Wednesday, September 12, 2007

မြန်မာပြည်၏ဟယ်လင် - ၃

မြန်မာပြည်သည် စစ်ဘေးစစ်ဒဏ် မခံရသေးပါ ။ဥရောပ တိုက်တွင်မူ ဗြိတိန်နိုင်ငံသည် မိမိ၏ တည်မြဲမှုအတွက် စစ်တိုက်နေရသည်။ သို့သော် ဗြိတိသျှအင်ပိုင်ယာ၏ ချောက်ကျသော နေရာတွင် ရှိသည့် မြန်မာနိုင်ငံကို မည်သူကမျှ ဂရုမစိုက်သဖြင့် စစ်တိုင်လာမည် မဟုတ်ဟု ကျွန်မတို့ကို ထပ်တလဲလဲ အာမခံချက်ပေးနေ၍ တောင်ကြီးမြို့သူမြို့သားများသည် လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေခဲ့ ကြပါသည်။ စစ်ဘေးစစ်ဒဏ်အတွက် တွေးတော ပူပင်စရာ အကြောင်းမရှိပါ။

သို့ဖြစ်၍ ဥရောပတိုက်သားများက အကမပျက် အသောက်မပျက် အပျော်မပျက် နေခဲု့ကြသည်။ တို့တတွေ မကြာခင် ဘ၀ဆုံးတော့မှာပဲ ဆိုသော အသိက ရှိနေလို့များ ထင်ရာမြင်ရာ စွတ်လုပ် ကြလေရော့သလား၊ သို့မဟုတ် ရင်ဆိုင် ကြုံတွေ့လာမည့် ဘေးဆိုး အန္တရာယ်ကို သတိမမူ ဂူမမြင် ရှိနေကြရော့သလား မသိပါ။

တောင်ကြီးမြို့တွင် ဥရောပတိုက်သား ၁၅၀ ခန့် ရှိပါသည်။ အများစုမှာ ဗြိတိသျှ အရာရှိများနှင့် သာသာနာ့ပြု အဖွဲ့မှ အီတာလျှံ သီလရှင်များဖြစ်ပါသည်။

ငွေကြေးချမ်းသာသော မြန်မာလူမျိုး ၊ရှမ်းလူမျိုး ၊ အင်္ဂလိပ်မြန်မာ ကပြား ၊ အင်္ဂလိပ် ကုလား ကပြား ၊ ၀တ်လုံ များ ၊ ရှေ့နေများ ၊ ကျောင်းဆရာများ ၊ ကုန်သည် ပွဲစားများသည် အငြိမ်စားယူပြီး တောင်ကြီးမြို့၌ အခြေခြနေကြသည်။ အလွန်အေးချမ်းသောနေရာ စစ်၏ အနိဌာရုံများနှင့် ကင်းဝေးသည့်နေရာဟူ၍ မှတ်ထင်ထားခဲ့ပါသည်။

ဝေးလံသောဒေသမှ အမြောက်သံ ၊ ဗုံးသံများ တဖြည်းဖြည်းနီးကပ်လာနေသည်ကို သတိမမူမိကြပါ။ ကျွန်မ၀ယ်ထားသော ရေဒီယိုမှ ဂျပန်တို့ ပုလဲ ဆိပ်ကမ်းကို ဗုံးကြဲပုံ ၊ အမေရိကန်နိုင်ငံ စစ်ထဲ ၀င်လာပုံ၊ မလေးပြည်နှင့် ယိုးဒယား နိုင်ငံများကို ၀င်ရောက်တိုက်ခိုက်ပုံ ၊ ပရင့်စ်အော့(ဖ်)ဝေးလ်နှင့် ရီပါ့လ်စ် စစ်သဘောင်္ကြီး ၂ စီး နှစ်မြုပ်သွားပုံတို့ကို နားထောင်ကြားသိနေကြစေကာမူ ကျွန်မတို့တတွေသည် စစ်နယ်ပယ် အတွင်းသို့ မရောက်နိုင်ဟု ယုံကြည်နေကြသည်။

ေ၉၄၁ ခုနှစ်ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ကို ဂျပန်ဗုံးကြဲ လေယာဉ်များက ဗုံးလာကြဲသည်။ စစ်သေနတ်နှင့်လည်း ပစ်သေးသည်။ အစိုးရလုပ်ငန်းများလည်း ရပ်သွားခဲ့သည်။

အမှန်မှာ ဗုံးကြဲသည့်နေ့ကို အထူးတလည် မှတ်မိနေခြင်းမဟုတ်ပါ။ တောင်ကြီးမြို့ “ဆေးကရက်ဟတ်“ ဘုရားရှိခိုးကျောင်းတွင် ကျွန်မ၏ ညီမ အစ္စဘယ်နှင့် ၀ါလတာဖူးလား တို့နှစ်ဦး လက်ထပ်သော နေ့နှင့် တိုက်ဆိုင်နေ၍ မှတ်မိနေခြင်းဖြစ်ပါသည်။ ပရိတ်သတ် အနည်းငယ်ကိုသာ ဖိတ်ကြားသည်ဖြစ်၍ အေးအေး ဆေးဆေး ရှိလှသည်။

ဝါလတာ၏ အမ နှစ်ဦးမှာလည်း သူနာပြုဆရာမကြီးများပင်ဖြစ်၍ ရန်ကုန်ကို ဗုံးကြဲသောနေ့တွင် တောင်ကြီးသို့ ရောက်နေခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးသည် အိန္ဒီယပြည်သို့ ကုန်လမ်းမှ စစ်ပြေးကြရာတွင် လမ်းခရီး၌ သေဆုံးသွားကြသည်။ သူတို့နှစ်ဦး၏ ရုပ်ကလာပ်ကို လမ်းဘေးတစ်နေရာတွင် တွေ့ရသော အချိန်၌ လက်ထဲတွင် စာရွက် တရွက် ကိုင်ထားသည်ကို တွေ့ရသည်။ စာရွက်သည် မစ္စ၀ီလ်ဘီဆိုသူ အမျိုးသမီးက သူနှင့်သူ၏ ကလေး တစ်ဦး သေရအံ့ဆဲဆဲတွင်ပေးသွားသော သေတမ်းစာပင်ဖြစ်သည်။

မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျီနယ်ဒေါ်မန်စမစ်သည် လူအများအား မိမိတို့ တာဝန်ကျသောနေရာများတွင် နေကြရန် စိတ်အားထက်သန်စွာတိုက်တွန်းသွားပါသည်။ မြန်မာနိုင်ငံသည် ရန်သူကို ရင်ဆိုင်ရန် အသင့်ရှိနေပါသည်ဟု ပြောသွားခဲ့သည်။ သို့သော် ရန်ကုန်မြို့ကို ပထမ အကြိမ်ဗုံးကြဲ ခံရသည့် အချိန်တွင်ပင် မြို့ပေါ်ရှိ လူအများအပြားသည် ဘုရင်ခံ၏ စကားကို အယုံအကြည်မရှိကြ၍ တစ်သုတ်ပြီး တစ်သုတ် ထွက်ခွာသွားသေးသည်။

ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့တွင် နောက်တစ်ကြိမ် ဗုံးလာကြဲချသောအခါ ထောင်ပေါင်း များစွာသော မြို့သူမြို့သားများသည် အထက်ဗမာပြည်သို့ တစ်သုတ်ပြီးတစ်သုတ် ထွက်ပြေးကုန်ကြသည်။ ဥရောပတိုက်သား များနှင့် အခြားစစ်ပြေးများပါ တဖြည်းဖြည်း တောင်ကြီးမြို့သို့ ရောက်လာကြသည်။

ကျွန်မတို့တစ်တွေက ဂရုမထားခဲ့စေကာမူ စစ်ကြီးသည် ကျွန်မတို့ထံသို့ ဆိုက်ရောက်လာပါပြီ။

သတင်းတွေကား မယုံနိုင်စရာဖြစ်နေသည်။ “ကျွနုပ်တို့၏ စစ်သည်များသည် ဂျပန်လူဝါကလေးများထက် စစ်ရေးကျွမ်းကျင်သည်၊ ကျွနုပ်တို့၏ လေယာဉ်တွေက ပိုမိုခေတ်မီပြီး ဂျပန်လေယာဉ်ပျံများကို မြန်မာ ကောင်းကင်မှ မကြာမတင် ရှင်းလင်းပစ်တော့မည်“ ဟူ၍ ကျွန်မတို့ကို သတင်းလွှင့်ထားပါသည်။ အမှန်မှာ ကျွန်မတို့တွင် လေယာဉ်မရှိပါ။ ကျွန်မတို့၏ စစ်သားများကလည်း လေ့ကျင့်မှု မပြည့်ဝသည့် အပြင်လက်နက်များက ခေတ်နောက်ကျနေပါပြီ။

