Friday, January 18, 2008

ဘာကြောင့် ချယ်ရီ ငြိမ်သက်နေတာလဲ

ပွဲပြီး မီးသေ ဆိုသလိုပဲ အခုတော့ ချယ်ရီမြေလေးက တိတ်ဆိတ်ငြိမ်သက်လျက်။ တန်ဆောင်တိုင်မရောက်ခင်မှာ လိုက်ဖ်လွင့်မယ်ဆိုပြီး ကြေငြာထားလို့ အဝေးရောက်တောင်ကြီးသူ၊ တောင်ကြီးသားတွေ ရင်ခုံစွာနဲ့ တန်ဆောင်တိုင်ပွဲတော်ရက်ကို စောင့်မျှော်နေခဲ့ကြတယ်လေ။ နေ့စဉ်နေ့တိုင်းလည်းတန်ဆောင်တိုင် လှုပ်ရှားမှုသတင်းတွေကို သိနေရတော့ ပိုပြီးတော့ စိတ်ဝင်စားမှုကို ဖြစ်စေတာအမှန်ပင်။ တောင်ကြီးချယ်ရီအဖွဲ့သားများ (အထူးသဖြင့် တောင်ကြီးမှာ လက်ရှိနေထိုင်နေတဲ့ ကိုရဲမြန်မာ၊ ကိုအောင်မိန်း၊ ကိုကျော်စွာ၊ ကိုချမ်း ) ကျွန်တော်သိသလောက်ပေါ့။ သူတို့ရဲ့ နေ့ရော ညပါကြိုးစားပေးမှုတွေကြောင့် ကျွန်တော်တို့အားလုံးတန်ဆောင်မီးပုံးပျံပြိုင်ပွဲကို ကြည့်ခွင့်ရခဲ့သည်လေ။ ပွဲကာလတစ်လျှောက်လုံးမှာလည်း စီဘောက်စ်ကနေတစ်ဆင့် တစ်ယောက်နှင့်တစ်ယောက် ပျော်ပျော်ရွှင်ရွှင် ခင်မင်စွာရှိခဲ့ကြသည်။ အဲဒီနောက်ပိုင်းမှာတော့ တန်ဆောင်တိုင်ပွဲတော်ပြီးဆုံးခြင်းနှင့်အတူ အားလုံးငြိမ်သက်သွားပြန်ပါသည်။ အခုဆိုရင် ချယ်ရီစာမျက်နှာ ဆိုတဲ့ ကဗျာလေးကို ဖတ်မိတဲ့ အကြောင်းက ကျွန်တော်ဒါလေးကို ရေးဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ကျွန်တော်စဉ်းစားဖြစ်တာလေးကို ချရေးမိတာပါ။ ဘာလို့ တောင်ကြီးချယ်ရီ ငြိမ်သက်သွားရတာလဲ ဆိုတဲ့မေးခွန်းပါ။

အခုဆိုရင် ပိုစ့်တော်တော်များများမှာ တောင်ကြီးနဲ့ပါတ်သတ်တဲ့ သတင်းရော၊ အနီးနားပါတ်ဝန်းကျင် မြို့ရွာများရဲ့သတင်းတွေက စုံသင့်သလောက်စုံနေပါပြီ။ ဒီဆိုဒ်လေးဟာ တောင်ကြီးမှာရှိတဲ့ မြို့သူမြို့သားများထက် အဝေးရောက် ချယ်ရီကိုချစ်သောသူများကသာ အမြဲတမ်းအားပေးနေတာပါ။ နေ့စဉ်ဖြစ်ပျက်နေတဲ့ သတင်းများကို ဖတ်ရလို့လဲ ငါတို့ရဲ့ မြို့လေးက ဘယ်မှာကတော့ဘယ်လိုပြောင်းလဲနေပြီ၊ ဘာတွေကဖြင့် အသစ်တွေထပ်ပေါ်လာပြီ ဆိုပြီး မျက်စိထဲမှာ ပုံရိပ်တွေ ဖော်နိုင်ခဲ့ပါသည်။ ဒီလိုဖြစ်ဖို့ဆိုတာကလည်း တောင်ကြီးမှာရှိနေတဲ့ တောင်ကြီးချယ်ရီအဖွဲ့သားများရဲ့ ကြိုးစားမှုကြောင့်သာ ဖြစ်ပေါ်လာရတာပါ။

