(ကျွန်မရဲ့တတိယမြောက် တောင်ကြီးခရီးစဉ်ဟာ အမှတ်တရ ဖြစ်နေမဲ့ခရီး လို့ပြောလို့ရသလိုပဲ ဘ၀ရဲ့ မှတ်တိုင် တခုအနေနဲ့ ဘုရားအမှတ်စဉ် ၆၆၄ အကြောင်းကို တောင်ကြီးချယ်ရီမြေမှာ ဝေမျှပေးလိုက် ပါရစေ။)
၂၀၀၆ ခုနှစ် မေလလယ်လောက်မှာ တောင်ကြီးကနေ ပြန်လာပြီးကတည်းက နောက်တခါ တောင်ကြီးသွားဖို့ အချိန် ၆ လကျော် လောက် စောင့်ခဲ့ရပါတယ်။ ၂၀၀၆ ဇွန်လကုန်မှာ ကျွန်မတို့ ၂ ယောက်စလုံး အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ရပြီး ဒီဇင်ဘာ ၂၆ ရက်မှ ရန်ကုန်ကို ပြန်ရောက်လာတာပါ။ ဒါပေမယ့် ၂၀၀၇ ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ကျွန်မအမျိုးသားရဲ့ အလုပ်ကိစ္စနဲ့ ၂ ယောက်စလုံး ခရီးထပ် ထွက်ရအုံးမှာ ဆိုတော့ ရန်ကုန်မှာ နေရမဲ့ရက် တော်တော်ကို နည်းပါတယ်။ နောက်ခရီးတခုအတွက် ပြင်ဆင်ရတဲ့ အလုပ်တွေက များလှတဲ့အပြင် ရက် ၂၀ အတွင်း အချိန်မရ ရအောင် ဖဲ့ချန်ပြီး တောင်ကြီးကို အရောက်သွားချင်တဲ့ အဓိက ရည်ရွယ်ချက်ကတော့ မွေတော်ကက္ကူဘုရားက အရံစေတီတဆူပြင်မယ်လို့ ရည်စူးထားခဲ့တဲ့ ဆန္ဒကြောင့်ပါပဲ။ နောက်ပြီး ကျွန်မ အမျိုးသားက တောင်ငူဇာတိဆိုတော့ နောက်တခါ ခရီးမထွက်ခင်မှာ တောင်ငူကိုလည်း ပြန်ချင်သေးတယ်၊ နောက်ဆုံး အချိန်မရတဲ့ကြားက တောင်ကြီးကိုသွားမယ် အပြန်မှာ တောင်ငူမှာ ဆင်းနေခဲ့ဖို့ ၂ ယောက်သားတိုင်ပင်ပြီး တောင်ကြီးတတိယခရီးစဉ်ကို စခဲ့ပါတယ်။
မသွားခင်မှာ တောင်ကြီးက မိတ်ဆွေတွေဆီကိုလည်း ဖုန်းဆက်ပြီး အကူအညီ ကြိုတောင်းရပါသေးတယ်။ အပြန်အတွက် ကားလက်မှတ် ၀ယ်ပေးထားဖို့ ၊ တောင်ကြီး ရောက်မဲ့မနက်မှာ မွေတော်ကက္ကူ ဘုရားကို သွားဖို့ ကားကိုပါ (အားနာစွာနဲ့) အဆင်သင့်ငှားခိုင်းထားရတယ်။ နယ်ခံ မိတ်ဆွေတွေရဲ့ အကူအညီကြောင့် ဘာအခက်အခဲမှ မရှိဘဲ ဒီခရီးစဉ် အောင်မြင်ပြီးဆုံးခဲ့ရတာ ဆိုတော့ သူတို့တွေရဲ့ကျေးဇူးကိုလည်း ဒီနေ့ထိ အမှတ်တရ ရှိနေဆဲပါ။
ရန်ကုန်ကနေ ဇန်န၀ါရီ ၉ ရက်နေ့က ထွက်ခဲ့ပြီး တောင်ကြီးကို ၁၀ ရက်နေ့မနက် ၈ နာရီလောက် ရောက်ပါတယ်။ ဇန်န၀ါရီလဆိုတော့ တောင်ကြီးအအေးဓာတ်က ရန်ကုန်ဆောင်းနဲ့ တခြားစီပါပဲ။ ကျွန်မစိတ်ထဲ ရန်ကုန်မှာ အနွေးထည်တောင် ၀တ်စရာမလိုတာ တောင်ကြီးမှာလည်း သိပ်မအေးလောက်ဘူး ဆိုပြီး အတွေးပေါက်တာနဲ့ အနွေးထည်အထူလည်း မယူသွားမိပါဘူး။ အချမ်းဒဏ် မခံနိုင်တဲ့ကျွန်မ အနွေးထည် အထူမပါလို့ တောင်ကြီးဆောင်းနဲ့ နပန်းလုံးခဲ့ရတာလည်း မှတ်မိနေပါသေးတယ်။ ဒါတောင် မိတ်ဆွေက ပြောသေးတယ် ဒီရက်ပိုင်း အအေးပေါ့သွားတာတဲ့။ အရင် ၂ ရက်လောက်ကဆို အတော်အေးဆိုပဲ။
