Wednesday, October 17, 2007

တောင်ကြီးတန်ဆောင်တိုင်ဘယ်ကစ

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် ယခင်ခေတ်များကပင် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပခဲ့ကြသည်။ တောင်ကြီးမြို့ကို အင်္ဂလိပ်ခေတ်ကာလ ၁၈၉၄ ခုနှစ် စတင် တည်ထောင်ခဲ့သည်။ ယင်းကာလ တန်ဆောင်တိုင်ပွဲတော်ကို ကျယ်ကျယ်ပြန့်ပြန့် မကျင်းပကြသေးပေ။ မီးထွန်းခြင်း ၊ မီးရှူးမီးပန်းလွတ်ခြင်း ၊ ဗျောက်အိုး များသာရှိပါသည်။ ယင်းကာလ တောင်ကြီးမြို့တွင် နေသူများသည် ရပ်ရွာအတွင်းမှ မကောင်းဆိုးဝါးများ နှင်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဗျောက်အိုးများဖောက်ကြကြောင်း မှတ်သားဖူးပါသည်။ တန်ဆောင်တိုင်ကာလတွင် တာဝတိံသာ နတ်ပြည်မှ ကြွမြန်းလာသည့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ မီးပုံးပျံလွတ်တင် ပူဇော်သည့် အမှုကို ဆောင်ရွက်ကြသည်။ ထိုပြင် တာဝတိံသာ နတ်ပြည်၌ သကြားမင်းတည်ထားကိုးကွယ်သော စူဠာမုဏိစေတီတော်အား ပူဇော်သည့် အမှုအဖြစ် မှတ်ယူကာ မီးပုံးပျံပူဇော်ခဲ့ကြသည်။

တောင်ကြီးမြို့တွင် ဒုတိယ ကမ္ဘာစစ်မဖြစ်မှီ တနှစ် အလိုတွင် မီးပုံးပျံလွှတ်ခဲ့ကြောင်း မှတ်သားရပါသည်။ မြန်မာ သက္ကရာဇာ် ၁၃၀၃ တန်ဆောင်မုန်းလ တွင် တောင်ကြီးမြို့ မြို့မရပ်ကွက်ရှိ ကုန်းသာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးစီး၍ ပိတ်သားဖြင့် ပြုလုပ်ထားသည့် မီးပုံးပျံကြီးတစ်ခုကို လွှတ်တင်ခဲ့သည်။ မီးပုံးပျံ ချုပ်လုပ်ရာတွင် ကူညီကုန်းရပ်ကွက် နေ စာရေးကတော်ဒေါ်သင့် နှင့်အဖွဲ့က အပ်ချုပ်စက် ၃၀ ဖြင့် တစ်လတိတိချုပ်လုပ်ခဲ့သည်။ မီးပုံးပျံချုပ်ရာတွင် ကိုက် ၄၀ ပါ ပိတ် ၄၀ အုပ်ခန့် ကုန်သည်။ မီးပုံးပျံကြီး အောင်မြင်စွာ လွှတ်တင်နိုင်ရန် ကုန်းသာဘုန်းကြီးမှ ဦးစီး၍ ဦးထား ၊ ဦးချစ်နှင့် တစ်မြို့လုံးမှ ကာလသားများ လုပ်အားဖြင့် မီးပုံးပျံကြီးကို လုပ်ဆောင်ခဲ့သည်။

မီးဇာ အမာခံကို သံဖြင့်ပြုလုပ်၍ သင်္ကန်းစုတ်များကို ပတ်ချည်ကာ ရေနံချေးဝအောင် စိမ်ပြီးမှ မီးဇာလုပ်ခဲသည်။ မီးဇာကျစ်ခြင်းကို မြေဖြူတောင် ရပ်ကွက်မှ သစ်ပင်ခုတ်သူ ဦးလှဖေမှ စီမံဆောင်ရွက်ပေးခဲ့သည်။ မီးပုံးပျံ ခေါင်အချင်းမှာ ခန့်မှန်း ပေ ၅၀ ခန့်ရှိနိုင်ပါသည်။ ယင်းမီးပုံးပျံမှာ ယခုခေတ်မီးပုံးပျံထက် ကြီးမားသည်။ အောက်ဆွဲအဖြစ် လူအသုံးဆောင်ပစ္စည်းများဖြစ်သော ဆန်အိတ် ၊ ဆီပုံး ၊ ထမင်းချိုင့် ၊ ထီး စသော ပစ္စည်းများ ချိတ်ဆွဲထားသည့်အပြင် လောကပါလ နတ်မင်းကြီး ၄ ပါး စက္ကူရုပ်များလည်း ချိတ်ဆွဲထားသည်။ နတ်မင်းကြီး ၄ ပါးတွင် တစ်ပါးလျှင် ယင်းခေတ်က မြန်မာငွေ ၂၅ ကျပ်စီ လက်ထဲတွင် ကန်တော့ ပုံပြုလုပ်၍ လိပ်ထည့်ထားသည်။