အခုလက်ရှိရေးနေတဲ့ အော်တာများထဲမှ တစ်ဝက်လောက်က အဝေးမှာရှိတဲ့ သူတွေပဲများပါတယ်။ ကျွန်တော်အပါအ၀င်ပေါ့။ ကျွန်တော်တို့အနေနဲ့ တောင်ကြီးနဲ့ပါတ်သတ်တဲ့ အတိတ်က အမှတ်ရစရာ အကြောင်းအရာလေးတွေ၊ တောင်ကြီးနဲ့ပါတ်သတ်ပြီး စိတ်ကူးယဉ် ခံစားမှုလေးတွေကိုလည်း တတ်နိုင်သလောက် ပုံဖော်ခဲ့ကြပါတယ်။ နောက်ဆုံးဘယ်လိုဖြစ်လာသလဲဆိုတော့ ကျွန်တော်တို့မှာ တောင်ကြီးနဲ့ပါတ်သတ်ပြီး အမှတ်တရတွေ ရှိပေမယ့် တစ်ချို့အကြောင်းအရာတွေက ရေးသင့်မရေးသင့်စဉ်းစားရတာရယ်၊ တစ်ချို့အကြောင်းအရာတွေက အကြောင်းအရာ ခိုင်ခိုင်လုံလုံ မရှိတာရယ်ကြောင့် ဆက်လက်ရေးဖို့အခက်အခဲရှိလာပါတယ်။ ကျွန်တော်တို့ဟာ အဘက်ဘက်က စဉ်းစားပြီး ရေးသားခဲ့ကြပါတယ်။ အမှန်အတိုင်းဝန်ခံရရင် အခုဆို ကျွန်တော့်မှာ တောင်ကြီးနဲ့ပါတ်သတ်ပြီး ရေးစရာ မကျန်တော့ပါဘူးလို့ပြောလို့ရပါသည် ။ ရေးမယ်ဆိုရင်လည်း ကိုယ့်ပါစင်နယ်တွေ ဖြစ်လာမယ်။ ဒီမှာ

ကျွန်တော်တို့အနေနဲ့ ရင်ဆိုင်လာရတာက ရေးမယ်ဆိုရင်လည်း ရေးမယ့်အကြောင်းအရာက တောင်ကြီးနဲ့ပါတ်သတ်နေရမယ်ဆိုတဲ့ အချက်ကြောင့်ပါ။ ဒီလိုမဟုတ်ပဲ တောင်ကြီးနဲ့မပတ်သတ်တာလည်း ရေးလို့ရတဲ့ သဘောဆိုရင် တောင်ကြီးချယ်ရီဟာ အဓိပ္ပါယ်တစ်မျိုးဖြစ်သွားနိုင်တယ်ဆိုတာကိုလည်း စဉ်းစားမိပါတယ်။ အဲလိုမဟုတ်ပဲဆိုရင်တော့ တောင်ကြီးမှာရှိနေတဲ့ တောင်ကြီးချယ်ရီအဖွဲ့သားများအားထုတ်မှပဲ တောင်ကြီးချယ်ရီ ပြန်အသက်ဝင်လာမယ်လို့ထင်ပါတယ်။ သွားရင်းလာရင်း ရိုက်ခဲ့တဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ၊ သတင်း အသစ်အဆန်းတွေကို သူတို့မှ မလုပ်ရင် တောင်ကြီးချယ်ရီအသက်ပြန်ဝင်လာဖို့ ခက်ခဲမယ်လို့ မြင်မိပါတယ်။ ဒါပေမယ့် သူတို့အားလုံးဟာလည်း အလုပ်ကိုယ်စီဆိုတော့ ဒီအတွက် အချိန်ပေးနိုင်ဖို့လည်း အခက်အခဲရှိနိုင်မှာပါ။ ဒါကြောင့် ကျွန်တော်တို့အားလုံးတောင်ကြီးချယ်ရီကို ပြန်လည် အသက်ဝင်လာစေဖို့အတွက် ကျွန်တော်စဉ်းစားမိတဲ့ အချက်လေးပေါ်မူတည်ပြီး အားလုံးက ၀ိုင်းပြီးအကြံဥာဏ်များပေးဖို့ ဒီပိုစ့်လေးနဲ့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။

မကြာမှီ တောင်ကြီးချယ်ရီ ပြန်လည် အသက်ဝင်လာမယ်လို့ မျှော်လင့်လျက်

နေလင်း

No comments: