ်တင်ကြ၍လည်း ကျွန်တော်တို့ တောင်ကြီးမြို့လေးရဲ့ သီတင်းကျွတ်လပြည့်နေ့ အလှဟာ ပိုပြီး လှပနေခဲ့တာပါ။ ရပ်ကွက်တိုင်းတွင်လည်း ကျွန်တော်တို့လို ၀ါသနာရှင် လူငယ်များရဲ့ မီးပုံးပျံတွေကလည်း အများအပြား။ အိမ်မှနေ၍ ဗျောက်အိုးသံလိုလို၊ မီးရှူးပေါက်သံလိုလို အသံများကြားတိုင်း အရပ်လေးမျက်နှာသို့ ထွက်ထွက်ကြည့်ရတာ အမော။

အရှေ့အရပ်က တောင်ချွန်းနောက်ကနေပြီး တဖြည်းဖြည်းထွက်လာတဲ့ လမင်းနောက်ခံ၊ လပြည့်ဝန်းကြီးမှ ဖြာကျလာတဲ့ ထွက်ခါစ လမင်းရဲ့ ငွေရောင်ဖျော့ဖျော့ အလင်းတန်း၊ အဲဒီအပေါ်မှာမှ လွှတ်တင်လိုက်တဲ့ မီးပုံးပျံများမှ အရောင်မျိုးစုံဟာ အရပ်မျက်နှာမျိုးစုံကို ဖြာကျနေသေးတယ် ။ တိမ်တိုက်တွေကလည်း တရွေ့ရွေ့နဲ့ ။ ခင်ဗျားတို့ မျက်စိထဲမှာ ပုံဖော်ကြည့်လိုက်ပါ၊ ဘယ်လောက် လှပတဲ့ မြင်ကွင်းဖြစ်မလဲ ။ ရေးရင်းနဲ့ တောင်ကြီးကို ပြန်လိုက်တာ အကြိမ်တော်တော်များပြီ။ အဟီး ။

ဗိုလ်ချုပ်အောင်ဆန်းလမ်း( ကျွန်တော်တို့အခေါ် မိန်းလမ်း ) တစ်လျှောက်မှာလည်း လူငယ်အများအပြား ဆိုင်ကယ်များကို ဟွန်းများတတီတီ တီးကာ ဟန်ရေးပြနေကြသည်၊ တစ်ချို့ကလည်း မိသားစုအလိုက် မြို့လယ် ဓမ္မာရုံ ၊ စူဠာမုနိ ဘုရားများသို့သွားရောက်ကြသည်။ မြို့မဈေးကြီးနားတွင်လည်း ဒီလိုညမျိုးတွင် စည်ကားသည်။ အဘယ်ကြောင့် ဆိုသော် နီးစပ်ရာ ရပ်ကွက်တော်တော်များများက မီးပုံးပျံလာရောက်လွှတ်တင်ကြ၍ ဖြစ်သည်။ မြို့မဈေးရဲ့ အရှေ့က မိန်းလမ်း ၊ တောင်မှာက ညဈေးတန်း၊ အနောက်ကတော့ နေရာကျဉ်းသည်။ ဒါကြောင့်လည်း တော်တော်များများ မီးပုံးပျံလွှတ်ဖြစ်သည်က မြို့လယ်က မြို့မဈေးကြီးရဲ့ မြောက်ဘက်မျက်နှာစာတွင် ဖြစ်သည်။ ထိုနေရာလေးသည် ဈေးအဆောက်အဦးရှိ၍ လေကွယ်ရာအရပ်ဖြစ်သောကြောင့် မီးပုံးပျံလွှတ်တင်ရန် သင့်တော်သော နေရာဖြစ်သည် ။ ကျွန်တော်ရှိနေစဉ်အချိန်ကပေါ့။ အခုတော့ ထိုနေရာမှ လွှတ်တင်နေသေးလားဆိုတာကိုတော့ မပြောတတ်တော့။

ဒါတွေအားလုံးကတော့ ကျွန်တော်သတိရမိသလောက် ၊ ကျွန်တော်ဖြတ်သန်းခဲ့သော သီတင်းကျွတ်လပြည့်နေ့လေးအကြောင်းပါ။
ကျွန်တော့်လို သီတင်းကျွတ်လပြည့်နေ့ညလေးကိုလွမ်းမိနေမယ့် တောင်ကြီးသူတောင်ကြီးသားတွေအတွက် ရည်ရွယ်သလို တောင်ကြီးမြို့ရဲ့ သီတင်းကျွတ်လပြည့်ညအကြောင်း တစေ့တစောင်းကို သိစေလိုတဲ့ ဆန္ဒနှင့် ရေးသားပါသည်။
ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော သီတင်းကျွတ်လပြည့်ညလေးကို စိတ်နှလုံးအေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ…

နေလင်း


Read more!

Saturday, August 30, 2008

မောရှမ်းပြည်နှင့် ခွဲခွာခြင်း

ရှမ်းတောင်တန်းကြီးနဲ့ ကျွန်တော် အခုဆို တစိမ်းလို ဖြစ်ခဲ့ရပြီ...
တစ်နှစ် နှစ်နှစ် ဆိုတဲ့ အတိုင်းအတာက တခဏလေးလိုပဲ ကုန်သွားခဲ့ပြီ...
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကိုယ့်ကိုယ်ကို ရှမ်းတစ်ယောက်လို သတ်မှတ်ပြီး ရှင်သန်နေထိုင်ခဲ့ရတဲ့ အချိန်တွေက အခုဆို အိမ်မက်တစ်ခုလို ဖြစ်ခဲ့ရပြီ...

ဧည့်သည်တစ်ယောက်လို တစ်နေ့ ဖြစ်လာမယ်ဆိုတာ အစကတည်းက သိတော့ သိထားခဲ့တယ်.. ဒါပေမဲ့လဲ ဟိုးအဝေးကြီးမှာ ဖြစ်မှာပါလို့ ထင်ထားခဲ့တာ.. အခုဆို ကျွန်တော် တောင်ကြီးမြို့က အိမ်ရှင်တစ်ယောက် မဖြစ်နိုင်တော့ဘူး..

ရှမ်းတောင်တန်းနဲ့ ခွဲရမယ်လို့ သိခဲ့တုန်းက စိတ်ထဲမှာ ပြောပလောက်အောင် ဘာမှ မဖြစ်ခဲ့ဘူး.. ဘာမှ သိပ်ပြီး ပြောင်းလဲ ထူးခြားသွားမှာ မဟုတ်ဘူးလို့ ထင်မှတ်ခဲ့မိပေမဲ့.. တကယ်တမ်း ထွက်သွားရမယ်လို့ သိတဲ့ အချိန်ရောက်တော့ ၀မ်းနည်းမိတယ်..

မနက်တစ်ခု.. အရာအားလုံးက ခါတိုင်းလိုပါပဲ သိပ်ပြီးတော့ ထူးထူးခြားခြား မရှိပါဘူး.. ဒါပေမဲ့ ကျွန်တော့်အတွက် တစ်ခုခု ဆုံးရှုံးရတော့မှာလိုမျိုး ၀မ်းနည်းနေမိခဲ့တယ်.. အဲ့ဒီနေ့က ကျွန်တော် ရှမ်းရိုးမကြီးကနေ တစိမ်းတစ်ယောက်လို ခွဲခွာခဲ့ရတယ်..

နောက်ဆုံးနှုတ်ဆက်ခြင်း အနေနဲ့ တောင်ကြီးမြို့ တစ်ခုလုံးကို ပါတ်ကြည့်ဖြစ်ခဲ့တယ်.. အရင်က သာမာန်လို မြင်နေကြအရာတွေက မျက်လုံးထဲမှာ တစ်မျိုးဖြစ်ပြီး အစိမ်းတွေလို.. တခါမှ မမြင်ဘူးသလို.. သစ်ဆန်းလို့နေပါတယ်..

ယောင်္ကျားတစ်ယောက် အနေနဲ့ ကျွန်တော် မျက်ရည်မကျချင်ပါဘူး.. ဒါပေမဲ့ မျက်ရည်တွေ ကျွန်တော် ထိန်းမရခဲ့ဘူး.. တွေ့သမျှလူတွေရဲ့ မျက်ဝန်းတွေကို ကျွန်တော် မမြင်မိအောင် ရှောင်လွဲနေမိတယ်.. ကျွန်တော့်ရဲ့ ဟန်ဆောင်ထားရတဲ့ အပြုံးတွေကို မတွေ့စေချင်ဘူး.. ဖြစ်နိုင်ရင် ကျွန်တော့ရဲ့ ၀မ်းနည်းနေမှုတွေကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး.. ခဏခဏ ခွဲခွာခြင်းတွေနဲ့ အကျွမ်းဝင်ခဲ့ပေမဲ့လဲ.. အခုတစ်ခေါက် နှုတ်ဆက်ရခြင်းတွေမှာ ကျွန်တော် ခံနိုင်ရည် မရှိခဲ့ဘူး..

တောင်ချွန်းနဲ့ ရှမ်းတောင်တန်းကြီးကို မြင်ရတော့လဲ အရာအားလုံးဟာ အရင်ကထပ် ပိုလှနေသလိုမျိုး..
မနက်စောစောတိုက်တဲ့ ရှမ်းရိုးမက လေအေးတွေကလဲ ခါတိုင်းထပ် အေးမြနေသလိုမျိုး..
စူဠာမုနိဘုရား၊ ရွှေဘုန်းပွင့်ဘုရား စေတီဘုရားတွေအားလုံးကလဲ ၀ပ်တွားဖူးမျှော်လို့ မတင်းတိမ်နိုင်ဘူး..
ကျွန်တော့်အတွက် ရှမ်းတောင်တန်းမှာ ရှိနေတဲ့ သက်ရှိသက်မဲ့ အရာအားလုံးဟာ လှုပ်ရှား သက်ဝင်နေသလို ခံစားလို့ နေခဲ့ရတယ်..

တကယ်ဆို ကျွန်တော်မရှိလို့ ရှမ်းတောင်တန်းက ဘာမှ ဖြစ်မှာ မဟုတ်သလို၊ ဘယ်သူတစ်ယောက်ကမှလဲ ၀မ်းနည်းနေမှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ရှမ်းတောင်ကြီးမှာ ရှိမနေရမဲ့ ကျွန်တော့ အဖြစ်ကတော့ အရာအားလုံး ဆုံးရှုံးရသလိုပါပဲ...

အဲ့ဒီလိုနဲ့ ကျွန်တော် ရှမ်းရိုးမကြီးက တိတ်ဆိတ်စွာပဲ ထွက်ခွာခဲ့ပါတယ်.. လမ်းတစ်လျှောက် မြင်သမျှ လမ်းတွေ၊ တောတွေ၊ တောင်တွေ၊ ထင်းရှူးပင်တွေ အားလုံးကို ကြည့်လို့ မ၀နိုင်အောင်ပါပဲ.. အရင်က အမှုမဲ့ အမှတ်မဲ့ သတိမထားမိခဲ့တဲ့ အရာတွေက ကျွန်တော့်အတွက် အားလုံးက အဓိပါယ်တွေ ရှိလို့ နေခဲ့ပါတယ်..

မျက်လုံးမှာ မြင်နေသမျှတွေ တောင်တန်းတွေ ကုန်သွားတဲ့ အချိန်မှာတော့ ကျွန်တော် ရှမ်းရိုးမရဲ့ အငွေ့အသက်တွေ ဆီကနေ ဝေးတဲ့ မြေပြန့်တစ်ခုဆီရောက်မှန်း သိလိုက်ရပါတယ်..

နောက်တစ်ချိန် ရှမ်းရှိုးမကို ပြန်ရမယ်ဆိုလဲ အိမ်ရှင်တစ်ယောက်လို ဘယ်နည်းနဲ့မှ ဖြစ်တော့မှာ မဟုတ်တဲ့ အတွက် ကျွန်တော်ရဲ့ ခံစားရတဲ့ ၀မ်းနည်းရခြင်းဟာ ကျွန်တော့အတွက် ဘာနဲ့မှ နိုင်းလို့မရအောင်ပါပဲ..

ကျွန်တော် ရှမ်းရှိးမရဲ့ ဧည့်သည်တစ်ယောက်အနေနဲ့ပဲ ဖြစ်ခွင့်ရှိပါတော့တယ်..

ဒါပေမဲ့ ရှမ်းရိုးမမှာ အိမ်ရှင်တစ်ယောက်အနေနဲ့ ဖြစ်ခွင့်ရခဲ့တဲ့ အတွက်တော့ ကျွန်တော် တစ်သက်လုံး ကျေနပ်ဂုဏ်ယူမိနေမှာပါ..

ခဏတာ နေခွင့်ရခဲ့တဲ့
မင်းအပေါ်မှာ
ငါ အတိုင်းအတာ တစ်ခုအထိ
တာဝန်ကြေခဲ့မယ်လို့ ထင်ပါတယ်
ရှမ်းရိုးမနဲ့ တောင်ကြီးမြို့ရယ်..

တကယ်လို့
ငါ မင်းအတွက်

နောင် ဘာမှ မလုပ်ပေးနိုင်ရင်တောင်မှ
အဝေးကနေ မင်းအကြောင်းတွေ
နားစွင့်ပြီး
အမြဲ သတိတရ ရှိနေမှာပါ..


Read more!

Saturday, April 5, 2008

သတိရမိသော သင်္ကြန်နေ့ရက်များ

ဘာလိုလိုနဲ့ သင်္ကြန်ရောက်တော့မှာပါလား……အင်းလေ ..ကြာခဲ့ပြီပဲ…အခုချိန်လောက်ဆို သူလည်း တခြားတစ်ယောက်ရဲ့ ရင်ခွင်မှာ ပျော်နေလောက်ရောပေါ့….တစ်ယောက်ဆို တစ်ယောက် ပန်းတောက်ဆို ပန်းတောက်တဲ့ …အဲဒီစကားက ကျွန်တော့်အတွက်ရည်ရွယ်ပြီး ရေးခဲ့လေသလား…တစ်ယောက်ဆိုတစ်ယောက်ပါပဲ…ခံစားလိုက်ရတာက နှလုံးသားတစ်ခုလုံးရစရာမရှိအောင်ပါပဲ….နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံနေတယ်…မိန်းမနဲ့ပါတ်သတ်လာရင် အမြဲတမ်းပဲ ကံဆိုးနေတယ်…ဆိုတဲ့ သွားလေသူ ကိုထီင်္းကလည်း ကျွန်တော့်အတွက်များ ဆိုခဲ့လေသလား…အလွမ်းဆိုတာကြီးကို ခံစားကြည့်လိုက်တာ….ဟီး ..ကွိကွိ။ ရိုးရိုးလွမ်းတာတော့မဟုတ်ဘူး…အသဲကွဲနေတဲ့ သူတစ်ယောက်အတွက် သင်္ကြန်ဆိုတာ သူ့အတွက် ဘယ်လိုအဓိပ္ပါယ်ဖြစ်မလဲဆိုတာလေးကို သိချင်လို့….သေချာတာကတော့ သင်္ကြန်နဲ့ အလွမ်းနဲ့က မလိုက်ဖက်တာပါပဲ…

ကဲဗျာ အကောင်းရေးတော့မယ်…တစ်နှစ်မှာ ဆယ့်နှစ်လ….အဲဒီဆယ့်နှစ်လထဲမှာမှ အတာကူးတဲ့ တန်ခူးလ…တန်ခူးလဆိုတော့ သင်္ကြန်ပွဲ….သင်္ကြန်ထဲမှာမှ ကျွန်တော်တို့ တောင်ကြီးမြို့လေးရဲ့ သင်္ကြန်ပွဲတော်အကြောင်း ပေါ့။ တောင်ကြီးမြို့သူ၊မြို့သားတွေ ဘယ်လို သင်္ကြန်ရက်အတွင်းမှာ ဖြတ်သန်းကြလဲ ဆိုတာပေါ့…သိတဲ့သူတွေက မသိသလိုဆက်ဖတ်ပေး…မသိတဲ့သူတွေအတွက် ရည်ရွယ်ပြီးတော့ ရေးတာပါ…လိုတာရှိ ၀န္ဒာမိ….။

ကျွန်တော်တို့ တောင်ကြီးမြို့သူ၊ မြို့သားတွေအတွက်တော့ သင်္ကြန်ဟာ ပျော်ပွဲရွှင်ပွဲ သက်သက်ပဲ ဆင်နွှဲကြတာမဟုတ်ပါဘူး….အကြိုနေ့ကစလို့ ဘုရားကျောင်းကန်တွေကို သွားပြီး သီလယူကာ ကုသိုလ်ကောင်းမှု ပြုလုပ်တဲ့ သူတွေနဲ့ စည်ကားလို့နေပါသည်။ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်မကူးခင် ဆေးကြောချင်တဲ့ စိတ်နဲ့ ရောက်လာကြတဲ့သူတွေရှိသလို စိတ်အမျိုးမျိုးနဲ့ ရောက်လာကြတဲ့ သူတွေလည်း ရှိမှာပေါ့…သေချာတာတစ်ခုကတော့ သင်္ကြန်တွင်း မနက်ခင်း ၆ နာရီကစလို့ မြို့သူမြို့သားအားလုံးဟာ သင်္ကြန်မတိုင်ခင်ကတည်းက စီစဉ်ထားတဲ့ အစီအစဉ်တွေအတိုင်း နီးစပ်ရာ ဘုန်းကြီးကျောင်းများသို့ တတ်အားသလောက် အလှူစာများနှင့် သွားရောက်လှူဒါန်းကာ သီလယူကြပါသည်။ ဒါပေမယ့် ငါးပါးသီလခံယူရာမှာ လေးပါးပဲ ခံယူသူများလည်း ရှိကြသည်ပေါ့လေ…ဒါကိုလည်း အပြစ်ယူလို့ဘယ်ရမလဲလေ။

ကျောင်းတိုင်းမှာလည်း သီလယူပြီးအပြန် စတုဒီသာကျွေးတဲ့ အဖွဲ့များကရှိနေသလို ကျောက်ကျောရည်၊ ဖျော်ရည်အမျိုးမျိုး စတဲ့ အမောပြေ သောက်နိုင်ရန် စီမံပြီး ဘုရားကျောင်းသို့သွားလမ်းများတွင်လည်း မဏ္ဍပ် ငယ်လေးများထိုးကာ ရပ်ကွက်အလိုက် ၊ ကိုယ့်နီးစပ်ရာ သူငယ်ချင်းများအလိုက် အဖွဲ့များဖွဲ့ကာ ကုသိုလ်ယူတဲ့ လူငယ်များနဲ့လည်း စည်ကားပါသည်။ ဒါကြောင့်မို့လည်း သင်္ကြန်တွင်း နေ့ရက်များတွင် တောင်ကြီးသူ၊ တောင်ကြီးသားများအတွက် မနက်ပိုင်းသည် ကုသိုလ်ယူချိန်လို့ပြောလို့ရပါသည်။ ရာသီဥတုကြောင့်လည်း ပါမည်ပေါ့လေ….နေ့ခင်းလောက်မှ ရေပက်ရတာ အဆင်ပြေတာကိုး..ဒါကြောင့်လည်း နေ့ခင်းပိုင်းမှ ရေပက်ခံထွက်သူများနှင့် စတင်ပြီး လှုပ်လှုပ်ရှားရှားဖြစ်လာပါသည်။ တစ်မြို့လုံးပေါင်းမှ မဏ္ဍပ်ကြီး အခု (၂၀ ) မပြည့်ပေမယ့်လည်း ၀မ်းမနည်းကြပါ။ တောင်ပေါ်မြို့လေးဖြစ်၍ နွေရာသီ ရေရှားပေမယ့်လည်း ရေစိုဖို့အာမခံပါသည်။

ညပိုင်းတွင်တော့ မိသားစုအလိုက် မြို့လည်ဓမ္မာရုံ ၊ စူဠာမုဏိ ဘုရားများသို့သွားရောက်ကာ ဘုရားဖူးကြပါသည်။ လူငယ်များကတော့ ဆိုင်ကယ်တ၀ီဝီနဲ့ မင်းလမ်းတလျှောက် တက်လိုက် ဆင်းလိုက်နှင့် ဟန်ရေးပြသည်ပေါ့လေ။

ရန်ကုန် ၊ မန္တလေး သင်္ကြန်များစည်ကားတယ်ဆိုတာကိုသိပေမယ့်လည်း ကိုယ့်အရပ်ဒေသမှာပဲ သင်္ကြန်ပွဲတော်ကို ဆင်နွှဲချင်ပါသည်။ ရာသီဥတုအေးတယ်။ ရေရှားတယ်၊ မဏ္ဍပ်ကြီးတွေ အများကြီးမရှိပါဘူး။ ဒါပေမယ့် ပျော်စရာကောင်းပါသည်။ ကြည်နူးစရာတွေနဲ့လည်း ပြည့်နေပါသည်။ ဒါကြောင့်လည်း ကျွန်တော်တို့မြို့လေးရဲ့ သင်္ကြန်ပွဲတော်ကို ကျွန်တော်တမ်းတမိတာပါ။ တမ်းတတယ်ဆိုတာ ဝေးနေလို့ပေါ့လေ။ ဒီလိုပဲ အဝေးကနေ ကျွန်တော့်နည်းတူ တမ်းတနေတဲ့ သူတွေအတွက် အလွမ်းပြေရေးလိုက်ရတာပါ။ သင်္ကြန်နဲ့ ပါတ်သတ်ပြီး အမှတ်ရစရာတွေ ၊ လွမ်းခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ ရှိခဲ့ပေမယ့် သင်္ကြန်ဟာ အလွမ်းနဲ့ မလိုက်ဖက်ဘူးထင်လို့ ထည့်မရေးတော့တာကို ခွင့်လွတ်ပါနော်…သိချင်ရင်တော့ တိုးတိုးတိတ်တိတ်မေးနိုင်ပါတယ်….ဖုန်းနံပါတ်က 09..ဘလာ..ဘာလာ..။

အဲမပြီးသေးဘူး…ဒီနှစ်သင်္ကြန်တွင်းမှာ တောင်ကြီးချယ်ရီ အဖွဲ့သားများနဲ့ အော်တာများက ဥပုဒ်ယူကြမယ်ဆိုပဲ..ကျွန်တော်မပါ ။ အားပေးလိုက်ကြပါအုံးဗျာ….ကျွန်တော်ကတော့ သူတို့အတွက် သာဓုကြိုခေါ်လိုက်ပါတယ်…သာဓု….သာဓု…….။


Read more!

Friday, January 25, 2008

၁၀ခု ကျော်ပြီဖြစ်သော Internet Cafe များ

ှိ

၂၀၀၇နှစ် နှစ်စပိုင်းလောက်က Internet သုံးလို့ရတဲ့ နေရာဆိုလို့ IPSter ရှိတဲ့ ဆိုင် (၃)ခုမှာပဲ တောင်ကြီးသားတွေ လှိုင်းစီးနိုင်ခဲ့ကြတယ်.. အဲ့ဒီတုံးက တစ်နာရီကို ၁၀၀၀-၁၂၀၀ကျပ် ပေးရပြီး Download လုပ်ဖို့ တော်တော်လေး ခက်ခဲတဲ့ အခြေအနေမျိုးပေါ့..



အခုတော့ အဲ့ဒါတွေ လွန်မြောက်ခဲ့ပါပြီ.. ADSL စရတဲ့ အချိန်ကစပြီး တောင်ကြီးမြို့မှာ Internet Cafe, PAC တွေ ပေါ်လာလိုက်တာ အခုဆိုရင် ၁၀ဆိုင် ကျော်လာခဲ့ပါရောလား.. ကျွန်တော်တို့ ဒီနေ့ တောင်ကြီးမြို့ရဲ့ ၁၁ဆိုင်မြောက် Internet Cafe ဖွင့်ပွဲကို ရောက်ခဲ့ကြတယ်.. အဲ့ဒီဆိုင်ကတော့ အားလုံးသိထားကြတဲ့ MTG ရဲ့ ဒုတိယမြောက် ဆိုင်ခွဲပါ... တောင်ကြီးမြို့မှာ ADSL စရရချင်း Internet Cafe ဖွင့်ခဲ့တဲ့ ဆိုင်ပါပဲ.. ပထမဦးဆုံး တစ်နာရီ ၅၀၀ကျပ်နဲ့ စပြီးပွဲထွက်ခဲ့တဲ့ ဆိုင်လဲဖြစ်ပါတယ်..


ဆိုင်ဖွင့်ပွဲကို ရောက်သွားတော့ Cafe De Angle က Coffee နဲ့ Coffee ကျောက်ကျောရယ် Bakery ဆိုင်က မုန့်မျိုးစုံရယ်နဲ့ ဧည့်ခံပါတယ်.. ယူသွားတဲ့ လက်ဆောင်လေးပေးပြီး ကျွန်တော်တို့လဲ အားပေးခဲ့ကြပါတယ်.. အားလုံးက သိပြီးသားတွေဆိုတော့ ထွေထွေထူးထူး မရှိပါဘူး.. အလာပါ့ သလာပါ့ ပြောကြ၊ ကော်ဖီသောက်လိုက်.. မုန့်စားလိုက်နဲ့ တော်တော်လေး ထိုင်ဖြစ်ခဲ့ကြပါတယ်.. Computer Field ထဲက အပေါင်းအသင်းတွေ တော်တော်များများလဲ တွေ့ရဆုံရတော့ စကားတော်တော်နဲ့ကို မပျက်ခဲ့ကြပါဘူး..


နောက်တော့ အလုပ်တွေ ကိုယ်စီရှိနေသေးတာနဲ့ ပြောလက်စ အကြောင်းအရာတွေ အစသတ်လို့ ကျွန်တော်တို့တတွေ ပြန်လာခဲ့ကြပါတယ်..

တောင်ကြီးမြို့က ADSL ရလို့ တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်ကလ တစ်ခုအတွင်းမှာ အခုဆိုရင် Internet Cafe စုစုပေါင်း ၁၁ခု ရှိနေပါပြီ.. (ရှိသမျှ Cafe တွေအားလုံးကိုလဲ ရောက်ဖူးတယ် ရှိအောင်လို့ ကျွန်တော်တို့ သွားဖြစ်ခဲ့ ကြပါသေးတယ်.. Internet Cafe တွေမှာ ရှိတဲ့ စုစုပေါင်း Computer အလုံး အရည်အတွက်က ၁၃၀ကျော်လောက်မှာ ရှိမယ်လို့ထင်ပါတယ်..) နောက်ထပ် (၂)ခုလဲ မကြာခင်မှာ ထပ်ပြီးဖွင့်သွားမယ်လို့ ကြားရပါတယ်..အဲ့ဒါဆိုရင်တော့ စုစုပေါင်း (၁၃)ဆိုင်တောင် ရှိလာတော့မှာ ဖြစ်ပါတယ်..

အခု MTG ကတော့ (၁၁) ဆိုင်မြောက်ဖြစ်ပြီး၊ Computer (၁၀)လုံး၊ ADSL 512kbps Internet Line သုံးထားပြီး၊ တစ်နာရီ (၅၀၀)ကျပ် ပေးရပါမယ်.. ဖုန်းဒိုင်း၊ ဖုန်းဒိုင်း Generator ကြီးကတော့ ဆိုင်ရှေ့မှာ စီးပြီးတော့ ကြိုနေပါလိမ့်မယ်.. :) တောင်ကြီးမြို့မှာ Connection ကောင်းတယ်လို့ နာမည်ရနေတဲ့ MTG ကတော့ အခုလဲ အသစ်နေနဲ့ ဆန်းပြားထားပါသေးတယ်..

ဘာပဲဖြစ်ဖြစ် တောင်ကြီးမြို့မှာ Internet Cafe တွေ အများကြီးပေါ်ပေါက်လာတော့ တောင်ကြီးသားတွေအဖို့ ကျယ်ကျယ်ပြန့်ပြန့် သုံးခွင့်ရနေ ကြပြီ.. တောင်ကြီးတစ်မြို့လုံး Internet Cafe တွေ ပေါ်များလာတာတောင် သုံးချင်လို့ တန်းစီစောင့်နေရတဲ့ User တွေကလဲ ရှိနေကြတာ အမြဲတမ်းလိုလို တွေ့နေရပါသေးတယ်.. တစ်နေ့တစ်နေ့ Internet အတွက် အသုံးပြုနေကြတဲ့ ပိုက်ဆံတွေလဲ ဘယ်လောက်တောင် များတယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်.. တစ်ခုတော့ စဉ်းစားမိပါတယ်.. အဲ့ဒီလို အသုံးပြုလိုက်တဲ့ ပိုက်ဆံတွေက တကယ်အကျိုးရှိတဲ့ နေရာတွေမှာ ကုန်နေတာလားဆိုတာ့ကတော့.. မေးခွန်းထုတ်ချင်စရာပါပဲ.. Internet ကို Communication Media တစ်ခုသာမက Resource Finding Tools, Learning Tools တွေအဖြစ် အသုံးပြုကြမယ်ဆိုရင်တော့..

ကျွန်တော့ အတွေးပုံရိပ်ထဲမှာ မြင်ယောင်နေမိတာက...

တောင်ကြီးမြို့ကြီးက တစ်နေ့နေ့ တစ်ချိန်ချိန်မှာဖြင့်...


Read more!

Wednesday, January 23, 2008

အတိတ်တစ်ချိန်တုန်းက တောင်ကြီး တက္ကသိုလ် ကျောင်းသားဘ၀ (၂)

ပြောရမယ်ဆိုရင်တော့ ၁၉၈၅-၈၆ ခုနှစ်လောက်က ဆယ်တန်းအောင်ပြီး တက္ကသိုလ် စတင် တက်ရောက်မဲ့
ကျွန်တော်တို့အရွယ် (အဲဒီအချိန်တုန်းကတော့) လူမမယ်ကလေးတွေဟာ
ရိုးသားတယ်ပြောရမလား၊ ဒါမှမဟုတ် လူရည်မလည်ဘူးလို့ပြောရမလား
အပြစ်ကင်းစင်တယ် ပြောရမလား၊ ဒါမှမဟုတ် အတွေ့အကြုံ ဗဟုသုတ နည်းတယ်ပြောရမလား
ဘယ်လိုပြောရမလဲ မသိပေမဲ့
အဲဒီအချိန်ကာလတုန်းက ဖျော်ဖြေရေး ပစ္စည်းတွေ (ကက်ဆက်ကိုတောင်မှ အိမ်တိုင်း ပိုင်ဆိုင်တဲ့အခြေအနေ မဟုတ်ဘူးလေ တီဗွီဆို ပိုဆိုးပေါ့)
ဒီတော့ ကျွန်တော်တို့အနေနဲ့ ပါတ်ဝန်းကျင်လေ့လာရေး၊ ပြင်ပ ကမ္ဘာကြီးကို မျှော်ကြည့်ဖို့ အရေး
စကားလုံး ခပ်ကြီးကြီး သုံးရမယ်ဆိုရင်တော့ ဗဟုသုတ ရှာမှီးရေးပေါ့
ဟုတ်တယ်လေ..............
ကိုယ်မသိတဲ့ ကိစ္စတွေ၊ မတတ်သေးတဲ့ အတတ်ပညာတွေ လေ့လာတာ
ရှာဖွေတာ၊ ဆည်းပူးတာ ဗဟုသုတ ရှာမှီးတာဘဲပေါ့

(၁၀)တန်းအောင်မြင်သည်အထိ အိမ်ကနေ ကျောင်းသွား
ကျောင်းမှာ စာသင်၊ ပြီးရင်အိမ်ပြန် သံသရာ ထဲမှာ ကျင်လည်နေခဲ့ကြရတာပေါ့ဗျာ
လွန်ရောကျွံရော ကျောင်းပြီးလို့ အိမ်မပြန်ခင်
ဒါမှမဟုတ် နဲနဲ နောက်ကျမှပြန်
သူငယ်ချင်းတွေ ဘောလုံး ချိန်းကန်တာလောက်ဘဲ ရှိကြတာကိုးဗျ
ကျောင်းပြင်ပ လှုပ်ရှားမှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိကြသေးဘူးလေ
နောက်တစ်ခုက အခု ပြောပြောနေကြတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာ ကြားတောင်မှ မကြားဖူးသေးတာ
ဘယ်သိနိုင်ပါ့မလဲ
ဆိုလိုတာက .......ဗျာ
လူမှုရေး ကျဉ်းမြောင်းတယ် (ဒါမှမဟုတ်) ရှေးရိုး အယူသည်းတယ်ဗျ
လက်ဖက်ရည်ဆိုင်ဆိုတာကတောင် တစ်မြို့လုံးမှာ လက်ချိုးရေလို့ ရသဗျ
ပိုတယ်မထင်နဲ့နော် အဲဒီအချိန်တုန်းက လူတွေ ပြန်မေးကြည့်
တစ်ခုတော့ ရှိတယ်ဗျ
ကျွန်တော် ပေရှည်နေတာမဟုတ်ဘူးနော်
ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဘ၀နဲ့
အခုခေတ် လူငယ်တွေ ဖြတ်သန်းနေကြတဲ့ဘဝ
ကွာဟချက်များတာကို ပြောပြချင်လို့ နိဒါန်းလေး ပျိုးနေတာပါ
ထားပါဗျာ
လိုရင်းချုပ်ရရင်တော့ ကျွန်တော်တို့ (၁၀)တန်း အောင်လို့ တက္ကသိုလ် ကျောင်းတော်သားကြီး ဖြစ်လာတဲ့အချိန်မှာ
State ကျောင်းသားတွေဘ၀၊ အမြင်၊ အသိတွေ အတိုင်းဘဲ ရှိနေသေးတာကို ပြောပြချင်တာပါ
ကျွန်တော်က ရပ်စောက်သားဗျ
ကျောင်းတက်တဲ့အခါကျတော့ ကိုယ့်မြို့က ကျောင်းတက်တဲ့ ကလေးတွေ အဆင်ပြေအောင်ဆိုပြီးတော့
ကျွန်တော်တို့ မြို့က လူကြီးတွေက တောင်ကြီးမှာ အဆောင်တစ်ခု ဆောက်ထားပေးတယ်ဗျ
အလကား နေလို့တော့ မရဘူးပေါ့
ထမင်းကျွေးတယ်၊ အဆောင်လခ ပေးရတယ်
ထမင်းစရိတ်ရယ်၊ အဆောင်လခရယ်၊ ရေဖိုး၊ မီးဖိုး စုစုပေါင်း တစ်လ (၁၂၀) ကျပ်ပေးရတယ်
မယုံမရှိနဲ့ဗျ
အဲဒီလူတွေ ခုထိ သက်ရှိ ထင်ရှား ရှိသေးတယ်၊ မေးကြည့်လို့ရတယ်
ကျွန်တော်တို့ မြို့က အဆောင်က အခု (၂၁၂) တပ်ရှေ့က ခြံဝင်းအကျယ်ကြီးနဲ့
အခုတော့ ကမ္ဘောဇဘဏ်က အဆောင်ဖွင့်ထားလေရဲ့
အဲဒီမှာ အဆောင်နေခဲ့ကြရတာခင်ဗျ..........................


Read more!

Friday, November 30, 2007

တန်ဆောင်တိုင်ပွဲတော် ဓာတ်ပုံများ (၅)

လပြည့်နေ့ မီးပဒေသာ လှည့်လည် ပူဇော်ပွဲက ပုံတွေပါ.. Camera တစ်လုံးကိုင်ထားရင် ၀င်ရထွက်ရ တော်တော် လွယ်မှန်း အဲ့ဒီပွဲကြမှပဲ သိတော့တယ်.. အဖွဲ့လိုက် တားထားတဲ့ ကြိုးဝိုင်းထဲတွေ ၀င်လိုက်.. အရှေ့က ရိုက်လိုက် ဘေးက ရိုက်လိုက် .. အနောက်ကရိုက်လိုက်နဲ့ ရိုက်တာ ဘယ်သူမှ မတားဘူး.. နောက်မို့ဆိုရင် မီးပုံးအဖွဲ့တွေက အနားတောင် ကပ်ခံချင်တာ မဟုတ်ဘူး.. အခုတော့ Camera လေး ကျေးဇူးကြောင့် ကိုယ်ရိုက်ချင်တဲ့ ပုံတွေ စိတ်ကြိုက် ရိုက်လိုက်နိုင်ပါတယ်..



နောက်ဘက်ကပုံတွေကတော့ မီးပုံးပျံကွင်းက ပုံတွေပါ.. KBZ မီးကြီး ၀ုန်းသွားတုံးက ကျွန်တော် Studio 35 ရဲ့ Camera စင်ပေါ်ရောက်နေတယ်လေ.. KBZ ဆိုတော့ အပီပဲဆိုပြီး တက်ရိုက်တာ.. မီးပုံးကြီးကမီးရှို့လိုက်တာနဲ့ ကျွန်တော်တို့ဆီကို တည့်တည့်ကြီးလာတော့တာပါပဲ.. မကြာပါဘူး ကျွန်တော်တို့ အပေါ် ၇ပေလောက် အကွာမှာ မီးရှူးတွေ အကုန်လုံး ကွဲပါလေရော.. ပေ ၃၀ မြင့်တဲ့ စင်ပေါ်မှာ ပြေးစရာ နေရာလဲ မရှိ၊ ပုံးစရာ အကွယ်ကလဲ မရှိ၊ ခုန်ချဖို့ကလဲ မဖြစ်တော့ မထူးဘူး ဆိုပြီး ကျွန်တော် မလွတ်တမ်း Camera ကို Burst Mode ပြောင်းပြီး မနားတမ်း ရိုက်ခဲ့လိုက်တယ်..

မီးပန်းတွေကလဲ စင်ကို လာမှန်တယ်.. တ၀ုန်းဝုန်းနဲ့.. လူကတော့ သွားပြီလို့ပဲ မှတ်လိုက်တယ်.. ဘောင်းဘီတွေလဲ ပေါက်.. ဖိနပ်တွေလဲ မီးရှူးလောင်နဲ့.. သဲထိပ်ရင်ဖိုပါပဲ.. မျက်နှာကိုလဲ နှစ်ချက် လာမှန်သေးတယ်.. တော်သေးလို့ ဦးထုတ်က ပါးအထိရှည်နေလို့ ဦးထုတ်ပဲ လောင်သွားတယ်.. အဲ့ဒီ ဦးထုတ်ကလဲ ညနေကမှ အေးလို့ဆိုပြီး ၀ယ်ဝတ်ထားတာ.. ကွက်တိဖြစ်သွားတယ်.. ကုတ်အင်္ကျီလဲ မီးတွေ ပေါက်ကုန်တယ်.. အောက်မှာလဲ ကားတွေ ရပ်ထားတာ မနဲဘူး.. အားလုံး မီးတွေ ပေါက်ကုန်ကြတယ်.. အောက်က လူတွေကလဲ ပြေးကြလွှားကြနဲ့ တရုန်းရုန်းကို ဖြစ်လို့.. နောက်ပြီး မီးပန်းတွေက Transformer နား သွားလောင်နေသေးတယ်.. ကြလိုက်တဲ့ မီးပန်းတွေကလဲ အကုန်ဆိုတော့ မြေပြင်တစ်ခုလုံး လင်းထိန်လို့ ကျွန်တော်လဲ အဲ့ဒီအချိန် မင်သက်သွားပြီး ဓာတ်ပုံ မရိုက်လိုက်နိုင်ဘူး.. အဲ့ဒီနေ့ကတော့ ဒီနှစ်အတွက် မှတ်မှတ်ရရ နေ့ပါပဲ.. မီးပုံးကြီးသာ ကွဲပြီး စင်ပေါ်ကြလို့ကတော့ ကျွန်တော် အခုဆို ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းတောင် သိမှာ မဟုတ်ဘူး.. တော်သေးတယ်.. အခု ကျန်နေသေးလို့.. :)

ဒီ Post ကတော့ ဓာတ်ပုံတွေ အကုန်ပါပဲ.. ဘယ်သူမှ Post တွေမရေးဘဲ.. ပျောက်နေကြလို့ ရှိတာတွေ အကုန် မျက်နှာ ပူပူနဲ့ပဲ တင်ပေးလိုက်ပါပြီ.. ရဲမြန်မာ ကိုပဲ တွေ့နေရလို့ လာတဲ့သူတွေ အမြင်ကပ်နေ လောက်ပြီ.. ကျွန်တော်လဲ နားပါပြီ.. Cbox မှာ တောင်းဆိုထားတဲ့ Video Clip တွေကိုလဲ ကိုချမ်းတို့ ကိုအောင်မိန်းတို့ ကိုကျော်စွာတို့က ဆက်ပြီးတော့ တင်ပေးလိုက်ကြပါဦးလို့... ပြောရင်း.. အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်.. :)

ရဲမြန်မာ


Read more!

Saturday, November 24, 2007

အမှတ်တရ

20 ရက်နေ့ကအဖြစ်အပျက်ကလေးတစ်ခုပါ။
လေကတအားတိုက်လို့ နေ့လွှတ်အရုပ်မီးပုံးပျံသမားတွေ ရွာပတ်ရတာပေါ့။
တာလပတ်ပြားတွေကို ၀ါးလုံးထည့် ထားတဲ့ လေကာအရွက်တွေက ဆွဲထောင်လိုက်ရင် လူကပြိုလဲမတတ်ပါပဲ။
အဲ့လိုအခြေအနေကြားမှာဘဲရုပ်တစ်လုံးကို မှိုင်းခံပါလေရော။ဟိုယိမ်းဒီယိုင်ပါပဲ။
အဲ့ဒီမှာမီးဆော်ထိုးတဲ့ မီးဆရာတစ်ယောက်ကမှိုင်းထိုးနေရင်းပြောတယ်။
“ ရတယ်၊လေကို ပေးတိုက်လိုက်။ မီးပုံးပျံကို ၀ိုင်းဆွဲထားမနေနဲ့” ဆိုပြီး သူတစ်ယောက်တည်း လိုက်ပြီးမီးဆော်လိုက်ထိုးတယ်။
လေကတိုက်နေတော့ မတက်သေးတဲ့ မီးပုံးပျံနောက်လိုက် ပြီးထိုးရတာပေါ့။
အဲ့လို လိုက်ထိုးပြီးနောက် လေတွေတိုက်နေတဲ့ ကြားမှာ ဘဲရုပ်အောင်မြင်စွာတက်သွားပါတယ်။
အပေါ်မှာလည်း မီးမလောင်ပါဘူး။
တက်သွားပြီးမှ မီးဆရာက တစ်ချက်မော့ကြည့်လိုက်ပြီး ဖြောင်းခနဲ မီးဆော်တုတ်ကို ပစ်ချလိုက်တယ်။
မီးပုံးပျံကို အကုန်အကျခံလုပ်ပေးတဲ့ (စပေါ်ဆာ) သူ့လူကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်ပြီး
စကားတစ်ခွန်းပြောလိုက်တယ်။
“ ယုံတယ်နော် ” တဲ့။
ကျွန်တော်ကြွေသွားတယ်။ သူ့ရဲ့ လုပ်နိုင်တဲ့ စိတ်ဓါတ်နဲ့ ကျွမ်းကျင်မှုကို။
သူ့နံမည်က သငယ် တဲ့။
အဲ့ဒီနေ့ကတော့ သူဟာ ကျွန်တော့်ရဲ့ သူရဲကောင်းဖြစ်ခဲ့တယ်။


Read more!

Thursday, November 15, 2007

အတိတ်က ကျောင်းသားအားကစား ပွဲတော်

ဒီနေ့ ကျောင်းသား/ကျောင်းသူလေးတွေ အများကြီး မီးပုံးအက တိုက်နေတာ တွေ့တော့ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းသား အားကစား ပွဲတော်ကြီးကို သွားပြီးတော့ သတိရမိပါသေးတယ်..

ကျွန်တော် ထားဝယ်မြို့မှာ ရောက်နေတဲ့ အချိန် အားကစားပွဲတော်မှာ ပါဝင်ရဖို့ ဖြစ်လာခဲ့ပါသေးတယ်.. ယောက်ျားလေးဆိုတော့ သိုင်းအလှအဖွဲ့မှာ ပါဝင်လေ့ကျင့်ခဲ့ရတယ်လေ.. အဲ့ဒီတုန်းက ကျွန်တော် (၅)တန်း.. အရပ်က မမီပေမဲ့ ပါချင်လွန်းလို့ အတန်းပိုင်ဆရာကြီးက မျက်စိမှိတ်ပြီး ကျွန်တော့်ကို ထည့်ပေးလိုက်တယ်.. အဲ့ဒီတုန်းက အရမ်းကို ပျော်ခဲ့ရတယ်လေ..

ကျွန်တော်တို့ လေ့ကျင့်ခဲ့ရတာက မြန်မာလက်သိုင်းပါ.. နဂါးလက်သိုင်း တစ်မျိုးလို့ ဆရာကတော့ ပြောတာပါပဲ.. ယောက်ျားလေးတွေဆိုတော့ သိုင်းသင်ရတာ ပျော်မှပျော်.. အတန်းထဲက ခပ်ချောချော ကောင်မလေးတွေ လာကြည့်ရင်လဲ နင်းကန်ပြီးတော့ကို ကိုယ်စွမ်းပြပြီး လေ့ကျင့်ကြတာလေ.. ပြန်တွေးကြည့်ရင် ပျော်စရာကောင်းမှ ကောင်း..

ပထမ တစ်ယောက်စီ အလွတ်သင်ရတယ်၊ ပြီးမှ အတွဲလိုက် ပြန်ပြီးပေါင်းစပ် လေ့ကျင့်ရတယ်.. အရင်က သိုင်းဆိုတာ ဘာမှန်းမသိတဲ့ ကျွန်တော် အဲ့ဒါကြမှလဲ နည်းနည်း ကျားကျားယားယား ဖြစ်သွားတော့တယ်.. ပင်ပင်ပန်းပန်းနဲ့ ၃၊ ၄လလောက် လေ့ကျင့်ပြီး သိုင်းကွက်လဲ တော်တော်လေး စုံသွားတဲ့ အချိန်မှာ ကျွန်တော့အတွက် ၀မ်းနည်းစရာနဲ့ ကြုံခဲ့ရတယ်လေ.. ပွဲတော်ရောက်ဖို့ တော်တော်လေးလဲနီးရော ရန်ကုန်ကို ပြောင်းသွားခဲ့ရတယ်လေ.. စိတ်မကောင်းဖြစ်ခဲ့ရတာ အရမ်းပါပဲ.. အဲ့ဒါနဲ့ပဲ တကယ့်ပွဲကြီးလုပ်တော့ ကျွန်တော် မပါသွားတော့ဘူး.. TV ကနေပြတော့မှပဲ ပွဲတော်ကြီးမှာ ကျွန်တော့နေရာမှာ တစ်ခြားတစ်ယောက် ကစားနေတာ ထိုင်ကြည့်ခဲ့ရတယ်.. ကိုယ်တိုင်မပါဝင်လိုက်ရလို့ စိတ်ထဲ တစ်မျိုး ဖြစ်လို့..

အဲ့ဒီပွဲမှာ ကျွန်တော်တို့ ၀တ်ရမဲ့ ၀တ်စုံက နဂါးအရေခွံပုံစံမျိုး အစိမ်းရောင် သိုင်းဝတ်စုံလေး၊ လှတယ်.. ဒါပေမဲ့ ကျွန်တော်တော့ မ၀တ်လိုက်ရဘူး..

ဒီနေ့ တောင်ကြီးက ကျောင်းသားတွေ အဖွဲ့လိုက် အများကြီး ကပြဆင်နွဲ့နေတာ မြင်တော့ အဲ့ဒီ အတိတ် အကြောင်းတွေ ပြန်တွေးပြီး ငယ်ငယ်က ကျောင်းသားဘ၀ကို ပြန်တောင် ရောက်ချင်နေမိတယ်.. အဲ့ဒီလို အခွင့် အရေးမျိုးက ကျောင်းသားဘ၀မှာပဲ ရနိုင်တာလေ..

အခုလဲ ကျောင်းတွေ ကထိန်မခင်းရတော့ဘူးလို့ Cbox မှာ ပြောနေတာ သေချာလားမသေချာလား မသိပေမဲ့ အဲ့ဒီပွဲအစား အခုကျောင်းသား၊ ကျောင်းသူတွေ ၂၀၀၀လောက်.. သိုက်သိုက်ဝန်းဝန်း၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ပါဝင်ဆင်နွဲ့ရမဲ့ ပွဲတော်ကြီးတစ်ခု အစားရှိနေသေးတယ် ဆိုတော့ .. သူတို့တွေလဲ ပျော်ရွင်နိုင်ကြမယ်လို့ တွေးထင်မိပါတယ်.. ကျွန်တော်လဲ သူတို့ အရွယ်သာဖြစ်နေရင် အဲ့ဒီမီးပုံးအလှ ကတဲ့ ပွဲမှာ တစ်နေရာက ပါဝင်မိမှာ သေချာပါတယ်..


Read more!

Monday, November 12, 2007

ရွှေအင်းတိန်ဘုရားများသို့ တစ်ခေါက် ၃

ရွှေအင်းတိန်ဘုရား တွေဆီကို ရောက်သွားတဲ့ ကျွန်တော် ဓာတ်ပုံတွေ ရိုက်ရင်း ဘုရားကို တစ်ပါတ်မက ပါတ်ခဲ့မိပါတယ်.. ဘုရားတွေက ရှေးလက်ရာတွေ မပျက်စီးဘဲ တော်တော်လေး ကျန်နေပါသေးတယ်.. မွေတော်ကက္ကူက ဘုရားတွေဆိုရင် ပြန်လည်ပြင်ဆင်ထားလို့ တစ်ချို့တွေက ရှေးလက်ရာ ပြန်မရတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်.. ဒါပေမဲ့ မပြင်ဆင်ဘဲ ထားလိုက်ရင်လဲ ပျောက်ပျက်သွားမှာဆိုတော့ ပြင်ကြရမှာပါပဲ..



အဲ့ဒီမှာ ရိုက်လာသမျှ ပုံတွေထဲက တစ်ချို့ကို အခုနောက်ဆုံး အနေနဲ့ ဖော်ပြလိုက်ပါတယ်.. အပြန်ခရီးက ပုံတွေလဲ ပါပါတယ်..

(ရှေးဟောင်း အနုပညာတွေ ပြုပြင်တဲ့နေရာမှာ ဘာဖြစ်လို့ အရင်က ပညာရှင်တွေရဲ့ လက်ရာကို နဲနဲလောက် မှီအောင် အခု ပညာရှင်တွေက မတက်နိုင်တာလဲ ဆိုတာ ကျွန်တော် စဉ်းစားလို့မရဘူး.. မွေတော်ကက္ကူမှာ ပြန်ပြင်ထားတဲ့ ဘုရားစေတီ အချို့ဆိုရင် တော်တော်လေး ရုပ်ဆိုးနေတာ တွေ့ရသေးတယ်.. )

ကျွန်တော် အပြင်မှာ ရသလောက် ခရီးတွေသွားဖြစ်ခဲ့သလို Internet ကနေလဲ မရောက်နိုင်တဲ့.. မရောက် သေးတဲ့ နေရာတွေကို ခရီးသွားရတာကို သဘောအရမ်းကျမိပါတယ်..


မရောက်ဖူးသေးတဲ့ နေရာတော်တော်များများကို Google Earth တို့ Virtual Earth တို့ကနေ လျှောက်သွားရတာကလဲ Feeling တစ်မျိုးပါပဲ.. တောင်ကြီးမြို့ကိုတော့ Google Earth ကနေ အနှံ့ အချိန်ရတိုင်း သွားဖြစ်ပါတယ်..


တစ်နေ့တော့ အမှတ်မထင် ရွှေအင်းတိန် ဘုရားပုံတွေကို Clear, High Resolution နဲ့ Google Earth မှာ တွေ့လိုက်လို့ အရမ်း ၀မ်းသာခဲ့ရပါတယ်.. အခု Virtual Tour ကို ပိုပြီးတော့ အသက်ဝင်သွားအောင် အဲ့ဒီပုံတွေကို Tag တွေထည့်ပြီး ဖော်ပြပေးလိုက် ပါတယ်..

အင်းတိန်ဈေးနေ့


နောက်ပြီး.. Panoramio site ကနေရတဲ့ ပုံကောင်းကောင်းလေးတွေလဲ ထပ်ပြီးထည့်ပေးလိုက်ပါတယ်..

အခု ရွှေအင်းတိန်က ဘုရားတွေက ပြုပြင်ဖို့ များစွာလိုအပ်နေ ပါသေးတယ်.. ဘုရားအပျက်တွေကို မြင်တွေ့ရလို့ စိတ်မချမ်းသာ ဖြစ်ကြတဲ့သူတွေများ ရှိခဲ့ရင်လဲ နည်းများမဆို ပါဝင် လှူဒါန်းနိုင်ပါကြောင်း အကျိုးဆောင်လို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်..

(ကျွန်တော်လဲ ဖြစ်နိုင်ရင် သွားခဲ့ဖူးတဲ့ ခရီးက ပုံတွေကို Panoramio Site မှာတင်ပြီး Google Earth နဲ့ အားလုံး Virtual Tour ပဲ ဖြစ်ဖြစ် ပုံတွေ မြင်ရအောင်ပဲဖြစ်ဖြစ် ကြိုးစားကြည့်ပါဦးမယ်.. သူများ နိုင်ငံက Place တွေ တော်တော်များများမှာ ပုံတွေနဲ့ Information အစုံပေးနိုင်တာကို တွေ့ရပေမဲ့ ကျွန်တော်တို့ တစ်တွေကတော့ တော်တော်လေး အားနည်းနေပါသေးတယ်.. တောင်ကြီးအတွက်ဆို ပုံတွေ အနည်းငယ်ပဲ ရှိသေးတာ တွေ့ရပါတယ်.. တောင်ကြီးသူ/သားတွေ အားလုံးလဲ ကိုယ့်မှာရှိတဲ့ ပုံတွေကို တက်နိုင်သမျှ တင်ပေးပြီး ကျွန်တော်တို့ မြို့ကြီးကို ဝေေ၀ဆာဆာ ဖြစ်အောင် ဖန်တီးကြပါစို့လားဗျာ.. )

အားလုံးကို ကျေးဇူးတင်ပါတယ်
ရဲမြန်မာအောင်


Read more!

E-Cards for Tazaungtaing Festival






Read more!

Tuesday, November 6, 2007

ရွှေအင်းတိန် ဘုရားများသို့ တစ်ခေါက် (၂)

အော် ပထမပိုင်းမှာ ဘယ်သူ့ဆီကမှ ဘုရားဖူး လိုက်မယ်ကွယ်လို့ ပြောသံမကြားရတဲ့အတွက်.. ဘယ်သူမှမပါဘဲ ကျွန်တော် တစ်ယောက်ထဲ အင်းတိန်လှေဆိပ် ရောက်သွားတယ်နဲ့ တူပါတယ်.. :(

ကဲဒါဆိုလဲ ရဲမြန်မာရေ ကိုယ့်ဘာသာကိုယ်ပဲ ဘာတွေရှိလဲ ကမ်းပေါ်တက်ပြီး ကြည့်လိုက်ပါတော့ကွာ..

ဟာ Art Gallery တွေပါလား.. နောက်ပြီး Souvenir Shop တွေလဲ မနည်းပါလား.. ပုဂံလက်ရာတွေပဲ.. ဘယ်လိုလုပ် အင်းထဲက ရွာတစ်ရွာကို ရောက်နေတာပါလိမ့်.. လက်မှုပစ္စည်းတွေအများကြီးပဲ.. အင်း ဈေးလဲနည်းမှာ မဟုတ်ဘူးနဲ့ တူတယ်ဗျ.. မ၀ယ်နိုင်မဲ့ အတူတူ ဓာတ်ပုံတွေပဲ လိုက်ရိုက်လိုက်တော့မယ်..

ဒါနဲ့ ရွှေအင်းတိန်ဘုရားတွေ ဆီကို လမ်းလျှောက်သွားရမှာနဲ့ တူတယ်.. မသွားခင် တောင်ကြီးချယ်ရီမြေမှာ Virtual Tour ပြလို့ရအောင် လှည့်ပါတ်ပြီး ရိုက်ဦးမှပဲ.. နဲနဲပါးပါးလဲ စပ်စုကြည့်ဦးမှ.. ``ဦးလေး ဒါတွေကို ဒီမှာလုပ်တာလား´´ .. ``အော်အော်..အော်.. အဲ့လိုလား.. ဟုတ်ကဲ့..´´ အားလုံးလဲ သိသွားပြီမဟုတ်လား.. အဲ့လိုတဲ့.. :)

ဟာ ဆိုင်တွေက ဒီနားမှာတင် မဟုတ်ဘဲကိုး.. အရှေ့မှာလဲ တွေ့နေရသေးတယ်.. ဈေးတန်းကြီးကို ဖြစ်လို့.. အင်း ဘုရားရောက်တဲ့ အထိ ဆိုင်တန်းတွေက ရှိဦးမှာနဲ့တူတယ်.. အဲ့ဒါဆိုရင်တော့ မြန်မာမှု လက်ရာတွေ တ၀ကြီး ကြည့်ရတော့မှာပဲ.. ဆက်လျှောက်ဦးမှ.. အားလုံးလဲ မြင်တဲ့ အတိုင်းပဲ.. ပုဂံမြို့ တစ်စိတ်တစ်ပိုင်းကို အင်းလေးကန်ထဲ လာရွှေ့ထားသလား အောက့်မေ့ရတယ်.. ပုဂံက၊ မန္တလေးက ပစ္စည်းတွေကြီးပဲ.. တော်တော်များများက အဲ့ဒီက မှာထားတာတဲ့.. ဒီမှာက နဲနဲပါးပါးပဲ လုပ်ကြတာတဲ့.. ခုနက ဦးလေးတစ်ယောက် ပြောတာလေ.. ကြားလိုက်ကြတယ် မဟုတ်လား.. :)

သူတို့ကလဲ ပြောပါတယ်.. အဲ့ဒီပစ္စည်းတွေက Foreinger တွေကပဲ ၀ယ်ကြတာတဲ့.. များများစားစားတော့ မရောင်းရပါဘူးတဲ့.. ကြည့်ပါလား.. ရဲမြန်မာလဲ ဘာမှမ၀ယ်ဘူး.. အဟဲ.. ကျွန်တော်လဲ အားပေးမလို့ မေးကြည့်ပါသေးတယ်.. ပထမတော့ ပဒေါင်ခေါင်းပုံ Keychain လေးတွေ အများကြီးဝယ်ပြီး.. တောင်ကြီး ချယ်ရီမြေက ဧည့်သည်တွေကို လက်ဆောင်ပေးမလို့ ဆိုပြီး မေးကြည့်တာ.. တစ်ခု ၁၅၀၀ကျပ် ဆိုလို့ မသိချင်ယောင်ဆောင်နေ လိုက်ရတယ်.. အခုတော့ လက်ဆောင်အဖြစ် ဓာတ်ပုံတွေအများကြီးပဲ ပေးလိုက့်တယ်နော်.. ဖြစ်တယ် မဟုတ်လား..

အဲ ရွှေအင်းတိန်ဈေးဆိုပါလား.. တော်တော်လေး ကျယ်တာပဲ.. ဒီနေ့လူရှင်းနေတော့ ဈေးနေ့ ပြီးသွားပြီနဲ့တူတယ်.. အင်းတိန် မူလတန်းလွန်ကျောင်းလဲ ရှိတာပဲ..

ဈေးလဲ ပြီးရော.. ခုနကလို ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တန်းတွေ တွေ့ပြန်ပါတယ်..



Art Gallery တွေ ဒီမှာ ပိုများတာပဲ.. ၀င်ရိုက်လိုက်ဦးမှ.. ဟိုက်ရှားပါး.. အပျံစားတွေပါလား.. ဒီက လူတွေ ဆွဲတာလား မသိဘူး.. တော်တော် တော်တာပဲ.. ဟော အဒေါ်ကြီးကို မေးကြည့်ဦးမှပဲ.. သူဆွဲတာလားလို့.. ``အဒေါ်ရေ ဒါတွေက အဒေါ်ကိုယ်တိုင် ဆွဲထားတာလား ခင်ဗျာ..´´ ``ဘယ်ကလာ.. အဒေါ်ဆွဲတာ မဟုတ်.. မန္တလေးက ဆရာတစ်ယောက် ဆွဲပေးတာပဲ.. အဒေါ်က ဆွဲတတ်တာ မဟုတ်ဘူးလေ. ´´ (အဲ အဲ့ဒီမှာ စကားက နဲနဲဝဲတယ်.. လေယူလေသိမ်းက ထားဝယ်သံလိုမျိုးပဲ.. အဒေါ်ကြီးက အင်းသူဖြစ်မယ်နဲ့တူတယ်..) ``ဟုတ်ကဲ့ ဟုတ်ကဲ့ အဲ့ဒါဆို ကျွန်တော့်ကို ဓာတ်ပုံရိုက်ခွင့်ပြုနော်´´ ဆိုပြီး ကျွန်တော်လဲ ခွင့်တောင်ပြီး ရိုက်လိုက်ပါတယ်..

