Tuesday, September 11, 2007

သြော် ဒုက္ခ၊ ဒုက္ခ

ငယ်ငယ်တုန်းက အကြောင်းကို တွေးမိရင်း မှတ်မိနေသော အကြောင်းအရာတစ်ခုက ပေါ်လာသည်။

ထူးထူးခြားခြားတော့မဟုတ်ပါဘူး..အင်းသူအင်းသားများနှင့် ပါတ်သတ်၊ ဆက်စပ်၊ စပ်နွယ် နေလို့ပါ။ အရမ်းကြီး ဆက်စပ်လားဆိုတော့လည်း အဲလောက်မဟုတ်ပါဘူး။ စဉ်းစားရင်းနဲ့ ပိုစ့်တစ်ခုရေးရင် ကောင်းမယ်ထင်လို့လေ။ ကုန်ကြမ်းကလည်း တယ်ရှားသကိုး။ ရေးချင်စိတ်ကတော့ အမြဲရှိပါတယ်။ အကြောင်းအရာက ရှာလို့မရတာ အခက်ဖြစ်နေလို့လေ။

ဆယ်တန်းဖြေပြီးတဲ့ အချိန်လောက်ကပေါ့။ အတိအကျပြောရရင် ၁၉၉၈ ခုနှစ်ရဲ့ နွေအကုန်၊ မိုးအကူးကာလလေးမှာပေါ့။ အဲတုန်းကတော့ ဆယ်တန်းဖြေပြီးစ ကျွန်တော်တို့လို လူငယ်လေးများအတွက် အင်္ဂလိပ်စကားပြောသင်တန်း၊ ကွန်ပြူတာသင်တန်းများတက်ရောက်ရခြင်းဟာ ပေါ်ပြူလာဖြစ်နေတော့ ကျွန်တော်လည်း အင်္ဂလိပ် စကားပြောသင်တန်းကို တက်ရောက်ဖြစ်သည်။ ခရစ်ယာန်ကျောင်းတွင် တက်ရခြင်းဖြစ်သည်။ မာသာကြီးတစ်ယောက်က သင်ကြားပေးသည်။ ဒီလိုနဲ့ သူသင်ပေးတာတွေကို သင်ကြားရင်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြောကြတာပေါ့။ အဲဒီမှာ ကျွန်တော့် ကုန်ကြမ်းလေးအစပြုတာပေါ့။ နေကောင်းလား? ကျန်းမာလား? မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ? ဒီလိုနဲ့ မေးရင်းမေးရင်း ဘာဟင်းချက်လဲ လို့ ကျွန်တော်အမေးခံလိုက်ရသည်။ အဲဒီမှာ ကျွန်တော်ကလည်း နောက်ချင်လာသည်။ ကောင်မလေးကလည်း လှတပတလေးကိုး အဟီး။ ဒါနဲ့ ကျွန်တော်က trouble fish curry လို့ဖြေလိုက်သည်။ ကြောင်သွားပုံရသည်။ မာသာကလည်း သူလည်းတစ်ခါမှမကြားဖူးဘူးတဲ့လေ။ သူတို့ကိုကြည့်ပြီး ကျွန်တော်တော်တော်ရီချင်သွားသည်။ ဒါနဲ့ကျွန်တော်ကပဲ ရှင်းပြရတာပေါ့။ အင်းသားရိုးရာ ဟင်းတစ်မျိုးဖြစ်ကြောင်း၊ငါးဒုက္ခဟင်းလို့ခေါ်ကြောင်းပေါ့။အဆစ်အနေနဲ့ ဘယ်လိုချက်ကြတယ်ဆိုတာကိုပါထည့်ပြောလိုက်သေးတယ်။ ကျွန်တော်က အဲဒီဟင်းကို အသေကြိုက်တာလေ။ အရှင်ကြိုက်လို့မရလို့။ :P သူ့ခမျာ သေပြီးတာတောင် ကောင်းကောင်းမနေရရှာဘူး။ ဗိုက်ကိုခွဲခံရတယ်၊ အစာသွတ်ခံရတယ် ၊ အကြော်ခံရတယ်၊ နှီးနဲ့ပြန်ချည်တာခံရတယ်၊ အင်းဒါကြောင့်လည်း ငါးဒုက္ခဟင်းလို့ခေါ်တာနေမှာလို့ စဉ်းစားမိသည်။

ပြောရင်းနဲ့ စားချင်လာပြီ။

ကဲ အင်းစကူးမမရေ..ဘယ်သူဘယ်ဝါကိုဆိုလိုလည်းဆိုတာကို ထည့်မပြောတော့ဘူးနော် ။ အားလုံးသိကြမှာပါ။
ငါးဒုက္ခဟင်းလေးကို ချက်နည်းလေးနဲ့တစ်ကွ ပိုစ့်လေးတင်ပါအုံးနော်…ကျွန်တော် တက်လိုက်ပါတယ်။ မကြာခင်စားရမယ်လို့မျှော်လင့်ပါတယ်။

No comments: