Thursday, April 17, 2008

ဆုပေးပွဲနဲ့ သင်္ကြန်ပွဲတော်ပိတ်ပွဲ



These photos may show the Closing Ceremony of Year 1369 Taunggyi Mahar Thingyan Festival.


Read more!

Wednesday, April 16, 2008

သင်္ကြန် အတက်နေ့ ညပိုင်း



The last Evening of Thingyan Festival at Taunggyi.


Read more!

သင်္ကြန် နောက်ဆုံး အတက်နေ့



ဒီနေ့ ရှိသမျှ မဏ္ဍပ်တွေအားလုံး လျှောက်လည်ရင်း ပထမဆုံး ရွှေနေကြာမဏ္ဍပ်ကို ရောက်ပါတယ်.. အကအဖွဲ့တွေ.. Lazy Club နဲ့ အဆိုတော် အချို့ ဖျော်ဖြေတာ တွေ့ခဲ့ရပါတယ်.. အစွန်ဆုံး မဏ္ဍပ်ဖြစ်တော့ လူရှိမှာ မဟုတ်ဘူးထင်ထားပေမဲ့လဲ.. ရှိပါတယ်.. အတော်များများ ရှိပါတယ်.. ဒီနှစ် လူမရှိ၊ လူမစည်တဲ့ မဏ္ဍပ်ကို မတွေ့ရသလောက်ပါပဲ.. သူ့လူနဲ့သူ.. အားပေးကြတယ်..

ပြိုင်ပွဲဝင်ထားတဲ့ အကအဖွဲ့တွေကလဲ.. မဏ္ဍပ်တွေလိုက်ပြီး ဖျော်ဖြေကြတယ်.. မမောနိုင်မပမ်းနိုင်.. အဲ့ဒီမှာ အသက်ကြီးတဲ့ အဖွားတွေလဲ ယိမ်းတစ်ခု ထွက်ကြသေးတယ်.. တော်ရုံတန်ရုံ ပိုးမျိုးနဲ့ဆို ဘယ်သူမှ အက ကကြမှာ မဟုတ်ဘူး.. ဒါပေမဲ့.. မောတာကို မရှိတဲ့ ကနေရရင်ကို ကြေနပ်ပျော်ရွင်နေကြတဲ့ သူတွေ အများကြီးပဲ.. သင်္ကြန်မှာ တွေ့ခဲ့ရတယ်.. ရိုးရာယဉ်ကျေးမှုစရိုက်တွေ တောင်ကြီးသင်္ကြန်မှာ အများကြီး ကျန်နေသေးတယ်လို့ ကျွန်တော်ခံစားမိတယ်..

အဆိုတော်အချို့ ဖျော်ဖြေတော့လဲ ကလေးလူကြီးအကုန် အားပေးကြတယ်.. ဘိုဖြူကတော့ တောင်ကြီးသားတွေ၊ တောင်ကြီးသူတွေ အားအပေးဆုံး၊ အတောင်းဆိုဆုံး.. အဲ့ဒီကပြီးတော့ တောင်ကြီး သင်္ကြန်ဆိုတာကို ကြည်နူးခံစားရင်း.. မြို့ထဲကို ကျွန်တော် ဆက်ထွက်လာခဲ့ပါတယ်..


Read more!

သင်္ကြန်နဲ့ ကျွန်တော်



ဒီနေ့ကတော့ မဟာသင်္ကြန်ကြီး ပြီးဆုံးမဲ့.. အတက်နေ့ ဖြစ်ပါတယ်.. မနက်ပိုင်းကတည်းက မြို့ထဲတလျှောက် တရွေ့ရွေ့နဲ့ သွားနေတဲ့ လူအုပ်ကြီးကို တွေ့ရပါတယ်.. ရေပတ်ခံကားတွေ၊ ဆိုင်ကယ်တွေ၊ ခြေချင်လျှောက်ကြသူတွေနဲ့ မိန်းလမ်းမကြီးမှာ ရှုတ်ရှပ်ခတ်နေပါတယ်.. အိမ်တိုင်းနီးပါး သင်္ကြန်ထွက်လည်သလား အောင့်မေရတယ်.. မနေ့ကထက်ပို ပိုပြီး လူတွေများပြားနေပါတယ်.. ခွက်တွေနဲ့ ရေပတ်တဲ့ အဖွဲ့လိုက် အစုလိုက်တွေကလဲ လမ်းတစ်လျှောက် ပြတ်တယ်ကို မရှိ.. ရေတွေရေတွေ.. တစ်မြို့လုံးကို ရွှဲလို့.. စိုလို့.. လမ်းလို့.. အေးလို့..

