Friday, January 25, 2008

ဂျက်မြသောင်း Live Show ဓါတ်ပုံများ






Read more!

ဂျက်မြသောင်း တစ်ကိုယ်တော်သီချင်းပြပွဲ

အဆိုတော်ဂျက်မြသောင်းရဲ့ တစ်ကိုယ်တော်သီချင်းပြပွဲလို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် တေးဂီတဖျော်ဖြေပွဲကို ၂၀-၁-၂၀၀၈ ညက တောင်ကြီးမြို့ ကျောက်တိုင်ကွင်းမှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်… အဲဒီပွဲမှာ ကိုဂျက်ဟာ တချိန်ကကျော်ကြားခဲ့တဲ့… မူယာ၊ ပြန်လာပါတော့၊ ဒါလေးများ၊ တမ်းတမ်းစွဲ၊ နှလုံးသွေးများရပ်တန့်သွားပါစေ အစရှိတဲ့ သီချင်း ၂၅ ပုဒ်ကို ခုနှစ်စဉ်ကြယ် တေးဂီတအဖွဲ့နဲ့တွဲပြီး အားပါးတရ သီဆိုဖျော်ဖြေသွားတာကို တွေ့ရပါတယ်…. တေးဂီတဖျော်ဖြေပွဲမှာ ရိုက်ကူးရေးလဲပါဝင်ပြီး VCD Karaoke အဖြစ်ပြန်လည်ထုတ်ဝေမှာ ဖြစ်ပါတယ်….
ထူးခြားတာကတော့ ရန်ကုန်မြို့တော်ရဲ့ Hotel ခန်းမများထဲမှာ ခင်မင်ရာအသိုင်းအ၀ိုင်းများကို ပရိသတ်အဖြစ်ဖိတ်ပြီး Live Show အဖြစ်ရိုက်စားကြတဲ့ VCD Karaoke ရေစီးကြောင်းကနေခွဲထွက်လို့ တောင်ကြီးမြို့မှာ တကယ့်ပရိသတ် အစစ်တွေကို လူတိုင်းလာရောက် အားပေးနိုင်အောင် ချိုသာတဲ့ဝင်ကြေးနှုန်းထားနဲ့ ကွင်းပြင်ကြီးထဲမှာ Open Show အဖြစ် အားပါးတရသီဆိုရိုက်ကူးခဲ့တဲ့ အဆိုတော် ဂျက်မြသောင်းရဲ့ ဂီတအပေါ်ရူးသွပ်မှုပဲ ဖြစ်ပါတယ်…. အတီးသမားတွေ၊ ကင်မရာအဖွဲ့တွေ၊ စက်အဖွဲ့တွေ တပြုံကြီးကို တောင်ကြီးအထိ ခေါ်လာပြီးစီစဉ်ခဲ့ပုံကိုကြည့်ရတာ စီးပွားရေးသက်သက် မဟုတ်မှန်းသိသာပါတယ်…
စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ပြီး ပရိသတ်ကို သီချင်းများနဲ့ပေးဆပ်ဖို့ ကြိုးစားနေတဲ့ ဂျက်မြသောင်းရဲ့ တစ်ကိုယ်တော်သီချင်းပြပွဲမှ ပုံရိပ် တချို့ကို ကိုဂျက်မြသောင်းရဲ့ ခွင့်ပြချက်တောင်းပြီး ဖေါ်ပြလိုက်ပါတယ်… ဓါတ်ပုံတွေက Professional ပုံတွေမဟုတ်ပေမဲ့ ကိုဂျက်ရဲ့ အနုပညာကို လေးစားသောအားဖြင့် Commercial အတွက် မသုံးဖို့ မေတ္တာရပ်ခံပါတယ်…


Read more!

၁၀ခု ကျော်ပြီဖြစ်သော Internet Cafe များ

ှိ

၂၀၀၇နှစ် နှစ်စပိုင်းလောက်က Internet သုံးလို့ရတဲ့ နေရာဆိုလို့ IPSter ရှိတဲ့ ဆိုင် (၃)ခုမှာပဲ တောင်ကြီးသားတွေ လှိုင်းစီးနိုင်ခဲ့ကြတယ်.. အဲ့ဒီတုံးက တစ်နာရီကို ၁၀၀၀-၁၂၀၀ကျပ် ပေးရပြီး Download လုပ်ဖို့ တော်တော်လေး ခက်ခဲတဲ့ အခြေအနေမျိုးပေါ့..



