Friday, October 10, 2008

တောင်ကြီး၊ စင်ကာပူ နဲ့ အောက်တိုဘာည

အဝေးရောက်နေသူ အချင်းချင်း ဆုံစည်းနိုင်ဖို့နဲ့ တောင်ကြီးအလွမ်းပြေအဖြစ်၊ တောင်ကြီးမြို့တည် ၁၁၄ နှစ်ပြည့် အထိမ်းအမှတ် စင်မြင့်ဖျော်ဖြေပွဲကို အောက်တိုဘာလ (၅) ရက်နေ့ည စင်ကာပူနိုင်ငံရှိ NTUC Centre မှာ ကျင်းပခဲ့ ပါတယ်။ အဆိုတော်တွေက ဘိုဖြူ၊ ဟန်ထွန်း၊ မောင်မောင်ဇော်လတ် နဲ့ အစိုင်း(Blackhole)။ တီးခတ်ပေးတာက တောင်ကြီးသားတွေရဲ့ Symphony 4712 Band ပါ။

ပထမပိုင်းမှာ ဟန်ထွန်းရဲ့ အတိတ်ရင်ခွင်နဲ့ စပြီး အဆိုတော် တစ်ယောက်ကို လေးပုဒ်စီ သီဆို ဖျော်ဖြေပါတယ်။ ပထမပိုင်း အပြီးမှာ တောင်ကြီးမြို့ရဲ့ ဓါတ်ပုံတွေကို ပရိုဂျက်တာနဲ့ ပြပါတယ်။ ပြီးတဲ့နောက်မှာ "ကျွန်တော် ဒီကို ရောက်တာ သုံးရက်ပဲ ရှိသေးတာတောင် အိမ်ကိုလွမ်းတယ်" ဆိုတဲ့ ဟန်ထွန်း နဲ့ အစိုင်းက အမေ့အိမ် သီချင်း ကို စတင် သီဆိုပါတယ်။ အဲဒီသီချင်းမှာပဲ မောင်မောင်ဇော်လတ် က ဟာမိုနီ ကူညီ သီဆိုပေး ပါတယ်။ နောက်ထပ် အလှည့်ကျ သီဆိုကြရင်း လတ်တီး သီချင်းနဲ့ ဘိုဖြူက ဖျော်ဖြေတဲ့ အချိန်မှာတော့ လက်ခုပ်သံတွေ နဲ့အတူ ပျော်ရွင်စွာ ကကြတာ အင်မတန်မှ ကြည်နူးဖို့ကောင်းပါတယ်။ ပွဲပြီးဆုံးဖို့ သတ်မှတ်ထားတဲ့ အချိန် ရောက်တဲ့အထိ ပရိသတ်ကလဲ မပြန်ချင်၊ အဆိုတော်တွေကလဲ ထပ်မံ ဖျော်ဖြေ ပေးချင်တာနဲ့ ဆက်လက် သီဆိုကြပါ တယ်။ အစိုင်းက တစ်ခါ သီဆိုပြီးသား သနပ်ခါး သီချင်းကိုပဲ ပရိသတ်နဲ့ အတူစင်အောက်မှာ သီဆိုပါတယ်။ နောက်ဆုံး ဘိုဖြူ ရဲ့ လတ်တီး သီချင်းကိုပဲ အခေါက်ခေါက် ပြန်ကျော့ပြီး ပရိသတ်တွေရော၊ အဆိုတော် နဲ့ အတီး သမားတွေပါ ပျော်ရွှင်စွာ သီဆိုကခုန်ကြရင်း အခမ်းအနား ပြီးဆုံးသွားခဲ့ ပါတယ်။


No comments: