Friday, August 31, 2007

ရှမ်းစာစကား(၁)

ကျွန်တော် အခုတစ်ခေါက် ခရီးသွားရင်း ပဒေါင်ရွာတွေ၊ လားဟူရွာတွေ၊ ပအိုဝ်း ရွာတွေ ရောက်ခဲ့ပါတယ်.. သူတို့ တတွေအားလုံးက မြန်မာစကားမပြောတက်တော့ သူတို့ ပြောတဲ့အကြောင်းအရာတွေကို ကျွန်တော် နားမလည်ခဲ့ဘူး.. ကျွန်တော်ပြောတာတွေကိုလဲ သူတို့ မသိဘူး.. အဲ့ဒီမှာပဲ ကျွန်တော် ရှမ်းစကားလေး အခြေခံလောက် သင်ခဲ့ရင် ကောင်းသားလို့ အတွေးပေါ်ခဲ့ပါတယ်..

ရှမ်းပြည်ကို ကျွန်တော်စရောက်ကတည်းက ဆိုရင် ၄နှစ်ကျော်ရှိပြီ.. တကယ်ဆို ရှမ်းစကားလေး ၁ခု၊ ၂ခုလောက်တော့ ထမင်းစားရေသောက် ပြောနိုင်ရမှာ.. အဲ့ဒီလိုသာ ပြောနိုင်ခဲ့ရင် တိုင်းရင်းသားတွေကို သူတို့ ဘာသာစကားနဲ့ နှုတ်ဆက်နိုင်မယ်.. ရင်းနီးနိုင်ခဲ့မှာ..

ကျောင်းတက်တုန်းကတော့ ရှမ်းသူငယ်ချင်း တစ်ယောက်ဆီမှာ ရှမ်းစာ၊ စကား သင်ဖြစ်ခဲ့ပါသေးတယ်.. ဒါပေမဲ့ အသံထွက် ကာ၊ ကာ,၊ ကာ; ၊ ကား၊ ကာ့ ငါးမျိုးသင်ရင်းနဲ့ အချိန်တော်တော် ကုန်သွားခဲ့တယ်.. ဘယ်လိုမှ မထွက်တက်ဘူး ဖြစ်သွားတယ်..
ရှမ်းသူငယ်ချင်းကလဲ သင်ပေးရှာပါတယ်.. ဒါပေမဲ့ ကာ; တစ်လုံးကို ဘယ်လိုမှ မပြောတက်ခဲ့ဘူး.. ကျောင်းမှာ အချိန်ရတိုင်းလဲ တစ်လုံးစ၊ နှစ်လုံးစ သင်ဖြစ်ခဲ့တာလဲ မေ့မေ့ ပြောက်ပြောက်တွေ ဖြစ်ကုန်ခဲ့တယ်..

အခုတော့ ရှမ်းစကားလေး ထမင်းစား၊ ရေသောက်၊ အလာပသလာပလေး ပြောနိုင်အောင်.. သူတို့ ပြောတာလဲ နားလည်နိုင်အောင်လို့ လေ့လာရင်း ရှမ်းစာမသိတဲ့သူတွေ အတွက် တောင်ကြီးချယ်ရီမှာ ဖော်ပြသွားမလားလို့ စဉ်းစားမိတာနဲ့ အခု ရှမ်းစာစကား(၁)ကို ရေးဖြစ်လိုက်ပါတယ်.. ရှမ်းစကားတက်သူတွေကလဲ ဘယ်သူမှ တုတ်တုတ်မလှုပ်လို့ မတောက်တခေါက်နဲ့ပဲ ကျွန်တော် အနည်းငယ် ရွှီးကြည့်ပါတော့မယ်.. အမှားများပါရင်လဲ ပြင်ပေးကြပါလို့...

ပထမဆုံး သင်ဖြစ်ခဲ့တဲ့ စကားလုံးလေးတွေ က..
ရည်းစားကို `စု´
ကွမ်းကို `ပု´
ခရုကို `ဟွယ်´
တောင်ကို `လွယ်´
ထမင်းကို `ခေါက်´
အရက်ကို `လောက်´
ခရမ်းသီးကို `မက်ခေ´
ကျားကို `ဆေ´

စားတာကို `ကင်´
သောက်တာကို `အောက်´

ထမင်းစားရင် `ကင်ခေါက်´
ရေသောက်ရင် `ကင်နမ့်´
သောက်ရေဆိုရင် `နမ့်ကင်´
ချင် (want) ဆိုရင် `ခိုက်´
No ဆိုရင် `အမ်´
Yes ဆိုရင် `အေ(၀်)´

အဲ့ဒီစာလုံးတွေက စပြီး ကျွန်တော် ရှမ်းစာတွေနဲ့ ထိတွေ့ခဲ့ပါတော့တယ်..
ရှမ်းမဟုတ်တဲ့သူက ရှမ်းစာအကြောင်း ပြောပြနေတာ အမြင်မတော်ရင်လဲ ၀င်ရောက် ကူညီနိုင်ပါတယ် နော့်.. :)


Read more!

Thursday, August 30, 2007

ဆုတောင်းပြည့် အောင်တော်မူဘုရား



လွန်ခဲ့တဲ့ရက် အနည်းငယ်က ကျွန်တော်တို့ အဖွဲ့သားတွေ စုံဖြစ်ရင်း၊ ရွှေဘုန်းပွင့် ဘုရားကုန်းပေါ်ကနေ လှမ်းမြင်နေရတဲ့ ဆုတောင်းပြည့် အောင်တော်မူဘုရားကို ကျွန်တော် မရောက်ဖူး သေးတာနဲ့ သွားဖို့ အဆိုပြုရင်း ရောက်အောင် ခြေဆန့်ဖြစ်ခဲ့ပါတယ်..

မြင်တွေ့ခဲ့ရတာတွေကို မရောက်ဖူးသေးသူများ အတွက် Virtual Tour အနေနဲ့ တင်ပေးလိုက်ပါတယ်.. နေရာ ဖော်ပြချက်တွေကိုတော့ ဓာတ်ပုံတွေ ကြည့်ရုံနဲ့ မြင်သာနိုင်တာမို့ သီးသန့် ရှင်းမပြ လိုက်တော့ပါဘူး..


Read more!

Wednesday, August 29, 2007

ကျိုင်းတောင်းရေတံခွန် (၂)

ကျိုင်းတောင်းရေတံခွန်ရဲ့ ပိုပြီး အသက်ဝင်တဲ့ ဓာတ်ပုံတွေ တွေ့တာနဲ့ ထပ်တင်ပေးလိုက်ပါတယ်.. ရှုမြင်ခံစားကြည့်ပါ..

အပေါ်ဘက်မှ မြင်ကွင်း

အပေါ်ဘက်မှ မြင်ကွင်း

ရေတံခွန် အနီးအောက်နားမှ မြင်ကွင်း

ချောင်းအနီးမှ မြင်ရသော ရေတံခွန်

ချောင်းအပေါ်ရှိ တံတားမှ မြင်ကွင်း

ကျိုင်းတောင်းရေတံခွန်ရဲ့ ပိုပြီး အသက်ဝင်တဲ့ ဓာတ်ပုံတွေ တွေ့တာနဲ့ ထပ်တင်ပေးလိုက်ပါတယ်.. ရှုမြင်ခံစားကြည့်ပါ..


Read more!

Kanbawza Youth Library (2)

စာကြည့်တိုက်တွေ ရှာဖွေရင်းနဲ့ ကျွန်တော်တို့ အဖွဲ့သားတွေ လူငယ်တွေထဲ နာမည်ရနေတဲ့ Millennium English Library ကို ရောက်ဖြစ်ခဲ့ပါတယ်.. နေရာကတော့ Disney ကြက်ကြော်ဆိုင်နားမှာရှိပါတယ်.. အရှေ့မြို့ပါတ်လမ်းနဲ့ တစ်ခုတည်းသော အ၀ိုင်းရှိတဲ့ နေရာနားမှာပါ..

English စာအုပ်တွေ သီးသန့် စုဆောင်းထားတဲ့ NGO စာကြည့်တိုက်ဖြစ်ပါတယ်.. စာကြည့်တိုက်အပြင် Training တွေလဲ ရှိပါတယ်.. စကားဝိုင်းတွေလဲ အပါတ်စဉ်လုပ်ပေးတယ်လို့ သိရပါတယ်..

စာကြည့်တိုက်က Kanbawza Youth Library (2) လို့လဲ ခေါ်ပါတယ်.. Kanbawza Youth Library (1) မှာတော့ မြန်မာစာအုပ်တွေ စုဆောင်းထားပြီး၊ အခု Library ကတော့ English စာအုပ်တွေ စုဆောင်းထားတဲ့ နေရာလို့ အဲ့ဒီက အသင်းသားတွေက ရှင်းပြပါတယ်.. English စာအုပ်ပေါင်း သောင်းဂဏန်းနဲ့ ချီပြီး ရှိတယ်လို့လဲ သိခဲ့ရပါတယ်..

စာကြည့်တိုက်မှာ စာလာဖတ်ရင်တော့ Free ပါ.. အပြင်ကို ငှားယူမယ်ဆိုရင်တော့ စာငှားကဒ်လုပ်ရပါတယ်.. တစ်ကဒ်ကို ၅၀၀၀ကျပ် ပေးရပြီး.. စာအုပ် (၃၀) ငှားလို့ရပါတယ်.. တောင်းယူလာတဲ့ စာရွက်လေး အထားမှားနေလို့ တိတိကျကျ၊ အသေးစိတ် မရေးပေးနိုင်ဘူး ဖြစ်သွားပါတယ်.. ဒါပေမဲ့ ပြန်တွေ့ရင်တော့ ထပ်ဖြည့်ပေးပါ့မယ်..
ကျွန်တော်တို့ အဖွဲ့က Senior ကြီးလဲ စာအုပ်တွေတွေ့လို့ ငှားချင်၊ ဖတ်ချင်စိတ်ပေါက်ပြီး.. Library Card တစ်ခု ချက်ချင်းလုပ်လို့ စာအုပ် (၂)အုပ် ငှားလိုက်ပါသေးတယ်.. တစ်ခါငှားရင် (၂)အုပ်ငှားလို့ ရပါတယ်.. English Language လေ့လာနေသူတွေအတွက် အလွန်တစ်ရာ အထောက်အကူပေးနိုင်မဲ့ နေရာနဲ့ စာကြည့်တိုက်တစ်ခု ဖြစ်ပါတယ်.. လူငယ်တွေပဲ ပူးပေါင်း တည်ထောင်ထားကြတာပါ.. လွတ်လပ်စွာနဲ့ သွားရောက် လေ့လာ၊ ဖတ်ရှု၊ ဆွေးနွေး၊ ရှာမှီးနိုင်တဲ့ နေရာလေးတစ်ခုပါပဲ..


Read more!

အမျိုးသားစာကြည့်တိုက်

တောင်ကြီးချယ်ရီမြေ website မှာ ရှမ်းပြည်နဲ့ သက်ဆိုင်တာတွေ ရေးဖို့ အကြောင်းအရာတွေ ရှာဖွေတဲ့ အနေနဲ့ website admin ကြီးက Reference လုပ်ဖို့ ရှမ်းပြည်နယ် စာကြည့်တိုက်ကို သွားမယ်ဆိုပြီး. အကြံပြုလို့ ကျွန်တော်တို့ တတွေ အမျိုးသားစာကြည့်တိုက်ကို ခြေဆန့်ခဲ့ပါတယ်.. အရင်က မရောက်ဖူးသေးတဲ့ နေရာတစ်ခုပါ..

စာကြည့်တိုက်ကိုရောက်တော့ စာကြည့်တိုက်မှူးလို့ ထင်ရတဲ့ အန်တီက ဘာများ ကူညီရမလဲလို့ မေးလာပါတယ်.. ကျွန်တော်တို့ကလဲ စာအုပ်တွေ ဘယ်လို ဖတ်နိုင်မလဲ၊ ငှားနိုင်မလဲလို့ လာစုံစမ်းတာပါလို့ နိဒါန်းပျိုးရင်း သိချင်တာတွေ မေးခဲ့ပါတယ်.. သူကလဲ ရနိုင်၏ မရနိုင်၏ အစရှိတဲ့ Library Process တွေ ပြောပါတယ်.. နောက်တော့ Library ထဲခေါ်သွားပြီး.. စာအုပ်စင်တွေ လိုက်ပြပါတယ်.. English စာအုပ်တွေကတော့ အများအပြားရှိပါတယ်.. ဘယ်မှာမ မရနိုင်တဲ့ စာအုပ်တွေ ရှိပါတယ်..

စာကြည့်တိုက်ဆိုတော့ စာအုပ်တွေမှ ပုံပွနေတာပါပဲ.. အများကြီးရှိပါတယ်.. ကျွန်တော်တို့ကလဲ အသုံးပြုလို့ ရမရ သိချင်လို့ လာစုံစမ်းယုံ၊ လေ့လာယုံဆိုတော့ အသေးစိတ် လိုက်မကြည့်ဖြစ်ခဲ့ လိုက်ပါဘူး.. စာအုပ်တွေကလဲ သောင်း၊ သိန်း ကျော်ရှိမယ်လို့ ထင်ပါတယ်.. နောက်တစ်ခါမှ စာကြည့်တိုက်ကို မွေနောက်ပြီး၊ ရှာဖွေလိုက်ပါဦးမယ်..

Library က catalog စနစ်နဲ့ စီရီထားပြီး ကိုယ်ရှာချင်တာကို Catalog နဲ့ ရှာပြီးဖတ်နိုင်ပါတယ်.. မည်သူမဆို Library ကို အသုံးပြုနိုင်ပြီး၊ ငှားရမ်းဖို့ အတွက်တော့ ထောက်ခံချက်နဲ့ Library Card လုပ်ရမယ်လို့ သိပါတယ်.. အခမဲ့ ဖြစ်မယ်လို့ ထင်ပါတယ်..

ရှမ်းပြည်မှာ အခုလိုမျိုး အထွေထွေ စာကြည့်တိုက်တွေ ရှိသလို၊ သီးသန့် Specific စာကြည့်တိုက်တွေလဲ အများအပြားရှိပါတယ်.. ဒါပေမဲ့ လူအများ အသုံးမပြုကြသေးတာကိုတော့ တွေ့ရှိရပါတယ်.. တချို့ကလဲ စာကြည့်တိုက်ရှိမှန်း မသိကြ၊ တချို့ကြတော့လဲ စာကြည့်တိုက်ကို တန်ဖိုးရှိတဲ့ နေရာတစ်ခုလို့ မသိကြနဲ့.. စာအုပ်တွေက စာအုပ်စင်မှာပဲ ဖုံတွေတက်နေတာတော့ နှမြောဖို့ ကောင်းပါတယ်..

အားလုံးအတွက် ကျွန်တော်တို့လဲ တောင်ကြီးမြို့မှာ ရှိတဲ့ စာကြည့်တိုက်တွေ အကုန်နီးပါး ဖော်ပြနိုင်အောင် လေ့လာကြိုးစားပေးပါ့မယ်..


Read more!

Shan State Museum

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်တို့ တတွေ ရှမ်းပြည်နယ်ပြတိုက်ကို ရောက်ဖြစ်ခဲ့ပါတယ်.. အမျိုးသားပြတိုက်လို့လဲ ခေါ်ပါတယ်.. Blog မှာ Photos တွေ တင်ပေးလို့ ရမလားဆိုပြီး.. သွားဖြစ်ခဲ့တာပါ.. နောက်ပြီး စာကြည့်တိုက်ကိုလဲ သွားဖြစ်ခဲ့ပါတယ်.. အခုကတော့ ရှမ်းပြည်နယ် ပြတိုက်ရဲ့ ဓါတ်ပုံအချို့ပါ.. အစကတော့ Museum တစ်ခုလုံး ဓါတ်ပုံတွေရိုက်ပြီးတော့ တင်ဖို့ရည်ရွယ်ခဲ့ပေမဲ့.. မရိုက်ဖြစ်ခဲ့ပါဘူး.. အ၀င်ဝမှာပဲ No Camera လို့ တွေ့လို့ ရိုက်လို့ရတဲ့ နေရာတွေပဲ ရိုက်ခဲ့လိုက်ပါတယ်..

အောက်ထက်မှာ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုပြခန်း (၂)ခန်းရယ်.. အပေါ်ထပ်မှာတော့ တော်လှန်ရေးခတ်က သမိုင်းဝင် အကြောင်းအရာတွေ ပြထားတဲ့ ပြခန်းရယ် (၃)ခန်း ရှိပါတယ်..


ရှမ်းပြည်နယ် တစ်ခုလုံးကို ကိုယ်စားပြုတဲ့ Museum လို့ ပြောနိုင်ပေမဲ့ အချက်အလက်တွေ နည်းနေသေး ပါတယ်.. ကျွန်တော်တို့လဲ Official Website တစ်ခုအနေနဲ့ လုပ်ပေးလို့ရအောင် နောက်တစ်ခါ ဆိုရင်တော့ သေသေချာချာ လေ့လာမှတ်တမ်းတင်ပြီး. ကြိုးစားကြည့်ပါဦးမယ်.. museum.taunggyicherryland.com ဆိုပြီးတော့ လုပ်ဖို့ ခွင့်တောင်းကြည့် လိုက်ပါဦးမယ်..

ဘာပဲဖြစ်ဖြစ် ယဉ်ကျေးမှုတွေ၊ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေကို တခြားသူတွေလဲ သိနိုင်အောင် Internet မှာ တင်ပေးနိုင်ရင် ကောင်းမယ်လို့ ကျွန်တော်တို့တတွေ ပြတိုက်ကပြန်လာတော့ အကြံပေါ်လာခဲ့ ကြပါတယ်..

အခု Post ကတော့ အမြည်းသဘောလေးပဲ ဖြစ်သွားတဲ့ အတွက်တော့ နားလည်ပေးပါ..


Read more!

Monday, August 27, 2007

အမှတ်တရ တောင်ကြီး ဓါတ်ပုံများ





တောင်ကြီးမြို့ ဓါတ်ပုံဟောင်းလေးတွေကို တောင်ကြီးမြို့ နှစ် ၁၀၀ ပြည့် အထူးထုတ်ထဲမှ ကူးယူဖော်ပြပါသည်။


Read more!

တောင်ကြီးမြို့ဖြစ်တည်လာပုံ - ၂

ယခုဖော်ပြပါ အချက်အလက်များသည် တောင်ကြီးမြို့နှစ်တစ်ရာပြည့် အထူးထုတ် မဂ္ဂဇင်း ထဲမှ မောင်ခွန်နွယ်(အင်းလေး) ရေးသားထားသော တောင်ကြီးမြို့မှတ်စု ထဲမှ ဖြစ်ပါသည်။

ယခုတောင်ကြီးမြို့အရှေ့ဘက်ရှိ တောင်တန်းများပေါ်တွင် ထိုအချိန်က ပအိုဝ်းရွာများရှိရာ ၊ အင်္ဂလိပ်တို့က ထိုနေရာတွင် မြို့တည်လိုသဖြင့် အခြားသင့်တော်ရာနေရာသို့ ရွာပြောင်းခိုင်းသည်ဟုလည်း မှတ်သားရ ပေသည်။ ထိုဒေသတွင် ယခင်က မီရဲ၊ သထုံ၊ ၀ိန်ယရွာများရှိရာ ၀ိန်ယသည် ပအိုဝ်း ဘာသာစကားဖြင့် မြို့ဟောင်းဟု အဓိပ္ပာယ်ရသဖြင့် တောင်ကြီးမြို့ဟောင်း နေရာဖြစ်နိုင်ပေသည်။ ထိုနေရာတွင် ရုံးစိုက်ပြီးမှ ၁၈၉၄-ခုနှစ်တွင်ယခု တောင်ကြီးမြို့နေရာကို ပြောင်းရွေ့ မြို့တည်ခြင်းဖြစ် နိုင်ပေသည်။

