Wednesday, August 8, 2007

``အမဲ့ထမင်းသုပ်´´

တောင်ကြီးအိမ်မှာပေါ့…
တစ်ရက်က…ထမင်းစားလို့မကောင်းဘူ
းလို့ဆိုပြီး

ညီမတို့မောင်နှမတစ်စုက မဲ့မဲ့ကို ထမင်းသုပ်..သုပ်ကျွေးခိုင်းခဲ့ဖူးတယ်…
အဲဒီတုန်းက…မဲ့မဲ့ စိတ်ရှည်လက်ရှည် သုပ်ကျွေးခဲ့တဲ့ထမင်းသုပ်လေးကို
ညီမက `အမဲ့ထမင်းသုပ်´လို့ နာမည်ပေးထားတယ်..

မဲ့မဲ့က ထမင်းသုပ်တော့မယ်ဆိုရင်..
မိသားတစ်စုလုံးစားဖို့ချက်ထားတဲ
့ထမင်းတွေကို
လင်ပန်းတစ်ခုထဲကိုထည့်..

ထမင်းပေါ်ကနေ ပဲပုတ်မီးဖုတ်ကို ညက်ညက်လေးထောင်းပြီးထည့်..
( ပဲပုတ်…. အိမ်မှာစားနေကျ ပဲပုတ်ဆိုတာက ဟိုပုံးဈေးကနေ တကူးတကမှာထားတဲ့ ဟိုပုံးပဲပုတ်ပြားဆိုတော့
မီးကင်လိုက်တာနဲ့ သူ့အနံ့က သွားရည်ကျချင်စရာ… )

ပြီးတော့ ခရမ်းချဉ်သီးနဲ့ ဂျူးမြစ်ကိုတော့ သေးသေးလေးညှပ်ပြီးထည့်…

ငရုတ်သီးမှုန့်ကြော်ကို စပ်စပ်လေးဖြစ်အောင် များများလေးထည့်..
( အဲဒီမှာ.. ညီမတို့အိမ်က ငရုတ်သီးမှုန့်ကြော်ပုံကို နဲနဲလေးပြောပြချင်တယ်…
ကိုယ်တိုင်ထောင်းထားတဲ့ ငရုတ်သီးမှုန့်ကို ခွက်ထဲထည့်ထား..
ဆီကို ကျက်ကျက်လေးဖြစ်အောင်ချက်ပြီး ငရုတ်သီးခွက်ထဲကို လောင်းထည့်လိုက်တာမျိုး…
အဲဒီအခါ ဆီပူရဲ့အရှိန်နဲ့ သူ့ဟာသူ ကျက်သွားတဲ့ ငရုတ်သီးမှုန့်ကြော်ဟာ..
မီးပေါ်တင်ကြော်ထားတဲ့ ငရုတ်သီးမှုန့်ကြော်ထက်ကို ပိုပြီးစားကောင်းသလိုပဲ… )

ပြီးတော့ ဆီ… ဆီကို ထမင်းထဲကို လောင်းထည့်ပြီး
( ဆီဆိုတာကလည်း ဖွားဖွားဆီကနေ ခက်ခက်ခဲခဲတောင်းယူထားရတဲ့…
အသုပ်သုပ်စားတဲ့အခါသုံးဖို့ သီးသန့်ဖယ်ထားတဲ့… ပဲဆီဆုံဆီစစ်စစ် )

နောက်ဆုံး…ဆားကို အနေတော်ဖြစ်အောင်ထည့်..
ပြီးတော့…. အားရပါးရ နယ်လိုက်တယ်…

ထမင်းသုပ်နဲ့ ကပ်စားဖို့ဆိုပြီး…
ဂျူးမြစ်တွေကိုလည်း တစ်မျှင်ချင်းခွာပြီး ဆေးထားတယ်…

ပြီးတော့ ပင်လောင်းလက်ဖက်ခြောက်ကို ကျက်အောင်လှော်ပြီး
အခါးရည် (ရေနွေးကြမ်း) တစ်အိုး ခပ်ထားတယ်…

ပြီးသွားတဲ့အခါ… ပဲပုတ်ရယ်… ပဲဆီမွှေးရယ်… ခရမ်းချဉ်သီးရယ်.. ငရုတ်သီးကြော်ရယ်..
အားလုံးရဲ့အနံ့တွေပေါင်းပြီး မွှေးလှိုင်နေတဲ့… အမဲ့ထမင်းသုပ်ကို
မိသားစုတတွေအားလုံး ၀ိုင်းထိုင်ပြီး မြိန်ရည်ယှက်ရည် လွေးကျပါလေရော…
သီချင်းထဲမှာကြားခဲ့ဖူးတဲ့ လက်ရည်တပြင်တည်း ဆိုတာမျိုးပေါ့…

မွှေးလိုက်တာ…
ကောင်းလိုက်တာ…
စားချင်လိုက်တာ…
သတိရလိုက်တာ…
ခုတောင် ညီမစာရေးရင်းနဲ့.. သွားရေကျမိတဲ့အထိကို
အမဲ့ထမင်းသုပ်က ညီမရဲ့စိတ်ထဲကို စွဲနေမိပါတယ်…

ခုထိလည်း ညီမတစ်ယောက် အိမ်ကိုသတိရတဲ့အခါမျိုး… ထမင်းနဲ့ဟင်းကို စားရတာ ညီးလာတဲ့အခါမျိုးတွေမှာ..
အမဲ့ထမင်းသုပ်လိုမျိုး အမြဲသုပ်စားလေ့ရှိပါတယ်…

အမဲ့ထမင်းသုပ်ကို ဖိုးဖိုးကတော့ ထမင်းချဉ်တုတ်ထိုးလို့ခေါ်တယ်..
ဒါပေမယ့်… ဖိုးဖိုးသာ သေဆုံးသွားခဲ့တယ်…
ဘာကြောင့် အဲဒီလိုခေါ်တယ်ဆိုတာကိုတော့ ညီမ မမေးလိုက်ရပါဘူး…


P.S. ဒီ`အမဲ့ထမင်းသုပ်´အကြောင်းကို ရေးဖြစ်ရတဲ့အကြောင်းကတော့..
စားသောက်ဆိုင်တစ်ဆိုင်မှာတွေ့ခဲ
့ရတဲ့… ပဲပုတ်ထမင်းဆိုတဲ့ Menuလေးကြောင့်ပါ…
အဲဒီMenu ကိုမြင်လိုက်တာနဲ့ ညီမစိတ်ထဲ ချက်ချင်းသတိရသွားမိတာက..
အမဲ့ထမင်းသုပ်လေးကိုပါပဲ..
အမယ်လည်းသိပ်မများ… လုပ်ကိုင်ရတာလည်း လွယ်လွယ်ကူကူ… အားလုံးလည်း စိတ်ဝင်စားကြမယ်ထင်လို့…
ညီမဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်..