နောက်ဆုံးနေ့ဖြစ်တာမို့ မီးကုန်ယမ်းကုန် ပျော်ရွင် ဆင်နွှဲကြပါလေရော.. သင်္ကြန်ဆို အိမ်ထဲဒါမှမဟုတ် ဘုန်းကြီးကျောင်းမှာပဲ နေလေ့ရှိတဲ့ ကျွန်တော် ဒီနှစ်တောင်ကြီးသင်္ကြန်မှာ အိမ်လဲမကပ်နိုင်သလို.. ဥပုသ်လဲ မစောင့်နိုင်တော့.. တရားစခန်းလဲ မ၀င်နိုင်တော့.. တောင်ကြီးသင်္ကြန်က ကျွန်တော့ကို မနေနိုင်အောင်ကို ဆွဲဆောင်သွားတယ်.. သင်္ကြန်မှာ ကားနဲ့ မလည်ဖြစ်တာ.. နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲမသိ.. ဒီနှစ်တော့ မြို့အနှံ့ လျှောက်လည်ဖြစ်သွားတယ်.. တောင်ကြီးသင်္ကြန်က ဘာအရှုပ်အရှင်းမှမရှိ.. ချမ်းချမ်းစိမ့်စိမ့်နဲ့.. ပျော်လို့ကောင်းတယ်.. လည်လို့ကောင်းတယ်.. ရေပတ်ခံထွက်လို့ကောင်းတယ်.. ဒီနှစ် သင်္ကြန်ကတော့ ကျွန်တော့်အတွက်.. အမှတ်တရတစ်ခုပါပဲ..

သေချာတယ်.. နောက်နှစ်ဆို တောင်ကြီးမှာ သင်္ကြန်မကျရဘဲ နေနိုင်မှာ မဟုတ်တော့.. ကျဖြစ်အောင်ကို ထပ်ကြဦးမယ်.. ဘယ်နေရာရောက်ရောက် သင်္ကြန်ဆို တောင်ကြီးကိုပဲ လာတော့မယ်..

သင်္ကြန်ရယ်.. တောင်ကြီးရယ်.. ဘယ်လိုမှ မေ့လို့ရမယ် မထင်တော့ပါဘူး..


Read more!

Tuesday, April 15, 2008

သင်္ကြန် ဒုတိယအကြတ်နေ့



ဒီနေ့ ပထမဆု ပဏာမ သိန်း (၃၀)တန် သင်္ကြန်အလှပြယဉ် ပြိုင်ပွဲ ဗဟိုမဏ္ဍပ်မှာ ကျင်းပခဲ့ပါတယ်.. အဲ့ဒီပြိုင်ပွဲက မနှစ်ကစပြီး သင်္ကြန်မှာ ပါဝင် ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပြီး.. ဒီနှစ် အလှပြယဉ် (6)စီးဝင်ပြိုင်တာ တွေ့ရပါတယ်.. ဒီနှစ် သင်္ကြန်ပွဲတော်ကြီးမှာ ဆုပေးမဲ့ ငွေကြေးပမာဏက သိန်း (၁၉၀) ကျော် ဖြစ်တယ်လို့လဲ သိရပါတယ်..

