Tuesday, July 31, 2007

တောင်ကြီးမှ Recording Studio များ

တနေ့က FUJI Studio မှာ Mix down သွားဆွဲရင်းနဲ့ တောင်ကြီးက ဂီတ၀ါသနာပါသူတွေအတွက် တောင်ကြီးမှာရှိတဲ့ Recording Studio တွေအကြောင်း ဖေါ်ပြပေးနိုင်ရင်

ကောင်းမယ်လို့စိတ်ကူးရလို့ လက်လှမ်းမီသလောက် တင်ပြသွားပါ့မယ်....
တောင်ကြီးမှာ ကျွန်တော်သိသလောက် Recording Studio ခုနှစ်ခုလောက်ရှိပါတယ်...
စာရင်းချကြည့်လိုက်ရင်(သက်တမ်းအလိုက်) -
1. Win Studio
2. Fuji Studio
3. Three Seasons Studio
4. De & De Studio
5. Yin Yin & Sons Studio
6. Tun Studio
7. Flying Dragon Studio ဆိုပြီးရှိပါလိမ့်မယ်....
ပထမဆုံးအနေနဲ့တော့ information အဆင်သင့်ရှိတဲ့ ကျွန်တော့ရဲ့ Flying Dragon Studio အကြောင်းကနေပဲ စပြောပါ့မယ်…
Studio ဆိုပေမဲ့ တကယ်တော့ Workstation လေးပေါ့…
တည်နေရာကတော့ ည-၄၅၅၊ မြင့်မိုရ်လမ်း၊ ညောင်ပင်သာရပ် မှာရှိပါတယ်…
စ၀်စံထွန်းဈေးရှေ့ က (၃)လိုင်းကားဂိတ်နားမှာပေါ့...
ဆက်သွယ်ရန်ဖုန်းကတော့ ၀၉ ၅၂၁ ၃၅၉၃ ကိုဆက်သွယ်နိုင်ပါတယ်..
အများဆုံးတော့ ပအိုဝ်းတိုင်းရင်းသားသီချင်းတွေ လာသွင်းကြပါတယ်... မြန်မာသီချင်းတွေသွင်းနေတာလဲရှိပါတယ်...
ဓါတ်ပုံတချို့ ဖေါ်ပြပေးလိုက်ပါတယ်...
တစ်ခုတည်းသော Control Room

Flying Dragon Studio ရဲ့ Engineer ခွန်လှမွန်
Vocal & Recording Room


Flying Dragon Studio မှာသုံးတဲ့ Recording Interface ပုံပါ... Presonus ကထုတ်တဲ့ Inspire1394 ကိုသုံးပါတယ်..

Audio Resolution 24bit, Sample rate 96kHz နဲ့ latency 1.5ms ထိရပါတယ်...

Input 4 ခု ပါပါတယ် Guitar Preamp, Mic Preamp နဲ့ Line in တွေပါတော့ Small studio တွေအတွက်အတော်ပဲပေါ့...

Unit 4 ခုအထိ ချိတ်ပြီးသုံးလို့ရပါတယ်... 16 inputs အထိပေါ့... အခုလောလောဆယ်တော့ 4 in ပဲရှိသေးတယ်....

Inspire1394 ရဲ့ Control Panel ပုံပါ....


ဒါကတော့ Control room monitor ပါ... M-Audio ရဲ့ BX5a ကိုသုံးပါတယ်...

US မှာတော့ M-Audio BX Series သုံးရင် BX8a ကိုသုံးကြတယ်... ကျွန်တော်ကတော့ BX8a မတတ်နိုင်လို့ 5a နဲ့ပဲ ကြေနပ်နေရတယ်

Recording Software အနေနဲ့ကတော့ Steinberg Nuendo 3 ကိုသုံးပါတယ်...


ကျွန်တော့မှာ Acoustic Drum တော့မရှိဘူး... ဒါကတော့ Flying Dragon Studio မှာသုံးတဲ့ Drum Module တစ်ခုပါ... BFD လို့ ခေါ်ပါတယ်... Acoustic Drum သံထွက်ပါတယ်...

ဒီဟာကလဲ Acoustic Drum module နောက်တစ်ခုပေါ့... EZ Drummer လို့ခေါ်ပါတယ်...

ဒါကတော့ GuitarRig လို့ခေါ်ပါတယ်... Guitar Effect Processor ပေါ့...


Guitar Combo လို့ခေါ်ပါတယ်... Guitar Amp Simulator ပေါ့... AC Box, Plexi နဲ့ Twang ဆိုပြီး 3 မျိုးရှိပါတယ်...

ဒါကတော့ Propeller head ကထုတ်တဲ့ Reason ဆိုတဲ့ software ပါ... သူကတော့ Sampler တွေနဲ့ Synthesizer မျိုးစုံပါပြီး Sequencer အနေနဲ့ရော KB/Drum module အနေနဲ့ရော သုံးပါတယ်...


ဒါကတော့ FL Studio ပါ... FL Studio ကတော့ အသိများကြတဲ့အတွက် မရှင်းပြတော့ပါဘူး... Version 6.0.8, XXL Producer Edition ကိုသုံးပါတယ်...


Recording tasks အားလုံးပြီးရင် Mastering လုပ်ဖို့တော့ Steinberg WaveLab 5 ကိုသုံးပါတယ်...

အခုဖေါ်ပြခဲ့တာကတော့ Flying Dragon Studio မှာသုံးတဲ့ Software & Plug-in တွေထဲက အနည်းအကျဉ်း အမြည်းသဘောလောက်ပါ...

တကယ်တမ်း Recording လုပ်တဲ့အခါသုံးတာတွေကတော့ အများကြီးပါပဲ...

Computer Music ၀ါသနာပါသူ၊ စိတ်ဝင်စားသူများ မေးလို့ရပါတယ်...သိသလောက်ပြောပြပါ့မယ်...

မိမိသိထားတာတွေ ပြန်ပြောပြကြမယ်ဆိုရင်လဲ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်...

တောင်ကြီးမှ Studio များအကြောင်း Informaiton လေးတွေသွားစုပြီး ဆက်လက်တင်ပြပါ့မယ်.......


Read more!

ကျောင်းတော်သာ

မသဉ္ဇာက သူတတ်ခဲ့တဲ့ ကျောင်းအကြောင်းရေးတော့ ကျွန်တော်လည်း ကျွန်တော်တက်ခဲ့တဲ့ ကျောင်း အကြောင်းကို ရေးချင်စိတ် ပေါက်လာတယ်။

ဘယ်မေ့နိုင်ပါ့ မလဲလေ..
ကိုယ် ဒီအခြေအနေအထိ ရောက်လာအောင် အတတ်ပညာတွေ သင်ကြားပေးခဲ့တဲ့ ကျောင်း၊ နာသုံးနာနဲ့ ပြည့်စုံကြတဲ့ ကျေးဇူးရှင် ဆရာ ၊ ဆရာမများကျေးဇူး၊ ကျောင်းတက်ခဲ့စဉ်က တွေ့ကြုံခဲ့ရတဲ့ အမှတ်တရများ၊ သူငယ်ချင်းတွေ အားလုံး ပြောရင်း ကျွန်တော့်စိတ်တွေက အတိတ်ဆီ ကို ရောက်သွားခဲ့ပြီ။

ABCDEFG…..
ကကြီး၊ ခခွေး…
Apple … ပန်းသီး…
Cat… ကြောင်…

အသံကုန် ကျက်မှတ်ရင်းပေါ့။ ဒီလိုနဲ့ တစ်တန်းပြီးတစ်တန်း မှန်မှန်အောင်ပြီး ပညာရည်လည်း တဖြည်းဖြည်း တိုးလာခဲ့သည်လေ။

စာမေးပွဲနီးရင် ကျောင်းဝင်းအတွင်းက ညောင်ပင်ကြီးအောက်မှာ ညောင်ရွက်အကြွေကို စောင့်ပြီး မြေမကျခင် လိုက်ဖမ်း ရတာကိုလည်း သတိရသည်။ စာမေးပွဲ အောင်တယ် ဆိုလို့လေ။ ဖွံ့ဖြိုးရေး အချိန်မှာ အတန်းဖော်တွေနဲ့ အတူ ပေါက်တူး၊ ပေါက်ပြားကိုင်ကာ မမောနိုင်၊ မပန်းနိုင် ဆောင်ရွက်ခဲ့ ရတာတွေ၊ အသီးတွေသီး၊ အရွက်တွေရလို့ ဆရာ၊ ဆရာမတွေကို မရရအောင် အတင်း ရောင်းခဲ့ တာတွေကိုကော သတိရသည်။

အထက်တန်း ကျောင်းသားကြီးများကို ကြည့်ကာ အားကျမိတာကလည်း ပါသေးသည်။ မှတ်မှတ်ရရ တစ်ခု ကတော့ တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာ ဘုရားရဲ့ အထက် ဌာပနာ ပိတ်ပွဲနှင့် ထီးတင်ပွဲနေ့တွေမှာ မင်းညီမင်းသား ၀တ်စုံတွေနဲ့ ပါဝင်ခဲ့ကြတာကိုပါ။ သူငယ်တန်းကနေ ဒသမတန်းအထိ ပညာပါရမီ ဖြန့်ဝေပေးခဲ့သော ဆရာ၊ ဆရာမများ ကိုလည်း သတိရသည်။ ရင်ခုံစွာနဲ့ ဖြေဆိုခဲ့ရသော စာမေးပွဲ ကာလ တွေကိုလည်း သတိရသည်။

သူငယ်ချင်းတွေနဲ့ ပျော်ခဲ့၊ ပါးခဲ့ကြတဲ့ အချိန်များ၊ စာမေးပွဲမစခင် နောက်ဆုံးနေ့ ကျောင်းတက်ရက်များ နှင့်အတူ မိဘဆရာ ကန်တော့ပွဲများ။ ပါဆယ်ဂိမ်း ကစားခဲ့ကြတာ တွေကိုလည်း သတိရသည်။ ကျောင်းပိတ်ရက်ကာလ အလွမ်းများကိုလည်း တမ်းတမိသည်။ ကျောင်းတွေပြန်ဖွင့်လို့ စိတ်သစ်၊ လူသစ်နဲ့ အသစ်အသစ်တွေနဲ့ စတင်ခဲ့ရသော အချိန်များ။ သတိရစရာတွေ၊ လွမ်းမောစရာတွေ ပါပဲ။

ဧည့်သည်အဖြစ် ပြန်လာတိုင်း ကျောင်းဝင်းအတွင်း လျှောက်ကာ အတိတ်ကို ပြန်တွေးရတဲ့ အရသာ။ ဆရာ၊ ဆရာမတွေဆီ လိုက်လည်ရင်း သူတို့ဆီက ဆုံးမစကားများ၊ ၀မ်းသာမှု၊ ကြည်နူးမှုတွေ ယိုဖိတ်နေသော မျက်လုံးများ၊ အပြုံးများ။ ဒါတွေအားလုံးဟာ ကျွန်တော့်အတွက် ဘယ်တော့မှ မေ့လို့ရနိုင်မှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော် တက်ခဲ့တဲ့ ကျောင်းတော်ကြီး ဘယ်လို ပြောင်းလဲနေပြီလဲ။ ကျွန်တော်သိချင် ပါသည်။
သူကတော့ တောင်ချွန်းကြီးရဲ့ အောက်ခြေနားမှာ ရှိတဲ့ အ.ထ.က (၁) ပါ။

Ps: admin ရေ… ကြုံရင် ကျွန်တော့်ကျောင်းလေးရဲ့ဓါတ်ပုံလေးကို တင်ပေးပါဗျာ။

၉၈ အောင် သူငယ်ချင်းများရေ .. မင်းတို့ဘယ်ဆီမှာလဲ?


Read more!

အတိတ်က အမှတ်တရများ

လူတော်တော်များများက တက္ကသိုလ်ဘ၀ကို ပြန်ပြောင်း အောက်မေ့လေ့ ရှိကြပေမယ့် ကျမကတော့ တက္ကသိုလ် ကျောင်းသား ဘ၀ထက် အထက်တန်း ကျောင်းသား ဘ၀ကို အလွမ်း ပိုမိပါတယ်။

ဘယ်ကျောင်းကလဲလို့ မေးရင် ထ (၄)က လို့ အမြဲ ဂုဏ်ယူစွာ ပြောနိုင်အောင်ပဲ တောင်ကြီး အ.ထ.က (၄) က တောင်ကြီးမြို့ ဂုဏ်ဆောင် ကျောင်းတစ်ကျောင်း ဆိုရင် မမှားဘူး ထင်ပါတယ်။

အ.ထ.က (၄) ရဲ့ ကျောင်းတော်ရိပ်ကို ငါးတန်းကျောင်းသူ အဖြစ်နဲ့ စတင် ခိုလှုံခဲ့တယ်။ အလွန်စည်းကမ်းကြီးတဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါအေးချစ်ကို အရင်ဆုံး သိခဲ့ရတယ်။ ဆရာမကြီး ကျောင်းတစ်ပါတ် လှည့်ကြည့် လိုက်ရင် ကျောင်းကြီး တစ်ကျောင်းလုံး အပ်ကျသံတောင် မကြားရအောင် တိတ်သွားခဲ့တယ် ဆိုရင် ဘယ်လောက် စည်းကမ်းကြီးတယ် ဆိုတာ မှန်းကြည့်လို့ ရမှာပါ။

တောင်ကြီးမှာ ကျောင်းတက်ရတာနဲ့ တခြားမြို့တွေမှာ ကျောင်းတက်ရတာနဲ့ အဓိက ကွာခြားချက်ကိုတော့ တန်ဆောင်တိုင် ရောက်တိုင်း မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ တန်ဆောင်တိုင်နား နီးရင် တောင်ကြီးက ကျောင်းသားတွေကို ဘယ်လိုမှ စာကျက်ခိုင်းလို့ မရတော့လို့ ဆရာမအားလုံး စိတ်ညစ်ကြရတယ်။ အားလုံးရဲ့ စိတ်က ဘုံကထိန်ဆီ ရောက်နေပြီလေ။ အားလုံးက ဒီတစ်နှစ် ဘာအရုပ် ချိုးမယ်။ တစ်ခြားကျောင်းထက် ဘယ်လို သာအောင် လုပ်မယ်ဆိုတာ နေ့မအား ညမအား စဉ်းစားနေကြတယ်။ ဘုံကထိန်က အတန်းထဲက ကျောင်းသားတွေကို ပိုပြီး စည်းလုံးစေခဲ့တယ်။ ဒီလို အတွေ့ အကြုံမျိုးကို တခြား ဘယ်မြို့က ကျောင်းသားမှ ရနိုင်မှာ မဟုတ်ဘူးလို့ ကျမထင်တယ်။

ချယ်ရီဆိုလို့ ကျမ မှတ်မိသလောက် ၆တန်း ၇တန်းလောက်အထိ ကျောင်းထဲမှာ ချယ်ရီပင် အချို့ ရှိခဲ့တယ်။ ချယ်ရီပန်းတွေ ပွင့်ချိန်ရောက်ရင် ဆရာမတွေကော ကျောင်းသားတွေပါ ချယ်ရီပန်းတွေ အလုအယက် ခူးခဲ့ကြဖူးတယ်။ နောက်ပိုင်းတော့ အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားခဲ့ပါတယ်။ ကျောင်းဝင်းထဲမှာ ချယ်ရီပင်တွေ ရှိသေးလားဆိုတာ အခုမှ ပြန်စဉ်းစားမိတယ်။

P.S ကျောင်းရဲ့ပုံကို တင်ပေးချင်ပေမယ့် ကျောင်းနဲ့ ဝေးတဲ့ တစ်နေရာမှာ ရောက်နေလို့ မတင်ပေးနိုင်လိုက်ဘူး။


Read more!

black match (or) စနစ်ကြိုး

Fuse လို့ခေါ်တဲ့ စနစ်ကြိုးလေးတွေက ယမ်း လုပ်ငန်း လုပ်ရာမှာ တော်တော် အသုံးဝင်ပါတယ်။ ကျွန်တော် လေ့လာမိသလောက် စနစ်ကြိုး ပုံစံတွေ တော်တော်များများရှိပါတယ်။ အဲဒါတွေကတော့

Black Match
Electrical Ignitor
Falling Leaf Fuse
Flying Fish Fuse
Paper Tape Quick Match
Quick Match
Slow Match
Spolette
Time Fuse
Visco Fuse

အဲဒီ စနစ်တွေ ထဲမှာ Black Match က အခြေခံ အကြဆုံးပါ။ Black Match တခုရဲ့ လောင်ကြွမ်းချိန်က ယေဘူယျ အားဖြင့် ၁ လက်မ ကို ၁ စက္ကန့်ပါ။ ကျွန်တော် တို့ အသုံးပြုတဲ့ Black Powder အရည်အသွေး ပေါ်မှု တည်ပြီးမှ လောင်ကြွမ်းချိန် တွေ ကွာခြားသွားမှာပါ။

Black Match ကို ပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်မှုတွေက......

Formula
Black Powder : 30%
Dextrin : 3%
(ကော်မျိုးနွယ်ဝင်)

Black Match ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်း

Tools

စက္ကူခွက် ၂ လုံး
spray ဘူး ၁ ခု
တုတ်တံ ၁ ချောင်း
နိုင်လွန်ကြိုး

Method
1. Black Powder 30% နှင့် Dextrin 3% ကို စက္ကူခွက်တွင်း ထည့်ပါ။ ပြီးလျှင် သမအောင်မွှေပါ။
2. spray ဘူးထဲသို့ အရက်ပျံ 25% နှင့် ရေ 75% ရောပါ။
3.အဖုံးတွင် အပေါက် ဖောက်ထားသော စက္ကူခွက် အလွတ် တလုံး ထဲသို့ (1) မှ ဟာကို ပြောင်းထည့်ပါ။
4. spray ဖြင့်ဖြန်း ပါ။ သမအောင်မွှေပါ။
5. နိုင်လွန်ကြိုးကို ခွက်တွင်ထည့်ပါ။ ၁ မိနစ်ခန့် မွှေပေးပါ။
6. နိုင်လွန်ကြိုးကို အခြောက်ခံပါ။ (ရက်အနည်းငယ်ကြာသည်အထိ)


Black Match လို့ခေါ်ပါတယ်


လိုအပ်တဲ့ tools တွေပါ။


spray ဖြန်းနေစဉ်


ဒါက နိုင်လွန်ကြိုး


ပလပ်စတစ် အဖုံးကို ဒီလို အပေါက် ဖောက်တယ်။


နိုင်လွန်ကြိုးကို ၁ မိနစ်လောက် မွှေဖို့ မမေ့နဲ့နော်။


မှန်စာ ကြိုးတိုက်သလိုလေးလေ။


ဒါကတော့ အခြောက်ခံပြီးသွားပြီ။

Black Match ကို movie အနေနဲ့ ကြည့်ချင် တဲ့သူတွေ အတွက် ဒီမှာ ယူပါ။


Read more!

1st ICT Exhibition 2007 Shan State



1st ICT Exhibition 2007 Shan State

ဓါတ်ပုံတွေလှန်ပြန်ရှာရင်း ICT ပွဲတုန်းက ရိုက်ထားတာတွေ တွေ့လို့ အမှတ်တရ Virtual Tour အဖြစ် တောင်ကြီးချယ်ရီမြေမှာ တင်ပေးလိုက်ပါတယ်။ ဒီပွဲက Asia Communication 2007 ကိုတော့ ဘယ်မှီပါ့မလဲ။ ဒါပေမဲ့ ကျွန်တော်တို့ အတွက်တော့ Enough လို့ ပြောလို့ရပါတယ်။


Read more!

ယနေ့ ICT နှင့်တောင်ကြီး

တောင်‌ကြီးမြို့သို့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးပါတယ်… ဒီအတိုင်းပဲ အလည်သွားတာပါ… ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နီးပါမှာ အလုပ်ကိစ္စနဲ့ တောင်ကြီးမြို့ကို ရောက်ခဲ့တယ်.. အဓိက ကတော့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ကိစ္စတွေနဲ့ပေါ့ အားလုံးရဲ့ အကူအညီတွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ICT ဆိုင်ရာ လုပ်ငန်းများစွာကို လုပ်ကိုင်ခွင့် ရခဲ့တယ်… ဒီလိုနဲ့ပဲ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ပထမအကြိမ် သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာပြပွဲတစ်ခု ပြသနိုင်ဖို့ တတ်နိုင်တဲ့ဘက်က ကူညီပေး ခဲ့တယ်…. အဲဒီ ပြပွဲကြီးကလဲ အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်ခဲ့ ပါတယ်….

ပြပွဲဖွင့်ပွဲ

တစ်ပြိုင်နက် ရှမ်းပြည်နယ်တောင်ပိုင်း (ကွန်ပျူတာ ပညာရှင်အသင်းနဲ့ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း)ကိုပါ တပြိုင်တည်း ဖွဲ့စည်းခဲ့ကြတယ် ဆိုပါစို့…..

အဲဒီလိုနဲ့ နောက်ပိုင်း တောင်ကြီးကိုရောက်တိုင်း ရှမ်း(တောင်) ရဲ့ ICT အခြေအနေဟာ မထင်လောက်အောင်ကို တိုးတက်လာပါတယ်… တောင်ကြီးမြို့ပေါ်မှာ Internet သုံးစွဲမှုကလည်း အရှိန်အဟုန်နဲ့ကို များပြားလာတာ တွေ့မြင်ရတယ်…. တောင်ကြီးသား မဟုတ်ပေမဲ့ ရှမ်း(တောင်)ကိုတော့ သံယောဇဉ် ဖြစ်မိတာအမှန်ပဲ… ကျွန်တော်လုပ်ပေးနိုင်တဲ့ ကိစ္စတွေကို အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးချင်ပါတယ်...

