Tuesday, July 31, 2007

ကျောင်းတော်သာ

မသဉ္ဇာက သူတတ်ခဲ့တဲ့ ကျောင်းအကြောင်းရေးတော့ ကျွန်တော်လည်း ကျွန်တော်တက်ခဲ့တဲ့ ကျောင်း အကြောင်းကို ရေးချင်စိတ် ပေါက်လာတယ်။

ဘယ်မေ့နိုင်ပါ့ မလဲလေ..
ကိုယ် ဒီအခြေအနေအထိ ရောက်လာအောင် အတတ်ပညာတွေ သင်ကြားပေးခဲ့တဲ့ ကျောင်း၊ နာသုံးနာနဲ့ ပြည့်စုံကြတဲ့ ကျေးဇူးရှင် ဆရာ ၊ ဆရာမများကျေးဇူး၊ ကျောင်းတက်ခဲ့စဉ်က တွေ့ကြုံခဲ့ရတဲ့ အမှတ်တရများ၊ သူငယ်ချင်းတွေ အားလုံး ပြောရင်း ကျွန်တော့်စိတ်တွေက အတိတ်ဆီ ကို ရောက်သွားခဲ့ပြီ။

ABCDEFG…..
ကကြီး၊ ခခွေး…
Apple … ပန်းသီး…
Cat… ကြောင်…

အသံကုန် ကျက်မှတ်ရင်းပေါ့။ ဒီလိုနဲ့ တစ်တန်းပြီးတစ်တန်း မှန်မှန်အောင်ပြီး ပညာရည်လည်း တဖြည်းဖြည်း တိုးလာခဲ့သည်လေ။

စာမေးပွဲနီးရင် ကျောင်းဝင်းအတွင်းက ညောင်ပင်ကြီးအောက်မှာ ညောင်ရွက်အကြွေကို စောင့်ပြီး မြေမကျခင် လိုက်ဖမ်း ရတာကိုလည်း သတိရသည်။ စာမေးပွဲ အောင်တယ် ဆိုလို့လေ။ ဖွံ့ဖြိုးရေး အချိန်မှာ အတန်းဖော်တွေနဲ့ အတူ ပေါက်တူး၊ ပေါက်ပြားကိုင်ကာ မမောနိုင်၊ မပန်းနိုင် ဆောင်ရွက်ခဲ့ ရတာတွေ၊ အသီးတွေသီး၊ အရွက်တွေရလို့ ဆရာ၊ ဆရာမတွေကို မရရအောင် အတင်း ရောင်းခဲ့ တာတွေကိုကော သတိရသည်။

အထက်တန်း ကျောင်းသားကြီးများကို ကြည့်ကာ အားကျမိတာကလည်း ပါသေးသည်။ မှတ်မှတ်ရရ တစ်ခု ကတော့ တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာ ဘုရားရဲ့ အထက် ဌာပနာ ပိတ်ပွဲနှင့် ထီးတင်ပွဲနေ့တွေမှာ မင်းညီမင်းသား ၀တ်စုံတွေနဲ့ ပါဝင်ခဲ့ကြတာကိုပါ။ သူငယ်တန်းကနေ ဒသမတန်းအထိ ပညာပါရမီ ဖြန့်ဝေပေးခဲ့သော ဆရာ၊ ဆရာမများ ကိုလည်း သတိရသည်။ ရင်ခုံစွာနဲ့ ဖြေဆိုခဲ့ရသော စာမေးပွဲ ကာလ တွေကိုလည်း သတိရသည်။

သူငယ်ချင်းတွေနဲ့ ပျော်ခဲ့၊ ပါးခဲ့ကြတဲ့ အချိန်များ၊ စာမေးပွဲမစခင် နောက်ဆုံးနေ့ ကျောင်းတက်ရက်များ နှင့်အတူ မိဘဆရာ ကန်တော့ပွဲများ။ ပါဆယ်ဂိမ်း ကစားခဲ့ကြတာ တွေကိုလည်း သတိရသည်။ ကျောင်းပိတ်ရက်ကာလ အလွမ်းများကိုလည်း တမ်းတမိသည်။ ကျောင်းတွေပြန်ဖွင့်လို့ စိတ်သစ်၊ လူသစ်နဲ့ အသစ်အသစ်တွေနဲ့ စတင်ခဲ့ရသော အချိန်များ။ သတိရစရာတွေ၊ လွမ်းမောစရာတွေ ပါပဲ။

ဧည့်သည်အဖြစ် ပြန်လာတိုင်း ကျောင်းဝင်းအတွင်း လျှောက်ကာ အတိတ်ကို ပြန်တွေးရတဲ့ အရသာ။ ဆရာ၊ ဆရာမတွေဆီ လိုက်လည်ရင်း သူတို့ဆီက ဆုံးမစကားများ၊ ၀မ်းသာမှု၊ ကြည်နူးမှုတွေ ယိုဖိတ်နေသော မျက်လုံးများ၊ အပြုံးများ။ ဒါတွေအားလုံးဟာ ကျွန်တော့်အတွက် ဘယ်တော့မှ မေ့လို့ရနိုင်မှာ မဟုတ်ပါဘူး။ အခုဆိုရင် ကျွန်တော် တက်ခဲ့တဲ့ ကျောင်းတော်ကြီး ဘယ်လို ပြောင်းလဲနေပြီလဲ။ ကျွန်တော်သိချင် ပါသည်။
သူကတော့ တောင်ချွန်းကြီးရဲ့ အောက်ခြေနားမှာ ရှိတဲ့ အ.ထ.က (၁) ပါ။

Ps: admin ရေ… ကြုံရင် ကျွန်တော့်ကျောင်းလေးရဲ့ဓါတ်ပုံလေးကို တင်ပေးပါဗျာ။

၉၈ အောင် သူငယ်ချင်းများရေ .. မင်းတို့ဘယ်ဆီမှာလဲ?