စာရေးသူမှတ်သား ရသည်မှာ ယခု မြို့မ ဈေးကြီး နေရာသည် ယခင်က ဦးကြီးခမ်းလော် ရွာ နေရာဟောင်းဖြစ်သည်။ ထိုစဉ်က မီးရဲတွင် ပအိုဝ်းတိုင်းရင်းသား ချိုဖာထီးအုပ်ချုပ်ခဲ့ပေသည်။ ထိုအချိန်က တောအုပ်မှာ တောင်ပိုင်းရပ်မှ ဦးဖိုးမင်းဖြစ်ပြီး ဦးဖိုးရင်မှာ နယ်အုပ်ဖြစ်သည်။ အရေးပိုင်မှာ ဦးလူတင် ဖြစ်သည်။ ဒုံတောင်တီးခေါ် တောင်ကြီးရွာကို ဦးအောင်သာ က အုပ်ချုပ်လေသည်။ ထာခယ်ရွာ (ယခု ညောင်ပင်သာ) ကို ဆရာစန္တတည်ပြီး ၊ နဂါးပတ်ကျောင်း ၀န်းကျင်ကို မောင်ဖာဝမ် တည်ခဲ့သည်။

အင်းသားများ ဖြစ်သည့် ဘုရားဒါယကာညွန့် ဒါယကာကျော်တို့မှာ အင်းလေးမှ အင်းသားများ (ထိုအချိန်က စော်ဘွား နှင့် မတည့်သူများ) ကို လမ်းအလုပ်သမား ကူလီ များအဖြစ် ခေါ်လာ ၍ကူလီကုန်းရပ် (ယခု ကူညီကုန်းရပ်) ကိုတည်ခဲ့သည်။ ဈေးပိုင်းရပ်ကို ပအိုဝ်း တိုင်းရင်းသားများဖြစ်သည့် ဇရပ်ဒကာ ဦးချုံ၊ ပဉ္စင်း ဘဖြူတို့က တည်ခဲ့သည်။ ထိုအချိန်က တောင်ကြီးမြို့ပေါ်တွင် ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမ တောင်ကျောင်းကြီးသာရှိခဲ့သည်။ မင်းကျောင်း၏ ပထမဆုံးကျောင်းထိုင် ဆရာတော်မှာ မဲနယ်တောင်တန်းမှ လုံဒါရွာ ဆရာတော်ဖြစ်ပြီး ပအိုဝ်း တိုင်းရင်းသား ဖြစ်သည်ဟု မှတ်သားရလေသည်။



Read more!

Sunday, August 26, 2007

တောင်ကြီးမြို့ဖြစ်တည်လာပုံ - ၁

ယခုဖော်ပြပါ အချက်အလက်များသည် တောင်ကြီးမြို့နှစ်တစ်ရာပြည့် အထူးထုတ် မဂ္ဂဇင်း ထဲမှ မောင်ခွန်နွယ်(အင်းလေး) ရေးသားထားသော တောင်ကြီးမြို့မှတ်စု ထဲမှ ဖြစ်ပါသည်။


တောင်ကြီးမြို့နေရာသည် သက္ကရာဇ် ၁၂၀၀ ခန့်လောက်က တည်ရှိနေ ခဲ့သော ပအိုဝ်းရွာလေး တစ်ရွာရှိခဲ့၏။ ထိုရွာ၏ အမည်မှာ ဒုံတောင်တီ ဟုခေါ် လေသည်။ ရှမ်းအသံဖြင့် တွမ်တီး ဟုခေါ်သည်။ တောင်ကျည်း၊ တွမ်းတီး ဟုမြန်မာအသံ တောင်ကြီး ဟူသည်မှာ တည်ပင်နှင့် တူသော အပင်တစ်မျိုးဖြစ်ပါသည်။ အချို့သောအရပ်တွင် ကတည်ပင် ဟုလည်း ခေါ်ပါသည်။ ၄င်းအပင်ပေါက်ရာ ရွာဟုဆိုလိုပါ၏။ ထိုရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ ၊ ရှမ်းရွာ ၊မွန် ခြိန်ရွာ နှင့် ၀ါးပြားရွာ များသာ ရှိပေသည်။၎င်း အပြင် ရေကန် ၄ ကန်နှင့် အင်းကြီးတစ်အင်းလည်း ရှိသည်။ အင်္ဂလိပ် အစိုးရသည် တောင်ကြီးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၅၃-ခု ၊ ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင် မြို့တည်ခဲ့ပေသည်။ တောင်ကြီးရွာကို မြို့တည် ပြီး ထိုရွာနှင့်တဆက်တည်းဖြစ်သော ကန်များ၊ အင်းများကို ပြုပြင်ကာ တောင်ကြီးမြို့ကို မြို့တော်ဖြစ်အောင်မွန်းမံခဲ့သည်ဟု ယုဝတီမာလာသိန်းက ယုဝတီ ဂျာနယ်တွင် မဟာပါသဏမုံတ၀ဂူလိုဏ်ဂူ ဆောင်းပါးတွင် ရေးသားထားသည်ကို မှတ်သားရပေသည်။

မှတ်တမ်းအရဆိုပါက တောင်ကြီးမြို့ကို တည်သည်မှာ နှစ် ၁၀၀ ပင်ကျော်ခဲ့လေပြီ။ သက်ကြီးရွယ်အို တစ်ဦး ၏ ပြောပြချက်အရ ၁၂၅၁ ခုနှစ်တွင် တောင်ကြီးမြို့ကို တည်သည်ဟု မှတ်သားရပြန်သည်။ ထို့ကြောင့် တောင်ကြီးမြို့တည်သည့် ခုနှစ်နှင့် ပတ်သက် ၍၀ိဝါဒ အမျိုးမျိုးဖြစ်နေသည်။ အဖြေရှာကြည့်ရာ ၁၂၄၇-ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက် သဖြင့် ထိုကာလွန် ၃ နှစ်သည် နယ်ချဲ့တို့ရှမ်းပြည်ဖက်သို့တက်လာကာ မိုင်းသောက် (ညောင်ရွေမြို့နယ်) ကို ရုံးစိုက်ခဲ့သည် ကာလဖြစ်နိုင်ပေသည်။

မိုင်းသောက်ဒေသသည် ငှက်ဖျား မရှိသဖြင့် ရုံးပြောင်းရွေ့စိုက်သည့်နေရာ ကိုရှာဖွေ ကြပြန်ရာ ယခုတောင်ကြီးမြို့၏ အရှေ့ဘက် (ယခု ဓမ္မရတနာကျောင်း၏ အရှေ့ဘက်(၂)မိုင်အကွာ) တွင် ၁၂၅၁-ခုနှစ်ခန့်၌ ပြောင်းရွေ့ခဲ့ခြင်းဖြစ်နိုင်ရာသည်။ ထိုဒေသသည် ပြန့်ပြူးညီညာသဖြင့် မြို့တည်ခဲ့ခြင်းဖြစ်နိုင်ပေသည်။


ဆက်လက်ဖော်ပြပါအုံးမည်။......................


Read more!

Friday, August 24, 2007

အမှတ်တရသံစဉ်စာသားများ

အဝေးရောက်သူငယ်ချင်းများသို့ ရည်ညွှန်းလျှက်......
သံစဉ်စာသားကတော့ “လူရွှင်တော်” ခွေထဲမှ ဆုန်သင်းပါရ် ရဲ့ “ ချယ်ရီမြို့ ” ဖြစ်ပါတယ်


ချယ်ရီမြို့ 

တောင်ပေါ်မြို့ ကလေးတစ်မြို့ မှာ မြူမှုန်တွေကဆိုင်းလာ
ဒီအချိန်နင်သွားတော့မယ် နေရာဟောင်းကို ထားခဲ့ပြီး
ဒါအနာဂါတ်အတွက်ပါ နင်ဆိုပြီးသွားခဲ့တော့လဲလေ
မတားရက်ဘူး....
ဝေးနေလို့နင်မေ့သွားမလား ချစ်စရာမြို့ ကိုရှောင်ပြေးမလား
အတွေးထဲမှာတို့ရှိသေးရင် အရင်တစ်ချိန်ပြန်စဉ်စား
ချယ်ရီပင်တွေကြားထဲအတူတူ ပျော်ပါးခဲ့ကြဘူးတယ်
ကလေးဘ၀ရဲ့ ပျော်စရာမြို့ လေးထဲနင်မေ့ပြီလား
ချယ်ရီပင်အိုသွားလဲ နင်သာတကယ်တမ်းပြောင်းလဲမသွားရင်
လှမ်းခဲ့တော့အရင်နေရာ မြို့ လေးထဲ
ဒီမှာငါတို့စောင့် နေတယ် .......



Read more!

Wednesday, August 22, 2007

Sweet Heart

ထိုင်လို့ကောင်းသော ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်.. ကုန်သည်လမ်းမဘေးမှာ ရှိပါတယ်.. ပြင်ဆင်မှုအရှိဆုံး ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်.. Unplug တီးဝိုင်းနဲ့ Bar လဲ ရှိပါတယ်..


သတင်းပုံစံ ကြိုက်သူများအတွက် လေကြောမရှည်အောင် အဲ့ဒီလိုကြီးရေးရင် ကောင်းပါ့မလားဆိုပြီး ရေးကြည့်သေးတယ်... ကိုယ်တိုင်ခံစားလို့ ဘယ်လိုမှ မရတာနဲ့ အောက်ပါ စာသားများအတိုင်း စကားလုံးများစွာနဲ့ ရေးလိုက်ပါတယ်.. :)

မိုးတွေ သည်းသည်းမဲမဲ ရွာနေတဲ့ မနေ့ကပေါ့ ထွေထွေထူးထူး ဘာမှမရှိဘဲနဲ့ ကျွန်တော်တို့ အဖွဲ့သားတွေ နေ့လည်စာ စားဖို့ ဆုံဖြစ်ခဲ့ပါတယ်.. ထိုင်စရာဆိုင်တွေ ရွေးရင်းနဲ့ ဆိုင်ကောင်းကောင်း တစ်ဆိုင်ကို ရောက်ခဲ့ကြပါတယ်.. နာမည်ကတော့ Sweet Heart ပါ.. ကုန်သည်လမ်းဘေးမှာ ရှိပါတယ်..

အရင်က အဲ့ဒီဆိုင်နာမည်ကို ကျွန်တော်ကြားဖူးနေခဲ့ပေမဲ့ တစ်ခါမှ မရောက်ဖြစ်ခဲ့တာ၊ အခုမှ အရောက် နောက်ကျလေခြင်းဆိုပြီး.. ကိုယ့်ဘာသာကို တွေးမိတယ်.. ဆိုင်လေးက သီးသီးခပ်ခပ်လေး၊ ထင်တောင် မထင်မိဘူး.. တိုက်တစ်ခုရဲ့ ဘေးမှာ လမ်းလျှောက်ပြီးဝင်သွားရတယ်.. မိုးကလဲ ရွာနေတော့ အားလုံး တက်သုတ်ရိုက်ပြီး ဆိုင်ထဲကို ပြေးဝင်ခဲ့ကြတယ်လေ.. ကျွန်တော်ကတော့ Camera ထုတ်ပြီး တောင်ကြီးချယ်ရီမြေမှာ တင်နိုင်ဖို့ ဓာတ်ပုံရိုက်နေရသေးတယ်လေ..

တောင်ကြီးမြို့ရဲ့ ဆိုင်တော်တော်များများကို ရောက်ခဲ့ဖူးပေမဲ့.. ဒီဆိုင်လောက် ပြင်ပြင်ဆင်ဆင် လုပ်ထားတာ မတွေ့မိသလောက်ပဲ.. အဲ့ဒီမှာက အစားအသောက်အပြင် အခြား အလှအပတွေကိုလဲ ဂရုတစိုက် ပြင်ဆင်ထားတာ တွေ့ရတယ်လေ.. မီးရောင်ကတော့ Candle Light မျိုးရအောင် မီးလုံးတွေနဲ့ပဲ အလှဆင်ထားတာတွေ့ရတယ်.. သဘာဝသစ်သား၊ သစ်ပင်ထွက် အရာတွေနဲ့ပဲ ဆန်းသစ်နေအောင် ဆင်ယင်ထားတယ်လေ.. Unplug Show တွေလဲ ရှိတယ်.. ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာတော့ မရှိပါဘူး.. ညဘက်မှ ရှိတာနဲ့တူပါတယ်.. Bar တစ်ခုလဲ ရှိပါတယ်..

ထိုင်စရာနေရာတွေကလဲ အဆင်ပြေပြေနဲ့ သန့်သန့်ပြန့်ပြန့်ရှိပါတယ်.. ကျွန်တော်တို့တတွေလဲ မှာစရာ ရှိတာတွေမှာပြီး စကားတစ်ပြောပြောနဲ့ လာချမဲ့ နေ့လည်စာတွေကို စောင့်စားနေလိုက်ပါတယ်.. အပြင်မှာတော့ မိုးမည်းကြီးက မာန်ဟုန်ပြင်းပြင်းနဲ့ သောင်းကျန်းနေပြီလေ.. တဂျိန်းဂျိန်းနဲ့ အသံတွေနဲ့ရော၊ တဝေါဝေါနဲ့ ရေပေါက့်တွေနဲ့ရော၊ တချက်တချက် လျှပ်ပြတ်သွားတဲ့ အလင်းတန်းတွေနဲ့ရော မိုင်ကုန် ထစ်ချုန်းနေလေရဲ့..

Camera ကို Flash ဖွင့်ရိုက်တော့ လျှပ်စီးလက်တယ် အောင့်မေ့ပြီး.. Brother ကြီးတွေက လန့်သေးတယ်လေ.. အဲ့ဒါနဲ့ပဲ Flash ပိတ်ပြီးလိုက်ရိုက်လိုက်တာ ဘာပုံမှ မပေါ်ဘဲဖြစ်သွားလို့ ဓာတ်ပုံတွေ မဖော်ပြနိုင်တော့ဘူး..

အဲ့ဒီလိုနဲ့ စားစရာတွေ မလာမချင်း ကျွန်တော်တို့တတွေ လေကန်ကြတယ်.. တောင်ရောက်မြောက်ရောက် အကြောင်းအရာအစုံပါပဲ.. အာလူးပေးလို့ကောင်းနေတုန်း.. Sweet Heart ဆိုင်ခန်း၊ မိုးရေတွေ တဝေါဝေါနဲ့ ယိုကျပါတော့တယ်.. တစ်နေရာ၊ နောက်တော့ နှစ်နေရာ.. ဆိုင်က၀န်ထမ်းတွေ ပြာပြာသလဲ ဖြစ်ကုန်ကြပါတယ်.. မိုးကဘယ်လောက်တောင် ကြီးသလဲ ဆိုရင်တော့ အဲ့ဒီလောက်တောင်ပဲလို့ ပြောရမယ်..

ရေတွေကျလို့ ဆိုင်ကလူတွေ ပုန်းနဲ့ခံတဲ့သူကခံ.. ကြမ်းတိုက်တဲ့သူကတိုက်နဲ့ သူတို့တတွေလဲ ပျော်ပျော်ပါးပါးကြီး မိုးရေတွေ အပြင်မထွက်ရဘဲနဲ့ ဆော့နေကြပါရော.. ဆိုင်က Waitress တွေများတယ်.. ၀န်ထမ်းတွေက မိန်းကလေးတွေ အားလုံးနီးပါးပဲ.. Waiter တစ်ယောက် နှစ်ယောက်တော့ Bar မှာရှိပါတယ်.. ဒါပေမဲ့ မိန်းကလေး ဦးရေပိုများပါတယ်..

နောက်မကြာပါဘူး.. ကျွန်တော်တို့ မှာထားတာတွေ လာချပေးပါတယ်.. ပန်းကန်တွေ၊ ခွက်တွေကလဲ အမြင် ခပ်စန်းစန်းလေးတွေပါပဲ.. ဘုမသိဘမသိနဲ့ ကျွန်တော် Royal Cofe ဆိုတာ မှာလိုက်သေးတယ်.. Waitress ကတော့ ပြောပါသေးတယ်.. အဲ့ဒီမှာ အရက်ပါတယ်တဲ့.. ကျွန်တော်ကလဲ Angle Cafe လို နဲနဲပါးပါးပဲ ပါတာအောက့်မေ့လို့ ရတယ်လို့ ပြောလိုက်တာ လာချတော့မှ လန့်သွားရပါတော့တယ်..

Black coffee ကတစ်ခွက် ပြီးတော့ အရည်ကြည်ကြည်တွေ ထည့်ထားတဲ့ ခွက်သေးသေးတစ်ခွက်ရယ် သကြားခွက်တွေလာချပေးတယ်.. နောက်တော့ မီးခြစ်ပါယူလားပြီး.. အရည်ကြည်တွေထည့်ထားတဲ့ ခွက်ကို မီးရှို့ပါတော့တယ်.. စီနီယာကြီးတွေက အဲ့ဒါ မီးတောက့် အရက်လို့ ပြောတော့မှ ကျွန်တော်လဲ မှာမိတာမှားပြီလို့ တွေးမိတော့တယ်.. ပြာလဲ့လဲ့ မီးတောက်တွေက တော်တော်နဲ့ မငြိမ်းဘူး.. ကျွန်တော်ကတော့ မြင်ရုံနဲ့တင် တွန့်သွားပါတယ်.. ဘယ်လိုမှ သောက်လို့ မဖြစ်တော့တာသေချာတယ်.. မီးငြိမ်းလို့ အနံ့ခံကြည့်တာ ငယ်ငယ်က အရက်ပျံ အနံ့လိုမျိုးရတယ်လေ.. အဲ့ဒါနဲ့ပဲ အဲ့ဒါကို မတို့တော့ဘဲ.. မှာထားတဲ့ Cheese Burger တီးလိုက်ပါတော့တယ်..

ဒီလိုနဲ့ပဲ စကားပြောရင်း နေလည်စာ ပွဲလေးတစ်ခု ကျွန်တော်တို့ ရခဲ့ပါတယ်.. အားလုံးလဲ စားလို့ ပြီးရော ကျွန်တော်တို့ လမ်းခွဲဖို့ ဆိုင်ကနေ ပြန်ထွက်လာခဲ့ကြ ပါတော့တယ်.. အပြင်ရောက်တော့ သန့်ရှန်းတဲ့ရေရနံ့ လေကို ရှူရှိုက်မိရင်း ကြည်လင်လန်းဆန်းသွားပါတယ်.. မိုးရဲ့ ခြေရာတွေ ကတော့ ဟိုတစ်ကွက် ဒီတစ်ကွက်ပေါ့..

ရဲမြန်မာ


Read more!

Tuesday, August 21, 2007

မီးပုံပျံကွင်းသစ် ပထမအကြိမ် စမ်းသပ်လွှတ်တင်

မနေ့က ည ၇နာရီလောက်မှာ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် မီးပုံးပျံကွင်းသစ် လေကြောင်းစမ်းသပ်မှု ပထမအကြိမ် ပြုလုပ်ခဲ့ပါတယ်။ မီးပုံးပျံကွင်းသစ်ရဲ့ အခြေအနေကို စိတ်ဝင်စားသူ တော်တော်များများ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ ပထမဆုံး အကြိမ် စမ်းသပ်ပြီး မီးပုံးပျံလွတ်တင်တာမို့ လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ တကယ့် တန်ဆောင်တိုင်ပွဲလိုမျိုးတော့ မစည်ပေမဲ့ ဆိုက်ကယ်နဲ့ လာကြည့်ကြသူတွေရော၊ အနီးအနားက လာကြည့်ကြသူတွေနဲ့ တော်တော်လေး စည်ကားနေပါတယ်။

လွတ်တင်ဖို့ ရည်ရွယ်ထားတဲ့ မီးပုံးပျံက မီးကျီး အမျိုးအစား ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အဆင့် မီးပုံးပျံ အရွယ်အစား ဖြစ်ပြီး၊ ယမ်းအလေးချိန် ၁၇ပိသာ ကျော်တယ်လို့ သိရပါတယ်။ ကွင်းကျယ်ကြီးထဲမှာ ယာယီ ဆလိုက်မီးတွေ ထိုးပြီးတော့ ဆိုင်းသံတညံညံနဲ့ မီးပုံးပျံ အစမ်းလွတ်တင်ပွဲကြီး ကျင်းပခဲ့ပါတယ်။

မိုးတွင်းဆိုတော့ လေကလဲ တဝေ့ဝေ့တိုက်နေပါတယ်။ အေးစိမ့်မှုကတော့ ဆောင်းတွင်း သာသာပါပဲ။ လာရောက် ကြည့်ရှုကြတဲ့ လူအုပ်ကြီးကလဲ ဘာတွေဖြစ်မလဲဆိုတဲ့ အတွေးတွေနဲ့ မင်သက်တိတ်ဆိတ် နေပါတယ်။ ရှမ်းဒိုးသံကတော့ နောင်..ပိန်...နောင်နဲ့ ပျံလွင့်မြူးကြွ နေပါတယ်။

လေအနဲငယ်ငြိမ်တဲ့ အချိန်ကစပြီး မီးပုံးပျံကို မှိုင်းတိုက်ပါတယ်။ အဲ့ဒီလို မှိုင်းခံနေတဲ့ အချိန်မှာပဲ လေက ဝေ့၀ိုက် တိုးတိုက် လာပါတယ်။ မီးပုံးပျံကြီးလဲ ဟိုယိမ်းလိုက်၊ ဒီထိုးလိုက်နဲ့ လှုပ်ရှားရှုန်းကန်နေပါတယ်။ အဲ့ဒီလို မီးပုံးကြီး ရိန်းထိုးနေတာနဲ့ အမျှ ကြည့်ရှုနေသူ ပရိတ်သတ်တွေရဲ့ ဟင်၊ ဟာ ဆိုတဲ့ အားမလိုအားမရ အသံတွေက လိုက်လို့ ညံနေပါတယ်။ ရင်တလှပ်လှပ်နဲ့ အသဲတယားယား စောင့်ကြည့်နေကြပါတယ်။ မီးပုံးပျံ အဖွဲ့ဝင်တွေကလဲ မီးပုံးပျံအသား မီးမဟပ်အောင် ဟိုထိန်းဒီတည့် ဘေးကနေ လုပ်ပေးနေကြရပါတယ်။

မှိုင်းတွေ များလာတာနဲ့ အမျှ လေတိုးတာခံရပြီး၊ မီးပုံးပျံကြီး ဝေ့ရိန်းနေပါတယ်။ တာဝန်ရှိသူတွေကလဲ လေငြိမ်မှ ဆက်လွှတ်ဖို့ ပြောနေရင်းနဲ့ မီးပုံးပျံက မှိုင်းဝသွားပါတယ်။ မီးပုံးပျံ အဖွဲ့ဝင်တွေကလဲ မီးပုံးကြီးကို အလူးအလဲ လိုက်လံ ထိန်းသိမ်း နေရပါတယ်။ နောက် မီးဆရာက အောက်ကနေ မီးရှူးမီးပန်းတွေ ချိတ်မယ်လို့ ပြောပြီး၊ မီးပုံးပျံကြီးကို နေရာ ရွှေ့ဖို့ ကြိုးစားတဲ့ အချိန်မှာတော့ လေနီကြမ်းကြမ်းတစ်ခု ဝေ့၀ိုက်တိုက်ခတ်ပါတော့တယ်။ မီးအဖွဲ့သားတွေလဲ မီးပုံးပျံ လေဆွဲရာနောက် ကြိုးစားထိန်းလိုက်သွားသော်လဲ မီးပုံးပျံကြီးက အနီရောင် မီးတောက်တွေရဲ့ ၀ါးမျိုခြင်းကို ခံလိုက်ရပါတယ်။ ကြည့်နေကြသူအားလုံးလဲ "ဟာ ဟာ" ဆိုတဲ့ အသံတစ်ခုကိုသာ အော်မိရင်း အသက်ရှုရပ် မတက်ဖြစ်ကုန်ကြပါတယ်။

မီးပုံးပျံကြီးတစ်ခုလုံးကို မီးတောက်တွေက ထက်ပိုင်းဖြတ်ပြီး၊ လောင်မြိုက်ပစ်လိုက် ကြပါတယ်။ အနားမှာ အဆင်သင့် စောင့်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ကားနဲ့ ရေထိုးဖျန်းလိုက်တော့မှပဲ မီးတောက် ရောင်တွေ ပျောက်ကွယ်သွားပါ တော့တယ်။ လာကြည့်ကြတဲ့ ပရိတ်သတ်လဲ မီးရှုးမီးပန်း အလှ မတွေ့လိုက်ရဘဲ အားမလို အားမရဖြစ်ကာ၊ နှမြောတသခြင်း ကြီးစွာနဲ့ အလာလမ်းကို လှည့်ပြန်ခဲ့ကြပါတယ်။ အလှတရားတွေ မပြလိုက်ရတဲ့ မီးပန်းခွေကြီးကတော့ ပြန်လည်ထုတ်ပိုးခြင်း ခံလိုက်ရပါတယ်။ နောက် ဒုတိယ အကြိမ်အထိ သူငြိမ်သက်စွာနဲ့ စောင့်နေရ ပေလိမ့်ဦးမယ်။

တကယ်တော့ လေကြောင်းက မမှန်းဆထားတဲ့ နေရာကနေ တိုက်ခတ်နေပြီး၊ ပြင်ဆင်မှုတွေ မရှိခဲ့ဘဲ အလောကြီးသွားတဲ့ အတွက် ဆုံးရှုံးသွားခြင်း ဖြစ်ပါတယ်။ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလိုမျိုး ခံစားလိုက်ရရင်း အပြန်လမ်းမှာ ရှမ်းအိုးစည်သံတွေ ကြားရောင် နေမိပါတော့တယ်။

သေချာပါတယ်။ နောက်တစ်ကြိမ်မှာ တောင်ကြီးသားတွေ လေရူးကို အံတုလို့ အနိုင်ယူကြပါလိမ့်မယ်။


Read more!

Monday, August 20, 2007

At The Peak


တောင်ကြီးရဲ့ တောင်တွေထဲက မြို့တောင်ဘက်ခြမ်းမှာ ရှိတဲ့ အမြင့်ဆုံးတောင်တစ်ခုနဲ့ ဘုရားကို ကျွန်တော်တို့ သူငယ်ချင်းတစ်စု မနေ့ မနက်က ရောက်ဖြစ်ခဲ့ ကြတယ်လေ.. နေရာက တောင်ကြီးဘူတာရုံ နောက်ဘက် တောင်တန်းရဲ့ အမြင့်ဆုံးတောင်ပေါ့.. ဒီနှစ်ကျင်းပမဲ့ တန်ဆောင်တိုင်မီးပုံးကွင်းအနားမှာပေါ့.. Virtual Tour လေး သွားကြည့်လိုက်ပါဦး.. တောင်ရဲ့ နာမည်နဲ့ စေတီရဲ့ နာမည်ကိုတော့ မသိလို့ မဖော်ပြနိုင်တော့ပါဘူး.. အဲ့ဒီဘုရားတောင်ကတော့ အဲ့ဒီနေရာမှာ တောင်ချွန်းပြီးရင် အမြင့်ဆုံးပါပဲ.. မြောက်ဘက်က အမြင့်ဆုံးတောင် (ရန်ကင်းစေတီ)၊ တောင်ဘက်က အမြင့်ဆုံးတောင် (အခုတောင်)၊ အလယ်က အမြင့်ဆုံးတောင် (ရွှေဘုန်းပွင့်ဘုရား) ပုံတွေ ဖော်ပြပြီးပြီဖြစ်ပါတယ်..


