Saturday, May 24, 2008

သို့

သူငယ်ချင်း . . .
အဲဒီနေ့က ငါတို့ အတူခရီးထွက်ခဲ့ ကြတယ်
မင်းလဲ ဒါက ဘဝ ငါလဲ အဲဒီမှာ အစပေါ့ ။
အခုတော့
မင်းလဲ သူစိမ်းတွေ အလယ်မှာ
ငါလဲ သူစိမ်းတွေ နယ်မှာ ။

ဆေးလိပ်တစ်လိပ်ကို ဝေမျှ ငါတို့သောက်ခဲ့ကြဖူးတယ်
မင်းက စာရင်းတွေရေး ငါက စိတ်ဦးတည့်ရာတွေးရင်းပေါ့ ။
အခုတော့
ရုပ်ဝတ္ထုအသင့်အတင့် ပြည့်စုံပါရဲ့
အရင်လိုမှ မနွေးထွေးတာ ။

ရေချိန်လွန်တဲ့ညတွေမှာ ကိုယ်ပြန်ရမယ့်လမ်း
စမ်းတဝါးဝါးနဲ့ ပျောက်ခဲ့ကြဖူးတယ် ။
အခုတော့
ဦးတည်ရာမဲ့ ငါတို့ဘဝတွေ
မဖြစ်စေနဲ့တော့ ။

တစ်နေ့နေ့တော့ ပြန်ခဲ့မယ်
တောင်ပေါ်မြို့ကလေးရဲ့ ညနေခင်း လေညှင်းခံဖို့
ဟန်ဆောင်အပြုံးတွေ ခွာချဖို့
ပြောင်းလဲခြင်းရဲ့ နောက်ကွယ်တွေ ဖလှယ်ဖို့
ငြီးငွေ့မှုတွေ တဒင်္ဂမေ့ထားဖို့
မညည်းဖြစ်တော့တဲ့ သီချင်းတွေ ပြန်ဆိုဖို့
ခဏလောက်ပဲဖြစ်ဖြစ်
ပြန်ကြမယ်လေ
သူငယ်ချင်း . . .

2 comments:

ရေစီးကြောင်း said...

i like it

Anonymous said...

TGI myo` lout bae nay yar mha ma pyaw boe` ma kg woo, ma nyawee htawee bar woo byar