Saturday, June 9, 2007

တောင်ကြီးနှင့် ည နေ၀င်ချိန်

ဒီနေ့ တစ်နေ့လုံး နေပူတော့ နေလို့ မကောင်းဘူး။ တောင်ကြီးလဲ အရင်ကထက် နဲနဲ ပူတတ်လာပြီ။ တစ်နေ့လုံး စိတ်ညစ်နေသမျှ ညနေကျတော့ မိုးလေး အုံ့လာတယ်။ မိုးစက်တွေကိုလဲ ဟိုမှာ တစ်ကွက် ဒီမှာ တစ်ကွက် တွေ့လိုက် ရတယ်။ ဒါနဲ့ပဲ မိုးကြိုက်တဲ့ ကျွန်တော် ရှုခင်းသာ ပန်းခြံဘက် ထွက်လာခဲ့ လိုက်တယ်။ မိုးကလဲ အုံ့အုံ့ နေကလဲ ၀င်ခါနီး အချိန် ဆိုတော့ တောင်ကြီး ညနေက တော်တော်လေးလှ နေတယ်။ ရှုခင်းသာပန်းခြံ အပေါ်ဘက် လမ်းဘေးအုတ်ခုံ နားမှာ နေ၀င်ချိန် လာကြည့် သူတွေနဲ့ စည်နေတယ်။ အဲ့ဒီ နေရာကနေ တောင်အောက်ကို လှမ်းကြည့်လို့ ရတယ်။ နေ၀င်သွားတာကို ငေးလို့ရတယ်။

ခဏတာ ရောက်မိခဲ့တဲ့ ကျွန်တော် လွမ်းချင်သလိုလို ဖြစ်လာတယ်။ တောင်ကြီးမြို့ရဲ့ အလှတစ်ပါးဖြစ်တဲ့ ရှုခင်းသာ ကြိုးတံတားကိုလဲ ကျွန်တော် ငေးကြည့် ဖြစ်ခဲ့တယ်။ ကျွန်တော့ စိတ်ထဲမှာ အရာအားလုံးဟာ လှတယ်ဆိုတာထက် ပိုနေတယ်။< ဒါနဲ့ပဲ ဆည်းဆာချိန်ကို ပါလာတဲ့ Camera နဲ့ မှတ်တမ်း တင်လိုက် ပါတယ်။ Camera သိပ် မရိုက်တတ်တဲ့ ကျွန်တော် ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက်နဲ့ လှပတဲ့ မြင်ကွင်း တစ်ခုကိုလဲ မိမိရရ ယူခဲ့နိုင်လိုက် ပါတယ်။ ခွင့်တော့ မတောင်းဖြစ်ခဲ့ဘူး။ တိတ်တိတ်ကလေးပဲ ခိုးပြီးတော့ ရိုက်ခဲ့ လိုက်တယ်။ သူတို့တွေရဲ့ အချိန်လေးကို ကျွန်တော့်ကြောင့် ထိခိုက်မသွား စေချင်လို့ပါ။

နေ၀င်သွားတော့ ကျွန်တော်လဲ အိမ်ပြန်ခဲ့ ပါတယ်။

တစ်ယောက်တည်း ...
ကျွန်တော့ရဲ့ အိမ်ပြန်လမ်းကတော့ မိုးရေတွေ ရွဲလို့ ... စိတ်တွေကလဲ အတိတ်ကို ရောက်လို့ ... နားထဲမှာလဲ သီချင်းသံတွေ ကြားရောင်လို့ ...