Friday, June 15, 2007

Tradition

ညီမက တောင်ကြီးသူစစ်စစ်.... တောင်ကြီးကို တစ်နှစ်တစ်ခေါက် မှန်မှန် ပြန်မရောက်ပေမဲ့... ကိုယ့်ကိုကိုယ် တောင်ကြီးသူ လို့ပဲ ခံယူထားပါတယ်...


မွေးကတည်းကစ...၁၈နှစ်..၁၉နှစ်ထိ... နေလာခဲ့ရတဲ့ ဇာတိမြေတောင်ကြီး...တောင်ကြီးမြို့ကို ညီမ ချစ်ပါတယ်.... မိသားစုအားလုံး ချစ်သူခင်သူ အားလုံးလိုလို ရှိနေတဲ့တောင်ကြီး... စိတ်က အားနေရင်.. တောင်ကြီးကို သတိရ နေမိတာကလည်း ညီမအကျင့်...


တောင်ကြီးမြို့ကို လူသိများစေတဲ့ တန်ဆောင်တိုင်ပွဲတော် ဆိုတာကိုလည်း ညီမ အရမ်းလည်း ခင်တွယ်ပါတယ်... ဒါပေမယ့် သူ့ထက် ညီမစိတ်ထဲ အထင်ကရဖြစ်စေတဲ့ တောင်ကြီးမြို့ရဲ့ ချစ်စရာအကျင့် တစ်ခုက... အခါကြီး ရက်ကြီးမှာ.. တစ်မြို့လုံးမှာရှိတဲ့ ဘုန်းကြီး ကျောင်းတွေကို အလှူစာတွေ သွားလှူလေ့ရှိတဲ့ အလေ့လေး တစ်ခုပါ...

ညီမအဖို့တော့ နှစ်ကူးချိန် သင်္ကြန်ခါနဲ့ သီတင်းကျွတ် အခါဆိုရင် ကိုယ်တိုင်က တောင်ကြီးမြို့မှာ ရှိမနေရင် တောင်မှ ဒီချစ်စရာ အလေ့လေးကို မမေ့မပျောက် ကျင့်သုံးနေမိတာပါ... တခြား မိသားစုတွေတော့ မသိ... ညီမတို့ မိသားစုကတော့... နှစ်စဉ်နှစ်တိုင်း အခါဆိုရင် အနဲဆုံး ဘုန်းကြီးကျောင်း ဆယ်ကျောင်း လောက်တော့ အလှူ သွားလှူ ဖြစ်ပါတယ်... အခါမရောက်မီ တစ်ပတ်လောက် ကတည်းက အလှူစာတွေကို အဆင်သင့် ပြင်ဆင်ရ တတ်တယ်... သက်ကြီးရွယ်အို..ဘိုးဘွား ဆွေမျိုးတွေကို ကန်တော့ဖို့ရယ်... ဘုန်းကြီးကျောင်းကို လှူမယ့် အလှူစာတွေရယ် သူတို့ကို ပြင်ဆင်ထုပ်ပိုး ရတဲ့အချိန်ဟာ ညီမအတွက် အပျော်ဆုံး အချိန်တွေပေါ့...

ငယ်ငယ်ကဆိုရင် မဲ့မဲ့က (ညီမက အမေကို မဲ့မဲ့လို့ခေါ်တာပါ) အ၀တ်အစား အသစ်ဆိုရင် တစ်နှစ်မှာ နှစ်စုံပဲ ၀ယ်ပေးတာ... တန်ခူး တစ်ခါ၊ သီတင်းကျွတ် တစ်ခါ ဘုန်းကြီးကျောင်းတက်ဖို့ အတွက်လေ... ဒါကြောင့် အ၀တ်အစားအသစ် ၀တ်ပြီး အလေး လုပ်ချင်တဲ့ (အလေးလုပ်တယ်ဆိုတာ လှချင်တာကို ပြောတာပါ) ညီမတစ်ယောက် အခါတွင်း ဘုန်းကြီးကျောင်းတက်ရင် ကိုယ် ဘာဝတ်ရမလဲ ဆိုတာကို တစ်လ နှစ်လလောက် ကြိုပြီး စဉ်းစား တတ်တာလည်း ညီမအကျင့်...