ICT ကဏ္ဍတိုးတက်အောင် ဆောင်ရွက်လိုတဲ့ လူငယ်တွေဟာ အတော်ကို စုစည်းမိနေတာကို သတိပြုမိ ပါတယ်… နည်းပညာပိုင်းဆိုင်ရာ ဖြန့်ဝေတဲ့ ဟောပြောပွဲတွေ အပတ်စဉ် လုပ်ကြတာမြင်ရတာ ကြည်နူးမိတယ်...

ဟောပြောပွဲတစ်ခု

ဟိုပုန်း၊ မိုင်းပွန်၊ လွိုင်လင်၊ ပင်လုံ၊ လဲချား၊ အောင်ပန်း၊ ကလော၊ ညောင်ရွှေ၊ အဲဒီဒေသတွေကို ရောက်ဖူးတယ်... အခုနောက်ဆုံး တစ်ခေါက် ရောက်တော့ စဉ်းစားမိတာတစ်ခုက ရှမ်း(တောင်)မှာရှိတဲ့ မြို့တွေမှာVoice Communication စနစ်ရှိဖို့ ဆောင်ရွက် ပေးချင်ခဲ့တယ်... ရန်ကုန်ပြန်တဲ့ လမ်းခရီးမှာ အတွေးနှစ်ခု ပါလာတယ်... တစ်ခုက Internet သုံးစွဲသူတွေ အဆင်ပြေဖို့ Bandwidth တိုးမြှင့်ဖို့နဲ့ နောက်တစ်ခုက နယ်မြို့တွေမှာ Voice Communication စနစ် ကောင်းမွန်ဖို့ပါပဲ... တောင်ကြီးမြို့ခံ တွေကလည်း ICT ကဏ္ဍတိုးတက်ဖို့ ကြိုးစားနေကြတယ်... ကျွန်တော်လည်း အဲဒါကိုပဲ ပိုမိုတိုးတက်အောင် တတ်နိုင်တဲ့ဘက်က ကူညီဖို့ပါပဲ... အဓိကကတော့ ရှမ်း(တောင်)ရဲ့ ICT ကဏ္ဍဟာ အရင်ကထက် အဆပေါင်းများစွာ တိုးတက်လာတယ် ဆိုတာကို ပြောချင်ပါတယ်... ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ပျူတာအသင်းတွေကလည်း စည်းစည်းလုံးလုံး ဒီထက်ပိုပြီး ကြိုးစားသွားရင် နောက်နှစ် အနည်းငယ်လောက်မှာ ရှမ်း(တောင်)ရဲ့ ICT ကဏ္ဍဟာ မြို့ကြီးတွေမှာလိုပဲ တိုးတက်လာမယ်ဆိုတာ ယုံကြည်နေတယ်ဗျာ...

"ပြိုင်တူတွန်းရင် ရွေ့နိုင်ပါသည်" ဆိုတဲ့ စကားလေးကိုတော့ သဘောကျမိ တယ်ဗျာ...

(Note: ယခုလောလောဆယ် တောင်ကြီးမြို့ရဲ့ Internet Bandwidth က Total 10MB ရှိပါတယ်။ အဲ့ဒါကို Internet Client တွေ Share လုပ်ပြီး သုံးနေပါတယ်။ Client တစ်ဦးချင်းအနေနဲ့ ADSL ကို 256Mbps, 128Mbps နဲ့ အသီးသီးသုံးစွဲ နေကြပါတယ်။ iPSter လဲ Client ၂ခု၊ ၃ခုလောက် ရှိပါတယ်။ အများစုကတော့ ADSL ပဲ သုံးကြပါတယ်။ ADSL Client ဘယ်နှစ်ခု ရှိပြီလဲ ဆိုတာတော့ သေသေချာချာ မသိသေးပါ။ အသင်းရုံးခန်း ဓါတ်ပုံကတော့ အဆင်သင့်မဖြစ်သေးလို့ မထည့်ပေးလိုက်တာ စိတ်မရှိပါနဲ့ ကိုငြိမ်းချမ်းဌေး ခင်ဗျား Admin)


Read more!

ကွပ်လပ်လေးတစ်ခု ဖြည့်ပေးပါ

ကျွန်တော်လည်း ဒီတစ်ခေါက် တောင်ကြီးက ပြန်လာပြီးကတည်းက ခင်ဗျားတို့ကို အားကျလို့ ကိုယ်ပိုင် blog တစ်ခုလုပ်ထားတယ်… နည်းပညာပိုင်းအရ မလုပ်တတ်တာရော၊ ဘာအကြောင်း တင်ရမလဲဆိုတာရော စဉ်းစားရင်းက ကျွန်တော့် ကောင်မလေးကလဲ" မလောပါနဲ့ ကောင်းအောင်ဖြည်းဖြည်း စဉ်းစားပြီးမှရေးပါ " ဆိုတာရယ်ကြောင့် ဘာမှကိုမလုပ်ဖြစ်ခဲ့ဘူး…

တောင်ကြီးသား မဟုတ်ပေမဲ့ တောင်ကြီး(ရှမ်းတောင်)ကို သံယောဇဉ် ရှိနေတော့ ခင်ဗျားတို့ Blog ကို အားဖြည့်မယ်လို့ စဉ်းစားခဲ့တယ်… ဒီတစ်ခါတော့ တောင်ကြီးမြို့ရဲ့ လိုအပ်နေတဲ့ အရာလေးတစ်ခုလို့ ထင်တာကို ရေးလိုက်ချင်တယ်…


တစ်ခါက တောင်ကြီးကို ရောက်တော့ အသိလူကြီးတစ်ယောက်နဲ့ စကားပြောရင်း သူကပြောတယ် " ရှမ်းတောင်လာတဲ့ နိုင်ငံသား ခရီးသွားတွေက ပင်းတယ၊ ကလော၊ အင်းလေးထဲကို ၀င်သွားကြတယ်… တောင်ကြီးမြို့ပေါ် တက်မလာကြဘူး"တဲ့ အဲဒီစကားလေးကို စဉ်းစားမိရင်း တောင်ကြီးမြို့ပေါ်မှာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်နိုင်မဲ့ အရာတစ်ခု လိုအပ်နေတယ်လို့ ထင်တယ်ဗျာ…

တောင်ကြီးမြို့ပေါ်က သိသမျှ စီးပွားရေးသမားတွေနဲ့ တွေ့တော့ သူတို့တွေက "မိုင်းရှူးခေတ်လောက် စီးပွားရေးမကောင်းဘူး" ဆိုပြီး ညည်းကြတယ်… အင်းလေးဒေသဆိုရင် အင်းလေးကန်ရဲ့ ဆွဲဆောင်မှု့၊ အင်းလေး ဓလေ့ရဲ့ ဆွဲဆောင်မှု့တွေကြောင့် နိုင်ငံခြားသား ခရီးသွားတွေ ၁၂ရာသီပတ်လုံး မပြတ်အောင် လာကြတယ်…ဒါကြောင့် တောင်ကြီးမြို့ပေါ်ကို နိုင်ငံခြား ခရီးသွားတွေ တက်လာဖို့ တစ်ခုခုလိုနေတယ်ဆိုတာ သေချာတယ်… ကျွန်တော် စဉ်းစားမိတာ တစ်ခုကတော့ တောင်ကြီးမြို့ရဲ့ အထင်ကရ နာမည်ကြီးတဲ့ မီးပုံးပျံလုပ်တာတို့၊ မီးပုံပျံ လွှတ်တင်တာတို့ကို နေရာလေးတစ်ခု သတ်မှတ်ပြီး လုပ်ပြရင် ကောင်းမယ်… နိုင်ငံခြားသား ခရီးသွားတွေကို မီးပုံးပျံ ကိုယ်တိုင်လုပ်၊ ကိုယ်တိုင် လွှတ်တင်တဲ့ လုပ်ငန်းလေး တစ်ခုနဲ့ ဆွဲဆောင်လို့ ရနိုင်မယ်လို့ ထင်တယ်… နောက်တစ်ခုက (လုပ်လို့ရ၊ မရတော့မသိဘူး) မီးပုံးပျံ စီးပြီး တောင်ကြီးနဲ့ ပတ်ဝန်းကျင် ရူ့ခင်းတွေကို လေ့လာကြည့်ရူ့တာတို့ကို လုပ်နိုင်ရင် ကောင်းမယ်ဗျာ… (ပုဂံမှာ မီးပုံးပျံစီးပြီး ပုဂံရူ့ခင်းတွေကို ကြည့်တာမျိုးကို ဆိုလိုတာပါ။) ခင်ဗျားတို့ အပါအ၀င် အားလုံး တောင်ကြီးမြို့ကြီး ယခုထက် ပိုစည်ကားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကျွန်တော် ပြောပြတဲ့ အရာလေးကို ၀ိုင်းဝန်းဆွေးနွေး ကြပါဦး… ဒါအပြင် တခြားခရီးသွား နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်မဲ့ အရာလေးတွေ ရှိရင်လည်း စဉ်းစားပြီး အကောင်အထည် ဖော်ပေးရင်းနဲ့ တောင်ကြီးမြို့ရဲ့ လိုအပ်နေတဲ့ ကွပ်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးကြ ပါစို့လားဗျာ…

(စာကြွှင်း။ ။ ဒီစီးပွားရေး လမ်းစလေးကို ခင်ဗျားတို့ အကောင်အထည် ဖော်လို့ အောင်မြင်ခဲ့ရင် ကျွန်တော်ကိုတော့ ပစ်မထားကြနဲ့ဗျာ… :) )

ငြိမ်းချမ်းဌေး


Read more!