တောင်ကြီးရောက်ရောက်ချင်း မိတ်ဆွေအိမ်မှာ အထုပ်တွေချ၊ မျက်နှာသစ် ကိုယ်လက် သန့်စင်ပြီး သူတို့နဲ့အတူ မနက်စာ ဖက်ထုပ်ကြော်နဲ့ မြီးရှည်စား၊ စားပြီးချင်းပဲ မွေတော်ကက္ကူဘုရားကို တောင်ကြီးကနေ နံနက် ၁၀ နာရီမှာ ထွက်လာခဲ့ပါတယ်။ ဘုရားရောက်တော့ ၁၂ နာရီခွဲနေပါပြီ။ ရန်ကုန်ကနေ တောက်လျှောက် မွေတော်ကက္ကူ ဘုရားအထိ ကားစီးရတဲ့အချိန်က ကြာလွန်းလို့ ခရီးလည်းပန်းနေပါပြီ။ ဒါပေမယ့် ကိုယ်ရည်စူးထားတဲ့ အလှူကိစ္စအတွက်ဆိုတော့ ပင်ပန်းတယ်လို့ မထင်ပဲ ကားရပ်ထားတဲ့နေရာမှာ ပအို့ဝ် ဆိုင်တန်းလေးက ဘုရားပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင် ၀ယ်ပြီး ဘုရားပရ၀ုဏ်အတွင်းမှာရှိတဲ့ ဂေါပကရုံးဆီကို ၂ ယောက်သား အားကြိုးမာန်တက် လျှောက်လာခဲ့မိပါတယ်။
မွန်းတည့်ချိန်ဆိုတော့ ဘုရားပရ၀ုဏ်က တိတ်ဆိတ်ပြီး ဘုရားဖူးလည်း သိပ်မရှိပါဘူး။ ဒါနဲ့ ကျွန်မက အလှူခံဌာနက ကောင်လေးကို အရံစေတီပြင်ချင်လို့ အလှူငွေပေးချင်လို့ပါ ဆိုတော့ သူက ခဏနော် လို့ပြောပြီး အပြင်ထွက်သွားပါတယ်။ ကျွန်မတို့လည်း အနီးနားက ခုံမှာထိုင်ပြီး ရေနွေးကြမ်းတည်ထားတာကို ယူသောက်ရင်းက Tourist တယောက်ကို ပအို့ဝ် တိုင်းရင်းသူ Tour Guide က ဘုရားသမိုင်း အကြောင်းကိုရှင်းပြပေးပြီး စကားစမြည်ပြောနေတာကို ကြားမိတော့ သူပြောတဲ့ အင်္ဂလိပ်စကား လေယူလေသိမ်း၊ အပြောအဆို တော်တော်နားထောင်လို့ အဆင်ပြေတာနဲ့ English ကောင်းတယ်ဆိုပြီး စိတ်ထဲက ချီးကျူးမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်.. ကျွန်မတို့နိုင်ငံမှာ အင်္ဂလိပ်စာကို အခုလိုပြောနိုင်ရင် နိုင်ငံခြားသားတွေအတွက်လည်း သမိုင်းရာဇ၀င်တွေ ပိုသိနိုင်သလို ဒေသခံတိုင်းရင်းသားတွေအတွက်လည်း အကျိုးရှိတာမို့ အခုလိုမျိုး ဒေသခံ Tour Guide များများ ရှိလာရင် ကောင်းမယ်လို့ စိတ်ကူးရင်း အပြင်ထွက်သွားတဲ့ကောင်လေး ပြန်အလာကို စောင့်နေပါတော့တယ်။
မ ရန်ကုန်သူ

No comments:
Post a Comment