ps
တကယ်ဆို Camera ရိုက်တဲ့သူက ရိုက်ကွက်ကို မရအရ လိုက်ရှာပြီး ရိုက်ရမှာ.. အဲ့ဒါမှလဲ ပုံကောင်းကောင်း ရမှာလေ.. ထောင့်ပေါင်းစုံရမှာ.. Camera ရိုက်တဲ့သူက ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ လိုက်ရိုက်နေရမှာ.. တန်ဆောင်တိုင်ပွဲတုန်းက ခြေညောင်းအောင်ကို လိုက်ရိုက်ဖြစ်ခဲ့ပေမဲ့.. ဒီသင်္ကြန်မှာ ကျွန်တော် တစ်နေရာထဲမှာပဲ ထိုင်ပြီး ရိုက်ဖြစ်ခဲ့တယ်.. တန်ဆောင်တိုင်ပွဲတုန်းကလို ပြေးလို့လွှားလို့လဲ ဒီသင်္ကြန်မှာ မရဘူး.. ရေကိုလဲ ရှောင်ရသေးတယ်.. လူအုပ်ကိုလဲ တိုးဖို့က မလွယ်တော့.. ကျွန်တော့ မျက်စိရှေ့ရောက်လာတဲ့ မြင်ကွင်းတွေကိုပဲ.. ရအောင် ရိုက်ထားလိုက်ရတယ်.. အဲ့ဒါကြောင့် ပုံတွေကတော့ သိပ်အကောင်းကြီး မဟုတ်တဲ့ အတွက် တောင်းပန်ပါတယ်.. တစ်နေရာထဲမှာ ထိုင်ပြီး ရိုက်ထားတဲ့အတွက် ပုံတွေက ထောင့်ပေါင်းစုံက မဖြစ်တဲ့အတွက် ပြည့်စုံမှုမရှိဘူးလို့ ကျွန်တော်ထင်တယ်.. အဲ့ဒါကြောင့် တစ်ခြားသူတွေ ဆီက ပုံတွေကိုလဲ တောင်ကြီးချယ်ရီမြေမှာ တင်ပေးဖို့ တောင်းထား၊ စုထားပါတယ်.. ပြည့်စုံရင် တင်ပေးပါ့မယ်.. မနက်ဖြန်ကတော့ သင်္ကြန် နောက်ဆုံးနေ့ဆိုတော့ အစည်ဆုံးဖြစ်မယ်ထင်ပါတယ်.. နောက်ပြီး ညဘက် ဗဟိုမဏ္ဍပ်မှာ ဆုပေးပွဲတွေရှိပါတယ်..

မနက်ဖြန်ဟာ
သင်္ကြန်ပွဲတော်ကြီးရဲ့
အပြီးသတ်နေ့ကြီး ဖြစ်ပါမယ်..
နှစ်ဟောင်းတစ်ခုရဲ့
နောက်ဆုံး
လင်းမဲ့ နေ့တစ်နေ့ဖြစ်သလို
နောက်ဆုံး
နက်မဲ့ ညတစ်ညလဲ ဖြစ်ပါမယ်..

ဒီလိုနဲ့ပဲ နှစ်တစ်နှစ် ကုန်ဆုံး ပြန်ဦးမယ်..


Read more!

သင်္ကြန်ချိန်ခါ တောင်ကြီးမှာ (၂)



ဓာတ်ပုံတွေကို တက်နိုင်သမျှ ကြိုးစားရိုက်ပြီး.. စိတ်ရှည်ရှည်နဲ့ တင်ပေးလိုက်ပါတယ်.. ဒီနှစ် တောင်ကြီး သင်္ကြန်မှာ မပါဝင်လိုက်ရသူများအတွက် အမှတ်တရပါ..


ဒီနှစ် တောင်ကြီးသင်္ကြန်က တော်တော်လေးကို ပျော်ဖို့ကောင်းပါတယ်.. ရန်ကုန်မြို့လိုမျိုး ဟော့ဟော့ ရမ်းရမ်းလဲ မပျက်စီးသေးဘူး.. ရေပတ်ခံထွက်လို့လဲ ကောင်းတယ်.. တောင်ကြီးသားတွေအားလုံးလဲ စည်းကမ်းရှိရှိနဲ့ ပျော်ပါးကြတယ်.. အဲ့ဒါကြောင့်ပဲ သင်္ကြန်ကို လူပေါင်းစုံ၊ အသက်ရွယ်ပေါင်းစုံ ပါဝင်ဆင်နွှဲပြီး စည်ကားနေတာပဲ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်.. နောက်ပြီး.. ဒီနှစ် သင်္ကြန်မှာ အဆိုတော်တွေ အများဆုံးလာတာ တောင်ကြီးပဲလို့ ပြောသံလဲ ကြားမိတယ်.. အားလုံးကို ကျွန်တော်လဲ မမှတ်မိတော့ဘူး.. တော်တော်တော့များတယ်.. (မှတ်မိသလောက်.. ဇော်ဝင်းထွဋ်၊ စည်သူလွင်၊ ဇော်ပိုင်၊ နောနော်၊ အောင်ရင်၊ ဟန်ထွန်း၊ ဗိုလ်ဖြူ၊ အယ်စိုင်းဇီ၊ မေစံပယ်ညို၊ ရေဗက်ကာ၊ ၀ိုင်းစုခိုင်သိန်း၊ ရတနာမိုင်၊ မီကီကိုး)