Monday, July 30, 2007

Disney Fried Chicken and Noddle

ဒီတခါကတော့ Disney ကြက်ကြော်ဆိုင်ကို မိတ်ဆက်ပေးပါမယ်။ လူငယ်တွေကြားမှာ ရေပန်းအစားဆုံး ဆိုင်တစ်ဆိုင်လဲ ဖြစ်ပါတယ်။ နေရာက အရှေ့မြို့ပတ်လမ်းနဲ့ အ၀ိုင်းပတ်လမ်းဒေါင့်မှာ ရှိပါတယ်။ တောင်ကြီးမြို့ရဲ့ တစ်ခုတည်းသော အ၀ိုင်းနားမှာပါ။

ကြက်သား၊ အာလူး အကြော်ခန်း

အဓိက နာမည်ကြီးတဲ့ အစားအစာက အမေရိကန် ကြက်ကြော်နဲ့ ပြင်သစ် အာလူးကြော်ရယ်၊ Cocktail တွေရယ်ပဲ ဖြစ်ပါတယ်။ ရန်ကုန်က မမလေးတွေ ဆိုရင် တောင်ကြီးရောက်ရင် Cocktail သောက်ဖို့ Disney ကိုပဲ ပြေးကြပါတယ်။ ( Cocktail လောက်ပဲ သောက်တတ်တဲ့ သူတွေကို ပြောတာပါ။ ဒီထက် ပျင်းပျင်း သောက်တက် သူများအတွက်တော့ တခြား ဆိုင်ကောင်းကောင်းတွေ သွားရမယ်နဲ့ တူပါတယ်။ :) ) နောက်ပြီး Mandalay ရေခဲမုန့်လဲ ရတယ်လို့ တွေ့ရပါတယ်။ တခြား Light နဲ့ Heavy Food တွေ လဲ ရပါတယ်။

Menu ပါ ရိုက်တုန်းက မှောင်နေလို့ ၀ါးသွားပါတယ်။

Menu ကျောဘက်ပါ

တခြားမြို့က ဧည့်သည်တွေ လာရင်လဲ Disney လိုမျိုးဆိုင်ကို ရွေးကြတာများပါတယ်။ ဈေးနှုန်းကလဲ အသင့်အတင့်မို့ အဆင်ပြေပါတယ်။ စာအုပ်စင်လေးလဲ ရှိလို့ အပျင်းပြေ စာဖတ်လို့ ရပါသေးတယ်။ ကလေးငယ်လေး ပါသော မိသားစုတွေ အတွက်လဲ အဆင်ပြေအောင် Child Chair လေးတွေလဲ စီစဉ်ပေးထားတာ တွေ့ရပါတယ်။ ဆိုင်လေးကလဲ တောင်ကြီးမြို့မှာ တော်တော်လေးလဲ ကြာပြီလို့ ထင်ပါတယ်။ အခြား အကင်ဆိုင်တွေ အကြော်ဆိုင်အသစ်တွေ ဖွင့်လာလဲ Disney မှာတော့ လူပုံမှန်ရှိပါတယ်။ ဆိုင်က တည်တည် ငြိမ်ငြိမ်လေးရှိပါတယ်။ ပြင်ပြင်ဆင်ဆင်လေးလဲ လုပ်ထားပါတယ်။ ထူးခြားတာလေးတစ်ခုက တစ်ခုခုစားလို့ အမှိုက်ထည့်ချင်ရင် စာရွက်ခေါက်လေးနဲ့ လုပ်ထားတဲ့ စ(က်ကူ)ခွက်လေးတွေ သုံးရတာပါ။ တခြား ဆိုင်တွေမှာတော့ အဲ့ဒီလို စာရွက်ခေါက်လေးတွေကို သုံးတာ မတွေ့မိဘူး။ ဓါတ်ပုံရိုက်ခဲ့ဖို့ မေ့သွားတာတော့ ခွင့်လွတ်ပါ။

ဆိုင်အတွင်းဘက်မြင်ကွင်း

ကျွန်တော်တို့တွေ မကြာမကြာ သွားထိုင်ဖြစ်တဲ့ ဆိုင်လေးပါ။ ထိုင်လို့၊ သောက်လို့၊ စားလို့ ကောင်းသောဆိုင် တစ်ဆိုင်ပေါ့။ တောင်ကြီးရောင်လို့ Disney မရောင်ဖူးခဲ့ဘူးဆိုရင် တောင်ကြီးမြို့ မနှံဘူးလို့ ယူဆလို့ ရပါတယ်။ တခြားမြို့က ဧည့်သည်တစ်ယောက်ဖြစ်ပြီး အိမ်ရှင် တောင်ကြီးသားတွေက Disney မှာ ဧည့်မခံဘူးဆိုရင် စိတ်သာ ဆိုးပြီး၊ ဒေါသထွက် ပြလိုက်ပါတော့။ :)

မှာစားဖြစ်ခဲ့တဲ့ ထမင်းနဲ့ အာလူးကြော်

တောင်ကြီး ချယ်ရီမြေမှာ ထိုင်လို့ ကောင်းသော ဆိုင်များဆိုပြီး မိတ်ဆက်ပေးလာခဲ့တာ အားလုံးလဲ နှစ်သက်မယ်လို့ ထင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ကို ဘယ်သူမှ ကလဲ sponsor မပေးပါဘူး။ ကိုယ့်ဘာသာပဲ သွားလည်၊ မှာစား၊ ဓါတ်ပုံရိုက်၊ ပိုက်ဆံရှင်းနဲ့ တောင်ကြီးချယ်ရီမြေမှာ တင်ပေးဖို့ လုံးပမ်းရတယ်။ လူတွေ က ဘာလဲဟ Camera တဖျက်ဖျက်နဲ့ ဆိုပြီး၊ ကြည့်တာလဲ တစ်ခါတစ်ခါ ခံရသေးဗျ။ အော် တောင်ကြီးချယ်ရီ Blog ကို စမိတာလဲ ရင်မောရ ပါလားနော်။

ဒါပေမဲ့လဲ ကိုယ်ရေးတဲ့ လုပ်ဆောင်ချက်နဲ့ ပါတ်သက်ပြီး၊ Comment လေးတွေ ကြားရရင်တော့ စိတ်ချမ်းသာ ရတာပေါ့လေ။


Read more!

ကျားဂူ

တောင်ကြီးအကြောင်းပြောတဲ့အခါ ရှေးဟောင်းနှောင်းဖြစ်တွေပဲ ပြောဖြစ်နေတယ်။
အဝေးရောက်နေတဲ့ ကျွန်တော်နဲ့သကရာဇ်တူတွေပြန်လွမ်းရအောင်ပါ။
အခုလည်း ကျားဂူအကြောင်းပြောပြဦးမယ်။
ရွှေဘုန်းပွင့်နဲ့ မြစိမ်းတောင်အကြားက သဘာဝလှိုဏ်ဂူတစ်ခုပါ။ကျားဂူလို့ ခေါ်ကြတယ်။
အဲ့ဒီတုန်းက 1995 ခုနှစ်လောက်ဖြစ်မယ်။
သူငယ်ချင်းတွေနဲ့ တောတောင်တွေအကြားအပျော်သွားလည်ရင်း အဲ့ဒီကိုရောက်သွားတယ်။
ထမင်းထုပ်တွေ၊မုန့်တွေလည်းပါတယ်။ဓာတ်မီးတွေရော၊ဖယောင်းတိုင်တွေပါယူသွားတယ်။
ဂူအထဲမှာအတော်ကျယ်တယ်။ ၀င်သွားပြီးမှ အထဲမှာထမင်းစားကြတာ။
ဂူကမှောင်တော့ ဖယောင်းတိုင်တွေထွန်းပြီး စားကြတာပေါ့။
နောက်ဆေးလိပ်တွေလည်းသောက်ကြတယ်။
စားပြီးတော့ ဂူအတွင်းပိုင်းကိုဆက်ဝင်ကြတယ်။အတွင်းပိုင်းတော်တော်ဝင်ပြီးတော့
နောက်တစ်ဆင့်ကိုတွေ့ရတယ်။ ဂူကနှစ်ဆင့်( နှစ်ထပ် )ဂူ။
အောက်တစ်ဆင့်မှာ ကရေစီးနေတာကိုဓာတ်မီးရောင်အောက်မှာအတိုင်းသားမြင်ရတယ်။
အပေါ်နဲ့အောက် အဆင့်အကြားမှာက ၇ ပေလောက်အမြင့်ကွာတယ်။
အဲ့ဒါနဲ့ အောက်အဆင့်ကိုအားလုံးဆင်းလိုက်ကြတယ်။
ဆင်းပြီးဆက်လျှောက်သွားတော့ အသက်ရှုရတာအတော်ဆိုးလာတယ်။
နဂိုကတည်းက ဂူထဲမှာအောက်ဆီဂျင်ကနည်းနေတာ။
ဘယ်လောက်ဖြစ်လာသလဲဆိုရင် နထင်ကသွေးတိုးသံကိုပြန်ကြားရအောင်အသက်ရှုကြပ်လာတယ်။
ပြန်တက်တော့မယ်လုပ်တော့ ဆင်းလာတုန်းကအသာလေးဆင်းလာတဲ့ ၇ ပေအမြင့်အပေါ်အဆင့် က
ဘယ်လိုမှပြန်တက်လို့မရတော့ဘူး။
သူငယ်ချင်းတွေအားလုံး ပျာယာခတ်နေတာလည်းပါတယ်.
တက်လို့မရလို့ ထူပူနေတဲ့ကြားမှာ လူကတစ်နေရာတည်း ( အပေါ်အဆင့်ကိုတက်တဲ့နေရာ )မှာ
လာစုနေတော့ လေကပိုနည်းလာတယ်။
အဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က ငိုပါလေရော။
သူလုံးဝမရတော့ဘူးဆိုပြီးတော့။
ကျွန်တော်လည်း အတွေးတစ်ခုရလိုက်တယ်။ ရေစိုပြီးချောနေတဲ့ အပေါ်အဆင့်ကိုတက်ဖို့
သူငယ်ချင်းတစ်ယောက်ရဲ့ပုခုံးပေါ်ကနေတက်ရင်ဆိုတဲ့အတွေးနဲ့ တစ်ယောက်ရဲ့ပုခုံးပေါ်ကိုတက်လိုက်တယ်။
ကျွန်တော်အရင်ဆုံးအပေါ်ကိုရောက်သွားတယ်။တစ်ယောက်ပြီးတစ်ယောက်ဆွဲတင်တယ်.
သကောင့်သားတွေက အပေါ်အဆင့်လည်းရောက်ရော နောက်ကိုလုံးဝလည့်မကြည့်တမ်းပြေးကြတယ်။
ကိုယ်ကလည်း နောက်ဆုံးကနေလိုက်ပြေးရတယ်။ ဂူထဲမှာလည်း ဖယောင်းတိုင်ထွန်းထားတော့ လေကအတော်ကုန်နေပြီး ဆေးလိပ်ငွေ့တွေကြောင့်လည်း အူထူနေပြီလေ။
အဲ့ဒီအချိန်မှာ သဘာဝအလင်းရောင်ရဲ့ တန်ဖိုးကို ဂူအ၀ကိုလှမ်းမြင်လိုက်တာနဲ့ ကောင်းကောင်းသိသွားတယ်။
အပြင်လည်းရောက်ရော မောကြီးပန်းကြီးနဲ့ အသက်ကောင်းကောင်းရှုပြီး အတော့်ကိုလန့်သွားကြတယ်။
တော်သေးလို့ဆိုပြီး။
နောက်သိပ်မကြာပါဘူး ငိုတဲ့သူငယ်ချင်းရော၊လန့်သွားတဲ့ ကျွန်တော်အပါအ၀င်သူငယ်ချင်းတွေအားလုံး ဒီအဖြစ်အပျက်ကိုမေ့သွားပြီး တဟီးဟီးတဟားဟားနဲ့ တောင်အောက်ပြန်ဆင်းလာခဲ့ကြတယ်။
အဲ့သလိုဗျ...
ကိုမျိုး


Read more!