ပြီးတော့ ရှိသေးတယ်... ကျောင်းတက်လာတဲ့ ဧည့်သည်တွေကို ဘုန်းကြီးကျောင်းက စတုဒိတာ ကျွေးတာတွေ ကိုလည်း ညီမ အရမ်းကြိုက်တာ... ဖရဲကျောင်း သွားရင် ထမင်း.. ဟင်းက ပဲဟင်းနဲ့ ငရုတ်သီးလုံးကြော်
(ညီမ စားဖူးတာကို ပြောတာနော်)... အောင်မင်္ဂလာကျောင်း သွားရင် ကြက်တက်ရွက်သုတ်နဲ့ အကြော်စုံ.. ပြီးတော့ သင်္ကြန်ဆိုရင် ကိုရင်လေးကျောင်း အတက်လမ်းက စတော်ဘယ်ရီ ဖျော်ရည်.. အဲဒါတွေက
ညီမရဲ့ အကြိုက်ဆုံးတွေပေါ့...

ကိုယ်ပိုင်ကား ရှိတဲ့ မိသားစုတွေက ကိုယ်ပိုင် ကားလေးတွေနဲ့.. မရှိတဲ့ လူတွေကျတော့လည်း နီးစပ်ရာ ကားတွေနဲ့ ကျောင်းတက်ယာဉ်ဆိုတဲ့ အမှတ်အသားလေး တပ်ဆင်ပြီး ပျော်ပျော် ပါးပါး စုဝေး ကျောင်းတက် ကြရတာ ပျော်စရာ အကောင်းဆုံးပေါ့.. ဘုန်းကြီးကျောင်းတွေမှာ သူသူကိုယ်ကိုယ် လာလှူကြရင်း တွေ့ကြ ဆုံကြ စကြ နောက်ကြ တာလဲ ပျော်စရာ တစ်ခုပေါ့... ညီမတော့ မသွားဖူးဘူး... တစ်ချို့ဆိုရင် သူငယ်ချင်းတွေ စုပြီး သွားကြတာ.. အပျော်အပါးလုပ်ဖို့ထက် စုစည်းအလှူလုပ်ကြဖို့ တိုင်ပင်ကြ.. စီစဉ်ကြ..အရမ်းကို ချစ်စရာ ကောင်းတဲ့ အလေ့လေး တစ်ခုပေါ့..

ချစ်စရာ အကောင်းဆုံးက သင်္ကြန်ခါ ရေပက်ကြတဲ့ အခါမှာပေါ့.. ရေကစား ကြတဲ့သူတွေက.. ကျောင်းတက် ယာဉ်လို့ ဆိုတာနဲ့ ရေခွက်ကလေး ပိုက်လို့ အသာလေး ကြည့်နေကြရတဲ့ မျက်နာလေးတွေကို သဘော အကျဆုံးပေါ့.. ကိုယ်တိုင်က အလှူပါဝင် မလုပ်ကြပဲ ပျော်ပါးနေကြပေမဲ့.. အလှူ သွားလုပ်မယ့် လူတွေ ကားတွေကို မနှောင့်ယှက် ပါဘူးဆိုတဲ့ အသိစိတ်ကလေး တစ်ခုကိုက သူတို့ရဲ့ စိတ်အစဉ်မှာ ကုသိုလ် စိတ်ကလေးတွေ ရနေကြပြီလို့ ညီမခံစားရပါတယ်...

ရေးရမယ်ဆိုရင်.. ရေးမကုန်နိုင်... ပြောမကုန်နိုင်ပါပဲ.. အားလုံးကို ညီမပြောချင်တာက.. ဖြစ်နိုင်မယ်ဆိုရင်.. သင်္ကြန်ခါ သိ့မဟုတ် သီတင်းကျွတ်ခါဆိုရင် တောင်ကြီးမြို့ရဲ့ ချစ်စရာအလေ့လေးကို သွားပြီး လေ့လာကြည့်ကြ စေချင်ပါတယ်လို့...

ps. nay nay ကသူလည်းဝင်ရေးချင်တယ် ဒါပေမယ့်ဘယ်လိုလုပ်ရမှန်းမသိလို့ ကျွန်တော့ဆီ အီးမေး ပို့လိုက်တာကို ပြန်တင်ပေးလိုက်တာပါ

No comments: