Thursday, July 5, 2007

တောင်ကြီးမြို့  မှ အဆိုတော်များ (၃)

တောင်ကြီးမြို့ မှ အဆိုတော်များ အကြောင်းအရာနဲ့ post အသစ် တင်ဖို့အတွက် ဘယ်အဆိုတော် အကြောင်း တင်ရင်ကောင်းမလဲလို့ စဉ်းစားကြည့်တော့ band လေးနှစ်ခုကို သွားသတိရမိတယ်။

သူတို့က ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်လည်းတီးကြတဲ့ ကိုယ်ပိုင်သံစဉ် ဂီတတွေကိုဖန်တီးနေကြသူတွေပါ။ IMP နဲ့ Blackhole ဆိုတဲ့ band တွေပါ။ အဲဒီထဲကမှ အခုလောလောဆယ် yangon city FM မှာ ပရိသတ် တောင်းဆိုမှုများ နေတဲ့ “ သနပ်ခါး ” သီချင်းပိုင်ရှင် Blackhole အဖွဲ့ အကြောင်းကို ဖော်ပြပေးပါရစေ။ Blackhole က “ မှားတဲ့အခါလည်း မှားပေမပေါ့ ” ဆိုတဲ့ စီးရီးမှာ the ants, antibiotic, big bag စတဲ့ အဖွဲ့တွေနဲ့ အတူသီဆိုရင်း ဂီတလောကထဲကို စတင်ရောက်ရှိလာ ခဲ့တာပါ။

Blackhole အဖွဲ့ကို အဖွဲ့သားသုံးယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ သီချင်းတွေကိုတော့ bass guitar တီးတဲ့ အိုက်စိုင်းက ဆိုပြီးတော့ lead guitar ကို စိုင်းလုံးကျောက် နဲ့ drums ကို အန်းကူလေး တို့က အသီးသီး တီးခတ်ကြပါတယ်။ အခု ကျွန်တော် Vocalist / Bass အိုက်စိုင်း နဲ့ တွေ့ဆုံပြီး အနည်းငယ်မေးမြန်းဖြစ် ခဲ့ပါတယ်။ BlackHole ကို ဘယ်နှခုနှစ်လောက်မှာ စဖွဲ့ဖြစ်တာလဲ။ ဆယ်တန်းအောင်ပြီးစ ဆိုတော့ 2001 လောက်မှာ ဖြစ်မယ်ထင်တယ်။

BlackHole ဆိုတဲ့ နာမည်ကို ရွေးဖြစ်သွားတဲ့ အကြောင်းက . . .
စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရတယ်။ အာကာသထဲက တွင်းနက်ကြီးပေါ့။ သူက သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဥက္ကာခဲတွေ၊ အလင်းတွေကအစ စုပ်ယူပစ်တယ်။ တစ်ချိန်မှာ အဲဒီတွင်းနက် သေးသေးလေးတွေစုပြီးတော့ အာကာသတွင်းနက်ကြီး တစ်ခုဖြစ်သွားမယ် လို့ရေးထားတယ်။ ကျွန်တော်တို့လဲ ကိုယ့်ခံစားချက်တွေရော ပတ်ဝန်းကျင်က ခံစားချက်တွေပါ စုပေါင်းပြီး သီချင်းရေးဖွဲ့ကြရတာ မဟုတ်လား . . . အဲဒါလေးကို သဘောကျပြီး ရွေးဖြစ်သွားတာပါ။

ဂီတကို ဘယ်အရွယ်ကတည်းက စိတ်ဝင်စားခဲ့တာလဲ။

ငယ်ငယ်ကတည်းကလို့ပဲ ပြောရမယ်ထင်တယ်။ ကျွန်တော်လေးတန်းနှစ်မှာ ဂစ်တာတီးတတ်ပြီ။ မှတ်မှတ်ရရ ကိုညီထွဋ် ရဲ့ ရှေ့ဆက်ရန် စဉ်းစားပါ ဆိုတဲ့ သီချင်းပါ။

ပြည်တွင်း၊ပြည်ပ ဂီတ band တွေထဲက ဘယ် band ကိုသဘောကျလဲ။

I.C ၊ Dream Theater . . .သူတို့သီချင်းတွေက ခန့်ခန့်ညားညား ကြီးတွေဗျ။

ဂီတအပြင် တခြားဘာတွေကို စိတ်ဝင်စားသေးလဲ။

စာဖတ်တယ် ၊ ကဗျာရေးတယ် (ကိုယ့်ကိုယ်ကိုတော့ ကဗျာလို့ သတ်မှတ်တာပေါ့နော်)

အချစ်=အချစ် ရဲ့ အဓိပ္ပါယ်လေး . . .

အာ . . . အဲဒီသီချင်းထဲက အတိုင်းပဲပေါ့ ၊ ဟဲ ဟဲ ။

တစ်ချို့အဆိုတော်တွေက သရုပ်ဆောင်လည်း လုပ်ကြတယ်နော်။ သရုပ်ဆောင်လုပ်ဖို့ကော အစီအစဉ်ရှိလား။

ဟာ . . . ကြပ်ပြီ။ တစ်ခါမှတော့ စိတ်မကူးမိသေးဘူး။ အခြေအနေအရပေါ့ဗျာ။

တောင်ကြီးမြို့ နဲ့ ပတ်သက်ပြီး အမှတ်တရ တစ်ခုလောက် . . .

တောင်ချွန်းပေါ်တက်ပြီး တောင်ကြီးမြို့ကို ငုံ့ကြည့်ရတာ သဘောကျတယ်။

Blackhole ကိုဆက်သွယ်ချင်တယ်ဆိုရင် . . . blackhole1111@gmail.com ပါ။