Sunday, November 25, 2007

အထူးကျေးဇူးတင်ပါသည်


^^^^^ အိုးလေး လှုပ်ပါဟေး.. ရေအိုးလေး လှုပ်ပါဟေး...^^^^^
^^^^^ အိုးလေး လှုပ်ပါဟေး.. ရေအိုးလေး လှုပ်ပါဟေး...^^^^^

“မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်” ဆိုတဲ့အတိုင်း တောင်ကြီး တန်ဆောင်တိုင်က စည်ကားသိုက်မြိုက်စွာ ပြီးဆုံးသွားခဲ့ပြီ။ ဒီနှစ်ရဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲက စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းနဲ့အတူ အဝေးရောက် တောင်ကြီးသူ၊ တောင်ကြီးသားတွေရဲ့ ရင်မှာ လှုပ်ခါပြီး ကျန်နေခဲ့ပါပြီ။ ဒီလို ရင်ထဲမှာ ၀မ်းသာပီတိ ကျေနပ်မှုအပြည့်နဲ့ နေရပ်ကို လွမ်းအောင် လုပ်ပေးခဲ့တာက တောင်ကြီးချယ်ရီမြေ ၀ိုင်းတော်သားတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ စေတနာသာ မပါခဲ့ရင် ဒီတန်ဆောင်တိုင်ပွဲက အဝေးရောက်သူတွေရဲ့ကြားမှာ အသက်ဝင်လာမှာ မဟုတ်ပါဘူး။ ရုပ်သေဓာတ်ပုံနဲ့သာမက ကိုယ်တိုင် ပွဲခင်းထဲ ရောက်နေသလို ခံစားရအောင် လိုက်ဖ်ရှိုးနဲ့ပါ တင်ဆက်ပေးတဲ့ သူတို့ရဲ့ စေတနာ၊ အနစ်နာကိုတော့ မလေးစားဘဲ မနေနိုင်ခဲ့ဘူး။ ဒီလို လုပ်နိုင်ခဲ့တဲ့အတွက်လည်း တောင်ကြီးသားတွေကို ဂုဏ်ယူမိပါတယ်။

ပွဲလာကြည့်သူတွေကို မီးပုံးပျံအကြောင်း သိမှတ်သလောက် စိတ်ရှည်လက်ရှည် ရှင်းပြ၊ ပြောပြရုံမက replay ပြန်ကြည့်နိုင်ဖို့အတွက် ကိုယ်တိုင် ပွဲခင်းထဲ သွားရောက်ရိုက်ကူး ပြသခဲ့ကြသေးတယ်။ အိမ်လွမ်းသူတွေအတွက် အရိုးထဲထိ ရူးစေအောင် တန်ဆောင်တိုင် ပွဲတော်ကို စီစဉ်တင်ဆက်ပေးကြတဲ့ တောင်ကြီးချယ်ရီမြေက အဖွဲ့သားများနဲ့ ကူညီပံ့ပိုး လုပ်ပိုင်ခွင့် ပေးကြသူများ၊ ပွဲကျင်းပရေး ကော်မတီကို ဒီနေရာကနေ ကျေးဇူး အထူးတင်ကြောင်း ပြောပါရစေ။

အထူးသဖြင့် ရင်ထဲမှာ အိုးလေးတစ်လုံးလို့ လှုပ်ခါပြီး ကျန်ရစ်ခဲ့အောင် တောင်ကြီး တန်ဆောင်တိုင်ရဲ့ မီးပုံးပျံပွဲလေးကို အသက်သွင်းပေးကြတဲ့ ကိုရဲမြန်မာအောင်၊ ကိုကျော်စွာ၊ ကိုချမ်း၊ ကိုအောင်မိန်း၊ ကိုနေလင်း၊ ကိုလင်းထွန်း၊ ကိုတေဇနဲ့ အမည်မသိသူတွေကိုလည်း အထူး ကျေးဇူးတင်ပါတယ်။၂၀၀၇ရဲ့ တန်ဆောင်တိုင်က အဝေးရောက် တောင်ကြီးသူ၊ တောင်ကြီးသားတွေရဲ့ ရင်ထဲ စူးနစ်လို့ ကျန်နေခဲ့ပါပြီ။ နောင်နှစ်တွေမှာလဲ ဒီထက်မက စီစဉ်တင်ဆက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ...း)

ခင်မင်လေးစားလျှက်
နိုင်းနိုင်းစနေ

1 comment:

may said...

ဟုတ်တယ်... မနိုင်းနိုင်းရေ.... တောင်ကြီးချယ်ရီ အဖွဲ့သားတွေရဲ့ ဇွဲ၊ စေတနာ၊ အနစ်နာနဲ့ ကြိုးပမ်းမှုကို အရမ်းလေးစားဂုဏ်ယူပါတယ်........ ဘယ်တော့မှလဲ မမေ့တော့ပါဘူး.... နောက်နှစ်တွေအတွက်လဲ ခုကတည်းက ကြိုရင်ခုန်နေပါတယ်.... :)