အမျိုးသား အဆိုတော်တွေရော.. အမျိုးသမီး အတိုတော် (အတော်တို အဲလေ ယောင်လို့ :) ) တွေလဲ တော်တော်လာကြတယ်.. ဂီတပိုးကောင်းတဲ့ တောင်ကြီးသားအဆိုတော် တွေနဲ့ ပေါင်းလိုက်တော့ ဒီနှစ်သင်္ကြန်ကြီးက မြူးလို့ ကြွလို့ ကောင်းနေတော့တာပေါ့..

ရဲမြန်မာ


Read more!

သင်္ကြန်ချိန်ခါ တောင်ကြီးမှာ



သင်္ကြန်မှာ ဓာတ်ပုံ မနဲလိုက်ရိုက်ရတယ်.. အခုပုံတွေကတော့ ဒီနေ့ တောင်ကြီးသင်္ကြန်ရဲ့ လှုပ်ရှားမှုတွေပါ..


Read more!

သင်္ကြန် အမှတ်တရ


ဒီနှစ် သင်္ကြန်ကတော့ တစ်ရက်ပြီး တစ်ရက် စည်လာတာ.. ဒီရက်ပိုင်း တော်တော်များလာတယ်.. တန်ဆောင်တိုင်ပွဲထက် မပိုရင်တောင် တစ်မြို့လုံးပေါင်းလိုက်ရင် တန်ဆောင်တိုင် ပွဲကြီးလောက်ကို လူတွေများမယ် ထင်တယ်.. မဏ္ဍပ်တိုင်းမှာ လူတွေ အပြည့်.. ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက်လုံး ရေပတ်ခံထွက်တဲ့လူတွေ.. လျှောက်သွားနေကြတဲ့ လူတွေနဲ့ စည်ကားလို့.. တောင်ပေါ်က ဘုရားတွေမှာလဲ ကုသိုလ်ယူသူတွေ ပြည့်နေဦးမှာ သေချာပါတယ်..

အားပါးတရ ဓာတ်ပုံတွေကြည့်ရင်း ခံစားလိုက်ကြပါဦးဗျာ..


Read more!

Sunday, April 13, 2008

Thingyan photo -1




ဓါတ်ပုံတွေ ပဲ ကြည့်ကြတော့ဗျာ။ ဒီထက် ကောင်းတဲ့ ပုံတွေ ရှိသေးတယ်။ စိတ်ဝင်စားရင် ဂျီတော့ ထဲကနေ တိုးတိုးတိတ်တိတ်ဆက်သွယ်ကြ။ အဟဲ။ဒီပေါ်မှာတော့ တင်လို့ မကောင်းတဲ့ ပုံတွေ ဖြုတ်လိုက်တယ်။


Read more!

သင်္ကြန် အရသာ

တစ်နှစ်မှာ တစ်ခါပဲ မြင်ရတဲ့ ပိတောက်ပန်းပွင့်တွေ

သင်္ကြန်မှာ သပြေခက်နဲ့ ရေပတ်တယ်ဆိုတာ Formal ပွဲတွေမှာပဲ ရှိတော့တယ်.. ဒါပေမဲ့လဲ မြန်မာယဉ်ကျေးမှုအနေနဲ့ ထိန်းသိမ်းသင့်တယ်လို့ ထင်ပါတယ်..


ဘာနဲ့မှ လဲလို့ မရတဲ့ သင်္ကြန်အရာသာ အစစ်တွေပေးတဲ့.. ပိတောက်ပန်းပွင့်တွေ.. ဥသြငှက်သံ.. သင်္ကြန်မှာ ရွာတဲ့ မိုးပြေး.. ဟိုးရှေ့ရှေ့က သင်္ကြန်သီချင်းတွေ.. မုန့်လုံးရေပေါ်.. မြေသင်းနံ့.. တူးပို့တူးပို့ သင်္ကြန်အက.. အဲ့ဒါတွေသာ မရှိရင် သင်္ကြန်ဆိုတာ.. အနှစ်သာရဘယ်လိုမှာ ရှိမယ် မထင်ဘူး..

