Thursday, August 2, 2007

သိစေချင်ပါသည်

အင်းသားလူမျိုးများကို ညီမ အရမ်းချစ်ပါသည်.....
အင်းလေးမှာ မကြီးပြင်းခဲ့ရပေမယ့် အမိအဖတွေက အင်းသားလူမျိုးစစ်စစ်တွေဖြစ်နေတော့....
ညီမကလည်း ကိုယ့်ကိုယ်ကို..အင်းသားလူမျိုးတစ်ယောက်လို့ပဲခံယူပါသည်...
တစ်ခုပဲရှိသည်... တောင်ကြီးမြို့မှာမွေး တောင်ကြီးမြို့မှာပဲ ကြီးပြင်းခဲ့ရတဲ့ ညီမ....
အင်းသူအင်းသားတွေကြား ရောက်ခဲ့လျှင် မျက်နှာငယ်ရသည်..
ညီမ အင်းသားစကားကို လုံးဝမပြောတတ်ခဲ့သောကြောင့်ဖြစ်သည်...
ဘာကြောင့်မှန်းတော့ အတိအကျမသိခဲ့.. ညီမ
အင်းသားစကားပြောဖို့ကြိုးစားခဲ့လျှင် နှုတ်ကအလိုလို ဆွံ့အ နေခဲ့မိသည်...
ငယ်ငယ်ကလေးထဲက ပြောခဲ့မိရင်အကောင်းသားဟု မကြာခဏတွေးမိခဲ့ပါသည်...
သို့သော်...ပြောဖို့ကြိုးစား၍မရတာတော့.. ညီမရဲ့အားနည်းချက်တစ်ရပ်ပင်ဖြစ်သည်...
အင်းသားလူမျိုးများ စကားပြောလျှင် လေသံဝဲ၀ဲလေးနှင့် အလွန်နားထောင်ကောင်းပါသည်...
`တို့မေတို့ဖေ
´ ကို `တော့မဲ့ တော့ဖ´..... `ထမင်းစားပြီးပြီလား´ ကို
`မန်းစားဝေါ့လား
´ အစရှိသဖြင့်...ဒေသသံဝဲ၀ဲနှင့် သုံးနှုန်းပြောဆိုကြပါသည်..
အင်းသူအင်းသားများ စကားပြောရာတွင် ကကြီး`က
´ နှင့် ခခွေး `ခ´သံကို ရိုးရိုးမသုံးနှုန်းကြ....
ခြေထောက်ကို `ခရေထောက်
´၊ `ကျိုးတယ်´ကို `ကရိုးတယ်´ဟု ပြောဆိုလေ့ရှိတတ်သည်..
အကြမ်းအားဖြင့် အင်းသားစကားအသုံးအနှုန်းများသည်...မြန်မာစကားအသုံးအနှုန်းအတိုင်းသာဖြစ်ကြသည်..
အင်းသားစကားသည် ထားဝယ်စကားပြောဟန်နှင့် တော်တော်ကိုတူညီသည်ဟုလည်း ကြားဖူးပါသည်...
အင်းသားစကားအသုံးအနှုန်းနှင့်ပတ်သက်ပြီး ပုံပြင်လိုလို... ဟာသလိုလို...ဇာတ်လမ်းလေးတစ်ပုဒ်လည်း ကြားဖူးသည်..
တစ်ခါက အင်းလေးကို ညအိပ်အလည်လာသော ဧည့်သည်တစ်ယောက်အကြောင်းဖြစ်သည်..
တည်းခိုသော ညတစ်ည... အိပ်ရာဝင်ခါနီးတွင် အိမ်ရှင်ပြောသော စကားတစ်ခွန်းကြောင့် ထိုဧည့်သည်
အိပ်ရေးပျက်ခဲ့ရဖူးသည်ဟူ၏..
အိမ်ရှင်ပြောသောစကားမှာ... "လှေခါးခေါင်းမှာ ရေကျားရှိတယ်နော်" ဆိုသည့်စကား ဖြစ်ပါသည်..
အိမ်ရှင်ဆိုလိုသည်မှာ... ညဖက်တစ်ရေးနိုးလို့ ရေသောက်လိုပါက လှေကားထိပ်တွင် ရေအိုးစင် ရှိသည် ဟူသော.. အဓိပ္ပါယ်ဖြစ်ပါသည်... ဧည့်သည်ခမျာ.. ဆိုလိုရင်းကို နားမလည်ပဲ... လှေကားထိပ်တွင် ရေကျားဆိုသည့် သတ္တ၀ါတစ်ကောင်ရှိသည်ဟု အတွေးပေါက်သွားပြီး...
ထိုညတစ်ညလုံး သတိနှင့် အိပ်ရသောကြောင့် ကောင်းကောင်းအိပ်မပျော်ခဲ့ရဟူသေ
ဇာတ်လမ်းလေးဖြစ်ပါသည်...
ညီမကိုယ်တိုင်လည်း ငယ်ငယ်က အင်းလေးရှိအဒေါ်တစ်ယောက်အိမ်သို့ အလည်သွားခဲ့ရာ...
ပြောစမှတ်ဖြစ်ခဲ့ရသော အကြောင်းလေး ရှိခဲ့ဖူးပါသည်.. အဖြစ်အပျက်ကို သေသေချာချာတော့ မမှတ်မိတော့...
အဒေါ်ဖြစ်သူက သူ့သမီးကို
"မယ်မီး...မုန့်စိမ်းသွားယူ...." ဟူသောပြောစကားကို... ညီမကကြားပြီး...
မုန့်စိမ်းဆိုသည်ကို မုန့်တစ်ခု၏အမည်ဟုထင်မှတ်ကာ... "ဒေါ်ဒေါ်...သမီးလည်း.. အဲဒီမုန့်စိမ်းဆိုတာ စားချင်တယ်"ဟု အတင်းငိုယိုပူဆာခဲ့ဖူးသည်...
ညီမပူဆာနေသည်ကို မြင်သော အခြားလူကြီးများအားလုံး အူတက်မတတ်
ဝိုင်းရယ်ကြသည့် မြင်ကွင်းကိုမူ ဒီနေ့ထိ ညီမမမေ့နိုင်...
အဲဒီနောက်မှ အဒေါ်ဖြစ်သူက ငိုယိုပူဆာနေသောတူမဖြစ်သူအား
စိတ်ရှည်လက်ရှည်ရှင်းပြသောအခါ...
အမှန် "မုန့်စိမ်း" ဆိုသည်မှာ... "တံမြက်စည်း"ကို ဆိုလိုမှန်း သိရတော့သည်...
"အမှိုက်"ကို "အမုန့်"..... "သိမ်းသည်"ကို
"စိမ်းသည်" ....
"အမှိုက်သိမ်းသည့်တံမြက်စည်း"ကို "အမှိုက်သိမ်း"
"အမုန့်စိမ်း" "မုန့်စိမ်း"ဟု ခေါ်ဝေါ်သုံးစွဲကြဟန်ရှိပါသည်...
ထိုအဖြစ်အပျက်ကလေးမှာ ညီမတို့မိသားစုအတွင်း ယနေ့အထိ ပြောစမှတ်ဖြစ်နေသော
အဖြစ်ကလေးဖြစ်ပါသည်... အဖြစ်ကလေးကတော့ ဘာရယ်မဟုတ်ခဲ့ပေမယ့် ... ညီမအတွက်တော့
အားလုံးဝိုင်းဟားကြတာကိုခံခဲ့ရလို့လားမသိ... ယနေ့အထိ အမှတ်ရနေဆဲ.. အင်းသားစကားပြောမည်လုပ်တိုင်း ၀ိုင်းဟားနေကြသည်ကို ပြေးပြေးမြင်ပြီး နှုတ်မှထွက်မရဖြစ်နေသည်ဟုပင် ကိုယ့်ကိုယ်ကို သံသယရှိခဲ့ပါသည်..
မည်သို့ပင်ဖြစ်စေ.... ရှမ်းပြည်နယ်၏အထင်ကရ အင်းလေးဒေသဖွား အင်းသားလူမျိုးထဲမှ ပေါက်ဖွားလာသော သူတစ်ယောက်....
အင်းလေးမှာ မမွေးဖွား မကြီးပြင်းခဲ့ရပေမယ့် .....
အင်းသားလူမျိုး တစ်ယောက် ဖြစ်ရသည်ကိုမူ
ညီမ ဂုဏ်ယူခဲ့ပါသည်...
မည်သူတစ်ဦးတစ်ယောက်ပင်ဖြစ်စေ
"ဘာလူမျိုးလဲ" ဟုမေးလာသောအခါ....
"အင်းသားလူမျိုးပါ"...
"ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသမှာနေတဲ့လူမျိုး"...
"အင်းသားလူမျိုးစစ်စစ်ပါ" ဟု ဂုဏ်ယူစွာဖြေမိမည်ဆိုတာကတော့ သေချာပါသည်...
အင်းသားလူမျိုးများကို ညီမ အရမ်းချစ်ပါသည်.....