အခုတော့ အဲ့ဒါတွေ လွန်မြောက်ခဲ့ပါပြီ.. ADSL စရတဲ့ အချိန်ကစပြီး တောင်ကြီးမြို့မှာ Internet Cafe, PAC တွေ ပေါ်လာလိုက်တာ အခုဆိုရင် ၁၀ဆိုင် ကျော်လာခဲ့ပါရောလား.. ကျွန်တော်တို့ ဒီနေ့ တောင်ကြီးမြို့ရဲ့ ၁၁ဆိုင်မြောက် Internet Cafe ဖွင့်ပွဲကို ရောက်ခဲ့ကြတယ်.. အဲ့ဒီဆိုင်ကတော့ အားလုံးသိထားကြတဲ့ MTG ရဲ့ ဒုတိယမြောက် ဆိုင်ခွဲပါ... တောင်ကြီးမြို့မှာ ADSL စရရချင်း Internet Cafe ဖွင့်ခဲ့တဲ့ ဆိုင်ပါပဲ.. ပထမဦးဆုံး တစ်နာရီ ၅၀၀ကျပ်နဲ့ စပြီးပွဲထွက်ခဲ့တဲ့ ဆိုင်လဲဖြစ်ပါတယ်..


ဆိုင်ဖွင့်ပွဲကို ရောက်သွားတော့ Cafe De Angle က Coffee နဲ့ Coffee ကျောက်ကျောရယ် Bakery ဆိုင်က မုန့်မျိုးစုံရယ်နဲ့ ဧည့်ခံပါတယ်.. ယူသွားတဲ့ လက်ဆောင်လေးပေးပြီး ကျွန်တော်တို့လဲ အားပေးခဲ့ကြပါတယ်.. အားလုံးက သိပြီးသားတွေဆိုတော့ ထွေထွေထူးထူး မရှိပါဘူး.. အလာပါ့ သလာပါ့ ပြောကြ၊ ကော်ဖီသောက်လိုက်.. မုန့်စားလိုက်နဲ့ တော်တော်လေး ထိုင်ဖြစ်ခဲ့ကြပါတယ်.. Computer Field ထဲက အပေါင်းအသင်းတွေ တော်တော်များများလဲ တွေ့ရဆုံရတော့ စကားတော်တော်နဲ့ကို မပျက်ခဲ့ကြပါဘူး..


နောက်တော့ အလုပ်တွေ ကိုယ်စီရှိနေသေးတာနဲ့ ပြောလက်စ အကြောင်းအရာတွေ အစသတ်လို့ ကျွန်တော်တို့တတွေ ပြန်လာခဲ့ကြပါတယ်..

တောင်ကြီးမြို့က ADSL ရလို့ တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်ကလ တစ်ခုအတွင်းမှာ အခုဆိုရင် Internet Cafe စုစုပေါင်း ၁၁ခု ရှိနေပါပြီ.. (ရှိသမျှ Cafe တွေအားလုံးကိုလဲ ရောက်ဖူးတယ် ရှိအောင်လို့ ကျွန်တော်တို့ သွားဖြစ်ခဲ့ ကြပါသေးတယ်.. Internet Cafe တွေမှာ ရှိတဲ့ စုစုပေါင်း Computer အလုံး အရည်အတွက်က ၁၃၀ကျော်လောက်မှာ ရှိမယ်လို့ထင်ပါတယ်..) နောက်ထပ် (၂)ခုလဲ မကြာခင်မှာ ထပ်ပြီးဖွင့်သွားမယ်လို့ ကြားရပါတယ်..အဲ့ဒါဆိုရင်တော့ စုစုပေါင်း (၁၃)ဆိုင်တောင် ရှိလာတော့မှာ ဖြစ်ပါတယ်..

အခု MTG ကတော့ (၁၁) ဆိုင်မြောက်ဖြစ်ပြီး၊ Computer (၁၀)လုံး၊ ADSL 512kbps Internet Line သုံးထားပြီး၊ တစ်နာရီ (၅၀၀)ကျပ် ပေးရပါမယ်.. ဖုန်းဒိုင်း၊ ဖုန်းဒိုင်း Generator ကြီးကတော့ ဆိုင်ရှေ့မှာ စီးပြီးတော့ ကြိုနေပါလိမ့်မယ်.. :) တောင်ကြီးမြို့မှာ Connection ကောင်းတယ်လို့ နာမည်ရနေတဲ့ MTG ကတော့ အခုလဲ အသစ်နေနဲ့ ဆန်းပြားထားပါသေးတယ်..