မုန့်လုံးရေပေါ်ကတော့ သင်္ကြန်မှာ မပါမဖြစ်.. ဘယ်အချိန်တွေ့တွေ့ ငယ်ငယ်က အချိန်ကို ပြန်ရောက်သွားသလို ခံစားရနေတုန်း..

ရွှေရင်အေးကတော့ သင်္ကြအလှူတွေမှာ အများဆုံး ဧည့်ခံနေရတုန်း


Read more!

သင်္ကြန် အကြိုနေ့ ညပိုင်း



ညပိုင်း အကပြိုင်ပွဲက ပုံအချို့ပါ..


Read more!

သင်္ကြန် အကြိုနေ့

သင်္ကြန်မှာ ဓာတ်ပုံလိုက်ရတာ တော်တော်လေး ခက်တာပဲ.. စိတ်ရှိသလောက် ရိုက်လို့မရဘူး.. ရသလောက်တော့ တင်ပေးလိုက်ပါတယ်.. မဏ္ဍပ်တွေကတော့ မစုံသေးဘူး..

ဒီနှစ် တောင်ကြီးသင်္ကြန်မှာ မဏ္ဍပ်ကြီး (၇)ခုရှိပါတယ်.. အကုန်လုံးက ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်မှာပါပဲ..




အေးသာယာကနေ တက်လာမယ်ဆိုရင် ပထမဆုံး ရွှေနေကြာမဏ္ဍပ် ကို ရောက်ပါမယ်.. တိုင်းရေကစားမဏ္ဍပ် ဖြစ်ပြီး.. ကိုယ့်အစီအစဉ်နဲ့ ကိုယ်ခေါ်ထားတဲ့ အဆိုတော်တွေ၊ Dancer တွေရှိပါမယ်.. ရေပိုက်ကတော့ ရန်ကုန်၊ မန်းလေးတို့လို (၄၀၀) (၅၀၀) ရှိမှာ မဟုတ်ပေမဲ့.. အသင့်အတင့်တော့ ရှိပါတယ်..

အဲ့ဒီကနေ ဆက်သွားရင် စိုက်ပျိုးရေးရုံးရှေ့မှာ စက်မှုဇုန်မဏ္ဍပ် ရှိပါတယ်..

နောက်ထပ် ရှေ့တိုးရင်တော့ ငြိမ်းချမ်းရေးမဏ္ဍပ် ကို ရောက်ပါမယ်.. တိုင်းရင်းသားတွေ အများဆုံး ဖြေဖျော်ကြမဲ့ မဏ္ဍပ်ပါ..

မြို့လယ်အရောက်မှာတော့ ဗဟိုမဏ္ဍပ်ကြီး ရှိပါတယ်.. ကုန်သည်လမ်းထောင့်မှာပါ.. နေရာပြောင်းထားပါတယ်.. သင်္ကြန် ယိမ်းအက ပြိုင်ပွဲတွေ နေ့တိုင်းလုပ်ပါမယ်..

အဲ့ဒီကနေ ရှေ့ဆက်သွားရင်တော့ ဗိုလ်ချုပ်ပန်းခြံနားမှာ အိပ်မက်သင်္ကြန်မဏ္ဍပ် ရှိပါတယ်.. ထွေအုပ် မဏ္ဍပ်ပါ..

(၆)ခုမြောက် မဏ္ဍပ်ကတော့ ဂနိုင်ကန်လမ်းနားမှာ ရှိတဲ့ ပိတောက်ချယ်ရီမဏ္ဍပ် ဖြစ်ပါတယ်.. ကျားခေါင်းခန်းမရှေ့ လောက်မှာပါ.. ဌာနပေါင်းစုံ မဏ္ဍပ်ပါ..

ဟိုးနောက်ဆုံး တောင်ကြီးဂေါက်ကလပ်နားမှာတော့ တောင်ကြီးမဏ္ဍပ်ရှိပါတယ်.. KBZ, Ruby Dragon, ဧဒင်နဲ့ ငွေဆင် Company ပေါင်းစုံ မဏ္ဍပ်ပါ.. Lazy Club နဲ့ Emperor အဖွဲ့တွေ အဓိက ဖျော်ဖြေမဲ့ နေရာပါ..

