Thursday, July 12, 2007

တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်

ကွန်ပြူတာ တက္ကသိုလ် entrance အောင်တော့ စိတ်ကူးထဲ ရန်ကုန်မှာ တက်ရမယ်ပေါ့...
အထင်နဲ့ အမြင် တလွဲစီပါပဲ...
တောင်ကြီးမှာ ပထမဆုံး စဖွင့်မယ့် ကွန်ပျူတာကောလိပ်မှာ တက်ရမယ်တဲ့...
ဘယ်မှာလဲ ဆိုတော့ လေးမိုင်အကျော်လေးမှာ...
ကျောင်းသားအားလုံးပေါင်း ၁၅ယောက်နီးပါးပဲ ရှိတယ်...
ကျောင်းသွားရင် မနက်စောစော မြို့မဈေးနားမှာ ကျောင်းကားလာစောင့်တယ်...
ဟိုပုံးဘက်ကို ဆွဲတဲ့ လိုင်းကားတွေ အလှည့်ကျလာရတာ...
အစကတော့ ဘယ်သူမှ မပျော်ပါဘူး...မှန်းထားတဲ့ တက္ကသိုလ်ဆိုတာ ဒီလိုမှ မဟုတ်ပဲ...
နောက်ကျတော့လဲ အဲဒီလူ ၁၅ယောက်လောက်ဟာ
တကယ့်မောင်နှမတွေလိုကို ဖြစ်သွားကြတယ်...
ရန်လဲ မဖြစ်ကြဘူး...မနာလိုတာတွေ လုံးဝမရှိဘူး...ပြိုင်တာဆိုင်တာလဲ မရှိခဲ့ဘူး...
ကျောင်းများရောက်ရင် ကလေးတွေကို မူကြိုပို့လိုက်တဲ့အတိုင်းပဲ...
ပင်ပေါင်ရိုက်တယ်...စွန်လွှတ်တယ်...အမလိုက်တမ်းကစားတယ်...
ဂစ်တာတီး သီချင်းတွေ ဆိုကြတယ်...တူတူပုန်းတမ်း ကစားကြတယ်...
ဆရာမတွေ အိမ်မှာ ဖျာလေးတွေ ခင်းပြီး ထမင်းသွားစားကြတယ်...တောထဲလျှောက်သွားကြတယ်...

ရယ်စရာ တခုပြောရဦးမယ်...
ကျောင်းက ပထမဆုံးဖွင့်တာဆိုတော့ ဘာမှကို မရှိဘူးလေ...
အင်တာနက်ဆိုတာ ဝေးပေါ့...
အင်တာနက်ကို ကျောင်းမှာ အိမ်သာနက် အိမ်သာနက်နဲ့နောက်ပြီး ခေါ်ကြတယ်...
နောက်ကျတော့ လူတွေများလာတော့မယ်ဆိုပြီး အိမ်သာ နှစ်လုံး လာဆောက်သွားတယ်...
ဆေးရောင်သုတ်ပေးတာက အမဲရောင်...
ဟားဟား...ငါတို့တောင်ကြီးကွန်ပျူတာကောလိပ်က တကယ့် အိမ်သာနက် ရှိသွားပြီလို့
ပြောပြီး အမြဲရယ်ဖြစ်ခဲ့ကြတာ အမှတ်တရပဲ...

အခုချိန်မှာတော့ သူငယ်ချင်းတွေနဲ့လဲ အဆက်အသွယ်မရှိတော့သလောက်ပဲ...
အဲဒီထဲက သူငယ်ချင်းတယောက်ဆို လမ်းဆုံးကိုတောင်
စောစောစီးစီးရှာတွေ့သွားခဲ့ပါပြီ...
အခုချိန်မှာ တယောက်တနေရာ တယောက်တအိပ်မက်နဲ့
လမ်းတွေ ဆက်လျှောက်နေကြတယ်...
ဒါပေမယ့် မူကြိုကျောင်းလေး နဲ့ အတူတူ ပျော်ခဲ့ရတဲ့အချိန်တခုကိုတော့
အားလုံးရဲ့ ရင်ထဲမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး...သေချာတယ်...
တို့ရဲ့ တောင်ကြီး ကွန်ပျူတာကျောင်းလေးက
ရန်ကုန် မန္တလေးကျောင်းတွေလို မခမ်းနားပါခဲ့ဘူး...
ငေးမောအားကျဖွယ်ရာ သမိုင်းတွေလဲ မရှိပါခဲ့ဘူး...
ဒါပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ တဘ၀စာ သူငယ်ချင်းတွေ နဲ့ ပျော်ရွှင်မှုတွေကို
ရာနှုန်းပြည့်ပေးအပ်ခဲ့တဲ့ နေရာလေးတခု ဖြစ်ပါခဲ့တယ်...

8 comments:

လင်းမိုးလက် said...

ကျောင်းလေးကိုတောင် ပြန်သတိရသွားပြီ
ကျွန်တော်တို့ တက်တဲ့ အချိန်ကျတော့
မူကြို မဟုတ်တော့ဘူး။

မူလတန်းကျောင်း ဖြစ်သွားပြီု။

Color Blind said...

ဒါဆို ဂျူနီယာလေးပေါ့...
တွေ့ ရတာ ၀မ်းသာပါတယ်...
:D

ကျော်စွာ said...

အိမ်သာနက်...အင်း.ပြောမှပဲ..သတိရကုန်ပြီ.

Thinzar said...

ပျင်းစရာ တော်တော်ကောင်းတဲ့ ကျောင်းလို့ ပြောလို့ရပေမယ့် အမှတ်တရတွေတော့ အများကြီး ကျန်ခဲ့ပါတယ်။ အိမ်သာနက်ဇာတ်လမ်းတော့ အစ်မ ပြောပြမှ သိတာ။  ဟိ..:)

Ingrid said...

ပန်းပွင့်လေးတို့ ကျောင်းတက်တုန်းက ဖြင့် လူလေး နှစ်ပိုင်း တစ်ယောက်လောက်ပဲ ရှိတယ်
ကိုယ့်အထက်မှာ အတန်းနှစ်တန်းပဲ ရှိတယ်
လူကလည်း နည်းနည်းလေး
အဆောင်တွေကလည်း မပြင်ရသေးဘူး
လမ်းကတော့ ကျောင်းသာပြီးသွားတယ်
ဖုန်ကတော့ တက်မြဲတက်နေဆဲ ထမြဲထနေဆဲပဲ
ကျောင်းနဲ့ ကျောင်းက သူငယ်ချင်းတွေကိုတော့ သတိရတယ်
ပညာရေးကိုတော့ သတိမရချင်ဘူး
စိတ်ပျက်လို့ ဟဲဟဲ

Ingrid said...

ဒီပို့စ်ကို တင်တဲ့ အမက ပထမဆုံး နှစ်ကနဲ့ တူပါတယ်
ဒါဆို ပန်းပွင့်လေးများ သိမလားပဲ
အကုန်လုံးနဲ့တော့ ခင်တယ်
ပြီးတော့ မကြာသေးမှီလလေးကပဲ အရမ်းစိတ်မကောင်းစရာ သတင်းတစ်ခုကို ကြားရပါတယ်
အမတို့နှစ်က မမမို့မို့လွင် ဆုံးသွားပြီနော်
သူတို့ တော်တော်လေးကို ခင်ပါတယ်
ပန်းပွင့်လေး ဒီရောက်နေချိန်မှာမှ ဖြစ်တာမို့ သူ့ကိုလည်း သွားမကြည့်နိုင်တော့ပါဘူး
သူနဲ့က ကျောင်းတက်နေတုန်းက ခင်ရုံသာခင်ခဲ့ပြီး သူကျောင်းပြီးမှ ပန်းပွင့်လေးနဲ့ ပိုခင်မင်လာတာပါ

Color Blind said...

ဟုတ်တယ် ညီမလေး ပထမဆုံးအသုတ်ပဲ...
အမနဲ့တော့ သိမယ် မထင်ဘူး...
ဟီး...အမက တနှစ်ပဲ ကျောင်းမှန်တာ...
နောက်နှစ်တွေ ဘယ်ကိုရောက်လို့ ဘယ်ကို ပေါက်သွားမှန်းကိုမသိဘူး...
မို့မို့လွင်က အမရဲ့ သီချင်းဆိုဖော် သူငယ်ချင်းလေးပေါ့...

နန်းဝေေ၀ဖူး said...

ကျောင်းကိုတောင်သတိရသွားပြီ ညီမလေး က တတိယအသုတ်ကလေ ခုဆို ကျောင်းက အရမ်းသားနားပေမယ့် ဟိုအရင်လို ပျော်ရွင်စရာမကောင်းတော့ပါဘူး