8 comments:

yma said...

ကိုနေလင်းကလဲ ကျောင်းအကြောင်းပြောပြန်ပြီ.. ဖြစ်နိုင်လို့ရှိရင်ဗျာ.. အချိန်ဆိုတာကြီးကို နောက်ပြန်လှည့်ပြီး.. ကျောင်းသားဘ၀ကို အခုပဲ ပြန်သွားချင်စိတ် ဖြစ်လာပြီ.. ဘယ်လိုမှ မေ့လို့ မရနိုင်တဲ့ အတိတ်က ကျောင်းဝတ်စုံ ၀တ်ထားရတဲ့ ဘ၀ကို ပြန်ပြန် အောင့်မေ့ရင်း လွမ်းနေမိတော့မှာပဲ.. နောက်ပြီး ကျောင်းဝတ်စုံနဲ့ ကြည်လဲ့လဲ့ ကျောင်းသူလေးကိုလဲ အောင့်မေ့တာပဲ..

Thinzar said...

တောင်ချွန်းကြီးရဲ့ အောက်ခြေဆိုတော့ ထ(၁) လိုလို။ ပြည်နယ် အားကစားကွင်းရဲ့ အရှေ့ဆိုတော့ ထ(၃)။ ဘယ်ကျောင်းပါလိမ့်နော်။

နေလင်း said...

မသဥ္မာကတော့နောက်နေပါပြီ ။ ပြည်နယ်အားကစားကွင်းအရှေ့ပါဆို ။ ထ(၃) ကမြောက်လေ။
မျက်နှာမူတဲ့ အရပ်မှားတာထင်တယ်။ နေထွက်ရာ အရပ်ကအ ရှေ့အရပ်လေ ဟီးဟီး

Thinzar said...

နောက် ကိုနေလင်း တစ်ခုခု ညွှန်ရင် နေထွက်ရာ အရပ်ကို မျက်နှာမူ၊ လက်နှစ်ဘက်ကို ဆန့်တန်းပြီး လိုက်ရှာရမယ့်ပုံဘဲ.. ဟိဟိ.. အရှေ့ အရပ်လို့မှ မရေးထားတာ။ တောင်ကြီးမှာ ဘယ်သူ့မေးမေး "ပြည်နယ်အားကစာကွင်းရှေ့" ဆိုရင် ထ(၃) ကိုဘဲ သွားကြမှာ။ မယုံရင် မေးကြည့်။ :)

နေလင်း said...

သားမှားပါတယ် တီတီရယ် .. ဘုန်းကညာတစ်ပါး လုံးရာကနေတော့ မပြားပါရစေနဲ့နော် ...သားက ထ (၁) ကပါ။

Taunggyi - The Cherry Land said...

ကိုနေလင်းက Google Earthတို့၊ မြေပုံကို ကြည့်ပြီး ပြောတာ။ မသဉ္ဇာက အားကစားရုံကို မျက်လုံးထဲမြင်ပြီးပြောတာ။ ယူပုံခြင်း မှန်ပါတယ်။ နှစ်ယောက်လုံး မှန်တယ်လို့ ယူဆလို့ရပါတယ်။
( ဘယ်သူမှ ၀င်မရှင်းခိုင်းပဲ ကိုယ့်ပါသာ ၀င်ရှုပ်တာနော် အဟီး အားလုံးကို ပြေလည်စေချင်လို့ပါ။ )

တကယ်တော့ ကိုနေလင်းက ၀ိဝါရ ဖြစ်အောင် တမင် ဖွက်လိုက်တာဖြစ်မယ်.. ဟုတ်တယ် မဟုတ်လား ကိုနေလင်း..
(မဟုတ်လဲ ဟုတ်တယ်လို့ ပြောနော်.. မသဉ္ဇာ မကြားအောင် တိုးတိုးလေး ပြောတာ.. :P)

တောင်ကြီးသူတွေ ဒေါသထွက်ရင် မလွယ်ဘူးနဲ့တူတယ်.. အဲ ဒေါသဖြစ်ရင်.. (ဘယ်သူကများ ထွက်ဆိုတဲ့ စကားသုံးလိုက်တာလဲ မသိဘူးနော်.. ဒေါသက ဘယ်နားကထွက်ရမှာလဲနော်.. စကားကြီးက ဘာကြီးမှန်းမသိဘူး.. ကျွန်တော်လဲ ဒေါသထွက်လာတဲ့ နေရာ တစ်ခါမှ မတွေ့ဖူးဘူး.. အဟိ )

တောင်ကြီးချယ်ရီမှာ အားလုံး ပြေပြေလည်လည်ဖြစ်စေချင်လို့ အပျော်လေးနဲ့ ၀င်နောက်ပေးတာပါ။

Thinzar said...

ဘာလို့ ဖျက်လိုက်တာလဲဟင်?? နောက်တာကို။ နာမည် မောင်နေလင်း ဆိုကတည်းက ထ၃ က မဟုတ်မှန်း သိပါတယ်။ :)

--- နောက် မနောက်တော့ပါဘူးရှင့်။

raybanoutlet001 said...

cheap jordans
falcons jersey
longchamp outlet
carolina panthers jersey
michael kors handbags sale
ray ban sunglasses
nike store
louboutin shoes
supreme clothing
ray ban sunglasses