ပိတ်သားမီးပုံးပျံကြီးမှာ အရွယ်အစားကြီးမားသဖြင့် လိုအပ်သော မှိုင်းကိုရရှိရန် ကုန်းသာဘုန်းကြီး ကျောင်းတောင်စောင်းတွင် ကိုက် ၅၀ ကျော်ခန့်ရှိ ဥမှင်လှိုင်ခေါင်းကိုတူးပြီး ၊ တစ်ဖက်တွင် လောင်စာများကို မီးရှို့၍ ထွက်လာသည့် မှိုင်းများကို လှိုင်ခေါင်းမှ ဖြတ်ကာအထွက်တွင် ပီပါပြတ်ထားရှိ၍ ယင်းအထက်မှ မီးပုံးပျံ ဆိုင်းကြိုး ၄ ကြိုးဖြင့် ထိန်းကာ ကြိုးများကို ဆီးဖြူပင် ၄ ပင်၌ ချည်နှောင်ထားရှိသည်။ မီးပုံးပျံတွင် မှိုင်းဝ၍ အပေါ်သို့တက်ရန် အသင့်ဖြစ်သည့်အခါ မီးဇာအားမီးညှိ၍ ဆိုင်းကြိုး ၄ ကြိုးစလုံးကို တစ်ပြိုင်တည်း လူ ၄ ဦးက ဓါးမြောင်ဖြင့် ခုတ်ဖြတ်၍ မီးပုံးပျံကို လွတ်ခဲ့သည်။ မီးပုံးပျံလွတ်စဉ် ရာဟုထောင့်ရှိ ဆိုင်းကြိုးမှာ တစ်ပြိုင်တည်းမပြတ်၍ မီးပုံးပျံကို ဆောင့်ဆွဲသကဲ့သို့ဖြစ်ကာ မိးပုံးပျံ အထိနာခဲ့ရသည်။ အမြင့်ပေ ၅၀၀ ခန့် အရောက်တွင် အောက်ဆွဲတွင် ပါသွားသည့် ထီးနှင့် ထမင်းချိုင့် ၂ မျိုးမှာ လေးထီးဖြင့် အောက်သို့ကျလာခဲ့သည်။ မီးပုံးပျံလွှတ်ပွဲကို တောင်ကြီးမြို့သူ ၊ မြို့သား များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းသို့ အားပေးနေစဉ်တွင် ပင် မီးပုံးပျံကြီးသည် အသံမြည် ပေါက်ကွဲ၍ ကုန်းသား ဘုန်းကြီးကျောင်းတောင်ခြေရင်း တြိဂံထောင့် ပန်းခြံအတွင်းသို့ မီးလောင်ပျက်ကျကာ မအောင်မမြင် ဖြစ်ခဲ့ရသည်။

သို့ဖြစ်၍ ကုန်းသာဘုန်းကြီးကျောင်းသည် ဒုတိယအကြိမ်အဖြစ် မီးပုံးပျံကို ထပ်မံလုပ်ခဲ့သည်။ မူလက ပိတ်သားဖြင့် လုပ်ကိုင်ခဲ့သော်လည်း ဒုတိယအကြိမ် မီးပုံးပျံကို ရှမ်းစက္ကူ (မိုင်းကိုင်စက္ကူ) ဖြင့် လုပ်ကိုင်ခဲ့သည်။ ခေါင်အချင်းမှာ ၂၄ ပေခန့်ရှိသည်။ မီးပုံးပျံမလွှတ်မီ ကုန်းသာဘုန်းကြီးကျောင်းမှ လွှတ်တင်လိုက်သည့် မီးပုံးပျံကြီးကို ရရှိ၍ ဘုန်းကြီးကျောင်းသို့ လာပို့ပါက ရှမ်းဆန် ပြည် ၄၀ ၀င် ဆန်အိတ်တစ်အိတ် ၊ ဆီ ၁၀ ပိဿ ၀င် ဆီ တစ်ပုံး ၊ဆုချမည် ဖြစ်ကြောင်း ကြေငြာပြီး မီးပုံးပျံကို လွှတ်တင်ခဲ့သည်။ လူအသုံးဆောင်ပစ္စည်းများဖြစ်သော ထီး ၊ ထမင်းချိုင့် ၊ဆပ်ပြာ ၊ လုံခြည် ၊ ငွေ ဒင်္ဂါး စသည်တို့ကို ချိတ်ဆွဲ၍ လွှတ်ခဲ့သည်။ ဒုတိယအကြိမ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း အဆိုပါမီးပုံးပျံသည် ကုန်းသာဘုန်းကြီးကျောင်း တောင်ဇောင်းမှ တက်၍ တောင်ကြီးမြို့ရှိ နွားလားဥဿဖတောင်၊ ရွှေဘုန်းပွင့်စေတီ ရှိရာ ဘက်သို့ ဦးတည်တက်သွားခဲ့ကြောင်း ၊မီးပုံးပျံသွားရာလမ်းတလျှောက်တွင် အောက်ဆွဲများမှ လူအသုံးဆောင်ပစ္စည်းများ ကျလာသဖြင့် လူအများလိုက်လံ ကောက်ကြကြောင်းကြားသိရသည်။ သို့ဖြစ်၍ တောင်ကြီးမီးပုံးပျံကြီးများကို မည်သည့်ခုနှစ်က စတင်လွှတ်ခဲ့သည်ဆိုလျှင် ၁၂၉၉ ခုနှစ် တန်ဆောင်ပုန်းလတွင် ကုန်းသာ ဘုန်းကြီးကျောင်းမှ ၄င်းကျောင်းဝင်းအတွင်းမှ စတင်လွှတ်ခဲ့ကြောင်း လူကြီးသူမများ၏ ပြောစကားများအရ သိရှိရသည်။


ယခု post သည် စာအုပ်အဖြစ် ထုတ်ဝေမည့် (တောင်ကြီးတန်ဆောင်တိုင်ဘယ်ကစ ) ထဲမှ တပိုင်းတစ ကူးယူ ဖော်ပြ ထားခြင်းဖြစ်ပါသည်။ အခြားမည်သည့် နေရာများမှ ကူးယူ ဖော်ပြခြင်းမပြုရန် တောင်းပန်အပ်ပါသည်။ မူလရေးသားသူ ဦး......... အားကျေးဇူးတင်ရှိပါသည်။