Saturday, August 30, 2008

မောရှမ်းပြည်နှင့် ခွဲခွာခြင်း

ရှမ်းတောင်တန်းကြီးနဲ့ ကျွန်တော် အခုဆို တစိမ်းလို ဖြစ်ခဲ့ရပြီ...
တစ်နှစ် နှစ်နှစ် ဆိုတဲ့ အတိုင်းအတာက တခဏလေးလိုပဲ ကုန်သွားခဲ့ပြီ...
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကိုယ့်ကိုယ်ကို ရှမ်းတစ်ယောက်လို သတ်မှတ်ပြီး ရှင်သန်နေထိုင်ခဲ့ရတဲ့ အချိန်တွေက အခုဆို အိမ်မက်တစ်ခုလို ဖြစ်ခဲ့ရပြီ...

ဧည့်သည်တစ်ယောက်လို တစ်နေ့ ဖြစ်လာမယ်ဆိုတာ အစကတည်းက သိတော့ သိထားခဲ့တယ်.. ဒါပေမဲ့လဲ ဟိုးအဝေးကြီးမှာ ဖြစ်မှာပါလို့ ထင်ထားခဲ့တာ.. အခုဆို ကျွန်တော် တောင်ကြီးမြို့က အိမ်ရှင်တစ်ယောက် မဖြစ်နိုင်တော့ဘူး..

ရှမ်းတောင်တန်းနဲ့ ခွဲရမယ်လို့ သိခဲ့တုန်းက စိတ်ထဲမှာ ပြောပလောက်အောင် ဘာမှ မဖြစ်ခဲ့ဘူး.. ဘာမှ သိပ်ပြီး ပြောင်းလဲ ထူးခြားသွားမှာ မဟုတ်ဘူးလို့ ထင်မှတ်ခဲ့မိပေမဲ့.. တကယ်တမ်း ထွက်သွားရမယ်လို့ သိတဲ့ အချိန်ရောက်တော့ ၀မ်းနည်းမိတယ်..

မနက်တစ်ခု.. အရာအားလုံးက ခါတိုင်းလိုပါပဲ သိပ်ပြီးတော့ ထူးထူးခြားခြား မရှိပါဘူး.. ဒါပေမဲ့ ကျွန်တော့်အတွက် တစ်ခုခု ဆုံးရှုံးရတော့မှာလိုမျိုး ၀မ်းနည်းနေမိခဲ့တယ်.. အဲ့ဒီနေ့က ကျွန်တော် ရှမ်းရိုးမကြီးကနေ တစိမ်းတစ်ယောက်လို ခွဲခွာခဲ့ရတယ်..

နောက်ဆုံးနှုတ်ဆက်ခြင်း အနေနဲ့ တောင်ကြီးမြို့ တစ်ခုလုံးကို ပါတ်ကြည့်ဖြစ်ခဲ့တယ်.. အရင်က သာမာန်လို မြင်နေကြအရာတွေက မျက်လုံးထဲမှာ တစ်မျိုးဖြစ်ပြီး အစိမ်းတွေလို.. တခါမှ မမြင်ဘူးသလို.. သစ်ဆန်းလို့နေပါတယ်..

ယောင်္ကျားတစ်ယောက် အနေနဲ့ ကျွန်တော် မျက်ရည်မကျချင်ပါဘူး.. ဒါပေမဲ့ မျက်ရည်တွေ ကျွန်တော် ထိန်းမရခဲ့ဘူး.. တွေ့သမျှလူတွေရဲ့ မျက်ဝန်းတွေကို ကျွန်တော် မမြင်မိအောင် ရှောင်လွဲနေမိတယ်.. ကျွန်တော့်ရဲ့ ဟန်ဆောင်ထားရတဲ့ အပြုံးတွေကို မတွေ့စေချင်ဘူး.. ဖြစ်နိုင်ရင် ကျွန်တော့ရဲ့ ၀မ်းနည်းနေမှုတွေကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူး.. ခဏခဏ ခွဲခွာခြင်းတွေနဲ့ အကျွမ်းဝင်ခဲ့ပေမဲ့လဲ.. အခုတစ်ခေါက် နှုတ်ဆက်ရခြင်းတွေမှာ ကျွန်တော် ခံနိုင်ရည် မရှိခဲ့ဘူး..

