“တောင်ကြီးကဟေ့” ဆိုရင် တောင်ချွန်းကို မတက်ဖူးတဲ့လူ ရှားလိမ့်မယ် ထင်တယ်။ တောင်ချွန်းက တောင်ကြီးမှာ အမြင့်ဆုံးတောင်ဖြစ်သလို တောင်ကြီးရဲ့ သင်္ကေတဆိုလည်း မမှားပါဘူး။ တောင်အောက်က လှမ်းကြည့်ရင် မြို့ကို အရင်မတွေ့ရင်တောင် မှိန်ပျပျ တောင်ချွန်းကို အရင်လှမ်းမြင်မှာပါ။ မင်္ဂလာတောင်ချွန်း လို့လည်း ခေါ်သလို တောင်ချွန်းနဲ့ တစ်ဆက်တည်းရှိတဲ့ မြစိမ်းတောင်၊ ရွှေဘုန်းပွင့်တွေကို အဝေးက လှမ်းကြည့်ရင် အချိမ့်၊ အခွက်၊ အမို့၊ အမောက်တွေနဲ့မို့ မိန်းကလေးတစ်ယောက် ဘေးစောင်းလဲအိပ်နေတဲ့ သဏ္ဍာန်နဲ့ တူတယ်လို့ ပြောကြတယ်။
တောင်ကြီးဖ၀ါးအောက် ဆိုသလို တောင်ကြီးမြို့ရဲ့ အမြင့်ဆုံး တောင်ချွန်းဟာလည်း ကျွန်မတို့ရဲ့ဖ၀ါးအောက်မှာ ပြားပြားဝပ်ခဲ့ဖူးတယ်။ ထုံးစံအတိုင်း ၁၀တန်းအောင်စ တရုတ်ကျောင်းအတက်မှာ ကျောင်းအားရက်တွေ၊ ကျောင်းလစ်ရက်တွေမှာ သူငယ်ချင်းတွေ နဲ့အတူ တောင်ချွန်းတက်ဖြစ်ကြတယ်။ ရေထွက်ဦးလမ်းက မြစိမ်းတောင်ဖက်ကနေ စတက်လို့ရသလို၊ ကျောက်တစ်လုံးလမ်း ရွှေဘုန်းပွင့်ဘုရားသွားရာ လမ်းကနေလည်း စတက်လို့ရတယ်။ ရွှေဘုန်းပွင့်ဘုရား အထိတော့ လမ်းခရီးက မကြမ်းလှသလို သိပ်လည်း မမတ်စောက်ဘူး။ တောင်ချွန်းကို တက်တဲ့ အများလျှောက်လမ်းရှိပေမယ့် ကျွန်မတို့က(အဲဒီတုန်းက) ကလေးပီပီ အနီးဆုံးနဲ့ အမြန်ဆုံးရောက်နိုင်မယ့် ဖြတ်လမ်းကို ပိုသဘောတွေ့ခဲ့ကြတယ်။ ဖြတ်လမ်းဆိုပေမယ့် တောင်ချွန်းကို လူသူ အရောက်အပေါက်နည်းတော့ ဖြတ်လမ်းလည်း ခြုံနွယ်တွေနဲ့ ပိတ်နေတော့ မှန်းရမ်းပြီး သွားခဲ့ကြတာပဲ။ တစ်ချို့နေရာတွေက အရမ်းမတ်စောက်တာကြောင့် ပြန်လျောမကျအောင် တစ်ယောက်လက်ကို တစ်ယောက်ဆွဲ၊ လမ်းဘေးဝဲယာက နွယ်ပင်တွေ သစ်ပင်တွေ ၀ိုင်းဆွဲနဲ့ အပူအပင်မရှိ လွတ်လွတ်လပ်လပ် ပျော်ခဲ့ဖူးတယ်။