မြန်မာပြည်မှ ဆုတ်ခွာရေး အစီအစဉ် ကို ကျွန်မ ဝေဖန်ချင်ပါသည်။ အစီအစဉ်က ကမောက်ကမ နိုင်လှပါသည်။ မြန်မာပြည်မှ ဆုတ်ခွာရာတွင် မည်သည့်အတွက် ရန်ကုန် ရေလမ်းခရီးဖြင့် မဆုတ်ခွာ စေသနည်း။ နယ်စပ် တောင်ပေါ် ဒေသများသို့ စစ်ပြေးများအား စေလွှတ်ရာတွင် မည်သည့်အတွက် ကြိုဆိုလက်ခံရေးအဖွဲ့များ ကြိုတင်မစီစဉ်ခဲ့သနည်း။ တကယ်လို့များ တောင်ကြီးမြို့က ထွက်ခွာရမည်ဆိုလျှင် မည်သို့ ထွက်ခွာကြမည်နည်း။ ကျွန်မသည် ထိုအချိန်အထိ တောင်ကြီးမြို့က ဆုတ်ခွာ ထွက်ပြေးကြရလိမ့်မည် ဟု မထင်မှတ်သေးပါ။

ပျော်ပျော်ပါးပါး နှင့် အချိန်များ ကုန်သွားခဲ့သည်။ တောင်ကြီးကလပ်တွင် ဖဲရိုက်မပျက် ၊ အရက်သောက်မပျက် ၊ အကမပျက် ရှိကြသည်။ ကျွန်မကတော့ အရာရှိကတော် အချို့ကို သူနာပြုသင်တန်းပေးသည်။ ဆေးသေတ္တာများ ထုပ်ပုံထုပ်နည်း ၊ ကျပ်စည်းပုံစည်းနည်း များ သင်ပြေပေးသည်။ အရာရှိကတော် အချို့ကလည်း ရှမ်းစော်ဘွားသားများ ကျောင်းတွင် ယာယီဖွင့်ထားသော စစ်ဆေးရုံရှိ ဒဏ်ရာရ စစ်သားများကို သွားရောက် အားပေးသည်။ ဂျပန်များ ရန်ကုန်သို့ ချီတက်ရာတွင် ကြားဖြတ် ခုခံ တိုက်ခိုက်ခဲ့၍ ဒဏ်ရာ ရလာသူများ ဖြစ်သည်။

ကျွန်မမှာ အပျော်အပါးများကို စိတ်ကူးရန် အချိန်မရ ပါ။ ဆေးရုံအလုပ်နှင့်ပင် မအားလပ်အောင် ဖြစ်နေပါသည်။ ငှက်ဖျားရောဂါ ၊ ၀မ်းကိုက်ရောဂါက တစ်မျိုး ၊ ထိခိုက်ဒဏ်ရာ ရသူများနှင့် ကိုယ်ဝန်ဆောင်များက တစ်ဖုံ ၊ အူအတက်ပေါက်သူများ ခွဲစိတ် ကုသရေးက တစ်သွယ်ဖြင့် မိုးလင်းက မိုးချုပ် မအားရပါ။

ဆေးရုံတွင် အမှုထမ်းများက နည်းရသည့်အထဲ ဆေးရုံအုပ်ဆရာဝန် ဗိုလ်မှူးကြီး တက်ကင်း(စ)တန် ကိုစစ်တပ် ကဆွဲထားသေးသည်။ အစားပေးသူက တရုတ်မြန်မာ ကပြား၊ အသက်ကြီးပြီး ပင်စင် ပေးဖို့ပင် လွန်နေသော အရွယ်ကြီးဖြစ်သည်။

နောက်ပြီး အမေရိကန် သာသနာပြုအဖွဲ့မှ ဆရာဝန်ကြီး ဂေါ်ဒင်ဆီဂရေ့၏ ဆေးရုံမှ လေ့ကျင့်ပေးလိုက်သော သူနာပြုဆရာမကြီးခြောက်ဦး ၊ အဆောင်စောင့် လေးဦးနှင့် တိုင်းရင်းသားဆရာဝန် လေးဦးတို့လည်း ဆေးရုံသို့ ရောက်လာကြပါသည်။

စစ်ပြေး ဒုက္ခသည်များ တဖြည်ဖြည်း ရောက်လာကြရာ ကျွန်မတို့၏ သီးသန့်အခန်းများကိုပင် ပေးထားရသည်။ ကျွန်မတို့၏ တာဝန်က ပိုကြီးလာသည်။ စစ်ပြေးများထဲတွင် မျက်နှာဖြူများလည်း ပါရှိပါသည်။ အချို့သော မျက်နှာဖြူများ၌ အဖိုးထိုက် အဖိုးတန် ရွှေငွေ ကျောက်သံ ပတ္တမြားများကို အင်္ကျီ အနား ချုပ်ရိုးများတွင် ၀ှက်ပြီး ယူလာသည်ကို တွေ့ရပါသည်။

ယခုကဲ့သို့ ၀ှက်ယူလာသည်များကို ကြုံတွေ့ရသောအခါ ဒေါပွမိသည်။ အမှန်တော့ အရေးရယ် အကြောင်းရယ် လို့ ပေါ်လာလျှင်ထုတ်သုံးဖို့ လွယ်ကူရန် ယူဆောင်လာကြသည်ကို ကျွန်မအနေဖြင့် ဒေါမပွသင့်ပါ။ ထိုအချိန်အခါက ကျွန်မစိတ်ထဲတွင် ဘယ်သူသေသေ ငတေမာ ပြီးရော လူစားမျိုးကို ရွံမုန်းခဲ့ပါသည်။ ထိုစိတ်ဓါတ်သည် ၁၉၁၉ ခုနှစ်က ဖြစ်ပေါ်ခဲ့သော တုပ်ကွေးရောဂါ ကပ်ထဲ၌ ကျွန်မ သေမလိုဖြစ်ခဲ့ရာမှ အမွေရလိုက်ခြင်း ဖြစ်သည်ဟု မေမေ က ပြောပါသည်။

ကျွန်မသည် ထိုအချိန်က မြန်မာပြည်၏ အရှင်သခင်များ(အားလုံးတော့ မဟုတ်ပါ) ကို မျက်စိထဲတွင် ကြည့်မရခဲ့သည်ကိုတော့ ၀န်ခံပါသည်။ ထိုသို့သော အရှင်အခင်ကြီးများသည် ဆားဗစ်(စ) ဆိုသည်မှာ တင်းနစ် ကစားရာတွင်စပေးရသည့်ရိုက်ချက်ဟု ထင်မှတ် နေကြသူများ ဖြစ်သည်။ သူတို့ကို အပြစ်တင်၍လည်း မဖြစ်ပါ။ သူတို့သည် ပညာကို ကောင်းစွာသင်ကြား လာကြသူများ ၊ ဥာဏ်ရှိသူများ ဖြစ်သော်လည်း စနစ်တစ်ခု၏ သားကာင် များဖြစ်ပါသည်။ တင်းကျပ်သော လူတန်းစား ဖွဲ့စည်းပုံက သူတို့အား ထိုင်းမှိုင်း သွားစေခဲ့ပါသည်။

အရာရှိကြီး တစ်ဦးဦး၏ အိမ်သားစာရင်း ၀င်သွားပြီ ဆိုပါက အခြွေအရံ ၊ ကျေးကျွန်များက သူ့နေရာနှင့် သူ ရှိနေကြပြီး ဖြစ်၍ ဘာတစ်ခုမျှ ကိုယ်တိုင်လုပ်ရန် မလိုတော့ပါ။ ထမင်းချက် ၊ ကလေးထိန်း ၊ စားပွဲထိုး ၊ အစေခံများကို အမိန့်ပေးရုံနှင့် အစစ ပြည့်စုံ သွားကြ၍ ကိုယ့်ကိုယ်ကိုယ် အားကိုးချင်စိတ်ပင် မရှိတော့ပါ။

အိန္ဒိယပြည်သို့ ထွက်ပြေး လွတ်မြောက်သွားသူ များတွင် စိတ်ဓါတ် ခိုင်မာသူများ ၊ အစွမ်းအစ ရှိသူများ ပါဝင်ကြပ့ါသည်။ တောင်ကြီးသို့ ရောက်လာကြသူများသည် ထိုသို့ မဟုတ်ပါ။ သူတို့သည် ကလပ်ကို သူတို့၏ ဘ၀ ရပ်တည်ရေး လည်ပတ်ရန်အတွက် ဗဟိုပြုနေ ကြသည်။ ကလပ်မှ နေ၍ လှုပ်ရှားနေခြင်းဖြင့် လူဖြူ မဟုတ်သော လူတန်းစားအလွှာ အသီးသီးထက် သီးခြားကင်းလွတ် မြင့်မြတ်သူများ အဖြစ်ပြူမူနေကြပါသည်။

ယနေ့ခေတ်လူတွေက အသားရောင် ညိုမှောင် စေရန်အတွက် နေပူစာလှုံရန် နေရာများကို ရှာဖွေကြသည်။ မြန်မာပြည်တွင်မူ နေရောင်ကောင်းကောင်း ရပါလျှက် အမျိုးသမီးများက သူတို့၏ ဆင်စွယ်ရောင် အသားကို ကာကွယ်ရန် နေရိပ်ကို ခိုကြသည်။ဆင်စွယ်ရောင် အသားပိုင်ရှင်သည်သာ လူတန်းစား ခွဲရာတွင် ထင်ပေါ်သည် မဟုတ်ပါလား။