တောင်ချွန်းနဲ့ ရှမ်းတောင်တန်းကြီးကို မြင်ရတော့လဲ အရာအားလုံးဟာ အရင်ကထပ် ပိုလှနေသလိုမျိုး..
မနက်စောစောတိုက်တဲ့ ရှမ်းရိုးမက လေအေးတွေကလဲ ခါတိုင်းထပ် အေးမြနေသလိုမျိုး..
စူဠာမုနိဘုရား၊ ရွှေဘုန်းပွင့်ဘုရား စေတီဘုရားတွေအားလုံးကလဲ ၀ပ်တွားဖူးမျှော်လို့ မတင်းတိမ်နိုင်ဘူး..
ကျွန်တော့်အတွက် ရှမ်းတောင်တန်းမှာ ရှိနေတဲ့ သက်ရှိသက်မဲ့ အရာအားလုံးဟာ လှုပ်ရှား သက်ဝင်နေသလို ခံစားလို့ နေခဲ့ရတယ်..

တကယ်ဆို ကျွန်တော်မရှိလို့ ရှမ်းတောင်တန်းက ဘာမှ ဖြစ်မှာ မဟုတ်သလို၊ ဘယ်သူတစ်ယောက်ကမှလဲ ၀မ်းနည်းနေမှာ မဟုတ်ပါဘူး.. ဒါပေမဲ့ ရှမ်းတောင်ကြီးမှာ ရှိမနေရမဲ့ ကျွန်တော့ အဖြစ်ကတော့ အရာအားလုံး ဆုံးရှုံးရသလိုပါပဲ...

အဲ့ဒီလိုနဲ့ ကျွန်တော် ရှမ်းရိုးမကြီးက တိတ်ဆိတ်စွာပဲ ထွက်ခွာခဲ့ပါတယ်.. လမ်းတစ်လျှောက် မြင်သမျှ လမ်းတွေ၊ တောတွေ၊ တောင်တွေ၊ ထင်းရှူးပင်တွေ အားလုံးကို ကြည့်လို့ မ၀နိုင်အောင်ပါပဲ.. အရင်က အမှုမဲ့ အမှတ်မဲ့ သတိမထားမိခဲ့တဲ့ အရာတွေက ကျွန်တော့်အတွက် အားလုံးက အဓိပါယ်တွေ ရှိလို့ နေခဲ့ပါတယ်..

မျက်လုံးမှာ မြင်နေသမျှတွေ တောင်တန်းတွေ ကုန်သွားတဲ့ အချိန်မှာတော့ ကျွန်တော် ရှမ်းရိုးမရဲ့ အငွေ့အသက်တွေ ဆီကနေ ဝေးတဲ့ မြေပြန့်တစ်ခုဆီရောက်မှန်း သိလိုက်ရပါတယ်..

နောက်တစ်ချိန် ရှမ်းရှိုးမကို ပြန်ရမယ်ဆိုလဲ အိမ်ရှင်တစ်ယောက်လို ဘယ်နည်းနဲ့မှ ဖြစ်တော့မှာ မဟုတ်တဲ့ အတွက် ကျွန်တော်ရဲ့ ခံစားရတဲ့ ၀မ်းနည်းရခြင်းဟာ ကျွန်တော့အတွက် ဘာနဲ့မှ နိုင်းလို့မရအောင်ပါပဲ..

ကျွန်တော် ရှမ်းရှိးမရဲ့ ဧည့်သည်တစ်ယောက်အနေနဲ့ပဲ ဖြစ်ခွင့်ရှိပါတော့တယ်..

ဒါပေမဲ့ ရှမ်းရိုးမမှာ အိမ်ရှင်တစ်ယောက်အနေနဲ့ ဖြစ်ခွင့်ရခဲ့တဲ့ အတွက်တော့ ကျွန်တော် တစ်သက်လုံး ကျေနပ်ဂုဏ်ယူမိနေမှာပါ..

ခဏတာ နေခွင့်ရခဲ့တဲ့
မင်းအပေါ်မှာ
ငါ အတိုင်းအတာ တစ်ခုအထိ
တာဝန်ကြေခဲ့မယ်လို့ ထင်ပါတယ်
ရှမ်းရိုးမနဲ့ တောင်ကြီးမြို့ရယ်..

