Monday, July 9, 2007

ကမ္ဘောဇနယ်နှင့် ကျွန်တော်မန္တလေးသား

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးကို (၁၉၉၄) လောက်က မန္တလေးသားကျွန်တော် တစ်ခေါက်ပဲ မှတ်မှတ်ရရ ရောက်ဖူးပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ ကျွန်တော်တို့ မိသားစု၊ သူငယ်ချင်း မိသားစု နှစ်စုနဲ့အတူ ဒိုင်နာကားကြီး တစ်စီးနဲ့ တောင်ကြီး၊ အင်းလေး၊ ပင်းတယနဲ့ ကုံလုံကို ခြေဆန့်ခဲ့ကြတယ်။

ပင်းတယက ပဲပုပ်ကင်နဲ့ ကောက်ညှင်းလက်ဖက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်းရဲ့ အရသာကို ခုထက်ထိ မှတ်မိနေဆဲပါ။ တောင်ကြီးကို ရောက်တဲ့အချိန်က ညနေစောင်း မိုးချုပ်ခါနီးအချိန် ဖြစ်တယ်။ တောင်ပေါ် ဒေသမို့ အေးစိမ့်စိမ့် ခံစားရတယ်။ ပါလာတဲ့ ဗီဒီယိုကင်မရာ ပျက်သွားတဲ့အတွက်ကြောင့် ကင်မရာပြင်ဆိုင်တွေကို လိုက်ရှာရင်း ရုပ်ရှင်ရုံရှိရာ မြို့လယ်လမ်းမတွေကို ရောက်ခဲ့တယ်။ ရုပ်ရှင်ရုံအောက်မှာ မြေပဲလှော်၊ နေကြာစေ့လှော်တွေ ရောင်းနေတာတွေ့တော့ မန္တလေးသား ကျွန်တော့်အတွက် အထူးအဆန်းပါပဲ။ ကျွန်တော်တို့ မန္တလေးမှာတော့ မြေပဲပြုပ်ပဲ ရောင်းပါတယ်။ ကင်မရာတော့ ပြင်လို့ မရခဲ့ပါဘူး။

တောင်ကြီးကအထွက် အမေ့ကို "ဒါပြီးရင် ဘယ်သွားမလို့လဲ မေးတော့" "အင်းလေး၊ ဖောင်တော်ဦးဘုရား၊ ၀က်သားကင်နဲ့ ခေါင်တိုင် ရေပူစမ်းပေါ့" တဲ့။ ကျွန်တော်က "၀က်သားကင် စားချင်လိုက်တာ" လို့ ပြန်ပြောတော့ အမေကဆူတယ်။ ၀က်သားကင်ဆိုတာ အင်းလေးဒေသမှာရှိတဲ့ သက်သတ်လွတ် ဘုန်းကြီးကျောင်း ဆိုတာ နောက်မှ ကျွန်တော် သိလိုက်ရတယ်။ ဒီလိုနဲ့ နာမည်ကြီး အင်းလေးကို ကျွန်တော်တို့ ရောက်ခဲ့ကြတယ်။ အင်းလေးက ရေပေါ် ကျွန်းမျောတွေက ကျွန်တော်အတွက် အံ့သြစရာပေါ့။ ဖောင်တော်ဦး ဘုရားဖူးပြီး ဘုရားဈေးတန်းမှာ အင်းလေး အင်္ကျီတွေကြည့်၊ ရှမ်း အင်းသား အစားအသောက်တွေကို စားသောက် ခဲ့ကြတယ်။ ငါးထမင်းချဉ်၊ ၀က်သားချဉ်၊ ဂျူးမြစ်၊ ပဲပုပ်ကြော်နဲ့ ငရုတ်သီးထောင်းကြော်တို့ရဲ့ အရသာက ကျွန်တော့်တစ်သက် မမေ့ဖွယ်ရာပါပဲ။

ခေါင်တိုင် ရေပူစမ်းဟာ အရင်က လူရည်ချွန်တွေ လာပြီး စခန်းချ အပန်းဖြေတဲ့ နေရာလို့ အဖေကပြောတယ်။
ရေပူစမ်းမှာ ရေချိုးကြတော့ ပူလိုက်၊ အေးလိုက် ရေကြောင့် အစ်မတစ်ယောက် မူးလဲသွားဖူးတယ်။ ကုံလုံမှာ ရောက်ရောက်ချင်း ထမင်းစားရတယ်။ ထမင်းစားခန်းဟောကြီးထဲကို ၀င်သွားပြီးတော့ သက်သတ်လွတ် ဟင်းရည်၊ ငရုတ်သီးခြောက်ကြော်၊ သီးစုံချက်တွေကို ဆာဆာနဲ့ စားခဲ့ရတယ်။

တောင်ကြီးကို မရောက်တာ အခုဆိုရင် ဆယ်စုနှစ် ကျော်ခဲ့ပါပြီ။ အခွင့်ကြုံရင် တောင်ကြီးတန်ဆောင်တိုင်နဲ့ ညောင်ရွှေဘုရားပွဲကို တစ်ခေါက်တစ်ခါတော့ ရောက်အောင် သွားချင်ပါသေးတယ်။ ရှမ်းအိုးစည်သံတွေ နားထောင်ရင်း၊ ဒေသအစားအစာတွေကို စားရင်း၊ ၀ဲတဲတဲအသံနဲ့ စကားပြောတတ်တဲ့ ပါးအို့နီနီ ရှမ်းမလေး တွေကိုလည်း ငေးချင်ပါသေးတယ်။

ကိုငယ်(မန္တလေး)