black powder

ကျွန်တော် မီးပုံးပျံ ယမ်း ပိုင်းနဲ့ ပတ်သက် ပြီးတော့ နည်းနည်း ပြောပြချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကိုယ်တိုင်က တော့ ယမ်း ပိုင်းနဲ့ ပတ်သက်လို့ ဘာမှ မတတ်ကျွမ်း ပါဘူး။ တိုင်းတပါးက ယမ်း နည်းပညာ တွေနဲ့ မိတ်ဆက်ပေးချင်ရုံသပ်သပ်ပါ။ ယမ်း ပညာရှင် များကလည်း ၀ိုင်းဝန်း ဆွေးနွေးပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။ အခု black powder လို့ခေါ်တဲ့ အခြေခံ ယမ်း လုပ်နည်း ကို ပြောပြပါမယ်။black powder ကို ဘာလို့ အရင်မိတ်ဆက်ပေးရလဲ ဆိုရင် သူက အခြား ယမ်းပိုင်း ဆိုင်ရာ မှာ အခြေခံ အကျ ဆုံးဖြစ်လို့ပါပဲ။ black powder ကို အခြားနာမည် တွေနဲ့ ခေါ်ကြပါသေးတယ်။ လူသိအများဆုံးအခေါ် ကတော့ gun powderပါ။ ကျွန်တော်ကတော့ black powder လိုပဲ ဆက်လက် သုံးစွဲသွားမှာပါ။ black powder ပြုလုပ် ဖို့ဆို ဒါတွေလိုပါတယ်။


Formula
Potassium Nitrate : 150 grams
Charcoal Powder : 30 grams
Sulfur : 20 grams


black powder ရဲ့ သဘောက တွန်းကန် အားပါ။ အဲဒါကြောင့် black powder တွေကို roman candles , Stars တို့လုပ်တဲ့ နေရာမှာ အသုံးများပါတယ်။ အဲဒီ အကြောင်းတွေ နောက်ပိုင်း ဆက်လက် တင်ပေးသွားပါမယ်။ အပေါ်က ဟာကို အချိုးချ ကြည့်ရင် 75%,15%,10% ပါ။ အခု လို chemical တွေ ပေါင်း စပ်ရုံနဲ့ မရသေးပါဘူး။ black powder ပြင်းပြင်းလေး လိုချင်တယ် ဆိုရင် နောက်တခု ထပ်လုပ်ရပါဦးမယ်။ အဲ တခုပြောစရာ ကျန်သေးတာက Charcoal powder ပါ။ သူက ရိုးရိုးမီးသွေး မဟုတ်ပါဘူး။ ကျွန်း မီးသွေးပါ။ ကျောက်မီးသွေး စစ်စစ် ဆိုရင် ပိုကောင်းပါတယ်။ အပေါ်က chemical သုံးခုကို ဓါတ်ပြုပေါင်းစပ် ပေးဖို့လိုပါတယ်။ Ball Mill ကို အသုံးပြုပြီး ဓါတ်ပြုပေးရမှာပါ။ Ball Mill ဆိုတာ ခွက်တလုံးထဲမှာ ခဲသီး လေးတွေ ထည့်ထားတာကို ခေါ်တာပါ။ သူတို့ ဆီမှာတော့ Ball Mill ကို သပ်သပ် ရောင်းပါတယ်။ ကျွန်တော်တို့က တော့ Ball Mill ကို ကိုယ့်ဟာကို လုပ်ယူလို့ ရပါတယ်။

Manufacutre

1. Black Pownder ကို Ball Mill ထဲကို ထည့်ပါ။
2. Ball Mill ကို လှည့်ပေးပါ။
3. 1hr မှ 24hr အတွင်း လှည့်ပေးပါ။
4. Black Powder ကို ပြန်လည် စစ်ထုပ် ပါ။

Black Powder နဲ့ Ball Mill ထဲက ခဲသီးလေးတွေ ဓါ
တ်ပြု ပေးစေချင်လို့ပါ။ Ball Mill ကို ကြာကြာလှည့်ပေးလေ.. Black Powder ပိုပြင်းလေပါ။


black powder ကို Ball Mill ထဲ ထည့်တဲ့ ပုံပါ


Ball Mill ကို လှည့်တဲ့ ပုံပါ


နောက်ဆုံး Black Powder တွေ ပြန်စစ်ထုတ် နေတာပါ။



Read more!

Sunday, July 29, 2007

ဇရာနဲ့ယှဉ်သော သံဝေဂ


သူငယ်ချင်းမိသားစုနဲ့ တောင်ကြီး သွားတုန်း တွေ့မြင်ခဲ့ရတဲ့ ဆိုင်းဘုတ်လေး တခု အကြောင်းပါ။ ရန်ကုန်ပြန်မဲ့မနက်မှာ တောင်ကြီးမြို့တခုလုံးကို စီးမြင်ရတဲ့ ရှုခင်းလည်း ခံစားရင်း၊ ဘုရားလည်းဖူးရင်း ဆိုသလို မြစိမ်းတောင်၊ ရွှေဘုန်းပွင့် စတဲ့ တောင်ပေါ်က ဘုရားတွေကို ရောက်ခဲ့ပါတယ်။ မြစိမ်းတောင်ပေါ်ရောက်တော့ ကျွန်မတို့က ဘုရားမဖူးသေးခင် ရှုခင်းတွေကြည့်ဖို့ ဓာတ်ပုံရိုက်ဖို့လောက်ပဲ အားသန်နေတော့ ဒီဆိုင်းဘုတ်လေးကို မတွေ့မိပါဘူး။ ဒါနဲ့ ကျွန်မသူငယ်ချင်းရဲ့ဖေဖေက ခေါ်ပြီး ဆိုင်းဘုတ်လေးကို ဖတ်ခိုင်းပါတယ်။ အန်ကယ်ဆရာဝန်ကြီးက “သမီးတို့ရေ..ဘယ်လောက်ကောင်းလိုက်တဲ့ စာလည်း လာဖတ်ကြည့်ပါ” လို့ပြောတော့ ကျွန်မတို့လည်း ဓာတ်ပုံရိုက်၊ အဝေးက ရှုခင်းကြည့်နေရာက အန်ကယ်ပြတဲ့ ဆိုင်းဘုတ်လေးကို ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီ စာလေးကအဓိပ္ပါယ် ရှိတာနဲ့အတူ အားလုံးကိုလည်း တရားသဘောနဲ့နှိုင်းယှဉ်ပြထားတာကြောင့် အန်ကယ်ကဓာတ်ပုံရိုက်ယူခဲ့တာပါ။ ကျွန်မအတွက် သတိရရင် ရသလို ခဏခဏ ထုတ်ဖတ်ဖြစ်တဲ့စာတခုဆိုရင်လည်း မမှားပါဘူး။ အားလုံးလည်း ဖတ်လို့ရအောင် တောင်ကြီးချယ်ရီမြေမှာ ဝေမျှပေးလိုက်ပါရစေ။

အခုဆိုရင် ကျွန်မသူငယ်ချင်းနဲ့ရော ၊သူ့မိသားစုနဲ့ပါ အကြောင်းကြောင်းတွေကြောင့် ဝေးနေကြပေမယ့် စိတ်ချင်းကတော့ နီးနေတုန်းပါပဲ။ ၂၀၀၄ ဧပြီတုန်းက သွားခဲ့တဲ့ တောင်ကြီးခရီးဟာ အခုဆိုရင် ၃ နှစ်ကျော်ခဲ့ပါပြီ။ အဲဒီ့တုန်းက ဓာတ်ပုံတွေပြန်ကြည့်မိရင် မနေ့တနေ့ကမှ တောင်ကြီးက ပြန်ရောက်လာသလိုမျိုး ခံစားရပါတယ်။

ဒီနေ့ဟာ ၀ါဆိုလပြည့်၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တာဆိုတော့ ဒီပို့စ်ကိုလည်းရေးရင်း ကျွန်မရဲ့ မိဘ ၂ ပါးနဲ့အတူ သမီးရင်းနဲ့မခြား ချစ်ခင် ဂရုစိုက်တဲ့ အန်ကယ်နဲ့ အန်တီကို စိတ်က ရည်မှန်းရင်း ကန်တော့လိုက်ပါရစေ။

မရန်ကုန်သူ


Read more!

ရှမ်းပြည်နယ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်- ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ


ရှမ်းပြည်နယ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်- ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ ပထမဆုံး အကြိမ် အဖြစ် ယခင် မီးပုံးပျံကွင်းအဟောင်း နေရာမှာ ကျင်းပမယ်လို့ သိရပါတယ်။

ဖိတ်စာ ရှေ့ဘက်

ဖိတ်စာလေးပါ။ တောင်ကြီးအတွက် ထူးထူးဆန်းဆန်းပွဲလေးမို့ သတင်းတစ်ခု အနေနဲ့ ဖော်ပြလိုက်တာပါ။


Read more!

Positive Thinking

ဖန်တစ်ခွက်နဲ့ ရေတ၀က်ကို
မင်းလဲမြင်တယ် ငါလဲတွေ့တယ်
ဒါပေမဲ့ မျက်လုံးချင်းတော့ ကွာတယ်။

ငါက
တ၀က်ပြည့်နေတာလို့ပြောမယ်
မင်းက
တ၀က်လျော့နေတာလို့ ငြင်းမယ်။

ဒါနဲ့ပဲ မင်းနဲငါ ရန်တွေဖြစ်ကြမယ်။

တကယ်တော့ ရေရယ်၊ ဖန်ခွက်ရယ်
သူဘာသာသူ ရှိနေကြတယ်။

တ၀က်လျော့တယ်လို့ ဆိုကတည်းက
အရင်က ပြည့်နေတယ်လို့ မင်းယူဆလို့ ဖြစ်မယ်။

တကယ်တော့ တ၀က်လျော့နေတာမဟုတ်ဘူး..
အခုမှ တ၀က်ပြည့်လာတာ
ဒါကို မင်းမေ့လိုက်လို့ဖြစ်မယ်။

ငါတို့တွေ သိတာပဲ
အရင်က ဖန်ခွက်တစ်ခွက်
ဗလာနတ္ထိ
ဘယ်မှာ ရေရှိလို့လဲ။

အခု ရှိပြီ
တ၀က်တောင်ရောက်လာပြီ
နောက်ဆို ပြည့်လာလိမ့်မယ်။

မပြည့်ဘူးလို့စဉ်းစားရင်
ထက်ပြည့်လာအောင်
မင်း လုပ်ချင်မှာမဟုတ်။

မင်းရဲ့စိတ်တွေ
ကျန်ဖန်ပြီး
အပစ်ရှာလိမ့်မည်။

မကောင်းတာတွေတွေးရင်
မကောင်းတာတွေ
မင်းလုပ်မိလိမ့်မည်။

ဒါတွေ ပြောရင်း
မင်းနဲ့ငါ ထက်ငြင်းကြမည်။
နောက် အခန့်မသင့်ရင်
ရန်သူတွေဖြစ်ကြမည်။

ဒါနဲ့ပဲ ရေထပ်ဖြည့်ဖို့
ငါတို့တာဝန်တွေ
လစ်ဟင်း ကုန်မည်။

ဒါမျိုးတွေ ငါတို့
ထက်မဖြစ်သင့်
ကြာရင်လုံးပါးပါးမည်။

အခု
ငါတို့ အတွက် တ၀က်ရှိပြီ
သူတို့တွေ တ၀က်ရအောင်လုပ်ခဲ့ပြီ
နောက် တ၀က် ငါတို့ထက်ဖြည့်မည်။

ဒီလိုနဲ့ပဲ ငါတို့တွေ
ပြည့်လာမည်။


ဒိထက် မလျော့ဖို့တော့
မင်းရောငါမှာ တာဝန်ရှိသည်။

တ၀က်မရှိတာ
ငါတို့မတွေး
တ၀က်ပြည့်ကို
ငါတို့ကြည့်မည်။

ဒီလိုနဲ့
ထက်ပြည့်လာဖို့
ငါတို့လုပ်မိမည်။

ဆိုးယုတ်ခြင်း အတွေးတွေကို ဖယ်ကြမည်။


Read more!