ဘာပဲဖြစ်ဖြစ် တောင်ကြီးမြို့မှာ Internet Cafe တွေ အများကြီးပေါ်ပေါက်လာတော့ တောင်ကြီးသားတွေအဖို့ ကျယ်ကျယ်ပြန့်ပြန့် သုံးခွင့်ရနေ ကြပြီ.. တောင်ကြီးတစ်မြို့လုံး Internet Cafe တွေ ပေါ်များလာတာတောင် သုံးချင်လို့ တန်းစီစောင့်နေရတဲ့ User တွေကလဲ ရှိနေကြတာ အမြဲတမ်းလိုလို တွေ့နေရပါသေးတယ်.. တစ်နေ့တစ်နေ့ Internet အတွက် အသုံးပြုနေကြတဲ့ ပိုက်ဆံတွေလဲ ဘယ်လောက်တောင် များတယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်.. တစ်ခုတော့ စဉ်းစားမိပါတယ်.. အဲ့ဒီလို အသုံးပြုလိုက်တဲ့ ပိုက်ဆံတွေက တကယ်အကျိုးရှိတဲ့ နေရာတွေမှာ ကုန်နေတာလားဆိုတာ့ကတော့.. မေးခွန်းထုတ်ချင်စရာပါပဲ.. Internet ကို Communication Media တစ်ခုသာမက Resource Finding Tools, Learning Tools တွေအဖြစ် အသုံးပြုကြမယ်ဆိုရင်တော့..

ကျွန်တော့ အတွေးပုံရိပ်ထဲမှာ မြင်ယောင်နေမိတာက...

တောင်ကြီးမြို့ကြီးက တစ်နေ့နေ့ တစ်ချိန်ချိန်မှာဖြင့်...


Read more!

Wednesday, January 23, 2008

အတိတ်တစ်ချိန်တုန်းက တောင်ကြီး တက္ကသိုလ် ကျောင်းသားဘ၀ (၂)

ပြောရမယ်ဆိုရင်တော့ ၁၉၈၅-၈၆ ခုနှစ်လောက်က ဆယ်တန်းအောင်ပြီး တက္ကသိုလ် စတင် တက်ရောက်မဲ့
ကျွန်တော်တို့အရွယ် (အဲဒီအချိန်တုန်းကတော့) လူမမယ်ကလေးတွေဟာ
ရိုးသားတယ်ပြောရမလား၊ ဒါမှမဟုတ် လူရည်မလည်ဘူးလို့ပြောရမလား
အပြစ်ကင်းစင်တယ် ပြောရမလား၊ ဒါမှမဟုတ် အတွေ့အကြုံ ဗဟုသုတ နည်းတယ်ပြောရမလား
ဘယ်လိုပြောရမလဲ မသိပေမဲ့
အဲဒီအချိန်ကာလတုန်းက ဖျော်ဖြေရေး ပစ္စည်းတွေ (ကက်ဆက်ကိုတောင်မှ အိမ်တိုင်း ပိုင်ဆိုင်တဲ့အခြေအနေ မဟုတ်ဘူးလေ တီဗွီဆို ပိုဆိုးပေါ့)
ဒီတော့ ကျွန်တော်တို့အနေနဲ့ ပါတ်ဝန်းကျင်လေ့လာရေး၊ ပြင်ပ ကမ္ဘာကြီးကို မျှော်ကြည့်ဖို့ အရေး
စကားလုံး ခပ်ကြီးကြီး သုံးရမယ်ဆိုရင်တော့ ဗဟုသုတ ရှာမှီးရေးပေါ့
ဟုတ်တယ်လေ..............
ကိုယ်မသိတဲ့ ကိစ္စတွေ၊ မတတ်သေးတဲ့ အတတ်ပညာတွေ လေ့လာတာ
ရှာဖွေတာ၊ ဆည်းပူးတာ ဗဟုသုတ ရှာမှီးတာဘဲပေါ့

(၁၀)တန်းအောင်မြင်သည်အထိ အိမ်ကနေ ကျောင်းသွား
ကျောင်းမှာ စာသင်၊ ပြီးရင်အိမ်ပြန် သံသရာ ထဲမှာ ကျင်လည်နေခဲ့ကြရတာပေါ့ဗျာ
လွန်ရောကျွံရော ကျောင်းပြီးလို့ အိမ်မပြန်ခင်
ဒါမှမဟုတ် နဲနဲ နောက်ကျမှပြန်
သူငယ်ချင်းတွေ ဘောလုံး ချိန်းကန်တာလောက်ဘဲ ရှိကြတာကိုးဗျ
ကျောင်းပြင်ပ လှုပ်ရှားမှုတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် မရှိကြသေးဘူးလေ
နောက်တစ်ခုက အခု ပြောပြောနေကြတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာ ကြားတောင်မှ မကြားဖူးသေးတာ
ဘယ်သိနိုင်ပါ့မလဲ
ဆိုလိုတာက .......ဗျာ
လူမှုရေး ကျဉ်းမြောင်းတယ် (ဒါမှမဟုတ်) ရှေးရိုး အယူသည်းတယ်ဗျ
လက်ဖက်ရည်ဆိုင်ဆိုတာကတောင် တစ်မြို့လုံးမှာ လက်ချိုးရေလို့ ရသဗျ
ပိုတယ်မထင်နဲ့နော် အဲဒီအချိန်တုန်းက လူတွေ ပြန်မေးကြည့်
တစ်ခုတော့ ရှိတယ်ဗျ
ကျွန်တော် ပေရှည်နေတာမဟုတ်ဘူးနော်
ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဘ၀နဲ့
အခုခေတ် လူငယ်တွေ ဖြတ်သန်းနေကြတဲ့ဘဝ
ကွာဟချက်များတာကို ပြောပြချင်လို့ နိဒါန်းလေး ပျိုးနေတာပါ
ထားပါဗျာ
လိုရင်းချုပ်ရရင်တော့ ကျွန်တော်တို့ (၁၀)တန်း အောင်လို့ တက္ကသိုလ် ကျောင်းတော်သားကြီး ဖြစ်လာတဲ့အချိန်မှာ
State ကျောင်းသားတွေဘ၀၊ အမြင်၊ အသိတွေ အတိုင်းဘဲ ရှိနေသေးတာကို ပြောပြချင်တာပါ
ကျွန်တော်က ရပ်စောက်သားဗျ
ကျောင်းတက်တဲ့အခါကျတော့ ကိုယ့်မြို့က ကျောင်းတက်တဲ့ ကလေးတွေ အဆင်ပြေအောင်ဆိုပြီးတော့
ကျွန်တော်တို့ မြို့က လူကြီးတွေက တောင်ကြီးမှာ အဆောင်တစ်ခု ဆောက်ထားပေးတယ်ဗျ
အလကား နေလို့တော့ မရဘူးပေါ့
ထမင်းကျွေးတယ်၊ အဆောင်လခ ပေးရတယ်
ထမင်းစရိတ်ရယ်၊ အဆောင်လခရယ်၊ ရေဖိုး၊ မီးဖိုး စုစုပေါင်း တစ်လ (၁၂၀) ကျပ်ပေးရတယ်
မယုံမရှိနဲ့ဗျ
အဲဒီလူတွေ ခုထိ သက်ရှိ ထင်ရှား ရှိသေးတယ်၊ မေးကြည့်လို့ရတယ်
ကျွန်တော်တို့ မြို့က အဆောင်က အခု (၂၁၂) တပ်ရှေ့က ခြံဝင်းအကျယ်ကြီးနဲ့
အခုတော့ ကမ္ဘောဇဘဏ်က အဆောင်ဖွင့်ထားလေရဲ့
အဲဒီမှာ အဆောင်နေခဲ့ကြရတာခင်ဗျ..........................


Read more!

Tuesday, January 22, 2008

အတိတ်တစ်ချိန်တုန်းက တောင်ကြီး တက္ကသိုလ် ကျောင်းသားဘဝ

တောင်ကြီးချယ်ရီမြေကို ဖတ်နေရင်းနဲ့
ကျွန်တော်တို့ တောင်ကြီးတက္ကသိုလ် တက်ခဲ့စဉ် ဘ၀လေးတွေကို
ပြန် သတိရမိလာတယ်ဗျာ
သတိရမိတယ်ဆိုရာမှာလည်း ကျောင်းသားဘ၀နဲ့အတူ
တက္ကသိုလ်ကြီးရဲ့ ဖြတ်သန်းလာမှု
ကျွန်တော်တို့တစ်တွေရဲ့ ဖြစ်သန်းမှု ပုံရိပ်တွေအပြင်
ခုချိန်မှာ ရယ်စရာဖြစ်နေပေမဲ့
တစ်ကယ်တမ်း ရင်ဆိုင်နေချိန်မှာ နှလုံးသွေးတွေ ရပ်တန့်တော့မလောက်
ရင်ခုန်မိတာလေးတွေ
ပြန်တွေးရင် ရှက်စရာဖြစ်ပေမဲ့
အတိတ်တစ်ချိန်တုန်းက
ရူးသွပ်ခဲ့မှုတွေ..........................
အစရှိသဖြင့်ပေါ့ဗျာ
ကျွန်တော်တို့တစ်တွေဟာ တောင်ကြီးတက္ကသိုလ်ရဲ့ ရှေ့မီ၊ နောက်မီ (ကုလားထိုင်)လို့ ပြောရင်လဲ
ရတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကောလိပ်စတက်ခဲ့စဉ်တုန်းက တောင်ကြီးကောလိပ်၊
အဲဒီကနေ တောင်ကြီး ဒီဂရီကောလိပ်၊ အဲဒီကနေမှ တောင်ကြီး တက္ကသိုလ်ရယ်လို့ ဖြစ်လာတာကိုး
နောက်တစ်ခုကတော့ မန္တလေး တက္ကသိုလ်မှာ နောက်ဆုံး ဘွဲ့ယူခဲ့တဲ့ အုပ်စုပေါ့ဗျာ
မှတ်မှတ်ရရ ကျွန်တော်တို့ နောက်ဆုံးနှစ် စာမေးပွဲတွေ ဖြေချိန်နဲ့ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကြီးကလဲ
ကွက်တိ။ အဲ......သတိရလို ထပ်ပြောဦးမယ်ဗျ
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို ကရင်မရေထွက် ပန်းခြံမှာ ကျင်းပခဲ့တဲ့နှစ်ပေါ့ဗျာ
အင်း...........
ပြောချင်တာက များနေတော့ စကားတွေက တောင်ရောက်လိုက်၊ မြောက်ရောက်လိုက်ပေါ့
ကျွန်တော်တို့ တောင်ကြီးတက္ကသိုလ် စတက်ခဲ့စဉ်
၁၉၈၅-၈၆ ခုနှစ်ပေါ့ဗျာ....................


Read more!

Monday, January 21, 2008

ပန်းချီပြပွဲ



ပန်းချီဆရာတစ်ယောက်ရဲ့အိမ်မက်ဟာ ကိုယ့်ရဲ့အနုပညာလက်ရာတွေကို ပြသဖို့
ဖြစ်ပါတယ်။ကိုယ်တိုင်ဖန်းတီးခဲ့တဲ့ လက်ရာတွေကို လူတွေကိုခံစားစေချင်တာ အနုပညာသမားတိုင်းရဲ့ရည်မှန်းချက်ပါ။အခု တောင်ကြီးလူငယ်ပန်းချီဆရာ
“ညီဇော်” ပါဝင်တဲ့ Three Colours ပန်းချီ ပြပွဲကို မိတ်ဆက်လိုက်ပါတယ်။
ပြပွဲကို AZADA ပန်းချီပြခန်းမှာ ၂၈.၁.၂၀၀၈ ရက်နေ့ကနေ ၁.၂.၂၀၀၈ ရက်နေ့
အထိပြသမှာဖြစ်ပါတယ်။မဖိတ်ရသေးတဲ့ ရောင်းရင်းများနဲ့ ပန်းချီကိုချစ်မြတ်နိုးသူ
ဝါသနာပါသူတွေကို လာရောက်ဖို့ဖိတ်ခေါ်ထားပါတယ်။
လိပ်စာကတော့ -“AZADA ၊ အမှတ်(၁၉၉) ၊ပထမထပ်၊ ၃၄အပေါ်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်” ပါ။

“ညီဇော်” က တောင်ကြီးဇာတိပါ။ တောင်ကြီး ပန်းချီဆရာ“ ဦးဝင်းမောင်သိန်း”
ဆီမှာ 1992ခုနှစ်အထိ၊“ဦးမိုးဝင်း” ဆီမှာ 2000 ခုနှစ်အထိ ပန်းချီပညာ
ဆည်းပူးခဲ့ပါတယ်။သူ့ရဲ့လက်ရာနဲ့ သူ့ရဲ့ခံစားဖန်တီးမှုကိုရိုးရိုးသားသား
ရေးဆွဲတင်ပြထားပါတယ်။ ပန်းချီကားတော်တော်များများကို အပြာ၊အနီ
အရောင်တွေဦးစားပေးရေးဆွဲထားတာတွေ့ရပါမယ်။ ပန်းချီကားအများစုက
တောင်ကြီးမြို့ ပတ်ဝန်းကျင် က ရှုခင်းတွေဖြစ်ပါတယ်။ မွေးရပ်မြေ နဲ့ဝေးကွာ
နေသူတွေအတွက်ကတော့ အလွမ်းပြေ ခံစားရမှာပါ။
သူ့ရဲ့လက်ရာတွေကို မိတ်ဆက်လိုက်ပါတယ်။



Read more!

Friday, January 18, 2008

တောင်ကြီးနှင့်ဂျက်မြသောင်း


အေး မြတဲ့ဆောင်းနဲ့အတူ ကိုဂျက်ရဲ့  တစ်ကိုယ်တော် ဂီတပွဲကိုဆင်နွဲကြပါစို့လားဗျာ


Read more!

ဘာကြောင့် ချယ်ရီ ငြိမ်သက်နေတာလဲ

ပွဲပြီး မီးသေ ဆိုသလိုပဲ အခုတော့ ချယ်ရီမြေလေးက တိတ်ဆိတ်ငြိမ်သက်လျက်။ တန်ဆောင်တိုင်မရောက်ခင်မှာ လိုက်ဖ်လွင့်မယ်ဆိုပြီး ကြေငြာထားလို့ အဝေးရောက်တောင်ကြီးသူ၊ တောင်ကြီးသားတွေ ရင်ခုံစွာနဲ့ တန်ဆောင်တိုင်ပွဲတော်ရက်ကို စောင့်မျှော်နေခဲ့ကြတယ်လေ။ နေ့စဉ်နေ့တိုင်းလည်းတန်ဆောင်တိုင် လှုပ်ရှားမှုသတင်းတွေကို သိနေရတော့ ပိုပြီးတော့ စိတ်ဝင်စားမှုကို ဖြစ်စေတာအမှန်ပင်။ တောင်ကြီးချယ်ရီအဖွဲ့သားများ (အထူးသဖြင့် တောင်ကြီးမှာ လက်ရှိနေထိုင်နေတဲ့ ကိုရဲမြန်မာ၊ ကိုအောင်မိန်း၊ ကိုကျော်စွာ၊ ကိုချမ်း ) ကျွန်တော်သိသလောက်ပေါ့။ သူတို့ရဲ့ နေ့ရော ညပါကြိုးစားပေးမှုတွေကြောင့် ကျွန်တော်တို့အားလုံးတန်ဆောင်မီးပုံးပျံပြိုင်ပွဲကို ကြည့်ခွင့်ရခဲ့သည်လေ။ ပွဲကာလတစ်လျှောက်လုံးမှာလည်း စီဘောက်စ်ကနေတစ်ဆင့် တစ်ယောက်နှင့်တစ်ယောက် ပျော်ပျော်ရွှင်ရွှင် ခင်မင်စွာရှိခဲ့ကြသည်။ အဲဒီနောက်ပိုင်းမှာတော့ တန်ဆောင်တိုင်ပွဲတော်ပြီးဆုံးခြင်းနှင့်အတူ အားလုံးငြိမ်သက်သွားပြန်ပါသည်။ အခုဆိုရင် ချယ်ရီစာမျက်နှာ ဆိုတဲ့ ကဗျာလေးကို ဖတ်မိတဲ့ အကြောင်းက ကျွန်တော်ဒါလေးကို ရေးဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ကျွန်တော်စဉ်းစားဖြစ်တာလေးကို ချရေးမိတာပါ။ ဘာလို့ တောင်ကြီးချယ်ရီ ငြိမ်သက်သွားရတာလဲ ဆိုတဲ့မေးခွန်းပါ။