Read more!

စိန်ထမင်းဆိုင်

မရန်ကုန်သူ တောင်းဆိုထားတဲ့ စိန်ထမင်းဆိုင်ပုံပါ.. ကိုယ်တိုင် ၀င်မစားဖြစ်ခဲ့သေးလို့ အတွင်းပိုင်းကိုတော့ ဓာတ်ပုံ မရိုက်ဖြစ်လိုက်ပါဘူး..


Read more!

Saturday, August 18, 2007

U & Me

ထိုင်လို့ကောင်းသောဆိုင်များ ဆိုပြီး တောင်ကြီးချယ်ရီမြေမှာ မိတ်ဆက်ပေးလာခဲ့တာလဲ.. တော်တော် ခရီးရောက် နေပါပြီ.. ဒါပေမဲ့လဲ တောင်ကြီးမြို့မှာ ဆိုင်ကောင်းကောင်းတွေက အများကြီးကျန်နေပါသေးတယ်.. ကျွန်တော်တို့ တတွေလဲ တစ်ခါတစ်ခါ စုံဖြစ်ကြရင် မထိုင်ဖူးသေးတဲ့ ဆိုင်တွေကိုရှာပြီး ထိုင်ဖို့ကြိုးစားရင်းနဲ့ နေရာအနှံ့လဲ ရောက်ဖူးနေကြပါပြီ..

အခုတစ်ခါလဲ ကျွန်တော်တို့ စုံပြီး မသွားဖြစ်သေးတဲ့ U & Me ဆိုတဲ့ဆိုင်ကို မနေ့က သွားဖြစ်ခဲ့ပါတယ်.. မွေးနေ့ပွဲလေး အနေနဲ့ပေါ့..

အဆိုအတီး ဘာမှ မရှိပါဘူး.. အစားအစာတွေကို အဓိကထားတဲ့ ဆိုင်တစ်ဆိုင်ပါ.. သန့်သန့် ပြန့်ပြန့်လေး ရှိပါတယ်.. အတွင်း၊ အပြင် နေရာ ၂မျိုးလုံးမှာ ထိုင်လို့ရရှိပါတယ်.. ကျယ်ကျယ်ဝန်းဝန်းလဲ ရှိပါတယ်.. အစားအစာတွေကလဲ ပြင်ပြင်ဆင်ဆင် လုပ်ထားပါတယ်.. နေရာထိုင်ခင်းကလဲ မဆိုးပါဘူး.. အတော်လေး ထိုင်ပြီး.. စားသောက်လို့ကောင်းပါတယ်..

အရှေ့မြို့ပါတ်လမ်းဘေးမှာ ရှိတဲ့အတွက်.. တောရိပ်တောင်ရိပ်ကိုလဲ ခံစားလို့ ရပါတယ်.. ကားတွေ ယဉ်တွေလဲ ရှုပ်မနေတဲ့ နေရာမှာ ရှိပါတယ်.. မြို့ပြနဲ့ သီးခြားနေရာလေးလိုမျိုး တိတ်တိတ်ဆိတ်ဆိတ်၊ အေးအေးမြမြလေး ရှိပါတယ်.. Burger House မူရင်းဆိုင်လိုပဲ အရှေ့ဘက်မျက်နှာမှာတော့ ရှမ်းရိုးမတောင်တန်းကြီး နောက်ခံရှိပါတယ်.. ညနေဘက်ဆိုရင်တော့ အခုလို ရာသီဥတုမျိုးမှာ အေးစိမ့်နေမှာ အမှန်ပါပဲ..

နေ့လည်ဘက်တော့ လူရှင်းပါတယ်.. ကျွန်တော်တို့ သွားတုန်းက Customer တွေ ရှိမနေပါဘူး.. အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နဲ့ စကားပြောလိုက်၊ စားလိုက်နဲ့ ဆိုင်က လူတွေအားလုံးက ကျွန်တော်တို့ ချည်းပဲ သီးသန့် ပြင်ဆင် လုပ်ပေးနေသလိုတောင် ထင်ရပါတယ်.. :)

ညနေဘက်လိုမျိုးမှာတော့ဆိုင်က လူပြည့်တတ်ပါတယ်.. Party လိုမျိုး လုပ်မယ်ဆိုရင်တော့ U & Me ကို ရွေးသင့်တယ်လို့ ထင်တာပါပဲ.. ကျယ်ကျယ်ဝန်းဝန်း လေးရှိတယ်လေ..

တောင်ကြီးမြို့ရောက်လို့ လူများများနဲ့ ကောင်းကောင်းလေး စားသောက်လိုတယ် ဆိုရင်တော့ U & Me ဆိုတဲ့ ဆိုင်လေးရှိကြောင်း လက်တို့ပြီးတော့ အသိပေးလိုက်ပါတယ်.. :)

နေရာကတော့ Burger House ဆိုင်ရဲ့ တောင်ဘက်ကို ဆက်သွားလိုက်ရင် သိပ်မဝေးတဲ့ အရှေ့မြို့ပါတ်လမ်း ဘေးမှာ ရှိပါတယ်..


Read more!

ကျောင်းတော်သာများ

အ.ထ.က(၁)

အ.ထ.က(၂)*

အ.ထ.က(၃)

အ.ထ.က(၄)

အ.ထ.က(၅)*

အ.ထ.က(၅)*

အ.ထ.က(၆)

အ.ထ.က(၇)
ကျောင်းပုံလေးတွေ တင်ပေးဖို့ တောင်းဆိုထားသူများအတွက်ပါ.. ဘာကို ရိုက်ပြရမှန်း မသိတာနဲ့ဘဲ ၀င်ပေါက်တွေကိုပဲ ရိုက်ပေးလိုက်ပါတယ်.. အချိန်ကတော့ ထမင်းစား ဆင်းချိန်လေးပါ..
အ.ထ.က တွေ ဘယ်နှစ်ကျောင်းရှိမှန်း၊ ဘယ်နားမှာ ရှိမှန်း သေချာမသိတဲ့အတွက် စုံအောင်တော့ မရိုက်ဖြစ်လိုက်ပါဘူး..

* ပြထားတဲ့ ကျောင်းတွေကတော့ အရင်တစ်ခါက မပါတဲ့ ကျောင်းပုံတွေ ဖြစ်ပါတယ်.. အချိန်ကတော့ ညနေဘက် ကျောင်းဆင်းပြီးချိန်လေးပါ.. အားလုံးပြည့်စုံပြီလို့ ယူဆပါတယ်.. :)


Read more!