Friday, June 8, 2007

ဂီတ၀ါသနာကြီးသောတောင်ကြီးသားများ

ပြောလို့ပြောတာ မဟုတ်ပါဘူး၊ တောင်ကြီးသားတွေက ဂီတကို တော်တော် ၀ါသနာကြီးတာ....
သီချင်း နားထောင်ရင်ထောင်၊ နားမထောင်ရင် ကိုယ်တိုင်ဆိုဖို့ ကြိုးစားတာပဲ....
ရန်ကုန်မှာ နာမည်ကြီးနေတဲ့ အဆိုတော်တွေ ထဲမှာလဲ တောင်ကြီးသားတွေ ခပ်များများ ပါပါတယ်....
ဒီမှာဆိုလဲ ဘယ်နေရာမှာဖြစ်ဖြစ် သီချင်းနဲ့ ကင်းကွာသူ၊ သီချင်း နားမထောင် တတ်တဲ့သူဆိုတာ ခပ်ရှားရှားပါ....
နားထောင်အား ကောင်းသလို ခေတ်နဲ့လဲ အမီလိုက်နိုင်ကြပါတယ်....
ရန်ကုန်မှာ Rock ဂီတသိပ်ခေတ်မစားခင် ဇော်ဝင်းထွဋ် အခွေထွက်တော့လဲ တနိုင်ငံလုံး ဘယ်သူမှ နားမထောင်ခင် တောင်ကြီးကနေပဲ စပေါက်ခဲ့တာပါ....
ဟော Alternative ဆိုပြန်တော့လဲ ဒိုးလုံးတို့က တောင်ကြီးကနေ စနာမည်ကြီးပြန်ရော....
ဒါပေမဲ့ အခုရန်ကုန်မှာ ခေတ်စားနေတဲ့ HipHop ဂီတကျပြန်တော့လဲ တောင်ကြီးသားတွေ သိပ်ကြိုက်ဟန် မတူဘူးဗျ.. ဖွင့်သံ သိပ်မကြားရဘူး....
Rock နဲ့ Alter ကတော့ တောင်ကြီးသားတွေ အကြိုက်ဆုံးလို့ ပြောရင် မှားမယ်မထင်ပါဘူး....
သီချင်း နားထောင်သူ များသလို အဖွဲ့လိုက်ဖြစ်စေ၊ တစ်ကိုယ်တော်ဖြစ်စေ သီချင်းတွေရေးကြ၊ ဆိုကြ၊ Demo လေးတွေ သွင်းပြီး ရန်ကုန်ပို့ကြ၊ ထုတ်လုပ်သူ ရှာကြရင်း အဆိုတော်ဖြစ်ဖို့ ကြိုးစားနေကြ သူတွေလဲ တော်တော်များ ပါတယ်....
ဒီမှာ တစ်ခုသတိထားမိတာက တောင်ကြီးမှာ တေးရေး၊ တေးဆို မျိုးဆက်သစ်တွေ အဆက်မပြတ် ပေါ်လာနေပေမဲ့ အတီးသမား ကျတော့ သိပ်မတွေ့ရပဲ ဖြစ်နေတာပါပဲ....
တောင်ကြီးမှာ လက်ရှိတီးနေတဲ့ တော်တော်ကောင်းတဲ့ Guitar သမားတွေရှိပါတယ်....
ကိုပါသဲ၊ ကိုထွန်းခိုင်၊ ကိုသားသား စသည်ဖြင့်ပေါ့....
Guitar သင်တန်းတွေလဲရှိပါတယ်....
နောက်ပြီး တောင်ကြီးမှာ Studio တွေလဲ အများကြီးရှိတော့ ရန်ကုန်ထိမဆင်းပဲ ဒီမှာပဲ လက်သွေးလို့ရတဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်....
Studio တွေရဲ့ အရည်အသွေးလဲ အများကြီး ကောင်းလာကြပြီ....
အခုဆိုရင် တောင်ကြီးမှာပဲ သွင်းပြီး တပြည်လုံးဖြန့်ချိမဲ့ အခွေတွေတောင် တချို့ Studio တွေမှာသွင်းနေကြပြီ....
အားနည်းချက် တစ်ခုကတော့ ဒီမှာ Drums, Bass, Keyboard စတာတွေနဲ့ ပတ်သက်ပြီး သင်တန်းတွေ မတွေ့မိတာပါပဲ....
ဒီလိုပဲ ရှေ့ကတီးနေသူတွေဆီမှာ နည်းယူပြီးတီးနေကြရတာပေါ့....
ဒါပေမဲ့ အခုခေတ်မှာ Lesson ခွေတွေ ရှာလို့ရနေတော့ သင်ဆရာ မရှိလဲ ခွေနဲ့ကျင့်လို့တော့ ရပါတယ်....
တောင်ကြီးသားတွေထဲက အဆိုကောင်း၊ အရေးကောင်းတွေ ထွက်သလို အတီးကောင်းတွေလဲ ထွက်လာစေချင် ပါတယ်....
ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိပါတယ်....
တနေ့မှာ တောင်ကြီးမြို့ဟာ America က Los Angeles လိုမျိုး Music Production တွေ၊ Studio တွေ၊ အဆိုတော်တွေနဲ့ အနုပညာထွန်းကားတဲ့ မြို့ကြီးတမြို့ ဖြစ်လာမယ်ဆိုတဲ့ အိပ်မက်ပေါ့....
ဖြစ်နိုင်ခြေ ရှိမယ်လို့လဲ ထင်ပါတယ်....
တောင်ကြီးသားတွေရဲ့ ရေခံမြေခံကောင်းတဲ့ အနုပညာဗီဇကို တက်ကြွတဲ့ လေ့လာအားထုတ်မှုတွေနဲ့ ပေါင်းပြီး ကျွန်တော်တို့ဝါသနာပါတဲ့ ဂီတကို ပိုမိုတိုးတက်ဖွံ့ဖြိုးဖို့ ၀ိုင်းပြီး ကြိုးပမ်းကြပါစို့လား ...