အခုဆိုရင် ပိုစ့်တော်တော်များများမှာ တောင်ကြီးနဲ့ပါတ်သတ်တဲ့ သတင်းရော၊ အနီးနားပါတ်ဝန်းကျင် မြို့ရွာများရဲ့သတင်းတွေက စုံသင့်သလောက်စုံနေပါပြီ။ ဒီဆိုဒ်လေးဟာ တောင်ကြီးမှာရှိတဲ့ မြို့သူမြို့သားများထက် အဝေးရောက် ချယ်ရီကိုချစ်သောသူများကသာ အမြဲတမ်းအားပေးနေတာပါ။ နေ့စဉ်ဖြစ်ပျက်နေတဲ့ သတင်းများကို ဖတ်ရလို့လဲ ငါတို့ရဲ့ မြို့လေးက ဘယ်မှာကတော့ဘယ်လိုပြောင်းလဲနေပြီ၊ ဘာတွေကဖြင့် အသစ်တွေထပ်ပေါ်လာပြီ ဆိုပြီး မျက်စိထဲမှာ ပုံရိပ်တွေ ဖော်နိုင်ခဲ့ပါသည်။ ဒီလိုဖြစ်ဖို့ဆိုတာကလည်း တောင်ကြီးမှာရှိနေတဲ့ တောင်ကြီးချယ်ရီအဖွဲ့သားများရဲ့ ကြိုးစားမှုကြောင့်သာ ဖြစ်ပေါ်လာရတာပါ။

အခုလက်ရှိရေးနေတဲ့ အော်တာများထဲမှ တစ်ဝက်လောက်က အဝေးမှာရှိတဲ့ သူတွေပဲများပါတယ်။ ကျွန်တော်အပါအ၀င်ပေါ့။ ကျွန်တော်တို့အနေနဲ့ တောင်ကြီးနဲ့ပါတ်သတ်တဲ့ အတိတ်က အမှတ်ရစရာ အကြောင်းအရာလေးတွေ၊ တောင်ကြီးနဲ့ပါတ်သတ်ပြီး စိတ်ကူးယဉ် ခံစားမှုလေးတွေကိုလည်း တတ်နိုင်သလောက် ပုံဖော်ခဲ့ကြပါတယ်။ နောက်ဆုံးဘယ်လိုဖြစ်လာသလဲဆိုတော့ ကျွန်တော်တို့မှာ တောင်ကြီးနဲ့ပါတ်သတ်ပြီး အမှတ်တရတွေ ရှိပေမယ့် တစ်ချို့အကြောင်းအရာတွေက ရေးသင့်မရေးသင့်စဉ်းစားရတာရယ်၊ တစ်ချို့အကြောင်းအရာတွေက အကြောင်းအရာ ခိုင်ခိုင်လုံလုံ မရှိတာရယ်ကြောင့် ဆက်လက်ရေးဖို့အခက်အခဲရှိလာပါတယ်။ ကျွန်တော်တို့ဟာ အဘက်ဘက်က စဉ်းစားပြီး ရေးသားခဲ့ကြပါတယ်။ အမှန်အတိုင်းဝန်ခံရရင် အခုဆို ကျွန်တော့်မှာ တောင်ကြီးနဲ့ပါတ်သတ်ပြီး ရေးစရာ မကျန်တော့ပါဘူးလို့ပြောလို့ရပါသည် ။ ရေးမယ်ဆိုရင်လည်း ကိုယ့်ပါစင်နယ်တွေ ဖြစ်လာမယ်။ ဒီမှာ