ခဏလောက်လဲ ကြာရော ချောင်းတစ်ခုကိုတွေ့ပါတယ်.. အဲ့ဒီမှာ တံတားတစ်ခုရှိပြီး.. ဟိုဘက်ကမ်းမှာတော့ ရွှေအင်းတိန်ဘုရားကို သွားတဲ့ လမ်းလို့ ထင်ရတဲ့ ရှည်မြောမြော တန်စောင်းကြီးတစ်ခုကို တွေ့ရပါတယ်.. အဲ့ဒီမှာ မုန့်လေပွေရောင်းတဲ့ အသည်နဲ့ အသုတ်ရောင်းတဲ့ ဆိုင်ကို တွေ့ပါတယ်.. စားပါဦးလားလို့ သူတို့က မေးပါသေးတယ်.. အလကားမဟုတ်ဘူး ထင်တာနဲ့ ကျွန်တော်လဲ ရီပြလိုက်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်.. ကျေးဇူးပါပဲလို့ ပြောပြီး စောင်းတန်းဆီကို ဦးတည်သွားလိုက်ပါတယ်.. (အဲ့ဒီတုန်းကသာ ဟုတ်ကဲ့ ဆိုပြီး ၀င်စားလိုက်ရင် အလကားများ စားရမလား မသိ.. အဲ့လိုမျိုးဆိုရင် နာလိုက်တာကွာလို့ နောက်မှ ပြန်စဉ်းစားမိတယ်.. )

ဆောင်းတန်းကို ရောက်ပါပြီ.. အဲ့ဒါဆို ဘုရားရောက်ဖို့ နဲနဲလောက်ပဲ လိုတော့မှာပဲလို့ တွေးလိုက်မိပေမဲ့ ကျွန်တော့် အထင်မှားသွားခဲ့ပါတယ်.. ဆောင်းတန်းကြီးက တော်တော်ရှည်ပါတယ်.. အခုခေတ် အဲ့လိုမျိုး ဆောင်းတန်း မြင်ရဖို့ တော်တော်ခတ်ပါလိမ့်မယ်.. ပြန်ဆောက်မယ်ဆိုရင်တောင် ပိုက်ဆံတော်တော်ကုန်မဲ့ သဘောရှိပါတယ်.. အဲ့ဒီမှာ ကျွန်တော်တွေးလိုက်မိပါသေးတယ်.. တော်တော်ကောင်းတဲ့ ဆောင်းတန်းကြီးပါလားလို့လေ.. နောက်ပြီး ဒီနယ်မြေဟာ အရင်က ဘယ်လောက်တောင် စည်ပင်တိုးတက်ခဲ့ မလဲလို့ ခန့်မှန်းကြည့်မိ ပါသေးတယ်.. သေချာပါတယ်.. အတိတ်က နှစ်ကာလ တစ်ခုမှာ ဒီနေရာ ဒီဒေသဟာ တော်တော့ကို စည်ကားခဲ့မှာပါ.. ကျွန်တော်စိတ်ထဲမှာ အဲ့ဒီအတွက် နှမျောတသ ဖြစ်မိရာက အနည်းငယ် ရှေ့ဆက်သွားလို့ နောက်ထပ် ဘုရားအပျက်တွေ အများကြီးတွေ့တဲ့ အခါမှာတော့ ယူကြုံးမရပါ ဖြစ်မိပါတော့တယ်..

အရင်အချိန်တွေမှာ ဘယ်လောက်များ ခမ်းနားသာယာလိုက်မလဲလို့လဲ ပါးစပ်ကထွက်မတက် စုတ်သတ်နေမိ ပါတော့တယ်.. အဲ့ဒီကို မရောက်ခင်တုန်းကတော့ ဒီလောက် များပြားလိမ့်မယ်.. ခန့်ထည်လိမ့်မယ်လို့ မတွေးမိခဲ့ပါဘူး.. အခု မျက်ဝါးထင်ထင်မြင်ရတော့မှပဲ မွေတော်ကက္ကူဘုရားတွေလိုမျိုး ပြုပြင်ဖို့ လိုနေတဲ့ ဘုရားတွေ အများကြီး ရှိမှန်း သိခဲ့ရပါတော့တယ်.. အခု အပိုင်းမှာ ပါတဲ့ ဘုရားတွေက ရွှေအင်းတိန် ဘုရားကို သွားတဲ့ စောင်းတန်း ဘေးမှာရှိတဲ့ ဘုရားအပျက်တွေပါ.. ဟိုရောက်ရင်လဲ ဘုရားတွေ အများကြီးတွေ့ရဦးမှာပါ.. စေတီပေါင်း ၁၀၀၀ကျော်ရှိတယ်လို့ ပထမပိုင်မှာတုံးက ဖော်ပြထားတာ မှတ်မိမယ်နဲ့ တူပါတယ်..

အဲ့ဒီမှာ မကျီးပင်အိုကြီး တစ်ပင်ကိုလဲ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်.. ရွတ်တွနေတယ် ဆိုတဲ့ စကားလုံးက အဲ့ဒီအပင်ကို တွေ့တော့မှ ကွက်တိပဲလို့ အောချ မိပါတော့တယ်..

ဆောင်းတန်းကြီးကို ဆက်လျှောက်ရင်း ကျွန်တော်လဲ မရောက်ဘူးသေးတဲ့ သူတွေ မြင်တွေ့ရအောင်.. နောင်အခါလဲ မှတ်တမ်းအနေနဲ့ ရရှိအောင် ဓာတ်ပုံတွေ ဟိုပြေးရိုက်လိုက် ဒီပြေးရိုက်လိုက်လုပ်ရင်း ခြေထောက်တွေ ညောင်းလို့ ညောင်းမှန်းတောင် သတိမထားမိတော့ပါဘူး.. နောက်ဆုံးမှာတော့ ၃.၃ဖာလုံရှည်တဲ့ ဆေင်းတန်းကြီးလဲ ဆုံးပြီး၊ ရွှေအင်းတိန် သမိုင်းဝင်ဘုရား ကိန်းဝပ်တော်မူတဲ့ တန်ဆောင်းနေရာကို ရောက်ရှိသွားခဲ့ပါ.. တော့.. တယ်..


Read more!

Monday, November 5, 2007

ရွှေအင်းတိန် ဘုရားများသို့ တစ်ခေါက်

ရွှေအင်းတိန်ဘုရားတွေ အကြောင်းကို သူငယ်ချင်းတွေ ပြောပြလို့ ကျွန်တော် သိထားတာ ကြာပါပြီ.. ဒါပေမဲ့ ဘုရားတွေ အများကြီးရှိတယ်ဆိုတာကိုတော့ မျက်လုံးထဲမှာ မမြင်မိခဲ့ပါဘူး.. ဘယ်လိုဘုရားတွေ အများကြီးပါလိမ့်လို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ခဲ့မိရာက အခုတစ်ခေါက် ကိုယ်တိုင် ရောက်သွားတော့မှပဲ အံသြ့ခြင်းများစွာနဲ့ မင်သက်မိခဲ့ပါတော့တယ်..

အရင်က သူငယ်ချင်းတွေ ပြောကြတာက အင်းတိန်ဘုရားကို လှေနဲ့ တစ်မျိုး ကုန်းနဲ့ တစ်တန် သွားရတယ်.. လမ်းလဲ အဝေးကြီး လျှောက်ရတယ်တဲ့လေ.. အဲ့ဒါကြောင့် အင်းလေးကို (၂)ခေါက် (၃)ခေါက် ရောက်ဖြစ်ခဲ့လဲ အဲ့ဒီဘက်ကို လှေဦးလှည့်ဖို့ မဖြစ်ခဲ့ပါဘူး.. စိတ်ထဲမှာပဲ ရှိပြီး မရောက်ဖြစ်ခဲ့ပါဘူး..

ဒါပေမဲ့ များပြားလှတဲ့ ဘုရားတွေကို သွားဖူးခွင့်ရဖို့ အကြောင်းတရားတွေက ဖန်တီးလာခဲ့ပါတယ်.. အဲ့ဒါနဲ့ပဲ ကျွန်တော် ရွှေအင်းတိန် ဘုရားများဆီသို့ ရွှင်လန်းဝမ်းသာစွာနဲ့ပဲ စိုက်စိုက်မြိုက်မြိုက် ရောက်ဖြစ်ခဲ့ပါတယ်.. တောင်ကြီးချယ်ရီမြေကို လာလည်တဲ့သူတွေလဲ ကျွန်တော်နဲ့ အတူ ရွှေအင်းတိန်ဘုရားများဆီကို ရောက်ဖူးသွားအောင် Virtual Tour နဲ့ လှေလေးစီးပြီး သွားကြည့်ရအောင် လိုက်ခဲ့ပါလားဗျာ..

အင်း.. ရွှေအင်းတိန်ဘုရားတွေ ဆီကို မသွားခင် ဘုရားသမိုင်းကြောင်း အကျဉ်းကို အရင်ပြောပြပါမယ်.. အဲ့ဒါမှ ဘုရားဖူးသွားရတာ ပိုပြီးလေးနက်မှုရှိမယ်လို့ ထင်ပါတယ်..

သမိုင်းဝင်ရွှေအင်းတိန် မြတ်စွာဘုရားကြီးကို တည်ထားခဲ့တဲ့ ဒါယကာကတော့ ပဋလိပုတ် ပြည့်ရှင် သီရိဓမ္မာသောက မင်းကြီးဖြစ်ပါတယ်.. သာသနာ နှစ် (၂၀၀)ကျော်ကျော်လောက်မှာ ဘုရားရှင်ရဲ့ ဘရိယ (မွေတော်) ဓာတ်တော်ကို ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်.. ဒေသကတော့ ကမ္ဗောဇပြည် ခေါ် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်မြို့၊ ယခု အင်းတိန်ရပ် -အင်းလေးမှာ ဖြစ်ပါတယ်.. ပထမအကြိမ် ပြုပြင်တော်မူတဲ့ မင်းကတော့ အနော်ရထာမင်းဖြစ်ပါတယ်.. အဲ့ဒီအချိန်မှာ ဘုရားကို ထပ်ဆင့်တည်၍ ၀တ်မိုးမြေ အရံစောင့် ကျွန်းသီတော်လူတော်မူသတည်း။

၎င်းနောက် ထပ်မံပြီး ပြုပြင်တဲ့ မင်းတွေကတော့ နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်ခေါင် နဲ့ ဆင်ဖြူရှင် မင်းတရားကြီးတို့ ဖြစ်ပါတယ်…
အရံစေတီတော်ပေါင်းက ၁၀၅၄ဆူ ရှပြီး၊ ဘုရားစောင်းတန်းကြီးမှာ ပါဝင်တည်ဆောက်ထားတဲ့ တိုင်းလုံး အရေအတွက် ကတော့ ၄၀၃လုံးရှိပြီး.. အရှည် ၃.၃ဖာလုံရှိပါတယ်..

ဘုရားကြီးရဲ့ နယ်နိမိတ်သည်
အရှေ့ဘက်ကား ကျောက်ပွန်ရေထွက်၊ နောက်ကန် အင်းဆင်သေကုန်း။ အရှေ့တောင်ကား သရက်မောင်နှမ။ တောင်ခြားကား - ချောင်းချောက်ကြီး ပျားစွဲတော်။ အနောက်ခြားကား - ဆင်ရုပ်ညောင်စည်။ အနောက် မြောက်ကား - စစ်တောင်းတောင်ခမောက်တောင် ရသေ့ကုန်း။ မြောက်ကား - နတ်သမီးတောင်၊ ရသေ့တောင်၊ ဝေလုကမ္ပတောင်။ အရှေ့မြောက်ကား - အင်းရေပြင် ကျောက်ခြံ တို့ ဖြစ်ကြပါတယ်..
အရံစောင့်ကျွန်သီးတော်တွေက (၅၀၀) ဖြစ်ပါတယ်.. ယခုကျွန်သီးတော်တွေကား လူဦးရေ (၅၀၀)၊ အိမ်ခြေ (၈၁)၊ ကျားကြီး (၅၀)၊ ကျားငယ် (၁၁၀)၊ မကြီး (၆၈)၊ မငယ် (၅၉) ယောက်၊ ခြင်းတို့ အကြီးကား ကြော့ငကြောတည်း။
ဂေါပက အဖွဲ့က မြန်မာနှစ် ၁၁၄၇ခုနှစ် မှာ ပြုစုထားတဲ့ သမိုင်းအကျဉ်းမှ ဖြစ်ပါတယ်..

ကဲကျွန်တော်တို့ သမိုင်းကြောင်းလဲ အနည်းငယ် သိသွားပြီဆိုတော့ ဘုရားများဆီ စက်လှေနဲ့ ခရီးထွက်ကြပါမယ်.. နာရီဝက်သာသာလောက် စီးရပါမယ်.. အဲ ဦးထုတ်တို့၊ ထီးတို့တော့ ယူခဲ့ဖို့ မမေ့နဲ့ဦးနော်.. နေက တကယ်ပူမှာ.. တော်ကြာ ကျွန်တော်မပြောလို့ မယူခဲ့မိလို့ အသားတွေ မဲသွားရင် အပြစ်ပြောနေမှာ ဆိုးလို့ပါ..း)

အင်းလေးကန်အတွင်းက အိမ်တွေ လမ်းတွေကို ဖြတ်သွားရပါမယ်.. နောက်ဆုံး အနည်းငယ်ကျင်းတဲ့ ချောင်းတစ်ခုအတိုင်း ရေဆန်ကို မောင်းရင်း လှေလှိုင်းစီးကြရပါမယ်.. လမ်းမှာ လှေတွေ သိမ်းတဲ့ Parking တွေလဲ တွေ့ပါမယ်.. Flying Bridge တွေလဲ တွေ့ရပါမယ်.. အင်းသူအင်းသားတွေ ရေချိုးနေကြတာကိုလဲ တွေ့ရဦးမှာ ဖြစ်ပါတယ်.. (၂)ခါ (၃)ခါ ရောက်ဖူးခဲ့ပေမဲ့လဲ ကျွန်တော် အခြားကမ္ဘာလေးကို ရောက်သွားသလို ခံစားခဲ့ရပါတယ်..



`` လှေကလေးကို လှော်မည် ဘေးမသန်းဘဲ အေးချမ်းခဲ့ပြီ.. မြစ်ကမ်းရံသောင်နဒီ.. ´´
အဲ အဲ့ဒီ သီချင်းလေး ငြီးပြီး လှေစီးလို့ ငြိမ့်ငြိမ့်ညောင်းညောင်းလေး သွားကြရအောင်.. စိတ်ပါရင်တော့ လှေဘေးမှာ ဖြာကြနေတဲ့ ရေမှုန်တွေကို လက်နဲ့ ထိဆော့ ကြည့်ပါဦး.. အေးအေးမြမြနဲ့ စိတ်ကို ပျော်ရွှင် စေနိုင်တယ်လေ.. အင်းသူအင်းသားတွေကလဲ လက်ပြလို့ ပြုံးရွှင်စွာနဲ့ နှုတ်ဆက်ကြတာ တွေ့ရဦမယ်လေ..

ကားတွေမရှိ.. ဟွန်းသံမရှိ.. ဖုန်တွေမရှိနဲ့ အရာအားလုံးက ရေနဲ့ ထိစပ်လို့.. ကျွန်တော်လဲ ဖြစ်နိုင်ရင် အင်းသားတစ်ယောက် အနေနဲ့ ရေပေါ်က ခြေတံရှည်အိမ်လေးမှာ နေမယ်.. လှေကလေးတစ်စင်းကို တက်နဲ့လှော်လို့ ရေပြင်ကြီးအနှံ့ လျှောက်သွားမယ်.. ငါးတော့ မဖမ်းဘူး.. ဒါပေမဲ့ ကြာပန်းတွေ လိုက်ခူးမယ်.. မနက်ဆိုရင် အရှေ့ရိုးမက နေထွက်လာတာကို ထိုင်ကြည့်မယ်.. ညနေဆိုရင်လဲ အနောက်တောင်တန်းတွေဆီ ၀င်ပျောက်သွားမဲ့ နေမင်းရဲ့ ဆည်းဆာ အချိန်ကို ထိုင်ငေးမယ်.. ဖြစ်နိုင်ရင် ကောင်းကင်လေးကိုလဲ ဘေးမှာ ခေါ်ထားချင်တယ်.. လူတွေနဲ့ ဝေးတဲ့ ရေပြင်ကြီးအလယ်မှာ အိမ်လေးတစ်လုံးဆောက်လို့ ဘာအပူအပင်မှ မရှိဘဲ အေးအေးလူလူ နေလိုက်မယ်.. အဲ Internet ကြီးလဲ မေ့ထားလိုက်မယ်.. လောကကြီးကိုလဲ မေ့ထားလိုက်မယ်.. ဘယ်လောက်ကောင်းလဲ.. အဲဒါပေမဲ့ အသားမစားတော့ ဒုက္ခရောက်မယ်နဲ့တူတယ်.. အဲဒါဆိုလဲ ကျွန်းမျောတွေပေါ်မှာ ကိုယ်စားမဲ့ အသီးအနှံတွေကို စိုက်ရမယ်.. အဲ Chemical တွေပါတဲ့ မြေသြဇာတို့၊ ပိုးသတ်ဆေးတွေ ရှောင်ရမယ်.. သဘာဝမြေသြဇာတွေ သုံးရမယ်.. ထမင်းဟင်းတွေကတော့ ကောင်းကင်လေးက ချက်ပေးမယ်နဲ့တူတယ်.. သူရှိရင်ပေါ့လေ.. နောက် ညနေဘက်တွေဆို သူနဲ့ အတူတူထိုင်လို့ နေ၀င်ချိန်ကို ကြည့်ရင်း Angle Café ကမှာထားတဲ့ Angle Coffee အတူတူ ထိုင်သောက်ကြမယ်.. အဟဲ ဘယ်လောက် ကောင်းလိုက်မလဲနော်..း)

အဲဗျာ ဆောတီးဆောတီး ခရီးသွားရင်း စိတ်ကူးတွေ ရင်လိုက်တာ ဘယ်ပေါက်လို့ ဘယ်ရောက်သွားပြီလဲ မသိ.. အော်... အင်းတိန် လှေဆိပ်ကို ရောက်ပါပကောလား.. အားလုံးလဲ စိတ်ကူးတွေ ရင်နေမိရင် ခဏရပ်တော့နော်.. အပြန်လမ်းကြမှ ဆက်ရင်ပေါ့.. အခု လှေဆိပ်ရောက်ပြီ.. လှေပေါ်က ဆင်းကြစို့.. သတိတော့ထားဦးနော် လှေအဆင်း မြင်းအတက်တဲ့ သေသေချာချာ ဂရုစိုက်ဦး.. အခန့်မသင့်ရင် ရေချိုးနေရဦးမယ်..း) ကဲ အားလုံးပဲ လှေပေါ်ကဆင်းပြီး ကုန်းပေါ်တက်လို့ ဘာတွေ တွေ့ရမလဲလို့ ကြည့်ကြည့်ကြပါဦး..



Read more!

Wednesday, October 31, 2007

တန်ဆောင်တိုင် အမှတ်တရ (ဇာတ်သိမ်း)

ဇာတ်လမ်းကို ပြန်ဆက်ရမယ် ဆိုရင်တော့ ဆူပါဂလူး လိုပါတယ်…ဒီလိုနဲ့ အက်တမင်က စကပ်ပါတယ်…ဆိုင်ဖွင့်ရင် မြတ်ဖို့က အဓိက ကျသည်လေ။ ဒါကြောင့်အက်တမင်က မနေနေ…တွက်ပါအုံးဗျ..မြတ်ပမလား…မြတ်မှဖြစ်မှာနော်…ဆိုပြီး အားကိုးတကြီး တွက်ခိုင်းပါသည်။ သူမကလည်း ပါးစပ်ကနေတတွတ်တွတ်ရွတ်ပြီး ကတ်ကူလေတာ တစ်လုံးကိုင်ကာ တွက်ပါသည်။ နောက်ဆုံးတွက်ချက်ပြီးတော့ အက်တမင် မရှုံးရင် အမြတ်ပဲတဲ့..ကျွန်မသေချာပြောရဲတယ်တဲ့…ကျွန်မ ဒီစာရင်းအင်းပညာနဲ့လုပ်စားနေတာ ကြာပြီတဲ့..ဆက်ပြောတယ်လေ။ ကျွန်တော်ထ အော်လိုက်ချင်ပါသည်။

ကျွန်တော်တို့ အကင်နဲ့ ဘီယာ ဆိုင်ဖွင့်ချင်တဲ့ အကြောင်းကလည်း ရှိပါသည်။ အက်တမင် ငန်းကြောထနေလို့ မမြင်မိတဲ့ ဟာကို ကျွန်တော်တို့က သတိပြုမိလို့လေ။ အဲဒါမှန်မမှန် သိချင်စိတ်နဲ့

သူတို့ရဲ့ နောက်ကြောင်းကို လိုက်လိုက်တော့ တော်တော်လှတယ်…အာ..မှားလို့ သိလိုက်ရတာက ၃၆ ..ဟာ မှားပြန်ပြီ… စိုင်းစိုင်းရဲ့" ဖုတ်လှိုက်ဖုတ်လှိုက် " သီချင်းကို စွဲနေမိလို့… စာသားက "၃၄ ၂၄ ၃၆ အလှအပအရပ်အမြင့်က ၅ ပေ ၆ " ဆိုလားပဲ…အဲဒါလည်းအပြီး ပြန်ဖျက်မလို့လုပ်တော့ ကော်ရရှင်ပန် က မရှိတော့ဘူးလေ…အဟီး ။ နံပါတ်တွေကို ပြောချင်တာနဲ့တိုက်ဆိုင်သွားလို့….ဒိတ်က (၂.၇.၂၀၀၇) လေ။ ဒီလိုနဲ့ပဲ ….အမှန်တော့ မသဉ္ဖာ ရဲ့ ဟင်းထုပ် က အကြံအဖန်ဆိုတာပဲဆိုတာ သိလိုက်ရတယ်လေ… အက်တမင်က တင်တင်ချင်း စားချင်တာနဲ့ ဘာမှ မမြင်နိုင်ဖြစ်သွားတာ…စားဖို့ပဲ ငန်းနေတာလေ…အခုတော့ ဒါလေးက ကျွန်တော်တို့ အတွက် အခွင့်ကောင်းလေးပေါ့။

ဒါကိုသိသော ကိုကျော်စွာက ထလိုက်ပါသည်။ ကျွန်တော်တို့က ကိုကျော်စွာ ဘာပြောမလဲပေါ့..ကြည့်တုန်း ပြန်ထိုင်သည်။ အဲဒီမှာ အက်တမင်က ကိုကျော်စွာ ဘာပြောစရာရှိလို့လဲ…. ပြောလေလို့မေးတော့…ကျွန်တော်ညောင်းလို့ ထရပ်တာတဲ့လေ။ အက်တမင်ရဲ့ မျက်နှာ တော်တော်တင်းသွားသည်။ မလေးမစားလုပ်တယ်ပေါ့..သူ့လို လူကြီးတစ်ယောက်ကို ဒင်းတော့ တွေ့အုံးမယ်ဆိုတဲ့ မျက်နှာနဲ့ ကြည့်လိုက်တာကို တွေ့လိုက်ရသည်…သိပ်မကြာပါဘူး…ထရပ်ပြန်ပါသည်။ ဒီတစ်ခါ အက်တမင်က ကိုကျော်စွာ ညောင်းလို့ပဲလားမေးတော့ ဒီတခါတော့ အတည်ပါ…အက်တမင်ကို လေးစားပြီးသားပါ..ငါးကတော့ လျော်တယ်။ ခြောက်ကပြန်တယ် တဲ့။ ဆက်ပြောပါသည်။ ဒီတစ်ခါလည်း အကြွေးပဲလားတဲ့….အက်တမင့် မျက်နှာသေးသေးသွားလိုက်တာများ မပြောပါနဲ့တော့ ။ တစ်နေ့က မသာအိမ်မှာ အက်တမင်ကြီး အကြွေးတင်ခဲ့တာလေ…အဲဒါကြောင့်ပြောတာလို့ အကြောင်းသိသူတစ်ယောက်က လေသံတိုးတိုးလေး ထွက်ပြီးသတင်းပေးသည်။

အဲဒီမှာပဲ ကိုကျော်စွာက ကျွန်တော် တင် ပြချင်တာကတော့ ဆိုပြီး ပုဆိုးကို ပြင်ဝတ်လိုက်သည်။ သူလည်း ၃၆ လားပေါ့..အဟီး..ဆက်ပြောတာကတော့ … ကျွန်တော်က တော့ အကင်နဲ့ ဘီယာ ဆိုင်ဖွင့်ချင်တယ် အက်တမင်…မသဉ္ဖာတို့ ဆိုင်ရောင်းတာလည်း ရောင်းပေါ့…တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ကျွန်တော်တို့ ဆိုင်မှာ သောက်ပြီးရင် သူတို့ဆိုင်ကို ကူးလို့ရတာပေါ့…ဒါကိုလည်း စဉ်းစားမိလို့ပါ။ ပြီးတော့ ဆောင်းတွင်း ဆိုတော့ ဒါလေးတွေက လိုတယ်လေဆိုပြီး လက်မကို ပါးစပ်ထဲ ထည့်ပြပါတယ်။ အားပါသွား၍ထင်သည်။အရှိန်လွန်ပြီး အာခေါင်ကို ထိသည်။ ဝေါ့ကနဲ ဖြစ်သွားသည်။ (နဲတောင်နဲသေးတယ်…လာပြီး စတိုင်လာပေးနေတာကိုး ) နောက်ကျွန်တော်စဉ်းစားမိတာက အွန်လိုင်းကနေပြီးတော့ လည်း အကြံဥာဏ်တောင်းမယ်လို့ အကြံပေးပါတယ်။ ဒါကလည်း တောင်ကြီးချယ်ရီဟာ အဝေးရောက် ချယ်ရီကို ချစ်သောသူများနဲ့လည်း သက်ဆိုင်တယ်ဆိုတဲ့ သဘောပါ ဆိုပြီး အများနဲ့ ကိုင်တုတ်လိုက်ပါသေးတယ်။

"ဟာ….ဘီယာ၊ အကင်ရောင်းရင် မကောင်းဘူးထင်တယ်….အဲလိုရောင်းရင် ပြဿနာတက်နိုင်တာပေါ့…အမူးသမားတွေနဲ့တရုန်းရုန်းဆိုတော့ …ကျွန်မတို့က မိန်းကလေးတွေလေ…ဘယ်ကောင်းပမလဲ " ဆိုပြီး ကန့်ကွက်မဲပေးပါသည်။ ထပြောသူကတော့ အဒူလဲသိလား….ရေခဲတုံးကြီး မအေးမိစံပါ။ အားလုံးအံ့အားသင့်သွားသည်။ ပါးစပ်တွေ အဟောင်းသားဖြစ်သွားသည်။ တခန်းလုံး တိတ်ဆိတ်သွားသည်။ တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူကတော့…ဘူ….တဲ့။ အသံလာတဲ့ ဘက်ကို ခန့်မှန်းပြီး အားလုံး ၀ိုင်းကြည့်ကြသည်။ အဟင့်…အဟင့် ဆိုပြီး အသံလေးထွက်လာသည်။ သူလို့ထင်ပြီး ၀ိုင်းကြည့်လို့ ရှက်၍ထင်သည်။ သမီး မဟုတ်ဘူးနော်လို့ ငြင်းရှာသည်။ ကြည့်လိုက်တော့ ချိုချိုမွှေးမွှေးလေးပေါ့။ အခုတော့ ချိုချို နံနံလေးလို့ နာမည်ပြောင်းလိုက်ပြီ လို့ ..စိတ်ထဲကနေကြိတ်ပြောမိသည်။

နံတာကတော့ တော်တော်နံတယ်ဗျ….ခုနှစ်ရက်လောက် ဓညင်းသီးတွေ ၊ ဆူးပုတ်တွေ ၊ ငါးပိရည်ကျိုတွေ စားပြီး ခုနှစ်ရက်လောက် ၀မ်းချုပ်ပြီး မအောင့်နိုင်မအီးနိုင် ထွက်လာတဲ့ အနံပါ…မယုံမရှိပါနဲ့….လို့ အီးသုတေသနနဲ့ မာစတာဘွဲ့ရခဲ့သ (လက်ရှိအလုပ်အကိုင် - မြို့နယ်စည်ပင်ရဲ့ မိန်လာပြုပြင်ထိန်းသိမ်းရေး အထွေထွေ အတွင်းရေးမှူး) ကိုအောင်မိန်းက ဆိုင်းမဆင့် ဘုံမဆင့် ပြောပါတယ်။ ပြောတဲ့သူတွေကလည်း အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ ပြောတော့

ကျွန်တော်တို့မှာ ကောင်မလေးတော်တော်ရှက်သွားမှာပဲဆိုပြီး ကရုဏာ စိတ်တွေတောင် ပေါ်လိုက်သေးသည်။ ပြောတဲ့သူကလည်း ထိုကိစ္စနဲ့ပါတ်သတ်ပြီး ဆိုးဆိုးဝါးဝါးရာဇ၀င်ရှိပုံရပါသည်။ အဆိုးဆုံးကတော့ ကိုချမ်းပေါ့…ကျွန်တော်ပါဆိုပြီး ထပြောတယ်လေ….ဟီးရိုးပေါ့…ကောင်မလေးက အားကိုးတဲ့ မျက်လုံးလေးတွေ့နဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရပါသည်။ ဒါကတော့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့…။

အကင်ဆိုင်ဖွင့်ချင်တဲ့ သူရယ်၊ ရိုးရာအစားအစာ ဆိုင်ဖွင့်ချင်တဲ့ သူရယ် ပေါ်လာတော့ အက်တမင် စဉ်းစားရကြပ်ပြီပေါ့။ အကင်ဆိုင်ဖွင့်တာကိုငြင်းရင်လည်း ခွက်ပုန်းခုန်သူ အက်တမင်က သူစားပေါက်ပျောက်သွားမှာကို သိတယ်လေ။ ကိုကျော်စွာကလည်း ဗူးဆိုရင် ဖရုံမသီးတဲ့ လူမျိုးကိုး။ ဟိုဆိုင်ကို မဖွင့်ပါနဲ့ ပြောရင်လည်း သူကြိတ်သဘောကျနေသော ကောင်မလေးနဲ့ဝေးပြီလေ။ အဒူလေးလဲ ဆိုတော့ ….မပြောတော့ပါဘူးလေ…ညီမလေးတွေနဲ့ မမများ ရင်ခုန်ကြပေါ့နော့်။ အဟဲ။ သတိတော့ထားဗျို့ …အက်တမင်ရဲ့ နောက်ကြောင်းက မကောင်းဘူး…၄၀ ဆိုလားပဲ..အဟဲ။

နောက် အွန်လိုင်းက အကြံပေးချက်တွေကလည်း နှစ်ဆိုင်လုံးဖွင့်တာကို သဘောကျတယ်တဲ့လေ။ နောက်ဆုံးတော့ ဆိုင်နှစ်ဆိုင်လုံးဖွင့်မယ်လို့ အက်တမင်က မချချင် ချချင်သလိုလုပ်ပြီး ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အားလုံးလဲ ကျေနပ်သွားကြပါတယ်…. ဒီလိုနဲ့ ကျွန်တော်တို့ ရဲ့မီတင်လေး အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်….

မီတင်ပြီးလို့ လမ်းခွဲကြတော့ ကိုကျော်စွာ သွားရအောင်လို့ အဖော်ညှိတော့ သူက ဘယ်လဲလို့မေးပါတယ် ။ထုံးစံအတိုင်းပဲပေါ့ လို့ပြောတော့ ဟာ…ကောင်းတယ်..ကောင်းတယ်တဲ့…ရာသီဥတုကလည်း အားကစားသမားတွေ အကြိုက်ပဲတဲ့။ သိပ်မပြောရပါလား ကိုကျော်စွာရယ်။

လေအေးအေးလေးတွေကတော့ ကျွန်တော်တို့ကို ကျီစယ်လို့ပေါ့။ မင်းလမ်းတစ်လျှောက် လမ်းလျှောက်ပြန်ခဲ့ကြသည်။ ဆိုင်က အပြန်မှာတော့……..ကြယ်တွေက လင်းလက်ပြီး တိမ်တွေက စိမ်ပြေးတမ်းကစားနေပါသည်။ သီတင်းကျွတ်လပြည့်နေ့ ရောက်တော့မှာ မို့လို့လားမသိဘူး လပေါ်မှာလည်း အဖိုးက ဆန်တွေ မနားတမ်းဖွတ်နေတယ်။ ရောက်တက်ရာရာ အတွေးများကို တွေးနေစဉ်မှာပဲ….

"တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်းမရှိပေမယ့် …

ဖြူစင်စေတနာ အရိုးခံစိတ်ရင်းရှိကြတယ်…

ချယ်ရီတွေရယ်ဧည့်ဝတ်မပျက်ပါဘူးကွဲ့ အချစ်ရယ်…"

ဆွေးဆွေးမြေ့မြေ့ ဆွဲဆွဲငင်ငင် အသံသေး အသံကြောင်နဲ့ သီချင်းထဆိုပါသည်။ ရုတ်တရက်ဆိုတော့ တော်တော်လန့်သွားသည်။ နောက်တော့ ကျွန်တော်က မသိမသာ အေးလိုက်တာ နားရွက်တွေကလဲ…. ဆိုပြီး လက်နှင့်အုပ်လိုက်သည်။ ဟောင်နေသော ခွေးများပင်လျှင် မှင်သက်ငေးမောသွားကြသည် ထင်ပါသည်။ အားလုံးတိတ်သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး။ သူကတော့ သူ့ဖီလင်နှင့်သူ မျက်စိကြီး မှိတ်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ဆက်ဆိုလျက်။

**********************

"တန်ဆောင်တိုင်ကြီး ပြီးသွား၍ စာရင်းချုပ်သော အခါ ၀က်ဝက်ကွဲ မမြတ်ပါ။ ရှုံးပါသည်။ အမေ့နားကပ်လေး ပေါင်ထားတာတော့ ရွေးနိုင်တော့မည် မထင်ပါ။ ဆိုင်ဖွင့်ရင်ကောင်းမယ်ဆိုပြီး မီတင်စတင်ခဲ့သော အက်တမင် ကိုပဲ စိတ်ဆိုးရမလား။ အစားအသောက်အတွက် ကျွန်မတို့တာဝန်ယူတယ်…ကျွန်မတို့လက်ရာက ဘလော့ထဲမှာ မြင်တာနဲ့ စားချင်စရာပဲမဟုတ်လား လို့ပြောကာ တာဝန်ယူခဲ့သော မမဘလောကာများကိုပဲ စိတ်ဆိုးရမလား။ ဧည့်ကြိုမမ ဧည့်ကြိုတာဝန်ယူတယ်ဆိုပြီး ပဲပေးနေတာ ကိုပဲ အပြစ်တင်ရမလား။ အဖေတစ်ခွက် သားတစ်ခွက် ဆိုပြီး အားပေးသူတစ်ခွက် ဆိုင်ရှင်တစ်ခွက် သောက်မိခဲ့ကြသော အချင်းအချင်းကိုပဲ အပြစ်တင်ရမလား"

ဖွ..လွဲပါစေ …ဖယ်ပါစေ ဆိုပြီး ထအော်မိကာ အိပ်ယာမှ လန့်နိုးလာပါသည်…..ထိုအခါမှ ဟင်းကနဲ သက်ပြင်းချနိုင်ပါသည်။ ငါအိမ်မက်မက်နေတာပဲလို့သိလိုက်ရသည်။

****************************

အင်မှန်းသိသွားတာကို မခံချင်၍ မမများအုပ်စုက အင်းသားရိုးရာ အစားအစာ ချက်နည်းများကို ရက်တိုသင်တန်းတက်ကာ နေ့မအား ညမနား သင်ကြားနေကြောင်း သတင်းသဲ့သဲ့ရပါသည်။ တဖြည်းဖြည့်နှင့် လက်ရာ တိုးတက်မှု ရှိလာကြောင်းကိုလည်း သိရသည်။ မခံချင်စိတ်နဲ့ ကြိုးစားနေကြသော မမများကို ကြည့်ပြီး ၀မ်းသာရသည်။

ဒီလိုနဲ့ တန်ဆောင်တိုင်ပွဲတော်ကြီးကို ရောက်ရှိလာပါတော့သည်။

အက်တမင် ထင်တဲ့ အတိုင်းပင် တောင်ကြီးချယ်ရီ ဆိုင်လေးမှာ အားပေးသူများနှင့် စည်ကားလှပါသည်။

အွန်လိုင်းပေါ်ကရော…လက်တွေ့မှာပါ စည်ကားလှပါသည်။ အွန်လိုင်းပေါ်ကနေလည်း အော်ဒါများက မပြတ်ပါ…ဒီလိုရောင်းတာ ဒီတစ်ခါပဲ ရှိသေးတာကိုး…အွန်လိုင်းမှာ ရောင်းသူနှစ်ယောက်ကိုတော့ လူဌားရပါသည်။ သူတို့ကတော့ အွန်လိုင်းမှာ ချက်တာများဟု နာမည်ကြီးနေသူများပါ။ နစ် ပေါင်းများစွာနှင့် နှစ်ပေါင်းများစွာ ချက်ခဲ့ပေမယ့် ဒီတစ်ခါတော့ သူတို့ရဲ့ ရာဇ၀င်မှာ အမည်းစက်ထင်သွားပါသည်။ ဘာလို့လဲဆိုတော့ လက်ကြွက်တက်၍ ဖြစ်ပါသည်။ ဘေးမှာတော့ ပရုတ်ဆီပုလင်း ကိုယ်စီနဲ့ပေါ့။ တောင်ကြီးချယ်ရီနဲ့တွေ့မှ သူတို့နာမည်ပျက်တယ်ဆိုပြီး အသားရေဖျက်မှုနဲ့ တရားစွဲမယ်လုပ်နေလို့ မနည်းတောင်းပန်ထားရသေးသည်။ မီဒီယာတွေကလည်းကောင်း ..လက်ရာတွေကလည်း ကောင်းဆိုတော့ အောင်မြင်တာမဆန်းပါဘူးနော့်….။

ဆိုင်ရဲ့ ဆိုင်းပုဒ်လေးကလည်း ကဗျာဆန်ပါသည်။ အများနဲ့မတူ တမူထူးခြားပါသေးသည်။ "ချယ်ရီကိုသာ ပန်ပါ" တဲ့ ။ မမတို့မှာလည်း လက်မလည်ရရှာပါ။ (ယားလို့ ကုတ်ချင်ပေမယ့် လက်မအားသောကြောင့် ယားတဲ့နေရာကို မှတ်ထားကာ လက်အားမှ ကုတ်ရရှာပါသည် ) ရောင်းရုံနဲ့ မပြီးပါ။ လစ်လိုက်တာနဲ့ မိတ်ဆက်ဖို့ ချောင်းနေသော စာဖတ်ပရိတ်သတ်များက မိတ်ဆက်ကြပါသည်။ ကျွန်တော်တို့ ဆိုင်မှာ သောက်ပြီး ဗိုက်ကလေး ဆာလာပြီဆိုလျှင် ဟိုဘက်ကို ကူးလိုက်ယုံပဲလေ။ ဆက်ဆံရေးကလည်း ကောင်းသလို လက်ရာကလည်း အလွန်ကောင်းသောကြောင့် လူမပြတ်ပါ။ တစ်ရက်ပြီး တစ်ရက် အမြတ်ကို တွက်ကြတော့ ၄ဆ၊၅ဆ လောက်ကို မြတ်ပါသည်။ မီးပုံးပျံတစ်လုံးတက်သွားတိုင်း အောင်မြင်မှုအတွက် ခွက်တိုက်ရတာကလည်း အမော…..အဟဲ။

ပွဲတော်ရက်အတွင်း ထူးခြားတာတစ်ခုကတော့ ချယ်ရီမြေရဲ့အမှတ်တရ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် အစပြုခဲ့တာပဲလေ…ကျွန်တော်အတန်တန်တားတဲ့ ကြားက အချစ်စိတ်တွေ ယိုဖိတ်လို့ အလည်ရောက်လာတဲ့ မြေပြန့်သူလေးတစ်ယောက်ကို ချစ်မိတဲ့ သူကတော့ မျက်နှာရူးကြီး ကိုကျော်စွာပါ။ စတွေ့ပုံလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပါသည်။

လာတာကတော့ ကျွန်တော်တို့ ဆိုင်ကိုလာတာမဟုတ်ပါဘူး….မမများကို လာအားပေးတာပါ…စုံစမ်းကြည့်တော့ လာလည်တယ်လို့သိရပါသည်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ မင်းသားက သဘောတော်ခွေ့သွားတာပါ…တော်ကောက်တော်မူချင်ပေမယ့်လည်း ပါပါက ဘုရင်မဟုတ်တော့ လုပ်လို့မရဘူးလေ။ ဒါကြောင့် ကိုယ်စွမ်းရှိသလောက် ကြိုးစားရပြီပေါ့။ ဒီတစ်ခါမှ မစွံရင်လည်း ဒီတသက် မိန်းမရကိန်းမမြင်ပါ။ ဒါကိုသိသော ကျွန်တော်တို့ ဒီတစ်ခါများ စွံလေမလားဆိုပြီး အားလုံးက သူ့ကို ၀ိုင်းအားပေးကြပါသည်။ ပင့်ပေးတယ်လို့ ပြောရင် ပိုမှန်မလားမသိဘူး။

အက်တမင်။ ။ ကောင်မလေးက မဆိုးဘူးနော်…မျိုးကောင်းလေးထင်တယ်။ ဒေါင်းမျိုးလေးဟ ...အတွေးမမှားနဲ့ …ကိုယ့်လူ…အားပေးတယ်တဲ့..ဦးစွာ အားပေးအားမြှောက်ပြုပါသည်။

ကိုရဲ ။ ကြိုးစားကြည့်ပေါ့ဗျာ…ကျွန်တော်ကတော့ မထင်….ဆိုပြီး အားပေးစကားဆိုပါသည်။

ကိုအောင်မိန်း။ ။ ကျွန်တော့်ဘေးက ဖြတ်လျှောက်သွားတော့ အနံလေးကတော့ သင်းနေတာပဲ… အီးခိုးတော့ မပေါက်တတ်လောက်ဘူး…အားပေးတယ် ..တဲ့။

ကိုချမ်း။ ။ အင်းမလုပ်..အဲမလုပ်…ကိုကျော်စွာက ကြေငြာလိုက်တော့ ငါးရံ့ နှစ်ကောင် မဖမ်းရတော့ဘူးဆိုတဲ့ မျက်နှာနှင့် ။

ကိုဇေယျာ။ ။ ကျွန်တော့်မှာ သီချင်းကောင်းကောင်းလေးတွေ ရှိတယ်။ သီချင်းလိုက်ဆိုပေးစရာ လိုရင်ပြော…အချိန်မရွေးတဲ့။

ကျွန်တော်။ …..စိတ်ချမ်းသာရင် ကမ္ဘာကြီး ငြိမ်းချမ်းတယ် ဆိုတဲ့ စကားပုံကို စဉ်းစားနေသည်။ သူ့ရဲ့ နောက်ဆုံးအချိန်မှာ သူဖြစ်ချင်ရာကို တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတဲ့ အနေအထားနဲ့ပေါ့။

အမျိုးသမီးများ အဖွဲ့ကလည်း ၀ိုင်းပြီး မပါသေးသည်။

မနေနေ။ ။ ကျော်စွာ…ကောင်မလေးက နင့်ကို စိတ်ဝင်စားပုံပေါ်ပါတယ်ဟ..ငါတို့က မိန်းကလေးချင်းမို့သိတယ်တဲ့။ ငါ့တုန်းကလည်း ဒီလိုပဲ အထာပေးခဲ့ရတာတဲ့လေ (သူ့အထာပေးကောင်းလို့ အခုထိ အပျိုကြီး ဖြစ်နေတာလေ)

မသဉ္ဖာ။ ။ ငါလုပ်တဲ့ ဟင်းထုပ်ကို တော်တော်အားပေးသွားတာ…နင်နဲ့လိုက်ပါတယ်။ ငါ့လက်ရာကို နင်နဲ့ သူပဲ ကောင်းတယ်ပြောတာတဲ့ ..ကောင်းရော။

မနိုင်းနိုင်း။ ။ ငါလည်း အားပေးတယ်…ဆိုင်ကို ရောက်ရောက်ချင်းပဲ.. အစ်မက အရမ်းလှတာပဲ…ဘလော့ထဲမှာ ထက် အပြင်မှာက ပိုလှတယ်လို့ ပြောသွားတာ…ငါလည်း သူနဲ့ဆိုအားပေးတယ်တဲ့။

ကုမုဒြာ။ ။ အစ်ကိုက လူချောပဲ…စိတ်ထဲကတော့( ငါးရှဥ့်နဲ့ အမျိုးတော်တာကိုး )။ သဘောကောင်း မနောကောင်းလေးပဲ ။ ဟိုအစ်မက အစ်ကို့ကို မကြိုက်ဘူးဆိုရင်တောင် ခင်မင်ခွင့်လောက်တော့ ပေးမှာပါ။ ပါးကောင်းတယ်ဟုတ် မလား…ဆိုတော့ က..ကိုကျော်စွာက အယောင်ယောင် အမှားမှားနှင့် ပါးကို ကိုင်လိုက်ပါသည်။