အတက်လမ်းမှာ ဘယ်လောက်ပဲ ကြမ်းပါစေ၊ မောပါစေ တောင်ချွန်းရောက်ရင် အမောတွေ အားလုံးပြေပါတယ်။ လေလေးတဖြူးဖြူးနဲ့ အမြင့်ဆုံး တောင်ထိပ်မှာ ရပ်ပြီး ကြည့်ရင် တောင်ကြီး တစ်မြို့လုံးတင်မက တောင်ကြီးအောက်မှာရှိတဲ့ မြို့တွေ ရွာတွေကို တွေ့ရတယ်။ ခေါင်မိုးနီနီလေးတွေ၊ အစိမ်းရောင် လယ်ကွက်တွေ၊ ဖြူဖြူဖွေးဖွေး ရေပြင်ရဲ့ ရှုခင်းတွေက ပန်းချီဆရာ ငိုလောက်တယ်။ တောင်ထိပ်မှာရပ်ပြီး ပါလာတဲ့ စာအုပ်ထဲက စာရွက်တွေကို စွန်လုပ်ပြီး တောင်ခြေမှာရှိတဲ့ တောင်ကြီးဟိုတယ်ဖက်ကို ပစ်ပစ်ချရတာက လွတ်လပ်တဲ့ အရသာတစ်မျိုးပေါ့။ တောင်ချွန်းရဲ့ ညာဖက်ကပ်ရက်မှာ အရှေ့ကို ထိုးထွက်နေတဲ့ တောင်ငယ်လေး တစ်တောင်ရှိသေးတယ်။ ဘေးကပ်နေ တစောင်းကြည့်ရင် ၀က်ခေါင်းနဲ့ တူနေတာကြောင့် ၀က်ခေါင်းတောင်လို့ ကျွန်မတို့က တင်စားလိုက်ကြတယ်။
ထိပ်ဆုံးအမြင့်ကို ရောက်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းပြီး တက်ခဲ့ရပေမယ့် အောက်ခြေကို ရောက်ဖို့ အတွက်တော့ အင်အားတွေတောင် ထုတ်သုံးစရာ မလိုဘဲ လျောချရုံပါပဲ။ လူတွေက အောင်မြင်ဖို့၊ အမြင့်ရောက်ဖို့ အင်အားတွေ၊ ကြိုးပမ်းမှုတွေ စိုက်ထုတ်ပြီး ရင်းခဲ့ကြတယ်။ ဒါပေမယ့် အဲဒီ အောင်မြင်မှုကနေ၊ အမြင့်ကနေ ကျရှုံးဖို့ကတော့ လွယ်လွန်းနေပြန်တယ်။ အဲတာ အောက်ခြေလွတ်သွားလို့ပဲ ဖြစ်မယ်။ အောက်ခြေလွတ်ရင် တောင်ပေါ်က ပြုတ်ကျနိုင်တယ်လေ။ ဘ၀ဟာ တောင်တက်နေသလိုပါပဲလား... အပြန်လမ်းမှာ ကျွန်မတို့ရဲ့ အ၀တ်အစားတွေက မြေတလူးလူးနဲ့ ခန္ဓာကိုယ်မှာလဲ ဆူးခြစ်ရာတွေ အထပ်ထပ်နဲ့ ဒါပေမယ့် အမြင့်ဆုံးကို ရောက်အောင်လှမ်းနိုင်ခဲ့တဲ့ ခြေလှမ်းတွေက ဒီထက်မြင့်တဲ့ အမြင့်ဆုံးကို လှမ်းဖို့ အားအင်တွေ မွေးနေဦးမှာပဲ။
(တောင်ချွန်းပုံ မရှိလို့ ဓာတ်ပုံ မတင်ဖြစ်ပါဘူး။ ဒီဘလော့ရဲ့ ဘန်နာမှာ တောင်ချွန်းပုံကို တွေ့နိုင်ပါတယ်)
နိုင်းနိုင်းစနေ

No comments:
Post a Comment