ဟိုဟိုဒီဒီမှာတော့ မဏ္ဍပ်အသေးလေးတွေ များစွာ ရှိပါတယ်..


Read more!

Saturday, April 12, 2008

အလွမ်းပြေသင်္ကြန်ပုံတွေပါ


Read more!

သင်္ကြန်ရောက်ပြီ

မြန်မာရိုးရာ သင်္ကြန်ပွဲကြီး ရောက်လာပြန်ပါပြီ.. သင်္ကြန်ကို ရင်ခုန်သူတွေ၊ စောင့်မျှော်သူတွေ အပြိုင်နွှဲကြမဲ့ ပွဲတော်ကြီး ရောက်နေပါပြီ..

တောင်ကြီးမြို့ မဟာသင်္ကြန်ပွဲကြီးက တောင်ပေါ်သားတွေသာမက မြေပြန့်သားတွေပါ နှစ်တိုင်း ဆင်နွှဲနေကြ နာမည်ကျော် ပွဲကြီးပါပဲ..

ဒီနှစ် ဘာတွေများ တွေ့ရမလဲ.. ထူးခြားမလဲ.. ဆိုတာ ပျော်ရွှင်စွာနဲ့ စောင့်ကြည့်ရပေဦးမယ်..

တောင်ကြီး မဏ္ဍပ်အတွက် တီးဝိုင်းအဖွဲ့တွေနဲ့ အဆိုအဖွဲ့တွေကတော့ မနက် တောင်ကြီးပြန်လာတဲ့ လေယာဉ်နဲ့ ပါလာတာ တွေ့လိုက်တယ်.. LAZY CLUB ပဲဖြစ်မယ်.. တောင်ကြီးသားတွေလဲတော့ အပီကဲဖို့ အားခဲ စောင့်မျှော်နေ့ကြပြီထင်တယ်.. မကြာခင်မှာပဲ တောင်ပေါ် သင်္ကြန်ပွဲကြီး ဆင်နွှဲရပေတော့မယ်..

ဒီနေ့ ၁၂ရက်နေ့၊ (၁၂နာရီကျော်သွားလို့) ညနေ (၄)နာရီ၊ ဗဟိုမဏ္ဍပ်မှာ သင်္ကြန်ပွဲတော်ကြီး ဖွင့်လစ်မဲ့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်..

တောင်ကြီးသင်္ကြန် ဒီပွဲမှာတော့ အပြင်ထွက်သွားကြတဲ့ တောင်ကြီးချယ်ရီမြေ အဖွဲ့သားတွေရှိလို့ တော်တော်လေး အင်အားတော့ နဲနေပါတယ်.. ဒါပေမဲ့လဲ ရှိသမျှနဲ့ တက်နိုင်သမျှ ကျွန်တော်တို့ ကြိုးစားကြပါမယ်..

တောင်ကြီးချယ်ရီမြေမှာ ၂၀၀၈ခုနှစ် တောင်ကြီးမြို့ မဟာသင်္ကြန်ကို အတူတူ ဆင်နွှဲကြမယ်..


Read more!

Saturday, April 5, 2008

သတိရမိသော သင်္ကြန်နေ့ရက်များ

ဘာလိုလိုနဲ့ သင်္ကြန်ရောက်တော့မှာပါလား……အင်းလေ ..ကြာခဲ့ပြီပဲ…အခုချိန်လောက်ဆို သူလည်း တခြားတစ်ယောက်ရဲ့ ရင်ခွင်မှာ ပျော်နေလောက်ရောပေါ့….တစ်ယောက်ဆို တစ်ယောက် ပန်းတောက်ဆို ပန်းတောက်တဲ့ …အဲဒီစကားက ကျွန်တော့်အတွက်ရည်ရွယ်ပြီး ရေးခဲ့လေသလား…တစ်ယောက်ဆိုတစ်ယောက်ပါပဲ…ခံစားလိုက်ရတာက နှလုံးသားတစ်ခုလုံးရစရာမရှိအောင်ပါပဲ….နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံနေတယ်…မိန်းမနဲ့ပါတ်သတ်လာရင် အမြဲတမ်းပဲ ကံဆိုးနေတယ်…ဆိုတဲ့ သွားလေသူ ကိုထီင်္းကလည်း ကျွန်တော့်အတွက်များ ဆိုခဲ့လေသလား…အလွမ်းဆိုတာကြီးကို ခံစားကြည့်လိုက်တာ….ဟီး ..ကွိကွိ။ ရိုးရိုးလွမ်းတာတော့မဟုတ်ဘူး…အသဲကွဲနေတဲ့ သူတစ်ယောက်အတွက် သင်္ကြန်ဆိုတာ သူ့အတွက် ဘယ်လိုအဓိပ္ပါယ်ဖြစ်မလဲဆိုတာလေးကို သိချင်လို့….သေချာတာကတော့ သင်္ကြန်နဲ့ အလွမ်းနဲ့က မလိုက်ဖက်တာပါပဲ…

