Tuesday, October 16, 2007

တန်ဆောင်တိုင်အမှတ်တရ

တောင်ကြီး ချယ်ရီအတွက် ပိုစ့်မရေးဖြစ်ခဲ့တာလည်း ကြာပြီ။ ရေးဖို့စဉ်းစားတော့ တန်ဆောင်တိုင် အမှတ်တရ လေး ရေးချင်လာတယ်လေ… ဒါ့ ကျွန်တော့် စိတ်ကူးနဲ့ ဒီဇာတ်လမ်းလေးကို စတင်ဖြစ်ခဲ့တယ်… ရေးရင်းနဲ့ စဉ်းစားမိတော့ တောင်ကြီးချယ်ရီက အော်တာများနဲ့လည်း လာလည်ကြတဲ့ သူများနဲ့လည်း မိတ်ဆက်ပေးချင်လာသည်။ ရေးတော့ ရေးနေကြပါတယ်…ဘယ်သူက ဘယ်လိုဆိုတာတော့ အနည်းနဲ့ အများတော့ သိချင်ကြမှာပဲလေ…ဒီလိုစဉ်းစားမိတော့ ကိုကျော်စွာနဲ့ တိုင်ပင်ဖြစ်သည်။ ကိုကျော်စွာကလည်း ကောင်းတယ်…ကိုနေလင်း…တန်ဆောင်တိုင်ကို နောက်ခံထားပြီး ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးကြရင် ပိုကောင်းမယ်….ကျွန်တော်လက်လှမ်းမီတဲ့ အော်တာတွေရဲ့ ကာရိုက်တာကိုလည်း သိသလောက်ပြောပြမယ်။ အခန်းဆက်အနေနဲ့ အော်တာတွေ ကို ရေးအောင်လည်း ကျွန်တော် လိုက်ပြောလိုက်မယ် ဆိုတော့ ကျွန်တော်ပိုအားရှိလာသည် …အမှန်ပြောရရင် ကျွန်တော်တို့ အားလုံးဟာ နေရာဒေသအသီးသီးကနေ ချယ်ရီကို ချစ်လို့ ၀င်ရောက်ရေးသားနေကြတာပါ…တစ်ယောက်နဲ့တစ်ယောက်လည်း မသိကြပါဘူး။ ဒါကြောင့်လည်း အားလုံးရဲ့ ကာရိုက်တာကို အတိအကျ မပြောနိုင်ပါဘူး…ဒါပေမယ့် အနီးစပ်ဆုံးတူအောင် ရေးသားထားပါတယ်…တစ်ချို့ အချက်များဟာ အားလုံးပျော်ပျော်ပါးပါးဖြစ်အောင် လံကြုတ် ရေးသားထားရတာမျိုးတွေလည်း ပါရှိတယ်ဆိုတာကို ၀န်ခံထားပါရစေ။ အားလုံးကို ပျော်ရွှင်စေချင်တဲ့ စေတနာရယ်၊ အမှတ်တရ လေးဖြစ်ချင်တဲ့ စေတနာရယ် ပဲရှိပါတယ်။ ဒါကြောင့် ဒီလိုရေးသားတဲ့ နေရာမှာ အမှားတစုံတရာ ပါခဲ့ပါက ခွင့်လွှတ်ပေးကြပါလို့ ကြိုတင်ပြီး တောင်းပန်ပါရစေ။ အားလုံးပဲ ပျော်ရွှင်ကြပါစေ…..။

နေလင်း


ဇာတ်လမ်းရဲ့ အစမှာတော့ မင်းသားနဲ့ စထားတာပေါ့…အဟဲ..သူလေးက ဘယ်သူလေးလဲဆိုတာမသိချင်ဘူးလား…သိချင်ရင် ဆက်ဖတ်ပါ……

မိုးလေကင်းလွတ် သီတင်းကျွတ်တော့မည်။ပြီးရင် အားလုံးမျှော်လင့်နေတဲ့ တန်ဆောင်တိုင်ပွဲတော်ရောက်တော့မည်လေ။

တန်ခူးလ သင်္ကြန်ပွဲ။ ကဆုန်လ ညောင်ရည်သွန်းပွဲ ဆိုတဲ့ ငယ်ငယ်က ကျက်မှတ်ခဲ့ရသော မြန်မာ့ ဆယ့်နှစ်လ ရာသီများရဲ့ လအလိုက် ကျင်းပသော ပွဲတော်များကို စပ်ဆိုထားသော ကဗျာလေးကို သတိရမိသည်။