တကယ်လို့
ငါ မင်းအတွက်

နောင် ဘာမှ မလုပ်ပေးနိုင်ရင်တောင်မှ
အဝေးကနေ မင်းအကြောင်းတွေ
နားစွင့်ပြီး
အမြဲ သတိတရ ရှိနေမှာပါ..


Read more!

Sunday, August 24, 2008

ညောင်ရွှေ (သို့) အတိတ်ကမြို့ ဟောင်း

ညောင်ရွှေမြို့သည် ယခင်က စော်ဘွားများ အခြေချရာ အထင်ကရမြို့ တစ်ခုဖြစ်ခဲ့သည်။ ယခုအခါမှာတော့ နိုင်ငံခြား ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်းများ ဖြင့် ပြည့်နှက်နေပြီ။ ကျွန်တော်ငယ်ငယ်က ညောင်ရွှေမြို့ ကိုရောက်လျှင် ရတနာမာန်အောင် ဘုရားကြီးသို့ အမြဲသွားနေကြ။ ညောင်ရွှေဟော်ကိုလည်း မကြာခဏ ရောက်ဖြစ်သည်။ ရတနာမာန်အောင် ဘုရားသို့ရောက်လျှင် ဘုရားပတ်ပတ်လည်မှ ပြခန်းများကို ကြည့်ပြီး စိတ်ထဲတွင် စွဲစွဲမြဲမြဲ ဖြစ်နေတတ်သည်။ ယခုအခါမှာတော့ ၄င်း ပြခန်းများ အနည်းကျဉ်းသာ ကျန်တော့သည်။ ယခင်က ခံစားမှုမျိုး ယခု ရသေးသလားလို့ မိမိကိုယ်ကိုယ်ပြန်မေးကြည့်တော့ သိပ်မသေချာတော့ ။ အသက်အရွယ်ကြောင့် ဖြစ်နိုင်သည်။ ရတနာမာန်အောင် ဘုရားကြီးကို ဖူးမျှော်ပြီးနောက် ကျွန်တော်တို့ ညောင်ရွှေဟော် ဘက်ခရီးဆက်ခဲ့သည်။ ညောင်ရွှေဟော်သည် ယခုအခါ ဗုဒ္ဓ၀င်ပြတိုက် အဖြစ် အသွင်းပြောင်းနေပြီ။ ဟော်ခြံဝင်းတခုလုံး ခြုံနွယ် များအပြည့်။ ဟော်(ဗုဒ္ဓ၀င်ပြတိုက်) ထဲဝင်ရောက်ကြည့်ရှု့ချင်ရင်တော့ ၀င်ကြေး ပေးရသည်။ ကျွန်တော်တို့ ကင်မရာ လွယ်ထားတာတွေ့တော့ ၀န်ထမ်းတယောက်က ဓါတ်ပုံရိုက်ခွင့် မရှိပါလို့ လာပြောပါသည်။ ဟော်ထဲရောက်တော့ ငယ်ငယ်တုန်းက တွေ့ဖူးနေကျ စော်ဘွားအသုံးဆောင်ပစ္စည်းများ တခုမှ မတွေ့ရတော့ပါ။ ဗုဒ္ဓ၀င်ပြတိုက် ဆိုသည့်နာမည် နှင့်အညီ ရှေးဟောင်းဘုရားဆင်းတုတော်များကို သာ တွေ့ရသည်။ ကျွန်တော်တို့ အတန်ငယ်လျှောက်ကြည်ပြီးတော့ အပြင်ပြန်ထွက်လာခဲ့သည်။ အပြင်ရောက်တော့မှ ဟော်ပတ်ဝန်းကျင်ကို ဓါတ်ပုံရိုက်ကြသည်။




တောင်ယံနှင့်ရေ
လွမ်းစရာပွေသောကြောင့်
ညောင်ရွှေသီရိ၊နန်းဇာတိကို
မျှော်မိရမ်းယောင်၊ဗျာပါနှောင်ရွေ့
သည်းခေါင်ကြွေအံ့၊ဖြေမတံ့နှင့်
ဆွတ်ပျံ့လွမ်းရှာမိပါသည်။
(ဦးပုည)


Read more!

Thursday, August 21, 2008

ဟိုပုံးဆည်

တောင်ကြီးမြို့မှာ မြိုကြီးတွေလိုမျိုး အပန်းဖြေနေရာ များများစားစား မရှိပါဘူး။ ဒါပေမယ့် သဘာဝက ပေးထားတဲ့ အပန်းဖြေ နေရာလေးတွေကတော့ အများကြီးပါ။ အခုလည်း အားလပ်ရက် တစ်ရက်မှာ တောင်ကြီးမြို့နဲ့ မနီးမဝေးမှာ ရှိတဲ့ ဟိုပုံးမြို့လေးကို အလည်ရောက်သွားခဲ့ပါတယ်။ ဟိုပုံးမြို့ကိုရောက်မှတော့ နာမည်ကြီး ဟိုပုံဆည်ကို လည်း သွားခဲ့ပါတယ်။ တောင်ကြီးမြို့ ထုံးစံအတိုင်း မိုးရွာ ရင် ရာသီဥတုက အေးလာတတ်ပါတယ်။ ဈေးပိတ်နေ့ ၊ လပြည့်နေ့ နဲ့ ကြုံနေတော့ အနီးနားပတ်ဝန်းကျင်က လူငယ်လူရွယ်တွေ တော်တော်များများကို တွေ့ရပါတယ်။ လူငယ်တွေကတော့ အအေးဒဏ်ကို အံတု ပြီး ရေကစားနေကြပါတယ်။ ကျွန်တော်တို့ လူစုကတော့ နာမည်ကြီး တိုဟူးသုပ် နဲ့ ငြိမ့်နေကြပါတယ်။ မိုးတိတ်သွားတော့လည်း မိသားစု တွေ ထပ်ရောက်လာကြပါသေးတယ်။ ညနေခင်းရောက်တော့ ကျွန်တော်တို့ အဲဒီကနေ ထွက်ခွာဖို့ ပြင်ဆင်ရပါတော့တယ်။ ဟိုပုံးမြို့က အပြန်မှာတော့ မြို့ ကျက်သရေဆောင် သီရိမင်္ဂလာရွှေချမ်းသာ မွေတော် ဘုရားကြီးကို ၀င်ဖူးခဲ့ကြပါသေးတယ်။




ဘယ်လိုလည်းသူငယ်ချင်း.....................

မင်းမှာအားလပ်ရက်လေးတစ်ရက်လောက်တော့ရှိရင်ပေါ့..................
မိုင်တွေခြားနား..
သိပ်အဝေးကြီးလည်းမသွားရပါဘူး.....

တစ်ချို့က ..ဆိုင်ကယ်
တစ်ချို့က ...ကား
တစ်ချို့က..မိသားစုလိုက်..
တစ်ချို့က သူငယ်ချင်းအစုလိုက်..........................
တစ်ချို့က ..................




အေးအေးစိမ့်စိမ့်..ရေအထိမှာ...
အာရုံတွေလန်းဆန်းဖို့...........
ငြိမ့်ငြိမ့်လျှားလျှား..ရေအဆင်းမှာ..
ခြေဆင်းပြီး လျှောဆင်းနိုင်တယ်...............

အဲ့ဒီမှာနေရာလေးမှာ.....
စိမ်းလန်းတဲ့....လယ်ကွင်းတွေရှိတယ်........
ချောင်းကို ဖြတ်ပြီးဆောက်ထားတဲ့....တံတားပြာပြာလေးရှိတယ်........

အ၀တ်မပါတဲ့..ကလေးငယ်တွေရှိတယ်....
အရှက်ကြောက်ကြီးတဲ့ ရေစိုနေတဲ့မိန်းကလေးတွေရှိတယ်...
မျက်လုံးနီနီရဲရဲ ယောက်ကျားလေးတွေလည်းရှိတယ်......
ပြီးတော့ တိုင်းရင်းသားတွေရှိတယ်......


အဲ့ဒီနေရာလေးမှာ....
နာမည်ကြီး ဟိုပုံး ထိုဖူးသုပ်ရှိတယ်......
ဝါကျန့်ကျန့် ခေါင်ရည်ရှိတယ်...
အသားသုပ်ရှိတယ်....
အေးအေးဆေးဆေး ထိုင်ဖို့...ဆိုင်လေးတွေရှိတယ်.
..........................................................
.........................................................


မင်းအတွက်
ရိုးစင်းသောဘ၀ရဲ့ ပျောရွင်မှုတွေနဲ့...စိတ်ရဲ့ အပန်းဖြေစရာ...
နေရာတစ်ခုရှိတယ်........


ဘယ်လိုလည်းသူငယ်ချင်း....

မင်းမှာအားလပ်ရက်လေးတစ်ရက်လောက်တော့ရှိရင်ပေါ့................


Read more!

Tuesday, August 19, 2008

နွေးထွေးမှုအတွက် ဂုဏ်ယူပါသည်။

မိဘတွေ အိမ်မှာနေရတာလောက် လောကမှာ နွေးထွေးတာ မရှိပါဘူး။ တနယ်ရပ်ခြားကို ရောက်နေရင်ပိုတောင် သတိရမိပါသေးတယ်။ လူတိုင်းနီးပါးလောက်က ကိုယ့်ဒေသ ၊ ကိုယ့်ရပ်ရွာ ၊ ကိုယ်နေထိုင်ရာ နေရာလေးကို အစွဲလန်းပိုတတ်ကြပါတယ်။ အခုတော့ အဲဒီနွေးထွေးမှုမျိုးတွေကို မျှဝေခံစားနိုင်ဖို့ အစီစဉ်လေးတွေ ရှိပါတယ်။ တောင်ကြီးမိသားစု(စင်္ကာပူ) ဆိုတဲ့ အသင်းလေးကို စင်္ကာပူရောက် တောင်ကြီးသူ၊ တောင်ကြီးသားတွေ က မွေးဖွားပေးခဲ့ပါပြီ။ အဲဒီအသင်းဖွဲ့ရဲ့  ရည်ရွယ်ချက်ကိုက အဝေးရောက်တောင်ကြီးသူ၊ တောင်ကြီးသား များ အလွယ်တကူစုစည်းနိုင်ဖို့ ၊ အချင်းချင်းကူညီဖေးမနိုင်ဖို့ အတွက် community လေးပါ။ စကာင်္ပူမှာ ရောက်နေတဲ့ အဝေးရောက် တောင်ကြီးသူ၊ တောင်ကြီးသား တွေ အနေနဲ့ အသင်း ၀င်ချင်တယ်ဆိုရင်တော့ admin@taunggyi.org (သို့မဟုတ်) taunggyifamily_sg@googlegroups.com ကို အမည် လိပ်စာ ဖုန်းနံပါတ် လက်ရှိလိပ်စာ အီးမေးလ် ပေးပို့ပြီး အသင်းဝင်နိုင်ပါတယ်။ အသင်းဝင်ကြေး တစုံတရာ မလိုအပ်ပဲ တောင်ကြီးကို ချစ်သောစိတ် ရှိရန်သာ လိုအပ်ပါတယ်။ အခုလောလောဆယ်တော့ ပျှမ်းမျ အသင်းဝင် အယောက် ၁၀၀ လောက်ရှိပါပြီ။

အခုလည်း အဲဒီအသင်းကြီးကနေဦးစီးပြီး show ပွဲလေး တခု စီစဉ်နေပါတယ်။ ဘိုဖြူ၊ ဟန်ထွန်း၊ မောင်မောင်ဇော်လတ်၊ အစိုင်း(Blackhole) စုစုပေါင်း လေးယောက် ပါဝင်သီဆိုကြမှာပါ။ ပွဲရက်ကတော့ အောက်တိုဘာလ ၅ ရက်နေ့ပါ။ Symphony 4712 တေးဂီတ အဖွဲ့နဲ့ အတူတကွ ပူးပေါင်းဖျော်ဖြေကြမှာ ဖြစ်ပါတယ်။


ရင်ခုန်သံတူသော စကားများ ပြန်ပြောကြမယ်။
မျှဝေခြင်းပီတိကို အတူခံစားကြမယ်။
အထီးကျန်အချိန်များ အတူတကွ ကျော်ဖြတ်ကြမယ်။


Read more!