တောင်ကြီးအကြောင်းပြောတဲ့အခါ ရှေးဟောင်းနှောင်းဖြစ်တွေပဲ ပြောဖြစ်နေတယ်။
အဝေးရောက်နေတဲ့ ကျွန်တော်နဲ့သကရာဇ်တူတွေပြန်လွမ်းရအောင်ပါ။
အခုလည်း ကျားဂူအကြောင်းပြောပြဦးမယ်။
ရွှေဘုန်းပွင့်နဲ့ မြစိမ်းတောင်အကြားက သဘာဝလှိုဏ်ဂူတစ်ခုပါ။ကျားဂူလို့ ခေါ်ကြတယ်။
အဲ့ဒီတုန်းက 1995 ခုနှစ်လောက်ဖြစ်မယ်။
သူငယ်ချင်းတွေနဲ့ တောတောင်တွေအကြားအပျော်သွားလည်ရင်း အဲ့ဒီကိုရောက်သွားတယ်။
ထမင်းထုပ်တွေ၊မုန့်တွေလည်းပါတယ်။ဓာတ်မီးတွေရော၊ဖယောင်းတိုင်တွေပါယူသွားတယ်။
ဂူအထဲမှာအတော်ကျယ်တယ်။ ၀င်သွားပြီးမှ အထဲမှာထမင်းစားကြတာ။
ဂူကမှောင်တော့ ဖယောင်းတိုင်တွေထွန်းပြီး စားကြတာပေါ့။
နောက်ဆေးလိပ်တွေလည်းသောက်ကြတယ်။
စားပြီးတော့ ဂူအတွင်းပိုင်းကိုဆက်ဝင်ကြတယ်။အတွင်းပိုင်းတော်တော်ဝင်ပြီးတော့
နောက်တစ်ဆင့်ကိုတွေ့ရတယ်။ ဂူကနှစ်ဆင့်( နှစ်ထပ် )ဂူ။
အောက်တစ်ဆင့်မှာ ကရေစီးနေတာကိုဓာတ်မီးရောင်အောက်မှာအတိုင်းသားမြင်ရတယ်။
အပေါ်နဲ့အောက် အဆင့်အကြားမှာက ၇ ပေလောက်အမြင့်ကွာတယ်။
အဲ့ဒါနဲ့ အောက်အဆင့်ကိုအားလုံးဆင်းလိုက်ကြတယ်။
ဆင်းပြီးဆက်လျှောက်သွားတော့ အသက်ရှုရတာအတော်ဆိုးလာတယ်။
နဂိုကတည်းက ဂူထဲမှာအောက်ဆီဂျင်ကနည်းနေတာ။
ဘယ်လောက်ဖြစ်လာသလဲဆိုရင် နထင်ကသွေးတိုးသံကိုပြန်ကြားရအောင်အသက်ရှုကြပ်လာတယ်။
ပြန်တက်တော့မယ်လုပ်တော့ ဆင်းလာတုန်းကအသာလေးဆင်းလာတဲ့ ၇ ပေအမြင့်အပေါ်အဆင့် က
ဘယ်လိုမှပြန်တက်လို့မရတော့ဘူး။
သူငယ်ချင်းတွေအားလုံး ပျာယာခတ်နေတာလည်းပါတယ်.
တက်လို့မရလို့ ထူပူနေတဲ့ကြားမှာ လူကတစ်နေရာတည်း ( အပေါ်အဆင့်ကိုတက်တဲ့နေရာ )မှာ
လာစုနေတော့ လေကပိုနည်းလာတယ်။
အဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က ငိုပါလေရော။
သူလုံးဝမရတော့ဘူးဆိုပြီးတော့။
ကျွန်တော်လည်း အတွေးတစ်ခုရလိုက်တယ်။ ရေစိုပြီးချောနေတဲ့ အပေါ်အဆင့်ကိုတက်ဖို့
သူငယ်ချင်းတစ်ယောက်ရဲ့ပုခုံးပေါ်ကနေတက်ရင်ဆိုတဲ့အတွေးနဲ့ တစ်ယောက်ရဲ့ပုခုံးပေါ်ကိုတက်လိုက်တယ်။
ကျွန်တော်အရင်ဆုံးအပေါ်ကိုရောက်သွားတယ်။တစ်ယောက်ပြီးတစ်ယောက်ဆွဲတင်တယ်.
သကောင့်သားတွေက အပေါ်အဆင့်လည်းရောက်ရော နောက်ကိုလုံးဝလည့်မကြည့်တမ်းပြေးကြတယ်။
ကိုယ်ကလည်း နောက်ဆုံးကနေလိုက်ပြေးရတယ်။ ဂူထဲမှာလည်း ဖယောင်းတိုင်ထွန်းထားတော့ လေကအတော်ကုန်နေပြီး ဆေးလိပ်ငွေ့တွေကြောင့်လည်း အူထူနေပြီလေ။
အဲ့ဒီအချိန်မှာ သဘာဝအလင်းရောင်ရဲ့ တန်ဖိုးကို ဂူအ၀ကိုလှမ်းမြင်လိုက်တာနဲ့ ကောင်းကောင်းသိသွားတယ်။
အပြင်လည်းရောက်ရော မောကြီးပန်းကြီးနဲ့ အသက်ကောင်းကောင်းရှုပြီး အတော့်ကိုလန့်သွားကြတယ်။
တော်သေးလို့ဆိုပြီး။
နောက်သိပ်မကြာပါဘူး ငိုတဲ့သူငယ်ချင်းရော၊လန့်သွားတဲ့ ကျွန်တော်အပါအ၀င်သူငယ်ချင်းတွေအားလုံး ဒီအဖြစ်အပျက်ကိုမေ့သွားပြီး တဟီးဟီးတဟားဟားနဲ့ တောင်အောက်ပြန်ဆင်းလာခဲ့ကြတယ်။
အဲ့သလိုဗျ...
ကိုမျိုး
Monday, July 30, 2007
ကျားဂူ
ရေးသားသူ Ko Myo အချိန် 1:45:00 PM
အညွှန်း: အမှတ်တရ
Subscribe to:
Post Comments (Atom)
2 comments:
ကျားဂူ ကျွန်တော်မသိဘူးပဲ.. ပ(တ်တ)မြားဂူကိုပဲ ပြောတာလား.. အဲ့ဒီဂူက ကိုမျိုးပြောသလိုတော့ မဟုတ်ဘူး.. လုပ်ပါဦး.. မျက်စိလည်နေပြီ..
ပတ္တမြားဂူမဟုတ်လား
Post a Comment