မိုးရာသီရဲ့ အငွေ့အသက်လေးတွေတော့ ရနေတုန်းပါပဲ။ ဆောင်းလေအေးအေးမြမြလေးကလည်း တဖြူးဖြူးနဲ့။ အိမ်ပြတင်းပေါက်မှ လမ်းမကို ငေးရင်း လမ်းလျှောက်ထွက်ရင်ကောင်းမလားလို့ စဉ်းစားမိသည်။ ညနေခင်းကို လမ်းမလျှောက် ဖြစ်တာကြာပြီပဲ။ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတာရော၊ ရာသီဥတုက ကိုယ့်ဘက်ပါနေတာကြောင့်ရော အေးအေးလူလူ၊ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် လမ်းမလျှောက်ဖြစ်ခဲ့ပါလားဆိုတာကို သတိထားမိသည်။ အရင်အချိန်တွေတုန်းကတော့ ဒီလိုအချိန်မျိုးဆို ကိုယ့်ချစ်သူနဲ့ တစ်ယောက်လက် တစ်ယောက်ကိုင်ကာ …..ကလင်…ကလင်.. တော်တော်နှောက်တဲ့ ဖုန်းဆိုပြီး ကိုင်လိုက်တော့…

" ကိုနေလင်း မီတင်ရှိတယ်တဲ့။ ကျွန်တော်တို့ဆီလာခဲ့အုန်းတဲ့။ ဘာမီတင်လဲ မေးတော့ ရောက်ရင်သိရမယ်တဲ့ "ပဟေဠိတောင် လုပ်သွားသေးတယ် ….ဘယ်သူလို့ထင်ပါသလဲ…သူကတော့ ကျွန်တော်တို့ရဲ့ အဓိက ဇာတ်ကောင်ဖြစ်လာမယ့် ကိုကျော်စွာပါ ။

ကျွန်တော်ရောက်တော့ လူတော်တော်စုံနေပြီ။ အခန်းတွင်းကို ၀င်လိုက်တော့ ဟော…. "မင်းသား " လာပါပြီဗျာဆိုပြီး အသံတစ်သံထွက်လာတယ်။ ဘယ်ရမလဲ ကျွန်တော်က မရှိတဲ့ ကော်လံကို ယောင်မှားပြီး ကိုင်မလို့ စဉ်းစားတုန်း "လူကြမ်းမင်းသား" လေတဲ့ ။ ရှက်သွားတဲ့ မျက်နှာကြီးက မည်းသွားလိုက်တာဆိုပြီး အသံတစ်သံ ထပ်ထွက်လာသေးသည်။ အပင်မြင့်လို့ လေတိုက်ခံရတယ်လို့ပဲ မှတ်ပါတယ် ။အပင်နိမ့်လို့တော့မဖြစ်ဘူး(…) အပန်းခံရနိုင်လို့။ ဆောင်းတွင်းရောက်နေပြီလေ.. ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ မီတင်စပါတော့တယ်။

ရှေးဦးစွာ ကျွန်တော်တို့ အထဲမှာ ၀ါအကြီးဆုံး၊ အသက်ကြီးသလို(…..) ကြီးသော …အော် လူကောင်လည်းကြီးသော…(အတွေးတွေ မမှားစေချင်ပါ)

ဒီလိုနဲ့ အက်တမင်က ကျွန်တော်တို့ တောင်ကြီးချယ်ရီ အဖွဲ့သားတွေ အနေနဲ့ လာမယ့်တန်ဆောင်တိုင်မှာ ဆိုင်ဖွင့်မလားလို့ စဉ်းစားမိတယ်ဗျ။ ဒီအကြောင်းကို မပြောခင် အရင်ဆုံးအနေနဲ့ တောင်ကြီးချယ်ရီမှ အော်တာများကို တစ်ယောက်နဲ့ တစ်ယောက်သိကျွမ်းအောင် အရင်ဆုံး မိတ်ဆက်ပေးပါရစေ ဆိုပြီး မိတ်ဆက်ပေးပါတော့တယ်…

ကျွန်တော်ကတော့ အားလုံးသိပြီးတဲ့ အတိုင်းပါပဲ..အက်တမင်ပါ။ ကျွန်တော်ကတော့ ပွားနေရရင် ကျေနပ်တဲ့ သူပါ။

ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ သူကတော့ ကိုရဲမြန်မာပါ။ သူ့ကိုတော့ အားလုံးသိကြမှာပါ။ တောင်ကြီး ချယ်ရီအတွက် မှတ်တမ်းတင် ဓါတ်ပုံတွေကို အများဆုံး ဖန်တီးပေးနေတဲ့ သူပါ။

နောက်တော့ ဗိုက်ပူပူနဲ့ လူကြီးကို လက်ညှိုးထိုးပြီး သူကတော့ ကိုအောင်မိန်းပါ ။ သူကတော့ ပွင့်ပွင့်လင်းလင်းနေတတ်သလို သဘောအရမ်းကောင်းပါတယ်။ ပိုက်ဆံဆိုလည်း ချေးပြီး ပြန်မဆပ်လည်း ရတယ်။