ခြေအိတ်လက်အိတ် အရှည်များ ၀တ်ခြင်း ၊ အရိပ်ထဲ၌ နေခြင်းတို့ကို ကျွန်မ မကြိုက်ပါ။ ကျွန်မ၏ မိဘများက သူတို့၏ အပေါင်းအသင်းရိပ်မြုံထဲသို့ မ၀င်စေလို၍ မဟုတ်ပါ။ ကျွန်မ၏ မိဘများသည် ဥရောပ တိုက်သူတိုက်သားများဖြစ်၍ ကျွန်မကို အသားရောင်ကြောင့် မည်သည့်အခါတွင်မျှ သူတို့ အပေါင်းသင်းမှ ဖယ်ထားခြင်း မရှိပါ။ အဖြူရောင်၏ အာနိသင်သည် မည်သည့် အရာနှင့်မဆို ကွဲပြားခြားနား သည်ဟူသော အတွေးအခေါ် ကို ကျွန်မ ကြီးပြင်းလာသော ပတ်ဝန်းကျင်က လက်ခံ ယုံကြည်နေသော ကြောင့်ဖြစ်ပါသည်။

ကျွန်မ၏ အသားရေမှာ ပျားရည်ရောင်ထနေပါသည်။ ဥရောပသူများလို ဖြူဖြူကြမ်းကြမ်း မဟုတ်ပါ။ အကယ်၍သာ ကျွန်မသည် အင်္ဂလိပ် မြန်မာကပြား ၊ သို့တည်းမဟုတ် အင်္ဂလိပ် ကုလား ကပြားဖြစ်နေမည် ဆိုပါက နှိမ့်ချခြင်း ၊ အပေါ်စီးမှ ကြည့်ခြင်း ၊ မထိတထိ စောင်းမြောင်း ပြောဆိုခြင်းတို့ကို ခံရမည်မှာ သေချာလှပါသည်။ ပေါ်တူကီသွေးက တစ်ဝက် ၊စကော့သွေးက တစ်ဝက်ဖြစ်၍သာ သက်သာမှု ရခဲ့ပါ၏

ကျွန်မ၏ မိဘအရင်းခြာများကို မဆိုထားဘိ ၊ ပေါ်တူဂီ လူမျိုး ဗတ်(စ်)ကိုဒဂါးမားနှင့် စကော့လူမျိုး ရောဘတ်ဆန်း(စ) တို့နှင့် လူမျိုးတစ်မျိုးတည်း ဖြစ်ရသည်ကို ပြောင်းလဲလိုစိတ်မရှိခဲ့ပါ။ သို့သော် ကျွန်မ၏ စိတ်ထဲတွင် လူဖြူမျိုး ဖြစ်ရသည့်အတွက် အခြားသူများထက် မြင့်မြတ်သည်ဟူ၍ မယူဆပါ။ လူပျိုလူလွတ် ဥရောပတိုက်သား တစ်ဦးနှင့် တိုင်းရင်းသူ အမျိုးသမီး တစ်ဦးတွဲလာ နေသည်ကို မကြည့်လို၍ ကပွဲမှ ထွက်သွားသူများ အပေါ်တွင်လည်း ကျွန်မက သည်းခံနိုင်သူ မဟုတ်ပါ။

ကျွန်မသည် အသားရောင်ခွဲခြားခြင်းကို ဆန့်ကျင်သော စိတ်ဓါတ်ပြင်းထန် သူများ၏ ကိုယ်စားလှယ်တော့ မဟုတ်ပါ။ အသားရောင်ခွဲခြားမှု စနစ်၏ မညီမျှမှုကို အဆုံးသတ်ရန် တောင်းဆိုနေသူ မဟုတ်သလို ၊ အနှိမ်ခံ လူတန်းစား များအတွက်ဝမ်းနည်းပက်လက် ဖြစ်နေခြင်းလည်း မရှိပါ။ ကျွန်မနေဖြင့် ထိုကဲ့သို့ သော သူများအတွက် လက်ခုပ် တီးမိမည် ဖြစ်ပါသည်။ ကျွန်မ၏ ဘ၀ အတွေ့အကြုံများက လူတန်းစား ခွဲခြားခြင်းသည် တန်ဖိုးမရှိဟူ၍ သင်ကြားပေးခဲ့ပါသည်။ ကျွန်မ၏ ဘ၀တွင် ယင်းသင်ခန်းစာကို မေ့ပျောက် လိမ့်မည် မဟုတ်ပါ။

ဆက်ရန်………………………………..

No comments: