Monday, June 25, 2007

ကိုရင်လေးကျောင်းသို့ တစ်ခေါက်

ကိုရင်လေးကျောင်းလို့ ဆိုလိုက်တာနဲ့ တောင်ကြီးမြို့ခံတွေက ဘုရားဖြူရွာ အရှေ့ဖက်ကဘုန်းကြီးကျောင်းကို ပြေးမြင်မိကြမှာပါ။ ကိုရင်လေးကျောင်းလို့ ဘာဖြစ်လို့ခေါ်လဲဆိုတာကိုကျွန်မ မသိတဲ့အပြင် တောင်ကြီးမှာ နေခဲ့တဲ့ သက်တမ်းတစ်လျောက် (၂)ခေါက်ပဲရောက်ခဲ့ဖူးပါတယ်။ ကိုရင်လေးကျောင်းဟာ တောင်ကြီးမြို့ရဲ့ အရှေ့တောင် အရပ်မှာ တည်ရှိပြီး မြို့နဲ့အတန်ငယ်ဝေးတဲ့အပြင် အရင်က ကန့်သတ်နယ်မြေဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ပွဲတော်ရောက်တိုင်း ကိုရင်လေးကျောင်းက ဘုရားဖူးတွေနဲ့ စည်ကားနေပါပြီ။

မှတ်မှတ်ရရ ကိုရင်လေးကျောင်းကို ကျွန်မဆယ်တန်းနှစ်မှာ ပထမဦးဆုံးအကြိမ် ရောက်ဖြစ်ခဲ့တယ်။အ.ထ.က(၁) ဆယ်တန်းဒီ တစ်ခန်းလုံး အတန်းပိုင်ဆရာမ "ဒေါ်ထူးထူးရွှေ" နဲ့ ကျောင်းအားရက်တစ်ရက်မှာ ကိုရင်လေးကျောင်းကို ဘုရားဖူးထွက်ခဲ့ကြတယ်။ အတန်းပိုင် ဆရာမက ခရစ်ယာန်ဘာသာဝင်ဖြစ်ပေမယ့် တပည့်တွေရဲ့ အလိုကိုလိုက်ပြီး ပျော်ပျော်ပါးပါး လိုက်ပါခဲ့တယ်။ ထမင်းထုပ်၊စားစရာ အပြည့်ထည့်ထားတဲ့ လက်ဆွဲခြင်း ကိုယ်စီနဲ့ မနက်ခင်းမှာ ကျောင်းကနေ လူစုပြီး သွားခဲ့ကြတယ်။ မြစိမ်းတောင်သွားတဲ့ လမ်းဖက်ကနေ သွားရတဲ့အတွက် ကျောင်းနဲ့လည်း သိပ်မဝေးတဲ့လို့ ခြေကျင်ပဲ သွားခဲ့ကြတယ်။တစ်လမ်းလုံး စလိုက်နောက်လိုက်၊ သီးချင်းဆိုလိုက်၊ ပုံပြောလိုက်နဲ့ ခရီးဝေးပေမယ့် မောပန်းရမှန်းတောင်မသိခဲ့ကြပါဘူး။

ကိုရင်လေးကျောင်း သွားတဲ့ ကားလမ်းတွေ လုပ်ထားပေမယ့် ထုံးစံအတိုင်း နွားလှည်းရော ကားပါသွားရတဲ့ မြေညီလမ်းလေးပါ။ ဘုရားဖြူရွာ စတဲ့ ပအိုဝ့်ရွာလေးတွေရယ်၊ တောင်ကြီးတစ်မြို့လုံး သောက်သုံးနေတဲ့ ရေလှောင်ကန်တွေရယ် (ကန်နာမည်တောင် မေ့နေပြီ) ကို ဖြတ်သွားရပါတယ်။ မြေညီလမ်းရဲ့ဘေးတစ်ဖက် တစ်ချက်မှာတော့ စိမ်းစိုနေတဲ့ တောအုပ်တွေ၊ ထင်းရှူးပင်တွေပေါ့။

ကျောင်းကိုရောက်တော့ အဲဒီနေ့က လပြည့်နေမို့လား မသိ ဘုရားဖူးတွေ စည်ကားနေပါတယ်။ ကျွန်မဆယ်တန်း
နှစ်ဆိုတော့ကာ အဲဒီတုန်းက ကျောင်းဆောင် ၂ကျောင်းပဲရှိသေးတယ်ဆိုတာရယ်၊ ကျောင်းဆောင်နှစ်ခုရဲ့ ကြားမှာတော့နဂါးရုပ်ပါတဲ့ ရေကန်လေးလား မသိဘူး ရှိတယ်ဆိုတာကို ခပ်ရေးရေးပဲ မြင်ယောင်တော့တယ်။ (မှားရင် သီးခံပါ။အသက်ကြီးလာတော့ မှတ်ဥာဏ်က မကောင်းတော့ပါဘူး) ကျွန်မတို့လည်း ဘုရားတွေဖူး၊ လိပ်ဥတွေတူး၊အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ သူငယ်ချင်းတွေ ၀ိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါး လေကန်ခဲ့ကြတယ်။

အပြန်မှာတော့ ဘယ်သူက ဦးဆောင်ပြီး အကြံပေးလိုက်တယ် မသိဘူး။ လာလမ်းအတိုင်း ဖြောင့်ဖြောင့်မပြန်ဘဲ တောထဲတောင်ထဲကဖြတ်လမ်းကနေ ဖြတ်ပြန်ပြီး မြစိမ်းတောင်ဘုရား ၀င်ဖူးမယ်၊ ရွှေဘုန်းပွင့်ဝင်ဖူးမယ် ဆိုပြီး ဖြတ်လမ်းက ပြန်ခဲ့ကြပါတယ်။ဖြတ်လမ်းဆိုတော့ သိတဲ့အတိုင်း အရင်လူလျောက်ခဲ့ဖူးတဲ့ မညီမညာ ခြေရာလေးတွေ ထင်ကျန်နေတဲ့ လမ်းသာသာလေးပါ။ဒီဖက်ထင်တယ်၊ ဟိုဖက်ထင်တယ်ဆိုပြီး ပါးစပ်နဲ့ သံလိုက်အိမ်မြှောင်လုပ် အရပ်ရှစ်မျက်နှာကို မှန်းဆပြီး ကျွန်မတို့ ပြန်ခဲ့ကြတယ်။သီချင်းတွေ အော်ဆိုပြီး သွားနေရာက (အဲဒီတုန်းက ကျွန်မတို့ အော်ဆိုခဲ့ကြတဲ့ သီချင်းက တောထဲတောင်ထဲမှာဆိုတော့ရဲဘော်သီချင်းတွေ များပါတယ်) လမ်းတစ်ဝက်ရောက်တော့ ကျောင်းသားတစ်ယောက်က ဖောက်လာခဲ့ပါတယ်။ကျွန်မတို့ သွားနေရာ လမ်းခုလပ်ကနေ သစ်ပင်နောက်ကွယ်က ပြေးပြေးထွက်ပြီး သစ်ကိုင်းခြောက်ကို သေနတ်လုပ်ပြီးပါးစပ်က တဒိုင်းဒိုင်းနဲ့ လူတွေကို လိုက်ပစ်ပါတော့တယ်။ အစကတော့ သူစနောက်နေတယ်လို့ပဲ ကျွန်မတို့ ထင်နေမိတယ်။နောက်တော့ သစ်ကိုင်းခြောက်နဲ့ ချိန်ပစ်တာမဟုတ်ဘဲ လိုက်ရိုက်တဲ့ အထိဖြစ်လာခဲ့တယ်။ ကျောင်းသားတွေက ရှေ့ဆက်မသွားနိုင်လောက်အောင်ပဲ ကြောက်မိပါတယ်။ သီချင်းတွေ အော်ဆိုပြီး တောထဲ ၀င်ပြေးတော့ ဆရာမရော ကျောင်းသားတွေပါ ပျာများကြရတော့တယ်။ အားကောင်းတဲ့ ကျောင်းသားတွေက သူ့နောက်ကို အတင်းလိုက်၊ တစ်ဖက်တစ်ချက်စီ ချုပ်ပြီး
ခေါ်ခဲ့ရတဲ့ အထိပါပဲ။ ကျောင်းသားတွေရဲ့ ကြားမှာတော့ ဟိုထင် ဒီထင် တီးတိုး တီးတိုး အသံတွေနဲ့ပေါ့။ တစ်ချို့က
မြစိမ်းတောင်နဲ့ နီးလာလို့ နတ်ကိုင်တယ်ဆိုလား၊ တောခြောက်တယ်ဆိုလား.. လားပေါင်းများစွာနဲ့ ကျွန်မတို့ မြစိမ်းတောင်ရော ရွှေဘုန်းပွင့်ပါ အောင်မြင်စွာ ၀င်ဖူးခဲ့ကြတယ်။ နောက်မှ သိရတာက အဲဒီကျောင်းသားမှာ နဂိုမွေးရာပါ ရောဂါရှိပြီး၊မကြာခဏ မူးလဲတတ်ကြောင်း၊ တောထဲ တောင်ထဲရောက်ရင် ရောဂါဖောက်တတ်ကြောင်းပါပဲ။

တစ်ခေါက်ဆိုတစ်ခေါက် မှတ်မှတ်ရရပါပဲ။ ပိုအမှတ်ရအောင် တုတ်သေနတ်နဲ့ လိုက်ပစ်ခဲ့တဲ့ သူငယ်ချင်း အောင်ကျော်နေကောင်းပါစေ လို့ ဒီစာနဲ့အတူ ဆုတောင်းလိုက်ပါတယ်။ အ.ထ.က(၁) ဆယ်တန်းဒီက သူငယ်ချင်းများနှင့်တကွ အတန်းပိုင် ဆရာမ "ဒေါ်ထူးထူးရွှေ"အား အောက်မေ့သတိရလျှက်

နိုင်းနိုင်းစနေ