နောက်ပြီး ကျွန်တော်တို့ထဲ မှာ သဘောကောင်းပေမယ့်  လေအလွန်များတဲ့ သူတစ်ယောက်လည်းပါပါတယ်။ သူ့ကို စာအုပ်ကြားမှာ ပိတ်မိနေတဲ့ သူလို့ တင်စားလို့ရပါတယ်။ သူကတော့ ကိုမျိုးပါ ။

သူကတော့ ကိုချမ်းပါ။ ကိုးရီးယား မင်းသား ရိန်းလို့ ခေါ်ရင် စိတ်မဆိုးဘူးတဲ့။ ကောင်မလေး လှလှလေးတွေကို သဘောကျတတ်တယ်။ အဲဒီ အချိန်မှာ ကုမုဒြာကို ကိုချမ်း လှမ်းကြည့်လိုက်တာကို တွေ့လိုက်ရသည်။ ကောင်မလေးကလည်း ရှက်နေသည်။ (ရှက်၍ထင်သည်…မျက်နှာလေးက မည်းရိပ်တွေ ပြေးသွားသည်…မှားလို့ ရှက်သွေးတွေ ဖြာသွားသည်)

အခြေအနေကို သဘောပေါက်သော အက်တမင်က …..

သူကတော့ ကုမုဒြာပါ။ ကျွန်တော်တို့ရဲ့ ညီမလေးပေါ့..အဟဲတဲ့။ ပိုဆိုးသွားသည်။ ကောင်မလေးခမျာ မနေတတ် မထိုင်တတ်နှင့် လက်ကိုင်ပုဝါလေးကို ချေနေသည်။ ရုပ်ရှင်တွေထဲ ကအတိုင်းလေ။

သူကတော့ ကိုကျော်စွာပါ….မီတင်ရှိတယ်ဆိုပြီး သူ့ခမျာ ရှယ်သ လာပုံရပါသည်။ fair&lovely ကနေ ကြော်ငြာခရလားတော့ မသိပါ။ မျက်နှာတစ်ခုလုံး ဖြူဖွေးနေပါသည်။ ရုတ်တရက် အက်တမင်က သူ့ကို

အသဲကွဲဖူးလားမေးတော့ ဟီးဟီး ငိုသံလိုလို ရယ်သံလိုလိုလုပ်ပြီး ကြိုက်တာတော့ အများကြီး။ ဒါပေမယ့် ရီးစားတစ်ယောက်မှ မရှိဘူးဆိုပြီး ကြော်ငြာသလိုလိုနဲ့ သနားအောင် ဖြေပါသည်။ ညီမရှိရင်တော့ ဒီမျက်နှာရူးကို မမြင်ချင်လို့ ပေးလိုက်တယ်… စနေသားကွ …စိတ်ကြီးတယ်…လို့ သူ့ကို ကြည့်ရင်း စိတ်ထဲက ပြောမိသည်။

သူကတော့ ကိုလတ်ပါ။ လူပျိုကြီးပါ….အိမ်ထောင်မရှိရှာဘူး…သူကနုနုရွရွလေးတွေဆို အရမ်းကြိုက်တာ…ဇီဇာတော့ နည်းနည်းကြောင်တယ်…အပျိုကြီး၊ လူပျိုကြီးတွေ ထုံးစံအတိုင်းလေ။ ရတာမလို လိုတာမရ အဖွဲ့ထဲမှာ အတွင်းရေးမှူးရာထူး လေ.. အဟဲ…တဲ့။


သူ့ယာဘက်ကတော့ ကိုခင်မောင်စိုးပါ… အသစ်စက်စက် အော်တာလေးပေါ့။ သူက စာရေးရင် ညာလက်နဲ့ရေးတယ်ဗျ။ တိုက်ပင် တိုက်ရင်တော့ ဘယ်ကော၊ ညာကော သုံးတယ်ဗျ…အဲလိုပြောတော့ ကျွန်တော်တို့ အားလုံးက အက်တမင် ရူးများရူးသွားပြီလားပေါ့…သူ့ဘေးမှာ ထိုင်တဲ့ ကိုရဲက ကိုယ်ကို အသင့်အနေအထား ပြောင်းလိုက်တာ တွေ့ရသည်။ အကြောင်းသိတွေမို့ထင်သည်…နောက်တော့….အက်တမင် ဘာတွေပြောနေတာလဲ…လို့တိုးတိုးလေး သတိပေးမှ ပြန်သတိရလာသည်။ အော် …ဆောရီး...ကိုခင်မောင်စိုးက အသစ်စက်စက် ပစ္စည်းမှန် အော်တာလေးပါ…မယုံရင် သုံးကြည့်ပါ…ပြီးမှ ယုံပါ…တဲ့။ ကျွန်တော်တို့ အားလုံးရဲ့ ခေါင်းတွေထဲမှာ အတွေးတွေ ဖြတ်ပြေးသွားသည်။ အက်တမင်ကိုလည်း ခုနက ထင်ခဲ့မိတာ မှားပြီဆိုပြီး နောင်တရမိသည်။ သူ့ရဲ့စကားတွေက စဉ်းစားစရာတွေနဲ့ကိုး။

နောက်တော့ မနေနေရဲ့ ဘယ်ဘက်မှာ ထိုင်နေတဲ့ တစ်ယောက်ကို ပြပြီး သူကတော့ ဆောင်းနှင်းချိုချိုပါ…ဟိုက်..လို့ ပါးစပ်က မအော်မိအောင် အချိန်မှီ ပိတ်လိုက်ရသည်။ သူ့ပုံစံ ဘယ်လိုလဲ ဆိုတာကတော့ စာဖတ်သူများ ဆက်တွေးကြပါ…သိချင်ရင်တော့ တိုးတိုးတိတ်တိတ် မေးပါ။

ကျွန်တော်တို့ထဲမှာ ဂီတကို စွဲစွဲလမ်းလမ်း ခုံမင် ရူးသွပ်သူတစ်ယောက်ရှိပါသေးတယ်။ သူကတော့ ကိုဇေယျာပါ..စတီဒီယို ထောင်ထားပါတယ်… စီးတီး ထုတ်ချင်ရင်တော့ သူ့ကို ဆက်သွယ်နိုင်ပါတယ်…သူ့ကို တက္ကသိုလ်ကျောင်းသား ဘ၀တုန်းက ဆိုရင် အဆောင်ရှေ့ မှာ အမြဲတမ်းတွေ့ နိုင်ပါတယ်…တီးနေရရင် ပြီးရော ဆိုတဲ့သူပါ…အဆောင်သူတွေ စွန့်ကြဲတဲ့ လ္ဘက်လေး စားနေရရင် သူကျေနပ်နေပြီလေ…

နောက်တစ်ယောက်ကတော့ ဇာတ်လိုက်ကြီး ကျွန်တော့်အလှည့်ပေါ့။ အက်တမင်ကို အစွမ်းကုန် ပြုံးပြနေရတာ…ဒါပေမယ့် မတိုးပါဘူး….ကျွန်တော့်ကို သူကတော့ ရှမ်းကုလားလေးပါလို့ မိတ်ဆက်ပေးပါသည်။ ရှမ်းပြည်မှာနေပြီး အသားမဲလို့တဲ့လေ။ (မစာမနာနော်..လူကို မှိုချိုး၊ မျှစ်ချိုးနဲ့) ကျွန်တော် ဖြေရှင်းချက်ပေးလိုက်ရပါသေးသည်။ နေနဲ့ပိုနီးလို့ပါဆိုပြီးလေ။ ဆင်ပိန်ရင် ကျွဲလောက်တော့ ကျန်ပါတယ်နော့် ။ ကျွန်တော်ကညိုတာပါ..အဟီး။

ကဲ နောက်ဆုံးတစ်ယောက်ကတော့ မအေးမိစံပါ….သူကတော့ အေးဆိုတဲ့ စကားလုံးအတိုင်း ခပ်အေးအေးလေးပါပဲ….ဒါကြောင့် သူ့ကို လျှော်ပေးလိုက်တယ် …

ဒီလိုနဲ့ အားလုံးကို မိတ်ဆက်ပေးပြီးတော့ အက်တမင်က ဆက်လက်၍……ပွားသည်ပေါ့ဗျာ…..

တောင်ကြီးချယ်ရီ ဘလော့ဆိုဒ်ကလည်း လူသိများလာပြီလေ။ အခုဆိုရင် နိုင်ငံတော်တော်များများက သိနေကြပြီလေ။ ဒါကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့ ရံပုံငွေ ( အက်တမင်ပြောသောရံပုံငွေ ဆိုသည်မှာ တောင်ကြီးမြို့တွင် ထိုင်လို့ကောင်းသော ဆိုင်များပိုစ့် ဖြစ်မြောက်ရေးအတွက် လားမသိဘူးနော်…) လေးရအောင် တန်ဆောင်တိုင်မှာ ဆိုင်လေးတစ်ဆိုင်ဖွင့်ရင်ကောင်းမလားလို့ စဉ်းစားမိလို့ဒီမီတင်လေး လုပ်ရခြင်းဖြစ်ပါတယ် ဆိုတာနဲ့ အစချီလို့ပေါ့..ကံမကောင်းစွာပဲ အက်တမင် ချီမယ့်အစက ကို ရဲမြန်မာက တက်ထိုင်မိသားဖြစ်နေတယ်။ အဟီး။ အက်တမင်ခင်ဗျာ ဆက်တငံ့ငံ့နဲ့လေ…( ပါးစပ်ထဲရောက်တော့မယ့် ကြက်ပေါင်ချောင်းကြီး ရောက်ခါနီးမှ ပြုတ်ကျတဲ့ အတိုင်းပေါ့) ဒါကိုသိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေတာကတော့ ကိုရဲပါ။ အက်တမင်ကို ဘယ်တုန်းကမကြည်လည်းမသိ။ ကြားရတာကတော့ ကိုရဲသဘောကျနေသော ကောင်မလေးကို အက်တမင် က ဖြတ်လုသွားတယ်ဆိုပဲ (အဟဲ ..ရန်တိုက်ပေးတာ..ကြုံတုန်း)

ဆက်ရအောင် …အက်တမင်အဲလိုပြောတော့ တစ်ယောက်တစ်မျိုးဝင်ပြောကြတာပေါ့…အားလုံးက ပြောချင်နေကြတာလေ..ဘလော့ပေါ်မှာပဲ လက်သွေးနေရတာ..အပြင်မှာ ကွင်းမဆင်းရသေးတော့ အခါကောင်းပဲဆိုပြီး။ ကျွန်တော်ထင်တယ်…. အဆိုးဆုံးကတော့ သိတယ်မလား… နာမည်မပြောတော့ပါဘူး။ J

ဒီလိုနဲ့တစ်ယောက်တစ်ပေါက် ဆွေးနွေးကြရင်း ဆိုင်ဖွင့်မယ်ဆိုတဲ့ အစီအစဉ်ကို သဘောတူလိုက်ကြရောပေါ့.. မတူလို့လဲမရဘူးလေ။ အက်တမင်ကလည်း လူလည်ပဲ။ စကားပြောကောင်းသလားလဲ မမေးနဲ့…ကြပိုးကို လိပ်ဖြစ်အောင် သူပြောတတ်ပါသည်။

အငြိမ့်တစ်ခုမှာ ပျက်ထားတာတောင်ရှိတယ်လေ။ ပွဲစားဆယ်ယောက် ရှေ့နေတစ်ယောက် ၊ ရှေ့နေဆယ်ယောက် မန္တလေးသားတစ်ယောက်တဲ့ အခုတော့ အက်တမင်က ပိုတယ် ။ မန္တလေးသားဆယ်ယောက် အက်တမင် တစ်ယောက်ဆိုတဲ့ သူမျိုးပါ။ စကားတောင်စားနဲ့ အမျိုးတော်တယ်ပြောတာပဲ…သေချာတော့ သိဝူး…(မန္တလေးသားများကို ထိခိုက်တာမဟုတ်ပါ) ။ တွေးတတ်ရင် ဂုဏ်ယူစရာပါ။ နော့် ။

ဘာဆိုင်ဖွင့်ကြမလဲ လုပ်တော့ မသဉ္ဖာက ကျွန်မက ဟင်းထုပ်ကောင်းကောင်းလုပ်တတ်တယ်တဲ့ …အင်းသားရိုးရာ အစားအစာတွေ လုပ်ရင်ကောင်းမယ် လို့ အကြံပေးပါသည် ။နောက်ပြီး နေနေလည်းရှိတယ်လေ။ မနေနေကလည်း ခေသူမဟုတ်ဘူးဆိုတာ အားလုံးလဲသိနေတာပဲ။ အစားကောင်းတွေ တော်တော်ချက်တက်တယ်…ဘလော့မှာ သူဒိုင်ခံ ချက်ကျွေးနေတာပဲ ဆိုပြီး အကြံပေးတယ်။ မနေနေကို ကြည့်ပြီး အစားကောင်းကြိုက်တတ်တယ်ဆိုတာ လက်ခံလိုက်ပါသည်။ ပွင့် နဲ့ အမြွှာဆိုလားပဲ…:P မရန်ကုန်သူကိုပါ ခေါ်အားဖြည့်မယ်ဆိုပဲ။ အကြံကြီးပါပေ မမများရယ့်။ ပိုစ့်ရေးရင်း တကယ်စိတ်ပါသွားကြသည် ထင်ပါသည်။ သူတို့လုပ်ကြပြီဆိုတော့လည်း ကျွန်တော်တို့လည်း နေသာမည်မထင်။ စားပွဲထိုးရတော့မယ်ထင်တယ်။ ( မျက်ခုံးလှုပ်တာ ဒါကြောင့်ကိုး )

အက်တမင်ကလည်း တက်လာသမျှ ပိုစ့်တွေကို တည်းဖြတ်နေတဲ့ သူဆိုတော့ အင်း အဲဒါပဲကောင်းမယ်… ဘာလို့လဲဆိုတော့ မသဉ္ဖာရဲ့ လက်ရာကိုတော့ ကျွန်တော် သူတင်တဲ့ ပိုစ့်ကိုဖတ်လို့လက်ရာကောင်းပဲ လို့ခန့်မှန်းမိပါတယ်လို့ပြောပြီး ကျလာတဲ့ သွားရည်တွေကို သုတ်လိုက်ပါသေးတယ်။ ဒီလိုနဲ့ ခွဲတမ်းတွေ ချရောပေါ့…အားလုံးကတော့ တောင်ကြီးချယ်ရီက အော်တာ တွေပါပဲ…အားလုံး (၁၉) ယောက်ရှိတယ်လေ။ အင်အားကတော့ လိုတာထက်ကိုပိုနေပါသေးတယ်။

ယောက်ျားလေးက (၁၁) ယောက် ၊ မိန်းကလေးက (၈)ယောက်။ ဒါပေမယ့် အင်အားတောင့်တယ်လို့ ပြောလို့မဆုံးသေးပါဘူး….ကိုလွင်မိုးက သူကတန်ဆောင်တိုင်မှာ ရူတင်တွေ ရှိတယ်တဲ့ …အခန်းတွေက အရေးကြီးလို့ ဖျက်လို့မရလို့တဲ့။ အဲဒီတော့ အက်တမင်က ဒင်းကံကောင်းသွားတယ်ဆိုတဲ့ မျက်နှာနဲ့ကြည့်လိုက်တာကိုတွေ့လိုက်ရတယ်။ လုံးလုံးကလည်း အပျိုကြီးဘ၀ကနေကျွတ်တော့မယ်လေ။ ဒီတန်ဆောင်တိုင်လပြည့်နေ့ဆိုရင်… သတင်းပေးတဲ့ သူကပေးပါသည်။ ဘယ်သူလဲလို့တော့ မပြောတော့ပါဘူး။သူပြောတာကတော့

'' လုံးလုံးက ဒီတန်ဆောင်တိုင် လပြည့်နေ့ဆိုရင် မင်္ဂလာဆောင်ပြီ ။ ရှယ်ပဲတဲ့ ..(ဘာကိုရှယ်လဲတော့မသိပါ) သူက ဂီတကို ၀ါသနာပါတယ်။ ယောက်ျားတစ်ယောက်လိုပဲ။ မျက်မှန်တတ်တယ်တဲ့ '' ။


ဒီလိုနဲ့တာဝန်ယူကြမယ့် နေရာတွေကို စိတ်မှန်းနဲ့ ချကြည့်လိုက်တော့……

ထုံးစံအတိုင်း ၀ါကြီးကြီး အသက်ကြီးကြီး

အက်တမင်က ကောင်တာထိုင်ပေါ့.. ခန့်ခန့်ကြီးနဲလေ… တောင်ကြီးဆောင်းတွင်းမှာ ဆန့်ဆန့်ကြီးမဖြစ်ဖို့ပဲလိပါသည် အက်တမင်။ ဒီလိုဖြစ်ခဲ့ရင်တော့ မုန့်ဟင်းခါးမကြိုက်သော ကျွန်တော့် အတွက် အဆင်မပြေပါ။ အဟဲ..အက်တမင် စိတ်ဆိုးရဘူးနော်..သားကပျော်တတ်လို့…

ကိုရဲကတော့ မှတ်တမ်းတင်ဓါတ်ပုံရိုက်ဖို့ တာဝန်ယူပါဆိုပြီး တာဝန်ပေးခံရတယ်။ သူ့လက်ရာကတော့ အားလုံးသိပြီးတဲ့ အတိုင်းပါပဲ။ တောင်ကြီးမြို့ရဲ့ ရှု့ခင်းလေးတွေက ကိုရဲ နဲ့တွေ့မှ ပိုပြီး အသက်ဝင်လာတာလေ…ပို့နေရတာ …ကိုရဲမှာ ညီမလှလှလေးရှိတယ် ဆိုပြီး သတင်းပေးတဲ့ သူကလည်းရှိတယ်လေ…ကိုရဲလိုမျက်နှာရချင်ရင်တော့ မေ့မေ့ကို မိန်းကလေး ထပ်မွေးခိုင်းပါ။ ( သင့်မေမေက သွေးဆုံးနေပြီ ဆိုလျှင်လည်း သင့်ဖေဖေအား ထပ်ရှာခိုင်းပါ …(သို့မဟုတ်) သင့်မေမေကို ကိုရဲဖေဖေဆီ ပို့ပေးလိုက်ပါ။ တမျိုးမထင်ပါနဲ့…ဒီလိုသမီးလှလှလေးကို ဘယ်လိုမွေးထုတ်ပေးသလဲလို့ သိချင်လို့ အဟီး )

မနိုင်းနိုင်းကလည်း ဦးဦး အက်တမင်…ဦးဦး အက်တမင် ဆိုပြီး တော့လေ။ မပြောလိုက်ချင်ဘူး…သမီးတဲ့..ဟွန့် ဘာလဲ….သမီးက ကြိုဆိုရေးမှာတာဝန်ယူမယ်နော်တဲ့… အတင်းကြီး ဟန်တောင်မဆောင်နိုင်ဘူး။ ဘာလဲပေါ့… ကျွန်တော်တို့က ကြည့်လိုက်တော့ ကျွန်တော်တို့ကို သူ့ဘက်က ထောက်ခံပေးပါဆိုတဲ့ မျက်လုံးလေးနဲ့လေ…တော်တော်သနားသွားတယ်ဗျာ…. အကယ်ဒမီရှော့ပါပဲ…ဒါကြောင့် ဘလော့တွေမှာ နာမည်ကြီးနေတာ မထူးဆန်းပါဘူးလို့ လက်ခံလိုက်ရတယ်…အင်းလေ…ဘယ်တတ်နိုင်မလဲ သူ့ကိုပဲ အားကိုးရမှာပဲ၊ ကောင်လေးတွေကတော့ ကြိတ်ကြိတ်တိုးနေမှာပဲ။ အဟိ။

ဒါပေမယ့် ဆွေးနွေးကြရင်း သဘောထားမတိုက်ဆိုင်မှုတွေ ပေါ်လာပါတော့တယ်။ အက်တမင်ကို့ ချီးကျူးထားတာ ပြန်ရုပ်သိမ်းရမလို ဖြစ်သွားတယ်လေ…ဒီလိုနဲ့ မီတင် မှာ ငြင်းကြ၊ခုံကြရော…


ဒီအကြောင်းကို တော့ နောက်တစ်ပိုင်းမှာ ဆက်လက်ရှူ့စားကြပါ… ကဲ…ကိုကျော်စွာ ရေ …အားလုံးက မျှော်နေပါပြီ………..

8 comments:

Thinzar said...

ရေးလည်း ရေးတတ်ပါပေ့။ ရီလိုက်ရတာ သေတော့မယ်။
အဲဒီ ပို့စ်ထဲက ဟင်းထုပ်က ဓာတ်ပုံ ရိုက်တဲ့ သူနဲ့ photoshop လုပ်ထားတဲ့ သူတော်လို့ စားချင်စဖွယ် ဖြစ်သွားတာ။ သဉ္ဇာ့ကို အားကိုးရင်တော့ တောင်ကြီးချယ်ရီမြေ တစ်ရက်နဲ့ ဆိုင်ပိတ်နေရဦးမယ်။ အဲဒီအခါကြ ဇာတ်စင်ထောင်ပြီး ကိုနေလင်းကို တက်ကခိုင်းရမယ်။

yma said...

ဟာ ကိုနေလင်းရ အဲ့ဒီလောက်တောင်ပဲ ကလောင်သွားက ထက်လှချီလားဗျ.. လက်ဖျားခါပါတယ်ဗျ.. အဲ မြန်မြန်လေးလဲ အခန်းဆက်တွေ လုပ်ဦးနော်.. ဘာတွေ ထက်ဖြစ်မလဲဆိုတာ သိရအောင်လို့လေဗျာ..

one said...

ကျမလဲ ဆိုင်မှာလာအားပေးပါတယ်
..ဟင်းထုတ်တစ်ပွဲပေးပါ..ဆီချက်နဲ့ငရုပ်သီးများများ
ထည့်ပေးပါ.....

နိုင်းနိုင်းစနေ said...

ဟား..ဟား.. ရေးပဲ ရေးတတ်တယ်..
တကယ်ပဲ တန်ဆောင်တိုင်မှာ ဆိုင်ဖွင့်ဖို့ မီတင်ထိုင်နေရသလိုပဲ..
တကယ်လူတွေ ဆုံကြရင် ဖွင့်မယ်နော်..
အဲဒီအချိန်ကျရင် နိုင်းနိုင်းကို ကြိုဆိုရေးမှာ နေရာချထားရင်
ရှုံးကိန်းပဲး)
ဘာပဲဖြစ်ဖြစ် တကယ်ကို ပျော်မိပါတယ်း)
တန်ဆောင်တိုင်ပုံတွေကို မျှော်နေမယ်

Ma Yangon Thu said...

ကိုနေလင်းရေ.. အခန်းဆက်မျှော်နေပါသည်.. meeting မြန်မြန်ပြီးပါတော့ဗျို့..

နေလင်း said...

သိသားပဲ..သူ့ဟင်းထုပ်က ဆိုင်မှာ ရိုက်ထားတယ်ဆိုတာ…မဟုတ်ရင် ပန်းကန်ဆေးနေရာယူရမှာ စိုးလို့စေစေနဲ့ လည်း မင်းသမီးနေရာ ပို့ရသေးတယ်..အဆစ်များတောင် သားကို တက်ကခိုင်းအုံးမယ်တဲ့ …ကဲဒါကြောင့် မသဉ္ဖာ အခုကနေစပြီး ပန်းကန်ဆေးဖြစ်ပါပြီလို့ ပြောလိုက်ရမလား …
ကိုရဲရေ ..အခန်းဆက်တွေက လာမယ်ဗျ…ကိုကျော်စွာ ပြီးရင် တစ်ယောက်ပြီးတစ်ယောက် ဆက်လာမယ်။ ကျွန်တော်လည်း ဖတ်ချင်နေပြီ…အဟီး..
ဆူးရေ… အားပေးတာနဲ လှပါလား….တစ်ပွဲတည်းတဲ့ …ငရုပ်သီး သိပ်မထည့် ပါနဲ့လား…ပူမှာပေါ့…အ၀င်ကိုပဲ မကြည့်ရဘူးလေ…အထွက်ကို လည်း ဂရုစိုက်ပါ..အဟဲ…များများစားရင် များများထွက်မှာစိုးလို့ပါ…၀င်ငွေ၊ ထွက်ငွေကို ပြောတာပါ..
မကိုးကိုးရေ…ရဘူးနော် …မလှလှအောင် ပြင်ပြီး ကြိုဆိုရေးမှာပဲ နေရာယူရမယ်….ဒီရုပ်ကြီး ဘယ်လို ဖိုတိုရှော့နဲ့ လုပ်လုပ် မလှတော့ မှန်းသိပါတယ်..အဟဲ

ကိုကျော်စွာက မီတင်မပြီးသေးဘူးတဲ့ ….လုပ်ချင်သေးတယ်ဆိုလို့ ပါ မရန်ကုန်သူ…သူ့ကိုပြော..အနော်နဲ့ မဆိုင်တော့ဘူး..

ကျော်စွာ said...

ကျွန်တော်တို့ အခန်းဆက် လေးကို အားပေးကြတဲ့အ ကျေးဇူးတင်ပါတယ်။ အခုလို ရေးဖို့ အတွက် ကိုနေလင်းက စတင်တဲ့ စိတ်ကူးပါ။ အဲဒီ နောက် ကျွန်တော်တို့ ၂ ယောက်တိုင်ပင်ပြီး ဇာတ်လမ်းတွေ ၊ ဇာတ်ကွက် တွေ စဉ်းစားကြပါတယ်။ ကျွန်တော် ဇာတ်လမ်း အကျဉ်းလေးကို ပြောပြပေးပါ့မယ်။

တောင်ကြီးချယ်ရီ ဘလော့ အဖွဲ့သားတွေ တန်ဆောင်တိုင်မှာ ပွဲမှာ ရံပုံငွေ အတွက် ဈေးရောင်းကြဖို့ မီတင် လုပ်ပါတယ်။ မီတင်မှာ အင်းသားရိုးရာ အစားအစာ ရောင်းချင်တဲ့ အဖွဲ့ရယ် ၊ ဘီယာ + အကင် ရောင်းချင်တဲ့ အဖွဲ့ရယ် ဆိုပြီး ၂ ဖွဲ့ ကွဲသွားပါတယ်။ အက်တမင်က ဆုံးဖြတ်ရခက်တာနဲ့ ၂ ဆိုင်ဖွင့်မယ် ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ မီတင်မှာ ငြင်းခုန်ရင်းနဲ့ စိတ်ကူး တစ်ခု ရလိုက်ပါတယ်။ အဲဒါကတော့ ၂ ဖွဲ့မှာ ဘယ်အဖွဲ့က ပိုရောင်းရသလဲဆိုတာ ပြိုင်ကြဖို့ပါ။ ဆိုင်ကလည်း ကပ်ရပ်ဆိုတော့ အဲဒီမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင်ကြဲကြပါတယ်။
နောက်ဆုံးတော့ ဘယ်သူမှ မနိုင်ပါဘူး။
ဘာဖြစ်လို့လဲ ဆိုရင် ..........

ကျွန်တော်တို့ တောင်ကြီးချယ်ရီ ဘလော့မှ author များကို အခန်းဆက်မှာ ၀င်ရောက် ရေးသားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

one said...

ပြီးရင်ဆိုင်ကရောင်းရတဲ့အမြတ်ငွေနဲ့ တစ်ဖွဲ့လုံးအတူတူ
တောင်ကြီးမြို့ပတ်ဝန်းရှိ ဘုရားတွေသွားဖူးရင်းဘုန်းကြီး
ကျောင်းတတ် ကတော့သွားပြီးအလှူလုပ်ကြမယ်လေ
ဒီအစီအစဉ်မကောင်းဘူးလား?