မျှော်နေမိပါသည်

ကိုယ်နေထိုင်တဲ့ နေရာလေးတစ်ခုကို ပြန်ရောက်တိုင်း လူတိုင်းရင်မှာ နွေးထွေးမှု၊ အေးငြိမ်းမှု ဆိုတာလေးကို ခံစားမိကြမည်လို့ ထင်ပါသည်။ ထို့ထက်ပိုပြီး အရိပ်အာဝါသတွေထဲမှာ မိဘရဲ့မေတ္တာရိပ်က အအေးမြဆုံး ဆိုတာ သိပြီးဖြစ်သလို ကျွန်တော့် အနေနဲ့ ကျွန်တော်ပြန်တိုင်း မိဘရဲ့မေတ္တာရိပ်ထက် ကျွန်တော့်ကို အမြဲတမ်း ဦးစွာ နွေးထွေးမှုတွေနဲ့ ဆီးကြိုတာကတော့ ကျွန်တော့် မွေးရပ်မြေလေး ပါပဲ။

ခရီးမျိုးစုံ၊ ဒေသမျိုးစုံကို သွားရောက်ခဲ့ဖူးပေမယ့် မြို့တစ်မြို့ဝင်တိုင်း၊ ဖြတ်သွားတိုင်း ကျွန်တော့်ရင်မှာ မှတ်မှတ်ရရလေး ထင်ကျန်ခဲ့တာဆိုလို့ မရှိခဲ့ပါ။ ပြန်စဉ်းစား ကြည့်သည်။ ငါပဲ ဒေသစွဲ ကြီးတာလားလို့လေ။ ကလော တောင်တက်ကို ကျော်ပြီးကတည်းက အေးချမ်းမှုတွေနဲ့ စတင်တတ်တယ် ဆိုတာ အားလုံး သတိထားမိကြ မှာပါ။ အေးချမ်းမှုဆိုတာ ရှမ်းပြည်ရဲ့အမှတ်အသားလို့ပြောရမည်လား။

ဒီထက်ပို၍ ထိုင်းမှိုင်းမှု၊ ငိုက်မျဉ်းမှု နေရာမှာ လန်းဆန်းမှုတွေ နေရာယူလာ တတ်တာကိုကော သတိထားမိ ကြရဲ့လား? တစ်ခုတော့ ရှိတာပေါ့လေ... ဟိုင်းဝေးကားတွေ ၀င်တတ်တာ မနက်ပိုင်းမို့ အိပ်ရေးကလည်း ၀နေပြီကိုး ဆိုပြီးတော့ ကျွန်တော့်ကို ထောက်မပြနဲ့ပေါ့ ... ဟီးဟီး။

ဘယ်လိုပဲပြောပြော ရွှေညောင်လောက်က စတင်ပြီး ပတ်ဝန်းကျင်ကို အငန်းမရ ကြည့်ရတာ အမော။ ဘာတွေ ပြောင်းလဲနေပြီလဲပေါ့။ အဝေးမှာဆို တောင်ချွန်းကြီးကို မြင်နေရပြီလေ။ မကြာခင် တောင်ကြီးမြို့ထဲကို ၀င်တော့မှာပါလား ဆိုတဲ့အတွေးက ရင်ခုန်သံကို မြန်စေတယ် ဆိုတာလည်း သတိထား ဖြစ်သည်။ ဘေးပတ်လည် သစ်ပင်တွေနဲ့ အုံမှိုင်းနေတဲ့ လမ်းလေးကိုဖြတ်ရင်း အေးချမ်းမှုနဲ့အတူ နွေးထွေးမှုတွေပါ ခံစားလာရတယ် ဆိုတာကော သတိထားမိရဲ့လား?

ဘယ်လောက် ဝေးလံတဲ့ ခရီးက ပြန်လာပါစေ ကိုယ့်မွေးရပ်မြေကို ပြန်ရောက်တဲ့ အချိန်မှာ ခံစားရတဲ့ ခံစားမှု၊
ထိုခံစားမှုရဲ့ နောက်ကွယ်မှ နွေးထွေးမှု၊ ထိုနွေးထွေးမှုလေးကို ကျွန်တော့်ရဲ့ မွေးရပ်မြေလေးက ယခုထက်တိုင် မပျက်မကွက် ပေးနေဆဲ။

ကျွန်တော်တို့ကိုပဲ သူကပေးနေတာလား.. ဟုတ်မည် မထင်ပါ.. လာရောက် လည်ပတ်ကြတဲ့ သူတိုင်း တောင်ကြီးမြို့လေးကို နောက်ထပ် လာချင်နေသေးတာ ဘာလို့လဲ? ရှင်းပါသည်။ ကျွန်တော် ကတော့ ရှင်းတယ်။ ဟိဟိ။

ခင်ဗျားတို့ရော..

ထိုကဲ့သို့ နွေးထွေးမှုတွေ ပေးနေသော တောင်ကြီးမြို့လေးကို ကျွန်တော် လွမ်းပါသည်။ ကျွန်တော် မျှော်နေမိမှာပါ။ နွေးထွေးမှုတွေနဲ့အတူ ဆီးကြိုနေမယ့် မွေးရပ်မြေလေးကို ပြန်ရမယ့် အချိန်ကိုပေါ့...


Read more!

ကြေငြာချက်

တောင်ကြီးချယ်ရီမြေ Blog စပြီး ဖြစ်တည်လာခဲ့တာ ၂လဆိုတဲ့ အချိန် ပြည့်တော့ပါမယ်။ Post တွေလဲ ၁၀၀ ပြည့်ဖို့ ၁ခုပဲ လိုပါတော့တယ်။ ၀ိုင်းဝန်းရေးသားကြတဲ့ Author တွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ လာရောက် ကြည့်ရှုကြတဲ့ အနီး၊ အဝေး ဧည့်သည်များကိုလဲ ကျေးဇူးတင်ပါတယ်။ CBox နဲ့ Comments တွေမှာ Participate လုပ်ပေးကြသူများကိုလဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

တောင်ကြီး ချယ်ရီမြေ အနေနဲ့ ၀င်ရေးချင်လို့ ပြောထားကြသူတွေကိုလဲ အစဉ်သဖြင့် ကြိုဆိုလက်ခံပြီး Author ဖြစ်စေခဲ့ပါတယ်။ တောင်ကြီး ချယ်ရီမြေမှာ အထူးပါဝင် ရေးသားပေးမယ်လို့ ယူဆရသူများကိုလဲ သီးသန့် Invite လုပ်ပြီး Author ဖြစ်စေခဲ့ ပါတယ်။ သို့ပေမဲ့လဲ အချို့ Author များ အနေနဲ့ တောင်ကြီးချယ်ရီ ၂လ ပြည့်တော့မဲ့ အချိန်တိုင်အောင် Post တစ်ခုမှ မတင်နိုင်သေးတာလဲ တွေ့ရပါတယ်။ အဲ့ဒီအတွက် Post မတင်ရသေးသော Author များကိုလဲ ဒီ Blog အတွက် နဲနဲလောက်ဖြစ်ဖြစ် ကျိုးစားပေး စေချင်ပါတယ်။

Post တစ်ခုမှ တင်ဖို့ရာ အချိန်မပေးနိုင်မယ့် Author တွေကို သူတို့ အနေနဲ့ တောင်ကြီးချယ်ရီမြေကြောင့် ၀န်ထုတ်ဝန်ပိုး မဖြစ်စေချင်သည်က တစ်ကြောင်း၊ Post တစ်ခုမှ မတင်ဘဲ Author ဆိုသော နာမည်ကိုလည်း သူတို့မှလဲ လိုချင်မှာ မဟုတ်ဘူးလို့ ယူဆမိသည်က တစ်ကြောင်း၊ စတဲ့ အကြောင်းရပ်တွေကြောင့် တောင်ကြီး ချယ်ရီမြေ ရဲ့ ၂လပြည့်မဲ့ သြဂုတ်လ ၅ရက်နေ့ အထိ၊ Post မတင်နိုင်သော Author များကို Author စာရင်းမှ ပြန်လည် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ တောင်ကြီးချယ်ရီမြေ Blogကို စည်စည်ကားကားနဲ့ အများအတွက် တစ်စုံတစ်ခု ပေးစွမ်းနိုင်ဖို့၊ ကိုယ်မွေးဖွားရာ၊ နေထိုင်ရာ ဒေသကို ဒီ Blog နဲ့ ပြန်လည် အကျိုးပြုနိုင်ဖို့ ရည်ရွယ်ပြီး၊ အင်တိုက်အားတိုက် ကျိုးစားပမ်းစား ဆောင်ရွက်ခဲ့ကြတာပါ။ အထိုက် အလျောက်လဲ အောင်မြင်မှု ရတယ်လို့ ယူဆပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ Blog မှာ ပါဝင်တဲ့ Information နဲ့ Photo တွေပဲ ဖြစ်ပါတယ်။ အများအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ အနေနဲ့ တက်နိုင်သမျှ Update ဖြစ်တဲ့ အကြောင်းအရာတွေ၊ Photo တွေကို ဒီ Blog မှာ တင်ပေးထားပါတယ်။ အဲ့ဒီ Information တွေ၊ Photo တွေကို အကြောင်းကြောင်းကြောင့် တစ်ခြားနေရာမှာ ကူးယူဖော်ပြမယ်ဆိုပါက Author များကို လေးစားသောအားဖြင့် မည်သည် မှ ရယူထားကြောင်း Reference လုပ်ပေးစေချင် ပါတယ်။ Author များ အနေနဲ့လဲ မိမိကိုယ်ပိုင် မဟုတ်တဲ့ Data တွေပါရှိပါက တက်နိုင်သမျှ ရည်ညွှန်းချက် ထည့်ပေးစေချင် ပါတယ်။ ဒါမှလဲ ပိုင်ရှင်များကို အသိအမှတ် ပြုရာ ရောက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ Blog ပါ အကြောင်းအရာများ အတွက် ကျန်တဲ့ အခြား ကန့်သက်ချက်တွေ မရှိပါဘူး။ လွတ်လပ်စွာ ကူးယူနိုင်ပါတယ်၊ ဖော်ပြနိုင်ပါတယ်။

Music Player မှာ လဲ အဝေးရောက် မြန်မာတွေ အတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ တက်နိုင်သမျှ ဘယ်မှာမှ မရနိုင်တဲ့ သီချင်းအသစ်တွေ၊ သီချင်းအကောင်းလေးတွေ ထည့်ပေးသွားပါမယ်။ သို့ပေမဲ့ တေးသံရှင်တွေကို အားပေးသော အနေနဲ့ မိမိကိုယ်တိုင်သာ နားထောင်ဖို့၊ Download မလုပ်ပဲ Player မှာသာ နားထောင်ဖို့၊ အခြားသူတွေကို ပြန်လည် မဖြန့်ဖို့ဝေဖို့ အသိပေးလိုပါတယ်။

Blog ရဲ့ Status လေးတွေကတော့
Number of Authors - 20
Number of Pre-Authors - 4
Number of Posts - 98
Number of Hits - 8400
Number of Comments - 115
အသီးသီးဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လဲ တောင်ကြီးချယ်ရီမြေကို တစတစ ရင့်ကျက်လာအောင်၊ ဒီထက် ပိုမို ပြည့်စုံလာအောင် Contributors များ၊ Authors များမှ လုံးပမ်းသွားမည်လို့ ပြောကြားရင်း ၁၀၀ ပြည့် Post ကို ဘယ်သူက၊ ဘာတွေ တင်မလဲဆိုတာ စောင့်ကြည့်ကြပါစို့လား..

ရေးပြီးတော့မှ ပြန်ဖတ်ကြည့်တယ် နဲနဲ များ လေးသွားသလားလို့.. ကျွန်တော်တို့ က ဒီ Blog ကို တက်နိုင်သမျှ ပေါ့ပေါ့ပါးပါးပဲ ဖြစ်စေချင်ပါတယ်.. :) ဒါပေမဲ့လဲ မတက်နိုင်ဘူးလေ ရေးဖို့လိုတယ် အောက့်မေ့လို့ ရေးလိုက်ရတာပါ.. နားလည်ပေးနိုင်မယ် ထင်ပါတယ်..


Read more!

ရွှေဘုန်းပွင့်ဘုရား

ဒီနေ့ ၂၉ရက်၊ ဇူလိုင်လ၊ တနင်္ဂနွေနေ့ ဟာဆိုရင်ဖြင့် ဒုတိယ၀ါဆိုလပြည့်နေပါ။ ဓ(မ်မ)စကြာ အခါတော်နေ့လဲ ဖြစ်ပါတယ်။ ရဟန်းတော်တွေကို သင်္ကန်းဆပ်ကပ် လှူတန်းကြတဲ့ နေ့လဲဖြစ်ပါတယ်။ တောင်ကြီးသူ တောင်ကြီးသားတွေ အလှူတွေလုပ်၊ ဘုရားကျောင်းသွားကြ၊ ဥပုဒ်စောင့်ကြနဲ့ ကောင်းမှုတွေ လုပ်တဲ့ နေ့လဲဖြစ်ပါတယ်။ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းတွေ မှာလဲ ဧည့်ပရိသတ်တွေ စည်ကားတဲ့ နေ့တစ်နေ့ပေါ့။



ကျွန်တော်လဲ ဒီနေ့ ကုသိုလ်တွေ ကိုယ့်မှာ ရအောင်လို့ ရွှေဘုန်းပွင့်ဘုရားကို သွားဖြစ်ခဲ့ပါတယ်။ ကျွန်တော်ရောက်တာ နောက်ကျသွားလို့ နေ့လည်စာ ကျွေးတာနဲ့တော့ မဆုံဖြစ်လိုက်ဘူး။ ဘုရားပေါ်မှာတော့ လူတွေနဲ့ စည်နေပါတယ်။ ကျွန်တော်လဲ ရောက်တုန်းရောက်ခိုက် Camera နဲ့ Virtual Tour လုပ်ဖို့ လိုက်ရိုက်လိုက် ပါတယ်။ ဒီနေ့ ရွှေဘုန်းပွင့် ဘုရားကို မသွားဖြစ်တဲ့သူတွေလဲ Virtually ရောက်သွားအောင် တောင်ကြီးချယ်ရီမြေ Blog ကနေ ပို့ဆောင်ပေးလိုက် ပါတယ်။


Read more!

ချယ်ရီတွေ စိုက်ပါပြီ

တောင်ကြီးမြိ့မှာ ချယ်ရီပင်တွေ နည်းလာလို့ စိတ်မကောင်းတဲ့သူတွေ၊ ချယ်ရီတွေ အရင်ကလို ဝေနေတာ ပြန်တွေ့ချင်၊ မြင်ချင်တဲ့သူတွေ အတွက် သတင်းကောင်းပါ။ အေးသာယာကနေ တောင်ပေါ် အတက်လမ်းနဲ့ တောင်အောက် အဆင်းလမ်းတွေမှာ ချယ်ရီပင်တွေ သစ်တောက စိုက်နေတာ လမ်းသွားရင်းတွေ့ခဲ့ပါတယ်။ Camera မပါလို့ မရိုက်ဖြစ်ခဲ့ပေမဲ့ ချယ်ရီချစ်သူများအတွက် ကောင်းသတင်းလေး ပြန်ပြောပြတာပါ။ လမ်းဘေး တစ်လျှောက် ချယ်ရီပန်းတွေ သာမက တစ်ခြား အလှပန်းတွေ စိုက်ထားတာ တွေ့ခဲ့ရပါတယ်။ ထုံးဖြူ သုတ်ထားတဲ့ ၀ါးတိုင်လေးတွေ တွေ့လို့ သေသေချာချာ ကြည့်လိုက်တာ ချယ်ရီပင်တွေ ဖြစ်နေတာ ၀မ်းသာစွာပဲ တွေ့ခဲ့ရပါတယ်။

နောက်ပြီး ကျွန်တော်လဲ ချယ်ရီပင်တွေ တနိုင်တပိုင် စ စိုက်ပါပြီ။ အိမ်က ဥယျာဉ်လေးထဲမှာ ချယ်ရီပင်လေးတွေ သက်စိ စိုက်ထားလိုက်ပါပြီ။ [ တောင်ကြီးချယ်ရီမှာ အက်တမင်ယူထားပြီး ကိုယ်တိုင်ချယ်ရီ မစိုက်ဘူးလားလို့ အပြော မခံရအောင်ပါ။ :) ]

တကယ်တော့ တောင်ကြီးမှာ ချယ်ရီတွေ ဝေနေတာကို ကျွန်တော်လဲ မြင်ချင်ပါတယ်။ ချယ်ရီပန်းတွေ ပြန်တွေ့ ရမယ်လို့လဲ ကျွန်တော့် စိတ်ထဲ ယုံကြည်နေ ပါတယ်။

ဒီနေ့တော့ ချယ်ရီပင် တစ်ပင်အောက် ရောက်တုံး ချယ်ရီပင် ပေါက်တွေ တွေ့တာနဲ့ သက်စေ့နှုတ်ပြီး ခြံထဲက မြေလွတ်လေးမှာ ချယ်ရီဥယျာဉ်လေး လုပ်လိုက်ပါပြီ။ ပုံမှာ အပင်လေးတွေ နွမ်းနေပါတယ်။ အခုပဲစိုက်လိုက်တာပါ။ လမ်းမှာ ကြာသွားလို့ နဲနဲ နွမ်းသွားတာ။ ဒါပေမဲ့ သူတို့တွေ ရှင်သန်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

နောက် ၄၊ ၅နှစ်လောက်မှာ ချယ်ရီပွင့်တွေ ဝေနေတဲ့ အပင်တွေအဖြစ် သူတို့ကို ကျွန်တော်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


Read more!

ယုဒသန်

အဲဒီနေရာလေးကို စရောက်ဖူးတာ ၂၀၀၀ခုနှစ်လောက် မှာဖြစ်မယ်ထင်တယ် ။ နောက်ပိုင်း တက္ကသိုလ်ကျောင်းသားဘဝ ရဲ့ နေ့ပိုင်းအချိန်တွေက စာသင်ခန်း နဲ့ အဲဒီနေရာမှာ တစ်ဝက်စီပါပဲ ။ အဲဒီကို အများဆုံးက သူငယ်ချင်းတွေ နဲ့သွားဖြစ်တယ် ။ တစ်ခါတစ်လေတော့ တစ်ယောက်တည်း ။ တစ်ချို့ရက်တွေမှာက နှစ်ယောက်တွဲပေါ့ ။

ယုဒသန် တဲ့ ။ သစ်တောရပ်ကွက် ၊ အရှေ့မြို့ပတ်လမ်း နဲ့ လမ်းကျဉ်းလေးရဲ့ ထောင့် ခြံဝင်းထဲက ဆိုင်လေးတစ်ဆိုင်ပါ ။ လက်ဖက်ရည်ဆိုင်လို့ပဲ ခေါင်းစဉ်တပ်ရမယ် ထင်တယ် ။ နေရာလေးကတော့ ဆိတ်ငြိမ်တဲ့ နေရာလေးပါပဲ ။ ဆိုင်ရဲ့အပြင်အဆင် ကလည်း ရိုးရိုးရှင်းရှင်းလေး ။ မြေသိပ်မညီတဲ့ နေရာမှာဆိုတော့ လှေကားသုံးထစ် လောက်ခြားပြီး အပေါ် နဲ့ အောက်နှစ်ခြမ်း လိုဖြစ်နေတယ် ။ စားပွဲတွေက အနိမ့် နဲ့ အမြင့်တွေအပြင် စာသင်ခုံလိုလို ခုံတန်းလေး နှစ်ခုလဲ ရှိသေးတယ် ။ ခြံစည်းရိုးက တောင်ကြီးမှာ သိပ်မတွေ့ရတော့တဲ့ ခြံစည်းရိုးပင်တွေနဲ့ ။ ဆိုင်ထဲက ပန်းအိုးတွေမှာ စိုက်ထားတာက ပန်းသိပ်မပွင့်တဲ့ အစိမ်းရောင်အပင်တွေ ။

အစားအသောက်တွေကလဲ တော်တော်လေးကို စုံစုံလင်လင် ရနိုင်တယ် ။ လက်ဖက်ရည် ၊ ကော်ဖီ ၊ အအေး ၊ ရေခဲမုန့် အစရှိသဖြင့်ပေါ့ ။ ရှမ်းခေါက်ဆွဲ ၊ ချဉ်ငံစပ် စတဲ့ ရိုးရာ အစားအစာတွေနဲ့ အခြားစားစရာ တွေအများကြီးပါပဲ ။ ဒါ့အပြင် တစ်ခြားဆိုင်တွေမှာ မတွေ့ဖူးတဲ့ ထူးထူးဆန်းဆန်းတွေလည်း ရနိုင်သေးတယ် ။ black coffee လိုပဲ tea black တဲ့ ။ ပြီးတော့ ဆီထမင်း နဲ့ ခရမ်းချဉ်သီး ဖျော်ရည် ။

နောက်ပိုင်း လက်ဖက်ရည်ဆိုင်တွေက ဖျော်ဖြေရေး အသွင်ဆောင်လာ လို့လားတော့ မသိ ။ တီဗီတွေ တပ်လာကြပေမယ့် အဲဒီမှာတော့ တီဗီ မရှိပါ ။ တမင်တကာ မထားခြင်းပဲ ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် စပီကာကောင်းကောင်းလေး တွေနဲ့တော့ သီချင်းတွေ အမြဲဖွင့်ထားတာ တွေ့ရတယ် ။ သီချင်းတွေက မြန်မာသီချင်း နဲ့ အင်္ဂလိပ်သီချင်းတွေ ။ ကိုယ်ကြိုက်တဲ့သီချင်း ယူသွားပြီး ဖွင့်ခိုင်းလို့လဲ ရသေးတယ် ။ အကြိုက်ဆုံးကတော့ ဖွင့်ထားတဲ့သီချင်း မကြိုက်လို့ ပိတ်ခိုင်းရင်တောင် ဖွင့်လက်စ တစ်ပုဒ်ကိုတော့ ပြီးအောင် နားထောင်ရတယ် ။ အဲဒီမှာ သီချင်းတစ်ပုဒ် ဖွင့်နေရင်းတန်းလန်း ရပ်သွားတာ မရှိပါ ။ ရုတ်တရက် မီးပျက်သွားတာ နဲ့ အခြားအကြောင်းတွေကတော့ ချွင်းချက်ပေါ့လေ ။ သေချာတာတစ်ခုက လူငယ်တွေအတွက် ထိုင်လို့ကောင်းတဲ့ဆိုင်လေး တစ်ဆိုင်ဆိုတာပါပဲ ။


x x x x x x x x x x x x x x x x


Read more!

Thursday, July 26, 2007

ပင်လုံမြေ



ရှမ်းပြည်တောင်ပိုင်းမှာ ထင်ရှားတဲ့ မြို့ဖြစ်တဲ့ ပင်လုံမြို့ပါ။ တိုင်းရင်းသားတွေရဲ့ စည်းလုံးမှုကို ပြနိုင်ခဲ့တဲ့ ပြည်ထောင်စု ကျောက်တိုင်ရှိတဲ့ မြို့၊ အဲ့ဒီမြို့ ဓါတ်ပုံတွေ သူငယ်ချင်းတစ်ယောက် သွားတုန်းက ရိုက်လာခဲ့ တာတွေ အခုမှပြန်ရှာတွေ့လို့ Virtual Tour လုပ်ပစ် လိုက်ပါတယ်။ ၂၀၀၆ ခုနှစ် ဒီအချိန်လောက် တုန်းက ရိုက်ခဲ့တာတွေပါ။

- ပြည်ထောင်စုကျောက်တိုင်ပုံ
- ပင်လုံမြို့တော်ခန်းမပုံ
- မဟာရဋ္ဌာမိသာမ(ဂ်ဂီ) ရွှေတိဂုံ စေတီပုံတူဘုရားပုံ
- ပင်လုံဈေးပုံ
- ပင်လုံမြို့အ၀င်နဲ့ အထွက်ပုံ
- ပင်လုံမြို့တွင်းပုံ
- အစိုးရကွန်ပျူတာကောလိပ်(ပင်လုံ)ပုံ အခုတော့ University ဖြစ်သွားပါပြီ။
- အစိုးရနည်းပညာကောလိပ်(ပင်လုံ)ပုံ အခုတော့ University ဖြစ်သွားပါပြီ။
University (၂)ခုစလုံးကတော့ လွိုင်လင်မြို့ထိပ် နှစ်ဘက် မှာရှိပါတယ်။

တောင်ကြီးချယ်ရီလို့ နာမည်ပေးထားပေမဲ့ တောင်ကြီး ပါတ်ဝန်းကျင်ကမြို့တွေလဲ လက်လှမ်းမီသလောက် တင်ပေးတာပါ။ အားလုံးက တစပ်တဆက်တည်းလေ။


Read more!

ကွမ်ရင်ဘုရားကျောင်း


တောင်ကြီးမြို့ရဲ့ အကြီးဆုံး တရုတ် ကွမ်ရင်ဘုရားကျောင်း

ကျွန်တော်က တရုတ်စာလဲ မတတ်၊ တရုတ်ကျောင်းဆိုလို့ ဒီတစ်ခါပဲ ရောက်ဖူးတာမို့လို့ ဘာပုံတွေဆိုတာ မရှင်းပြတတ်တော့ဘူး။ တင်ပေးချင်တဲ့စိတ်ကပဲ ဦးဆောင်နေလို့ တွေ့သမျှ၊ မြင်သမျှ ရိုက်ခဲ့တဲ့ ပုံတွေကို အရှိတရားအတိုင်းပဲ ဖော်ပြလိုက်ပါတယ်။ ဒီကနေ့ ညနေပဲ သူငယ်ချင်းတွေနဲ့ လမ်းကြုံလို့ ၀င်ရင်းရိုက်ဖြစ်ခဲ့တာပါ။ Virtual Tour လေး ပေါ့။ Post မရေးသေးဘူး ပြောခဲ့ကာမှ လုပ်ဖြစ်သွားပြန်ပြီ။ :)


Read more!

The Zoo of Taunggyi

တောင်ကြီးမြို့ရဲ့ တစ်ခုတည်းသော Zoo ဖြစ်ပါတယ်။ အလည်သွားဖို့ အတွက် ဓါတ်ပုံတွေ ဖော်ပြလိုက်ပါတယ်။

တောင်ဆိတ်ခြံ

ရွှေသမင်လား၊ ဒရယ်လား သေသေချာချာ မကြည့်မိလို့ ဘာမှန်းမသိတော့ဘူး. :)

ဒါကတော့ ရွှေသမင်ဖြစ်မယ်။

တိုးတိုးနဲ့ စိုးစိုး ၀က်ဝံလေး (၂)ကောင်ပါ။ ဘာလို့ ခွဲထားလဲတော့ မသိဘူး။

အစားအရမ်းကြီးတဲ့ ကောင်ပေါ့၊ ငှက်ပျောသီးထက်၊ ဖရဲသီး ပိုကြိုက်တဲ့ ကောင်။ ဈေးဆိုင်မတွေ့လို့ ကျွန်တော်တို့ မုန့် မကျွေးခဲ့ရတာ စိတ်မကောင်းဘူး။

ဖိုးညစ်ပတ် ယုန်လေးတွေ
စားလိုက်၊ ပေါက့်လိုက်၊ ပါလိုက်လေ။ အစားနဲ့ ပါးစပ်နဲ့ လုံးဝမပြတ်ကြတဲ့ ကောင်လေးတွေ။ အိမ်က ယုန် (၃)ကောင်လဲ ဒီမှာ လာပို့ထားသေးတယ်။ အိမ်မှာ မွေးရတာ မနိုင်တော့လို့။ အခုတော့ မမှတ်မိတော့ဘူး။ ကြီးကုန်ရောပေါ့။
အဲ့ဒီမှာလဲ ဘာမှ မကျွေးခဲ့ရဘူး။ ညနေဆောင်းဆိုတော့ ဆိုင်တွေ မရှိဘူး။

ဂျိုးဖြူလို့ ရေးထားတယ်။ ခိုလေးတွေနဲ့တော့ တူတယ်။

ပူးကောင်လေးတွေပါ။

ဒါကတော့ ကျွန်တော်တို့ရဲ စီနီယာကြီးလေ ဓါတ်ပုံရိုက်နေတာ။

စွန် (၂)ကောင် မိုးအေးလို့ ကွေးနေကြတာ။

ဒေါင်း ဖြစ်ပါတယ်။

သိန်းငှက်နဲ့တူတယ်
လောလောနဲ့မို့ စာတွေ မဖက်လိုက်ရဘူး။ မျက်နာလေးတောင် မမြင်လိုက်ရဘူးကွယ်။

ဒါကတော့ လူ ကျိုက်အများဆုံး မျောက်ရုံပါ။

မျောက်ကို ချိန်သလိုလိုနဲ့ ရှမ်းမလေးကိုလဲ ပါအောင်ရိုက်လိုက်တယ်။ :)

တကယ် Post ကောင်းတဲ့ ကောင်နော် (ဗိုက်ဆာနေလို့ပါ)

ဒို့ကတော့ ကျောခိုင်းထားတယ် မခေါ်ဘူး။ :)

မုန့်ကျွေးမဲ့သူလဲ မလာသေးပါလား။

သံလှောင်အိမ်ထဲက မျောက်မိသားစု။

ပျင်းတယ်ကွယ် ဗိုက်ကလဲစာ၊ မိုးကလဲအေး ကွေးတာပဲ ကောင်းတယ်။

ကျွန်တော်တို့ သွားတုန်းက မျောက်လေးတွေ ဗိုက်ဆာနေတာတွေ့ရတယ်လေ။ မုန့်ဆိုင်လဲ မတွေ့တာနဲ့ ကျွန်တော်တို့ ထဲက တစ်ယောက်က သကြားလုံးတွေ၊ အာလူးကြော်တွေ၊ နဲ့ ရသမျှမုန့်တွေ သွားဝယ်ပြီး ကြွေးလိုက်တာ.. အလုအယက်ပဲ စားကြတယ်။ အဲ့ဒီမှာပဲ ကျွန်တော်တို့ အချိန်တော်တော်ကုန်သွားခဲ့ကြတယ်။

နောက်ဆုံးမှ ရောက်လာတဲ့ ၀က်ဝံလေး(၂)ကောင်ပါ။ နာမည် ဘယ်လိုပေးထားလဲ မသိဘူး။

ရှုခင်းသာ Zoo စဖွင့်တုန်းက မိချောင်းပေါက်လေး တစ်ကောင်လဲ ရှိသေးတယ်။ သူ့ခမျာ တောင်ပေါ်မိချောင်း ဖြစ်လိုက်သေး တယ်။ ရာသီဥတုကြောင့်ထင်တယ် သေသွားတာ မကြာသေးဘူး။ သူ့ အိမ်/ကန် လေးပဲ ကျန်တော့တယ်။ ဓါတ်ပုံတော့ မရိုက်ခဲ့တော့ဘူး။

တောင်ကြီး မိုး

ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ ကျွန်တော်တို့ တွေ တော်တော်နဲ့ မပြန်ချင်ခဲ့ဘူး။ နောက်ဆုံး မိုးမည်းကြီး လာတော့မှပဲ ကျွန်တော်တို့တတွေ ကမန်းကတန်း ပြေးကြရပါတော့တယ်။ သက်လုံကောင်းမကောင်း အဲ့ဒီတော့မှပဲ ကိုယ့်ကိုယ်ကို သိတော့တယ်။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ ရဲ့ ရှုခင်းသာပန်းခြံ ခရီးစဉ် ပြီးဆုံးခဲ့ပါတယ်။ အပြန်မှာတော့ သဲကြီးမဲကြီး မိုးတွေရွာလို့ပေါ့။


Read more!