ကိုကျော်စွာကို ကြည့်ရသည်မှာ အသဲအသန်ဂဲ မှန်နေပါသည်။ မျက်နှာတွေကလည်း ယောင်လို့ ကိုင်းလို့( အမှန်ကတော့ ညက လွန်ပြီး မြောင်းထဲ ပြုတ်ကျတာ..ကျွန်တော်က သိသိကြီးနဲ့ အဲလမ်းလေးက ဖြူးတယ်ဆိုပြီး နောက်လိုက်တာ ဆရာက တသွေမတိမ်း လျှောက်သွားသည်လေ)။ အားပေးတဲ့ သူတွေကလည်း အားပေးကြတော့ သူ့ခမျာ အ၇မ်းကို စိတ်အားထက်သန်လျက်ရှိပါသည်။ ၀ါရင့် လူပျိုသိုးကြီးများထံတွင် အကြံဥာဏ်ကောင်း ရဖို့အရေး အမျိုးမျိုး ပူဇော်ပသရ ၊ အပျိုကြီး မမများထံတွင်လည်း အခြေအနေကောင်းပမလားဆိုပြီး မေးရ၊ မြန်းရနှင့် ဗျာများနေသည်မှာ သနားဖို့အရမ်းကောင်းပါသည်။

ဒါပေမယ့်ဗျာ….ကျွန်တော် ဆက်မရေးချင်တော့ဘူး…ဒီဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်းကို ခင်ဗျားတို့လည်း သိနေလောက်ရောပေါ့နော်။ ကျွန်တော်လေ…သူ့အစား အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်…သူဘယ်လို ကြိုးစားခဲ့တာ…ကောင်မလေး သူ့ကို ပြန်စိတ်ဝင်စားအောင်လုပ်၇တာ တွေကို မြင်နေရတော့ ပိုဆိုးတာပေါ့ဗျာ…ကျွန်တော်သာဆို ပြန်ကြိုက်လိုက်ပါတယ် …ကောင်မလေးနေရာမှာဆိုရင်လေ(ရေးသာရေးရတယ်…ဖင်တော့ ကြိမ်းတယ်..အဟဲ..သူ့ကိုဖြစ်စေချင်လွန်းလို့ပါဗျာ) ။ ဒါပေမယ့်လည်းဗျာ ..ဘယ်တတ်နိုင်မလဲ…ဖူးစာ ဆိုတာလည်း ရှိသေးတာကိုး…ဆိုပြီး ဖြေသိမ့်စကား ပြောရတာပေါ့လေ။ နောက်ပြီး တောင်ကြီးသားတွေ သိက္ခာကျအောင် လုပ်တဲ့ အတွက်လည်း စိတ်ဆိုးချင်တယ်။ အဟဲ ..ကျွန်တော်တုန်းကဆိုရင်…..မပြောတော့ပါဘူး…ကြော်ငြာဝင်တယ် ထင်မှာ စိုးလို့။

ဒါတွေအားလုံးဟာ ကျွန်တော့်ရဲ့ အတွေး သက်သက်သာ ဖြစ်သွားခဲ့တာပါ။ အခြေအနေအားလုံးကို ၁၈၀ ဒီဂရီပြောင်းအောင် လုပ်နိုင်တာကတော့ ဇာတ်လိုက်ကြီးပါပဲ။ ကောင်မလေးကလည်း သူ့ကို စိတ်ဝင်စားခဲ့ပါတယ်။ မူတာပေါ့ဗျာ…မိန်းမတို့သဘာဝအတိုင်း ….သိတယ်မလား..ခင်ဗျားတို့လည်း ကြုံဖူးကြမှာပါ။ ကြာကြာတော့ မမူနိုင်ပါဘူး…အခြေအနေကမပေးတော့ဘူးလေ.. သူနဲ့ စိမ်းဘက်ရှ် တွေအားလုံးက ကလေးတွေ ကိုယ်စီနဲ့ ဖြစ်နေကြပြီလေ။ စာရင်းက နောက်ဝါကျွတ်ရင် ပိတ်ပြီ..ဒါနဲ့ ကောင်မလေးက ကိုကျော်စွာကို မေးခွန်းလေး တွေ မေးမယ်.. ဖြေနိုင်ရင် သူ့ရဲ့ အချစ်ကို ရမယ် ဆိုပြီး ဆိုတယ်တဲ့။ သူမရဲ့ မေးခွန်းလေးတွေကို ဇာတ်လိုက်ကြီးက ဖြေနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး ရင်တထိတ်ထိတ်နဲ့ သူတို့ကို ကြည့်နေကြပါသည်။ ကောင်မလေးကလည်း အားလုံးရှေ့မှာ ပွင့်ပွင့်လင်းလင်း ဖြစ်စေချင်လို့ပါပြောတော့ ကျွန်တော်တို့အားလုံးရဲ့ အလယ်မှာ သူတို့နှစ်ယောက် အမေးအဖြေ လုပ်ကြတာပေါ့။

မင်းသမီး။ ။ ရှင် ကျွန်မကို အရမ်းချစ်တာ ပဲလား?

မင်းသား။ ။ အရမ်းချစ်တာပေါ့

မင်းသမီး။ ။ ဒါဆို ကျွန်မအတွက်ဆို ရှင်သေမလား?

ကျွန်တော်တို့ အားလုံး ကိုကျော်စွာ ဘာဖြေမလဲ ဆိုတာကို ရင်တမမနဲ့ နားစွင့်နေကြသည်။

သေမှာပေါ့….အင်းလို့ ပြောလိုက်လေ..ဒီကောင် ဒါလေးဖြေတာများကွာ..နေရာချင်းလဲလိုက်ချင်တယ်…ဆိုပြီး သူ့အစား စိတ်ထဲကနေ ၀င်ဖြေပေးမိနေပါသည်။ ကိုယ်ခန္ဓာ ကြီးသလောက် အသဲနုသော မနေနေကလည်း ရင်ဘတ်ကို ဖိလို့ပေါ့…ကဲ မင်းသားက ဘာဖြေလဲ ဆိုတော့ …..

မင်းသား။ ။ ဟာ..ဘယ်သေမလဲ…ကျွန်တော့် အချစ်က မသေတဲ့ အချစ်လေ တဲ့။

ကျွန်တော်တို့ အားလုံးက သွားပါပြီကွာ ဆိုပြီး ဟာ…ကနဲ ပါးစပ်က အသံတွေ ထွက်လာသည်။ မင်းဘယ်လို ဖြေလိုက်တာလဲ…အင်းလေ နင်ကလည်း ….ဆိုပြီး မချင့်မရဲနဲ့ ၀ိုင်းပြောကြပါသည်။

ဒီအသံတွေကို အဆုံးသတ်စေတာကတော့ " ကျွန်မသူ့ကို အဖြေပေးလိုက်ပါပြီ..သူ့အချစ်ကို လက်ခံတယ်တဲ့"

အမှန်တော့ ဒါလုပ်တယ် ဆိုတာကလည်း ထုံးတမ်းအစဉ်အလာကြောင့်ပါ…မဟုတ်ရင် သူတောင်းကတည်းက ချက်ချင်းကို အဖြေပေးချင်နေတာတဲ့လေဆိုပြီး…သူမကဆက်ပြောပါသည်။ အင်း တတ်လည်း တတ်နိုင်ပါပေ့…ကျွန်တော်တောင် ရူးချင်သလိုလို ဖြစ်သွားသည်။

မောင်လှမျိုးရဲ့ အလွမ်းနဲ့ အဆုံးသတ်ချက်တွေကို မကြိုက်သော ကျွန်တော့်အတွက် တအားပါပဲ…စာဖတ်သူများလည်း ကျွန်တော့်လိုပဲ ဖြစ်စေချင်ကြမှာပါ..ဟုတ်တယ်ဟုတ်…ကဲ…ဘုန်းကြီးရူးနဲ့ လှေလူး ဇာတ်လမ်းလေးကတော့ ဒီမှာ တင် အဆုံးသတ်ပါတယ်ခင်ဗျာ….

****************************

ဒီနှစ်တောင်ကြီးတန်ဆောင်တိုင်ကတော့ ကျွန်တော် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ပါ…..

ကျွန်တော်တို့အားလုံး ပျော်ရွှင်ခဲ့ကြရပါသည်။ အထူးသဖြင့်တော့…ဟိုမျက်နှာရူးပေါ့လေ။ စာရင်းတွေ ချုပ်တော့ မြတ်ပါသည်။ အမြတ်ငွေတွေကိုတော့ အားလုံးနဲ့ တိုင်ပင်ပြီး ဆက်လက် လုပ်ဆောင်သွားပါမည်။ မကြာခင်မှာ တောင်ကြီးမြို့ရှိ ထိုင်လို့ကောင်းသော ဆိုင်များ ပိုစ့်တွေ တက်လာမည်မှာ မလွဲပါ…အဟီး။ အဲဒီ အချိန်မှာတော့ virtual tour ဆိုပြီး ကိုရဲရဲ့ နှစ်သိမ့်မှုတွေလည်း လာအုံးမှာပါ။

ကဲ အားလုံးပဲ ပြုံးပျော်နိုင်ကြပါစေ။

နေလင်း။


Read more!

Monday, October 29, 2007

ဒုတိယ အကြိမ် မီးပုံးပျံစမ်းသပ် လွှတ်တင်ပွဲ (၂)

မီးပုံးပျံ အစမ်း လွှတ်တင်တဲ့ ပွဲတုန်းက ပြန်တော့မယ် လုပ်တဲ့ သူတွေကို ဖမ်းစားသွားတဲ့ အစီအစဉ် တစ်ခုကတော့ Firework စမ်းသပ်ပြတာပါပဲ.. တောင်ကြီးသားတွေ အနေနဲ့ မိုးပေါ်မှာ မီးပန်းတွေ ဖောက်တာ မြင်နေကြဖြစ်ပေမဲ့.. မြေပေါ်ကနေ ကောင်းကင်ထဲကို မီးပန်းတွေ ပစ်ဖောက်တာကိုတော့ သိပ်မမြင်ဖူးကြဘူးလို့ ထင်ပါတယ်.. ကျွန်တော်ကိုယ်တိုင်ကလဲ Firework တွေကို မြန်မာပြည်မှာ မမြင်ရတော့တာ တော်တော်လေးကြာပါပြီ.. အရင်ကတော့ ရန်ကုန်မှာနေတုန်းက အခမ်းအနားတစ်ချို့မှာ တွေ့ခဲ့ဖူးပေမဲ့ နောက်ပိုင်းတော့ မပါတော့ပါဘူး.. အပြင်က ဇာတ်လမ်းတွေ ထဲမှာပဲ တွေ့ရတာ များပါတယ်.. အခုတော့ နှစ်ပေါင်း တော်တော်ကြာအောင် အပြင်မှာ မမြင်တွေ့ရတော့တဲ့ Firework ကို တောင်ကြီးမှာ အဲ့ဒီနေ့က ပြန်လည် မြင်တွေ့ခဲ့ရပါတယ်..



၂၀၀၇ခုနှစ် တန်ဆောင်တိုင်ပွဲတော်မှာတော့ Firework တွေကို ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ပစ်ဖောက်မဲ့ အစီအစဉ်ပါဝင် ပါမယ်.. အခု စမ်းသပ်တဲ့ ပွဲမှာတော့ မီးပန်း အမျိုးအစား တွေရဲ့ Sample အချို့ကို စမ်းဖောက်ခဲ့ကြတာ ဖြစ်ပါတယ်.. မိနစ် (၂၀)ကြာလောက် ကြာမယ်ထင်ပါတယ်.. မီးပန်း အလုံး အရည်အတွက် ကတော့ သတိမထားမိလိုက်လို့ အတိအကျ မမှတ်မိတော့ပါဘူး.. ဒါပေမဲ့ Sample ၁၀ မျိုးလောက်ကို ဖောက်ခဲ့တာဖြစ်ပြီး.. အလုံးပေါင်း ၅၀၀ အထက်လောက် ရှိမှာ သေချာပါတယ်.. အဲ့ဒီ မီးရှူး အချို့မှာ တောင်ကြီးမြို့က မီးရှူးအဖွဲ့တစ်ဖွဲ့ရဲ့ မီးပန်းတွေလဲ ပါတယ်လို့ သိရပါတယ်..



Photo Camera ကို Motion အဖြစ်ရိုက်ထားလို့ Pro Level လောက် မရလိုက်ပါဘူး.. Edit လုပ်ဖို့လဲ အချိန်မရတာနဲ့ မူရင်းအတိုင်းတွေ တင်ပေးလိုက်ပါတယ်..

လာကြည့်ကြသူတွေက `လက်ခုပ် လက်ဝါး´ တီးလို့ အားပေးခဲ့ကြပါတယ်.. မီးရှူးတွေ ဖောက်လို့ ခနလောက်လဲ ကြာရောဆိုင်ကယ်တွေ အသီးသီးနဲ့ တခြားကလူတွေ မီးပုံးကွင်းကို ထပ်ရောက်ပြီး လာကြည့်ကြတာ တွေ့လိုက်ရ ပါသေးတယ်.. အားလုံးကလဲ သဘောတွေ ကြလို့ `ထပ်လုပ်ပါဦးဗျို့´ ဆိုပြီး တောင်းဆိုသံတွေကိုလဲ ကြားခဲ့ရပါတယ်..

မီးရှူးတွေလဲ ဖောက်လို့ ကုန်သွားရော နောက်ထပ် မီးပုံးပျံ တစ်လုံး လာရောက် လွှတ်တင်တာ ကြည့်ခဲ့ပါသေးတယ်.. သူကလဲ `မီးကျည်´ အမျိုးအစား ဖြစ်ပါတယ်.. မီးပုံးပျံကိုယ်ထည်ကတော့ Plastic အသားနဲ့ လုပ်ထားတာ ဖြစ်ပြီး.. အေးအေးဆေးဆေး အောင်အောင်မြင်မြင်ပဲ တက်သွားခဲ့ပါတယ်.. မီးပန်း အလှတွေလဲ အဆင်ပြေပြေနဲ့ ပစ်လွှတ်နိုင်ခဲ့တာကြောင့် တန်ဆောင်တိုင် မရောက်သေးပေမဲ့လဲ.. ကြိုတင်ပြီး မီးပုံးပျံတွေ၊ မီးရှူးတွေ၊ Firework တွေကို တွေ့မြင်လိုက်ရလို့ အားလုံးနဲ့ ထပ်တူ ထပ်မျှ ကျွန်တော်လဲ အားရကြေနပ်တဲ့ ခံစားချက်တွေ ရရှိလိုက်ပါတယ်.. အဲ့ဒီလိုနဲ့ပဲ ဒုတိယ အကြိမ်မီးပုံးပျံ စမ်းသပ်လွှတ်တင်ပွဲ၊ ဒါမှမဟုတ် သီတင်းကျွတ် မီးထွန်းပွဲတော် အဆက် အစီအစဉ်ဟာဖြင့် ကြည်နူးပျော်ရွှင်ဖွယ်ရာ၊ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်..

ကျွန်တော့်စိတ်ထဲမှာတော့ အသစ်အသစ်တွေ မြင်တွေ့ရမဲ့၊ ကွင်းအသစ်ကြီးမှာလဲ ကျင်းပမဲ့ ၂၀၀၇ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီးကို အမြန်ဆုံး ရောက်ဖို့ အရေး မျှော်တွေးနေမိပါတော့တယ်..


Read more!