ကျွန်တော်တို့အနေနဲ့ ရင်ဆိုင်လာရတာက ရေးမယ်ဆိုရင်လည်း ရေးမယ့်အကြောင်းအရာက တောင်ကြီးနဲ့ပါတ်သတ်နေရမယ်ဆိုတဲ့ အချက်ကြောင့်ပါ။ ဒီလိုမဟုတ်ပဲ တောင်ကြီးနဲ့မပတ်သတ်တာလည်း ရေးလို့ရတဲ့ သဘောဆိုရင် တောင်ကြီးချယ်ရီဟာ အဓိပ္ပါယ်တစ်မျိုးဖြစ်သွားနိုင်တယ်ဆိုတာကိုလည်း စဉ်းစားမိပါတယ်။ အဲလိုမဟုတ်ပဲဆိုရင်တော့ တောင်ကြီးမှာရှိနေတဲ့ တောင်ကြီးချယ်ရီအဖွဲ့သားများအားထုတ်မှပဲ တောင်ကြီးချယ်ရီ ပြန်အသက်ဝင်လာမယ်လို့ထင်ပါတယ်။ သွားရင်းလာရင်း ရိုက်ခဲ့တဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ၊ သတင်း အသစ်အဆန်းတွေကို သူတို့မှ မလုပ်ရင် တောင်ကြီးချယ်ရီအသက်ပြန်ဝင်လာဖို့ ခက်ခဲမယ်လို့ မြင်မိပါတယ်။ ဒါပေမယ့် သူတို့အားလုံးဟာလည်း အလုပ်ကိုယ်စီဆိုတော့ ဒီအတွက် အချိန်ပေးနိုင်ဖို့လည်း အခက်အခဲရှိနိုင်မှာပါ။ ဒါကြောင့် ကျွန်တော်တို့အားလုံးတောင်ကြီးချယ်ရီကို ပြန်လည် အသက်ဝင်လာစေဖို့အတွက် ကျွန်တော်စဉ်းစားမိတဲ့ အချက်လေးပေါ်မူတည်ပြီး အားလုံးက ၀ိုင်းပြီးအကြံဥာဏ်များပေးဖို့ ဒီပိုစ့်လေးနဲ့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။

မကြာမှီ တောင်ကြီးချယ်ရီ ပြန်လည် အသက်ဝင်လာမယ်လို့ မျှော်လင့်လျက်

နေလင်း


Read more!

Wednesday, January 16, 2008

ချယ်ရီစာမျက်နှာ

တချိန်က လူတွေအားလုံး
နှစ်သက်ခုံမင်ခဲ့တဲ့.. မင်း..
အခုတော့..
အခုတော့......

ဘယ်တစ်ယောက်မှလဲ
အရေးတယူ မလုပ်ကြ..
စိတ်ထဲမှာလဲ မထားကြ..
တချို့ဆိုရင်
မင်းနဲ့ တွဲဆက်ထားတဲ့
ကြိုးကွင်းတွေကိုတောင်
ဖျက်တောက်ပစ်ခဲ့ကြတယ်..

အဲ့ဒီလိုနဲ့ တဖြည့်ဖြည်း
မင်းရဲ့ ရိုက်ခတ်မှုတွေ
နှေးကွေးလာတာ ငါတွေ့နေရတယ်..

နှစ်တစ်နှစ် ကုန်သွားလို့
စွန့်ပစ်ခံလိုက်ရတဲ့ Diary တစ်ခုလိုမျိုး..
ဘယ်သူမှ မင်းကို အလိုမရှိကြတော့ဘူးလား..

နှစ်သစ်တစ်ခုအတွက်
မင်းရဲ့ ပင့်သက်ရှည်တွေကို..
ဂရုပြုမဲ့သူတွေ..
ဘယ်များရောက်ကုန်ကြပြီလဲ..

ရွှန်းလဲ့တဲ့ စာမျက်နှာသစ်တွေနဲ့..
တောက်ပ သစ်လွင်နေဖို့..
မင်းကို ဖန်တီးပေးမဲ့သူတွေ..
တစ်ယောက်တစ်လေမှ မရှိကြတော့..ဘူးလား..

နေ့တစ်နေ့ရဲ့..
အခိုက်အတန့် အချိန်လေးတစ်ခုစာတောင်..
မင်းအတွက်.. ဖြုန်းတီးပေးဖို့..
တန်ဖိုးရှိမနေတော့ဘူးလား..

ဒီလိုနဲ့ပဲ
မင်းလဲ..
ခြောက်ကပ်..
တိတ်ဆိတ်..
ရပ်တန့်လို့..

တစ်..
စ..
နဲ့..
တစ်..
စ..
လူ..
တွေ..
မင်း..
ကို..
မေ့..
ပျောက်..
သွား..
ကြ..
တော့..
မယ်..
ထင်..
ပါ..
တယ်..


Read more!