ကဲဗျာ အကောင်းရေးတော့မယ်…တစ်နှစ်မှာ ဆယ့်နှစ်လ….အဲဒီဆယ့်နှစ်လထဲမှာမှ အတာကူးတဲ့ တန်ခူးလ…တန်ခူးလဆိုတော့ သင်္ကြန်ပွဲ….သင်္ကြန်ထဲမှာမှ ကျွန်တော်တို့ တောင်ကြီးမြို့လေးရဲ့ သင်္ကြန်ပွဲတော်အကြောင်း ပေါ့။ တောင်ကြီးမြို့သူ၊မြို့သားတွေ ဘယ်လို သင်္ကြန်ရက်အတွင်းမှာ ဖြတ်သန်းကြလဲ ဆိုတာပေါ့…သိတဲ့သူတွေက မသိသလိုဆက်ဖတ်ပေး…မသိတဲ့သူတွေအတွက် ရည်ရွယ်ပြီးတော့ ရေးတာပါ…လိုတာရှိ ၀န္ဒာမိ….။

ကျွန်တော်တို့ တောင်ကြီးမြို့သူ၊ မြို့သားတွေအတွက်တော့ သင်္ကြန်ဟာ ပျော်ပွဲရွှင်ပွဲ သက်သက်ပဲ ဆင်နွှဲကြတာမဟုတ်ပါဘူး….အကြိုနေ့ကစလို့ ဘုရားကျောင်းကန်တွေကို သွားပြီး သီလယူကာ ကုသိုလ်ကောင်းမှု ပြုလုပ်တဲ့ သူတွေနဲ့ စည်ကားလို့နေပါသည်။ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်မကူးခင် ဆေးကြောချင်တဲ့ စိတ်နဲ့ ရောက်လာကြတဲ့သူတွေရှိသလို စိတ်အမျိုးမျိုးနဲ့ ရောက်လာကြတဲ့ သူတွေလည်း ရှိမှာပေါ့…သေချာတာတစ်ခုကတော့ သင်္ကြန်တွင်း မနက်ခင်း ၆ နာရီကစလို့ မြို့သူမြို့သားအားလုံးဟာ သင်္ကြန်မတိုင်ခင်ကတည်းက စီစဉ်ထားတဲ့ အစီအစဉ်တွေအတိုင်း နီးစပ်ရာ ဘုန်းကြီးကျောင်းများသို့ တတ်အားသလောက် အလှူစာများနှင့် သွားရောက်လှူဒါန်းကာ သီလယူကြပါသည်။ ဒါပေမယ့် ငါးပါးသီလခံယူရာမှာ လေးပါးပဲ ခံယူသူများလည်း ရှိကြသည်ပေါ့လေ…ဒါကိုလည်း အပြစ်ယူလို့ဘယ်ရမလဲလေ။

ကျောင်းတိုင်းမှာလည်း သီလယူပြီးအပြန် စတုဒီသာကျွေးတဲ့ အဖွဲ့များကရှိနေသလို ကျောက်ကျောရည်၊ ဖျော်ရည်အမျိုးမျိုး စတဲ့ အမောပြေ သောက်နိုင်ရန် စီမံပြီး ဘုရားကျောင်းသို့သွားလမ်းများတွင်လည်း မဏ္ဍပ် ငယ်လေးများထိုးကာ ရပ်ကွက်အလိုက် ၊ ကိုယ့်နီးစပ်ရာ သူငယ်ချင်းများအလိုက် အဖွဲ့များဖွဲ့ကာ ကုသိုလ်ယူတဲ့ လူငယ်များနဲ့လည်း စည်ကားပါသည်။ ဒါကြောင့်မို့လည်း သင်္ကြန်တွင်း နေ့ရက်များတွင် တောင်ကြီးသူ၊ တောင်ကြီးသားများအတွက် မနက်ပိုင်းသည် ကုသိုလ်ယူချိန်လို့ပြောလို့ရပါသည်။ ရာသီဥတုကြောင့်လည်း ပါမည်ပေါ့လေ….နေ့ခင်းလောက်မှ ရေပက်ရတာ အဆင်ပြေတာကိုး..ဒါကြောင့်လည်း နေ့ခင်းပိုင်းမှ ရေပက်ခံထွက်သူများနှင့် စတင်ပြီး လှုပ်လှုပ်ရှားရှားဖြစ်လာပါသည်။ တစ်မြို့လုံးပေါင်းမှ မဏ္ဍပ်ကြီး အခု (၂၀ ) မပြည့်ပေမယ့်လည်း ၀မ်းမနည်းကြပါ။ တောင်ပေါ်မြို့လေးဖြစ်၍ နွေရာသီ ရေရှားပေမယ့်လည်း ရေစိုဖို့အာမခံပါသည်။

ညပိုင်းတွင်တော့ မိသားစုအလိုက် မြို့လည်ဓမ္မာရုံ ၊ စူဠာမုဏိ ဘုရားများသို့သွားရောက်ကာ ဘုရားဖူးကြပါသည်။ လူငယ်များကတော့ ဆိုင်ကယ်တ၀ီဝီနဲ့ မင်းလမ်းတလျှောက် တက်လိုက် ဆင်းလိုက်နှင့် ဟန်ရေးပြသည်ပေါ့လေ။

ရန်ကုန် ၊ မန္တလေး သင်္ကြန်များစည်ကားတယ်ဆိုတာကိုသိပေမယ့်လည်း ကိုယ့်အရပ်ဒေသမှာပဲ သင်္ကြန်ပွဲတော်ကို ဆင်နွှဲချင်ပါသည်။ ရာသီဥတုအေးတယ်။ ရေရှားတယ်၊ မဏ္ဍပ်ကြီးတွေ အများကြီးမရှိပါဘူး။ ဒါပေမယ့် ပျော်စရာကောင်းပါသည်။ ကြည်နူးစရာတွေနဲ့လည်း ပြည့်နေပါသည်။ ဒါကြောင့်လည်း ကျွန်တော်တို့မြို့လေးရဲ့ သင်္ကြန်ပွဲတော်ကို ကျွန်တော်တမ်းတမိတာပါ။ တမ်းတတယ်ဆိုတာ ဝေးနေလို့ပေါ့လေ။ ဒီလိုပဲ အဝေးကနေ ကျွန်တော့်နည်းတူ တမ်းတနေတဲ့ သူတွေအတွက် အလွမ်းပြေရေးလိုက်ရတာပါ။ သင်္ကြန်နဲ့ ပါတ်သတ်ပြီး အမှတ်ရစရာတွေ ၊ လွမ်းခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ ရှိခဲ့ပေမယ့် သင်္ကြန်ဟာ အလွမ်းနဲ့ မလိုက်ဖက်ဘူးထင်လို့ ထည့်မရေးတော့တာကို ခွင့်လွတ်ပါနော်…သိချင်ရင်တော့ တိုးတိုးတိတ်တိတ်မေးနိုင်ပါတယ်….ဖုန်းနံပါတ်က 09..ဘလာ..ဘာလာ..။

အဲမပြီးသေးဘူး…ဒီနှစ်သင်္ကြန်တွင်းမှာ တောင်ကြီးချယ်ရီ အဖွဲ့သားများနဲ့ အော်တာများက ဥပုဒ်ယူကြမယ်ဆိုပဲ..ကျွန်တော်မပါ ။ အားပေးလိုက်ကြပါအုံးဗျာ….ကျွန်တော်ကတော့ သူတို့အတွက် သာဓုကြိုခေါ်လိုက်ပါတယ်…သာဓု….သာဓု…….။


Read more!